← Chapters

ဒေါသပုန်ထခြင်း(၇)

Vol. 151 Ch. 2081

ဒေါသပုန်ထခြင်း(၇)

Vol. 151 Ch. 2081

ဝမ်လင်းသည် နန်းတော်ကို ဖြတ်၍ လျှောက်လာနေစဉ်တွင် သူ့ဆရာ ရွှမ်လောထံမှ သက်ပြင်းချသံကို ကြားလိုက်ရ၏။ သည့်မတိုင်ခင် အသက်အနည်းငယ် ရှိုက်စာအချိန်က ရှေးတောက်အင်ပါယာမြို့နှင့် ဝေးကွာလှသော နေရာရှိ တောင်တစ်ခုတွင် တစုံတစ်ခုသည် ဖြစ်ပွားနေလေသည်။

ထိုတောင်၏ အတွင်းပိုင်းမှာ လုံးဝ အခေါင်းပေါက် ဖြစ်နေ၏။ သို့သော် အပြင်ဘက်မှ ကြည့်ပါက မဟာအင်ပါယာများသည်ပင် ၎င်းကို သတိပြုမိနိုင်မည် မဟုတ်ပေ။ အတွင်း၌ မဟာအစီအရင်တစ်ခု ရှိနေ၏။ ထိုအစီအရင်မှာ ကြည့်မိရုံဖြင့် အမြင်အာရုံဝေဝါးသွားစေနိုင်သည့်ထိကို ရှုပ်ထွေးလှသည်။

ထိုအစီအရင်က အဖြူအလင်းများကို ထုတ်လွှတ်နေလျက် မရပ်တန်း လင်းလက်နေသည်။ ၎င်းထံမှ ထူးခြားသော ခံစားမှုကို ပေးစွမ်းနေ၏။ သည်တောင်အတွင်းပိုင်း၏ အလယ်တွင် ဝိုးတဝါးပုံရိပ်တစ်ခု ထိုင်နေ၏။ သူ့ကို ခုနစ်ရောင်စုံအလင်းက ဝန်းရံထားသည်။ ထိုပုံရိပ်သည် ချိပ်ဟန်များစွာကို ဖြစ်စေပြီး အစီအရင်ပေါ်သို့ နေရာချသည်။

ခုနစ်ရောင်စုံချိပ်ဟန်များ သက်ဆင်းသည်နှင့် ထိုအစီအရင်အတွင်းတွင် ပုံရိပ်ယောင်တစ်ခု ပေါ်လာ၏။ ထိုပုံရိပ်ယောင်သည် ရှေးတောက်အင်ပါယာမြို့၏ မြင်ကွင်းကို ဖော်ပြပေးနေသည်။

အဖြူနှင့်အနက် အစက်များက သည်ပုံဖော်ပြနန်းတော်အနှံ့တွင် ပြန့်ကြဲနေ၏။ အနက်ရောင်အစက်များသည် ထောင်သောင်းချီ များပြားလှသည်။ သို့သော် အဖြူရောင်အလင်းစက်များနှင့် ယှဉ်ပါက အနက်ရောင်အလင်းစက်များသည် သိသာစွာ နည်းပါးသည်။ အဖြူရောင်အလင်းစက်များသည် နန်းတော်တစ်ခုလုံးကို ခြုံလွှမ်းထားကာ ထပ်မံ၍လည်း တိုးတက်လာနေသည်။

အဖြူရောင်အလင်းစက် တစ်ထောင် ရှိလေ၏။ ယင်းတို့က တစ်ခုတည်းသော အနီရောင်အလင်းစက်ကို ဝန်းရံထားသည်။ ထိုအလင်းစက်သည် သွေးလွှမ်းသော အော်ရာဖြင့် နစ်မြုပ်နေလျက် မလှုပ်မယှက် ရှိနေသည်။

အ”နက်ရောင်က သေဆုံးသွားတဲ့ စိတ်ဝိညာဉ်တွေကို ကိုယ်စားပြုပြီး အဖြူရောင်က အသက်ရှင်နေတဲ့သူတွေကို ကိုယ်စားပြုတယ်။ ဒီအနီရောင်အလင်းစက်ကတော့ ဝမ်လင်းပဲ။ ဝမ်လင်း…ငါတို့ ထပ်တွေ့ကြပြန်ပြီ…”  ဝိုးတဝါးခုနစ်ရောင်စုံပုံရိပ်သည် ပြုံးလိုက်ကာ ရှတတအသံဖြင့် ပြော၏။

