← Chapters

ဒေါသပုန်ထခြင်း(၈)

Vol. 151 Ch. 2082

ဒေါသပုန်ထခြင်း(၈)

Vol. 151 Ch. 2082

လူပေါင်းထောင်သောင်းချီ ပြန်ပေါ်လာသည့်အခါ နန်းတော်အပြင်ဘက်ရှိ လူတစ်ထောင်နီးပါးသည်  မျက်လုံးပြူးကာ မယုံကြည်နိုင် ဖြစ်နေ၏။ ရှေးတောက်အင်ပါယာ၏ အမူအရာသည် ပြောင်းလဲသွားကာ သူသည် ပို၍ သုန်မှုန်လာသည်။

သူ့အဖေဖြစ်သူ၊အဘိုးအိုသည်လည်း ပင့်သက်ရှိုက်မိသွား၏။ သူသည် အစောပိုင်းတုန်းက  မည်သည့်အရာကိုမျှ သတိမပြုမိခဲ့ပေ။ သူသည် ဝမ်လင်းကို ကြည့်၏။ သူ့မျက်လုံးထဲတွင် ပို၍ ကြောက်ရွှံ့မှု ဖြစ်ပေါ်သွားသည်။

ထိုစိတ်ဝိညာဉ်များသည် သူတို့၏ခန္ဓာကိုယ်များထဲ ဝင်ရောက်လာနေရင်း လူထောင်သောင်းချီသည် မျက်လုံးဖွင့်လာကြ၏။ ခဏတာ စိတ်ရှုပ်ထွေးပြီးနောက် သူတို့အားလုံး နိုးထလာကြ၏။

ဆူညံပွက်သံများ ပဲ့တင်ထပ်သည်။ သူတို့သည် သေသွားလောက်ပြီဟု ခံစားသည်။ အခုတော့ သူတို့သည် အိပ်မက်မက်သည့်အလား အသက်ရှင်သန်နေသည်။

သို့သော် သူတို့သည် မသေခင်လောက်တော့ မသန်မာတော့ပေ။ အတော်လေး အားနည်းသွားကြ၏။ ထိုမန္တာန်က ဆန်းကြယ်သော်လည်း လူအများအပြားကို သူတို့၏ မူလစွမ်းအားသို့ ပြန်ရောက်အောင်တော့ လုပ်နိုင်စွမ်း မရှိပေ။

သို့သော် ဝမ်လင်း၏ စိတ်ဝိညာဉ်သွေးကြောင့် သူတို့၏ စွမ်းအားများသည် အားနည်းသွားသော်လည်း သူတို့သည် အပြည့်အဝ ပြန်ကောင်းမွန်ဖို့ ဆယ်စုနှစ်အချို့သာ လိုပေလိမ့်မည်။

စိတ်ဝိညာဉ်သေွးနှင့် တစုံတစ်ယောက်ကသာ ရှေးဘိုးဘေး၏ စွမ်းအားနှင့် နီးစပ်လှသော သည်လိုမန္တာန်ကို အသုံးပြုနိုင်၏။ ဆူညံပွက်သံများ ဖြစ်ပေါ်ပြီးနောက် သူတို့အားလုံးက ငြိမ်သက်သွားကာ ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်သည်။

သူတို့ထဲ၌ ရွှမ်လောလက်အောက်မှ ကိုးယောက်လည်း ပါဝင်၏။ သူတို့သည် သက်ပြင်းချကာ ဧရာမကပ်ဘေးကြီးကနေ လွတ်မြောက်သွားသလိုမျိုး ခံစားမိ၏။

သူတို့ခုလို အသက်ရှင်နေသည်မှာ ဝမ်လင်းကြောင့်မှန်း သူတို့ သိကြသည်။

ဝမ်လင်း၏ မျက်နှာသည် အလွန်အမင်း ဖြူရောနေ၏။ သူသည် စိတ်ဝိညာဉ်သွေးကို ပိုင်ဆိုင်ထားသော်လည်း ဒီလိုမန္တာန်ကို အသုံးပြုခြင်းက သူ့အတွက် ကြီးစွာ ထိခိုက်စေ၏။ ရွှမ်လောကို စိတ်မပျက်စေဖို့အတွက် သူသည် နန်းတော်သို့ ချိုးဖျက်ဝင်ရောက်တည်းက ထိုသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည်။

သူ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ သူသည် သူ သတ်ခဲ့သော လူတိုင်း၏ စိတ်ဝိညာဉ်များကို ရွှမ်လော ရောက်လာချိန်တွင် ပြန်အသက်သွင်းပေးမည်သာ ဖြစ်သည်။

ထိုအံ့မခန်းမြင်ကွင်းကို မြင်သည့်အခါ  ရွှမ်လောသည်ပင် လှုပ်ရှားမိ၏။ သူ၏ ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ဝမ်လင်း ထိုသို့ လုပ်နိုင်ခြင်းမှာ စိတ်ဝိညာဉ်သွေးစက်ကြောင့်ဟု မြင်ပေသည်။

“စိတ်ဝိညာဉ်သွေးသုံးစက်နဲ့ လူတစ်ယောက်ဟာ ကလန်တစ်ခုကို ဖန်တီးနိုင်တယ်…”

ဤသည်မှာ မျိုးဆက်တလျှောက် လက်ဆင့်ကမ်းလာခဲ့သော စကားဖြစ်၏။ ခုခါတွင် ရွှမ်လောသည် ထိုအဖြစ်ကို တွေ့မြင်ရလေသည်။ သူသည် ၎င်းစကားကို ယုံကြည်သည်။

ဝမ်လင်းက ခေါင်းမော့လိုက်၏။ သူ့မျက်နှာသည် ဖြူရောနေသည်။ သူသည် ရွှမ်လောကို ကြည့်ကာ ပြောလာသည်။ “ဆရာ…တပည့်က ရှေးတောက်ကလန်ဝင်တစ်ယောက်ကိုမျှ တကယ် မသတ်ခဲ့ပါဘူး…”

“သူက ဘယ်သူ့ကိုမှှ မသတ်ခဲ့ပေမယ့်လည်း သူဟာ ရှေးတောက်ကလန်ဝင်များစွာကို အားနည်းစေခဲ့ပြီး နန်းတော်ကို ချိုးဖျက်ဝင်ရောက်လာခဲ့ပြီး အင်ပါယာအာဏာစက်ကို မလေးမစား လုပ်ခဲ့ပါတယ်။