“ဒီအဘိုးအိုက သူမရဲ့ စိတ်ဝိညာဉ်အပိုင်းအစကို အတိတ်တုန်းက ထုတ်ငင်ယူခဲ့ပြီး ရှေးတောက်အင်ပါယာကို ပေးခဲ့တာ။ သူက  တကယ်ပဲ ငါ စီစဉ်ထားသလို လုပ်ဆောင်ခဲ့ပြီး ဒီစိတ်ဝိညာဉ်နဲ့ ပေါင်းစည်းနိုင်တဲ့ တစုံတစ်ယောက်ကို ရှာပြီး သူ့ကြင်ယာတော်အဖြစ် ခန့်အပ်ခဲ့တာပဲ…”

“မင်း ရှေးတောက်နန်းတော်ကို ရောက်လာခဲ့တယ်။ ငါ မျှော်လင့်ထားသလိုပဲ မင်းက သတ်ဖြတ်တော့တာပဲ။ သတ်လေ…မင်း ပိုသတ်လေလေ ဒီအဘိုးအိုအတွက် ပိုပြီး အကျိုးရှိလေပဲ…”

ဝိုးတဝါးခုနစ်ရောင်စုံပုံရိပ်က ပြုံး၏။ သို့သော် သူက စိတ်ဝိညာဉ်အပိုင်းအစ ဟုပြောသည့်အခါတွင် သူ့အသံသည် ဖျော့သွားသည်။ သို့သော် တအောင့်အကြာတွင် သူ့အသံက ပုံမှန်ပြန်ဖြစ်သွားသည်။ သူက ညာလက်ကို ပင့်မြှောက်ပြီး အဖြူရောင်အလင်း တောက်ပသွား၏။ သူ့ ဘယ်လက်ကို ပင့်မြှောက်သည့်အခါ သူ့လက်တွင် အနက်ရောင်အလင်း ခြုံလွှမ်းလာသည်။ ဤသည်က သူ့ပတ်လည်တွင် ကိုးရောင်စုံ ဝန်းရံထားစေသလို ဖြစ်သွားသည်။

တချိန်တည်းမှာ မီးခိုးရောင်အခိုးအငွေ့တန်းတစ်ခု ပေါ်လာကာ ထိုကိုးရောင်စုံနှင့် ပေါင်းစည်းကာ အရောင်ဆယ်ရောင်ကို ဖြစ်စေသည်။

“လှိုဏ်ဂူလောကကနေ လာတဲ့ မီးခိုးရောင်ခန္ဓာကိုယ်ဟာ ခုတော့ ပြီးပြည့်စုံသွားပြီ…”

ထိုဝိုးတဝါးပုံရိပ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ၏အသံသည် ကြမ်းရှနေ၏။

ထိုမီးခိုးရောင်အခိုးအငွေ့သည် ဝမ်လင်း လှိုဏ်ဂူလောကမှ ထွက်လာခဲ့ချိန်တုန်းက လိုက်ပါ ထွက်လာသော တစ္ဆေအလင်းတန်းပင် ဖြစ်၏။ မဟာအင်ပါယာရွှမ်လောသည်ပင် ၎င်းကို မထောက်လှမ်းမိနိုင်ခဲ့ပေ။

“ကံမကောင်းစွာနဲ့ ငါဟာ အကန့်အသတ်တွေကို ခံနေရတုန်းပဲ။ ငါဟာ ဝမ်လင်းရဲ့ သတ်ဖြတ်သူကနေ သေဆုံးခြင်းအော်ရာကိုပဲ စုပ်ယူနိုင်တယ်။ မဟုတ်ရင် ဒီအဘိုးအို ကိုယ်တိုင် လှုပ်ရှားလိုက်ရင် ငါဟာ အချိန်တိုအတွင်း ငါ လိုအပ်တဲ့ သတ်ဖြတ်ခြင်းအော်ရာ အမြောက်အများကို စုဆောင်းနိုင်မှာ…”

ထိုပုံရိပ်သည် စကားပြောနေရင်း နှစ်ခါ ရပ်၏။ သူ့ကို တစ်ခုခုက ကန့်သတ်ထားသည့်အလား။ ထို့ကြောင့် သူသည် ရှင်းရှင်းလင်းလင်း မပြောချင်ပေ။

“လှိုဏ်ဂူလောကမှာတုန်းက ဝမ်လင်းရဲ့ သတ်ဖြတ်သူဟာ ငါ့ကို ကျေနပ်စေခဲ့တယ်။ ဒါပေမဲ့ သူ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို ရောက်လာတဲ့အချိန်မှာတော့ အနည်းငယ်ပဲ သတ်ဖြတ်တော့တယ်။ အဲ့ဒါကြောင့်သာ မဟုတ်ရင် ဒီအဘိုးအိုဟာ စုဆောင်းခြင်းကို လက်စသပ်နေလောက်ပြီး အရံအစီအစဉ်ဖြစ်တဲ့ ရှေးတောက်ကို အသုံးပြုဖို့တောင် လိုမှာ မဟုတ်ဘူး။ ကံကောင်းစွာနဲ့ ငါ ကြိုတင်ပြင်ဆင်ပြီး သူမရဲ့ စိတ်ဝိညာဉ်အပိုင်းအစကို စောစောစီးစီး ဖယ်ရှားထားခဲ့လို့ပေါ့…”

ထိုဝိုးတဝါးပုံရိပ်သည် သူမ ဟူသော နေရာတွင် ထပ်မံ စကားရပ်သွားပြန်၏။ သူ့အသံသည် တုန်ယင်သွားသည်။ ထို့နောက် သူသည် ငြိမ်သက်သွားသည်။

အချိန်အတန်ကြာပြီးနောက် ထိုဝိုးတဝါးပုံရိပ်၏ မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။

“ငါက ဒီလို လုပ်ဖို့ ရွေးချယ်လိုက်မှတော့ ကြောက်နေဖို့ မလိုတော့ဘူး။ အများဆုံးမှ ငါ့အသိစိတ် ဖယ်ရှားခဲ့ရရုံပေါ့။ ဒါပေမဲ့ ငါသာ အောင်မြင်လိုက်တာနဲ့…”

ထိုဝိုးတဝါးပုံရိပ်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။

“ဒီအဘိုးအိုဟာ နှစ်ပေါင်းများစွာ ကြိုပြင်ဆင်ခဲ့တာ။ ငါ ကျရှုံးလိမ့်မှာ မဟုတ်ဘူး။ အရင်ဦးဆုံး နန်းတော်က သေဆုံးသွားတဲ့ စိတ်ဝိညာဉ်တွေကို ထုတ်နှုတ်ယူအုံးမှ…”

ထိုဝိုးတဝါးပုံရိပ်သည် သူ့ညာလက်ကို ပင့်မြှောက်ကာ သူ့ရှေ့ရှိ အစီအရင်အတွင်းမှ နန်းတော်ပုံတူထံ လက်ညွှန်သည်။

ထိုအခါ အနက်ရောင်အစက်များအားလုံးသည် တုန်ခါကာ ဖျော့တော့လာ၏။ ယင်းတို့သည် ဒီအစီအရင်၏ စုပ်ယူခြင်းကို ခံရသည့်အလား။ ချက်ခြင်းပင် အားတစ်ခုသည် ထိုအနက်ရောင်အစက်များကို ဝန်းရံလာကာ တန်ပြန်ကန်သွား၏။ ယင်းတို့သည် ဖျော့တော့ခြင်း မရှိတော့ပေ။ ထိုအစီအရင်၏ စုပ်ယူခြင်းကို ပြန်ကန်လေ၏။

ထိုပုံရိပ်၏ အမူအရာသည် ပြောင်းလဲသွား၏။ သူက အံ့အားတသင့် ဆိုမိသည်။ “သူတို့က…”

သည်အခိုက်တွင် ရှေးတောက်အင်ပါယာမြို့၌ ကောင်းကင်ထက်မှ သက်ပြင်းချသံ ထွက်ပေါ်လာသည့်အခါတွက် ဝမ်လင်းသည် ရုတ်တရက် ရပ်လိုက်၏။ သူသည် အန္တရယ်ကိုပင် မေ့သွားသည့်အလား။ မိစ္ဆာသုံးဆယ့်ခြောက်ယောက်က သူ့ထံ တိုးဝင်လာနေသည်။

ဝမ်လင်း၏မျက်လုံးထဲရှိ အနီရောင်က တဖြည်းဖြည်း လွင့်ကွယ်ပျောက်သွား၏။ သူ့မျက်နှာထက်တွင် ရူးသွပ်မှုနှင့် ကြမ်းကြုတ်မှုက တဖြည်းဖြည်း လွင့်ပြယ်သွားကာ ခါးသီးမှု အစားထိုးလာသည်။ ကောင်းကင်ထက်မှ ပုံရိပ်တစ်ခုသည် လှမ်းလာနေသည်။

သူသည် သူ့ဆရာက ကျိန်းသေပေါက် ရောက်လာကာ သူ့အား ဟန့်တားမည်ကို သိ၏။ ထို့အတွက်ကြောင့်လည်း သူသည် ရှင်းပြနေဖို့ မကြိုးစားတော့ဘဲ ရှေးတောက်အင်ပါယာကို သတ်ကာ လီမူဝမ်ကို ခေါ်သွားရန် တတ်နိုင်သမျှ အမြန်လုပ်ဆောင်ခဲ့တာ ဖြစ်သည်။

သူသည် အစတုန်းက သူ့ဒေါသကို ဖုံးကွယ်ကာ နန်းတော်သို့ တည်ငြိမ်စွာ လာ၍ စုန့်ကျိကို ခေါ်သွားရန် တွေးမိခဲ့သေး၏။ သို့သော် သူ၏ သည်းမခံနိုင်သော အရာမှာ ထိပါးခံခဲ့ရသည်မဟုတ်လား။ ထို့အတွက် သူသည် မည်သို့ပင် ထိန်းချုပ်ထိန်းချုပ် သည်းမခံနိုင်တော့ပေ။

မပြင်ဆင်ထားသော အင်ပါယာကို တိုက်ခိုက်ခြင်းက မှန်ကန်သောလည်း အခုအခါတွက် အခြေအနေသည် ပို၍ ဆိုးဝါးသွားလေပြီ။ ဤသည်က အလစ်အငိုက်တိုက်ခိုက်၍ ရ၏။ သို့သော် သူ့ဒေါသကြောင့် သူသည် ခုလိုမျိုး အကြမ်းပတမ်း ဝင်ရောက် တိုက်ခိုက်လာခဲ့တာ ဖြစ်၏။

သို့သော် အကယ်၍ သူသည် အလစ်တိုက်ခိုက်ခဲ့မည် ဆိုလျှင်ပင် တည်ငြိမ်စွာ စဉ်းစား၍ လုပ်ဆောင်ခဲ့လျှင်ပင် ရွမ်လော၏ ဂုဏ်သတင်း ထိခိုက်မှုကို ပြန်အဖတ်ဆယ်ဖို့ မဖြစ်နိုင်တော့ပေ။ ဝမ်လင်းက ထိုအချက်ကို နားလည်၏။ ထို့ကြောင့် သူသည် အလစ်တိုက်ဖို့ မရွေးချယ်ခဲ့တာလည်း ဖြစ်၏။

ဝမ်လင်းသည် ထိုသို့‌သော နည်းလမ်းအများကို မရွေးချယ်တော့ပေ။ သူသည် ဝမ်အာ၏ စိတ်ဝိညာဉ်ကို ယူကာ ရှေးတောက်အင်ပါယာကို သတ်ပစ်ရတော့မည်သာ ဖြစ်၏။ သူ့အတွက် တစ်ခုတည်းသော စဉ်းစားပေးရမည့် အရာကတော့ သူ့ဆရာ၏ ခံစားချက်များသာ ဖြစ်သည်။

“ဆရာ…”  ဝမ်လင်းသည် လက်နှစ်ဖက်ဆုပ်ကာ သူ့ထံ လျှောက်လာသော ရွှမ်လောကို ဦးညွှတ်လိုက်၏။ သူသည် မထပေ။ ဆက်၍ ဦးညွှတ်နေ၏။ ထိုအခွင့်အရေးကို အသုံးချကာ မိစ္ဆာသုံးဆယ့်ခြောက်ယောက်က သူ့ထံ နီးကပ်လာကြသည်။

ကောင်းကင်ထက်တွင် ရွှမ်လောက လှမ်းလျှောက်လာပြီး ဝမ်လင်းကို ကြည့်၏။ သူသည် အတော်လေး အိုစာသွားပုံရသည်။ သူက အောက်ဘက်ရှိ မြေပြင်ထက်သို့ လက်ဝေ့ယမ်းလိုက်၏။

ထိုလက်ဝေ့ယမ်းချက်ကြောင့် မိစ္ဆာသုံးဆယ့်ခြောက်ယောက်သည် သွေးအန်ထွက်ကာ အထိတ်တလန့် နောက်ဆုတ်ရ၏။ ဝမ်လင်းကလွဲ၍ လူတိုင်းသည် ပေတစ်သောင်းထိ လွင့်ထွက်သွားရကာ ဦးညွှတ်နေသော ဝမ်လင်းတစ်ယောက်သာ ကျန်ခဲ့၏။

ရှေးတောက်အင်ပါယာသည် ရွှမ်လော ထွက်ပေါ်လာသည်ကို မြင်သည့်အခါ သူက နှာခေါင်းရှုံ့လိုက်၏။ သူ့မျက်လုံးသည် အရောင်တောက်သွားပြီး သူ ရှေ့သို့ အလျင်အမြန် လှမ်းလာသည်။ “အရှင်ရွှမ်…ဝမ်လင်းက နန်းတော်ကို ချိုးဖောက် ဝင်ရောက်ပြီး ကျုပ်ရဲ့ ကြင်ယာတော်ကို လုယူဖို့ ကြိုးစားခဲပါတယ်။ သူက ကျုပ်တို့ကို သစ္စာဖောက်ခဲ့တာပဲ…”

သူ့စကား မဆုံးခင်မှာပင် ရွှမ်လောသည် ရုတ်တရက် သူ့ဘက်သို့ လှည့်လာ၏။

“ငါ့ရှေ့ကနေ ထွက်သွားစမ်း…”

ရှေးတောက်အင်ပါယာသည် တုန်ယင်သွားကာ သွေးအန်၍ နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရ၏။ သူသည် မယုံကြည်နိုင်ဖြစ်သွားသည်။ ရွှမ်လောသည် သူ့ကို ဒဏ်ရာရစေလိမ့်မည်ဟု သူ မမျှော်လင့်ထားမိခဲ့ပေ။

သူက စကားထပ်ပြောရန် ဟန်ပြင်၏။ သို့သော် သူသည် ရွှမ်လော၏ မျက်လုံးထဲရှိ ဒေါသနှင့် သတ်ဖြတ်လိုစိတ်ကို လှမ်းမြင်လိုက်ရသဖြင့် သူ့စကားများကို ပြန်မြိုချလိုက်ရ၏။ သူ၏အမူအရာသည် ရုပ်စိုးသုန်မှုန်သွားသည်။ သို့သော် သူသည် ထပ်မံ၍ စကားမဆိုဝံ့တော့ပေ။

“မဟာအင်ပါယာရွှမ်လော…”   ရှေးတောက်အင်ပါယာ၏ ဖခင်ဖြစ်သူ၊ ညာလက်ဆုံးရှုံးထားသော အဘိုးအိုက သက်ပြင်းချကာ ရွှမ်လောကို အရိုအသေ ပေးလိုက်၏။

“ဒီကောင်လေးက အင်ပါယာအာဏာစက်ကို မလေးမစား ပြုမူပါတယ်။ ပြီးတော့ သူက ငါတို့ ရှေးတောက်ရဲ့ အစွမ်းထက်တဲ့ ကျင့်ကြံသူထောင်သောင်းချီကိုပါ သတ်ပစ်ခဲ့တယ်။ သူဟာ ရှေးတောက်ကို သစ္စာဖောက်တာပဲ။ ဒါကို ခွင့်လွှတ်ပေးလို့ မရပါဘူး…”

သည်အဘိုးအိုသည် ခုလက်ရှိ အင်ပါယာထက် များစွာ သာ၏။ သူ၏စကားတို့က ဝမ်လင်းသည် လူအများအပြားကို သတ်ခဲ့သည့်အချက်ကို ထောက်ပြနေ၏။

ရွှမ်လောသည် ငြိမ်သက်စွာ စဉ်းစားနေသည်။ ထို့နောက် သူက ဝမ်လင်းကို ကြည့်၏။ သူ့မျက်လုံးထဲတွင် နောင်တနှင့်ဝမ်းနည်းမှုတို့ ရှိနေသည်။ စိတ်ရှုပ်ထွေးမှုလည်း ရှိနေ၏။ သူ့မျက်နှာသည် ပို၍ အိုစာသွားသလို ထင်ရသည်။ သူသည် ခုထိ ဒူးထောက်နေသော သူ့တပည့်ဖြစ်သူကို ကြည့်ကာ သူ့နှုတ်ခမ်းများ တုန်လာ၏။ သူသည် စကားမဆိုနိုင်ဘဲ ဖြစ်နေသည်။

အချိန်အတန်ကြာပြီးနောက် ရွှမ်လောသည် အသက်ခပ်ဝဝရှိုက်သွင်းကာ ပြောလာသည်။ “ဘာကြောင့်လဲ…”

ဝမ်လင်းက သက်ပြင်းချ၏။ သူက ရွှမ်လောကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်သည်။ သူသည် ရွှမ်လော၏ ကြင်နာမှုကို ပြန်မပေးနိုင်သေးပေ။ သူသည် ရွှမ်လောကို စိတ်မပျက်စေချင်တာ အမှန်ပင် ဖြစ်၏။

“ဆရာ…စိတ်မဆိုးပါနဲ့…”  ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ သူ့ရင်ဘက်ကို ရိုက်၏။ သူက သွေးများစွာ အန်ထွက်သွားသည်။ သူ့လက်ကို ဝေ့ယမ်း၏။ ထိုသွေးတို့က မြေပြင်ထက်သို့ ပြန့်ကြဲကာ မြေပေါ်ရှိ သွေးများနှင့် ပေါင်းစည်းကာ ကြောက်မက်ဖွယ်သွေးအလင်းတစ်ခု လှစ်ဟပေါ်၏။ ဝမ်လင်း၏ လမ်းညွှန်မှုဖြင့် ခန္ဓာကိုယ်များသည် လေထဲတွင် ပြန်ဖွဲ့စည်းလာလေ၏။

ထိုခန္ဓာကိုယ်များသည် ဝမ်လင်း သတ်ခဲ့သော သူများပင်။

အတိတ်တုန်းက ယဲ့မို၏ ကျင့်ကြံမှုဖြင့် သူသည် သွေးစက်အနည်းငယ်ကို အသုံးပြုကာ လှိုဏ်ဂူလောက၌ ရှေးဟောင်းနတ်ဘုရား၊ နတ်ဆိုး၊ မိစ္ဆာများကို ဖန်တီးနိုင်ခဲ့၏။ ခုခါ၌ ဝမ်လင်းသည် စိတ်ဝိညာဉ်သွေးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ စိတ်ဝိညာဉ်သွေးနှင့် ပေါင်းစပ်ပြီးနောက် ရလာခဲ့သော အမွေအနှစ်ကြောင့် သူသည် ထိုသို့ ကောင်းကောင်း လုပ်နိုင်စွမ်း ရှိပေသည်။ သူသည် အတိတ်တုန်းက လှိုဏ်ဂူလောကမှာတုန်းက ယဲ့မိုထက် အဆများစွာ ပို၍  အစွမ်းထက်သူ ဖြစ်နေပြီ မဟုတ်လား။

သည်ခန္ဓာကိုယ်များသည် တစ်ယောက်ပြီးတစ်ယောက် ပေါ်လာ၏။ လူသောင်းချီ ပေါ်လာကာ တစ်ယောက်မျှ မကျန်ခဲ့ပေ။ သူတို့၏ ခန္ဓာကိုယ်များ ဖွဲ့စည်းပြီးသည့်အခါ မြေပြင်ထက်ရှိ သွေးအားလုံးသည် ကွယ်ပျောက်သွားသည်။ ဝမ်လင်း၏ မျက်နှာက ဖြူရောနေ၏။ သူက သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည်။ စိတ်ဝိညာဉ်ထောင်သောင်းချီသည် ပျံသန်းထွက်လာကာ သူတို့၏ ဆိုင်ရာခန္ဓာကိုယ်များထဲသို့ ဝင်ရောက်သွားကြလေ၏။

ဝမ်လင်းသည် သည်လူများစွာကို သတ်ခဲ့၏။ သို့သော် သူသည် သူတို့၏ခန္ဓာကိုယ်များကိုသာ ဖျက်စီးခဲ့တာ ဖြစ်ပြီး သူတို့၏ စိတ်ဝိညာဉ်များကိုမူ သိမ်းဆည်းထားခဲ့ပေ၏။ သို့သော် သူက အစွမ်းထက်လှသဖြင့် သည်နေရာရှိ မည်သူကမျှ ထိုအချက်ကို ဖြတ်မြင်နိုင်ကြခြင်း မရှိပေ။

ရွှမ်လောသည် သူ၏ဆရာ ဖြစ်၏။ သူသည် သူ့ဆရာဖြစ်သူ ဝမ်းနည်းအောင် မည်သို့ လုပ်နိုင်ပါ့မည်နည်း။

All Chapters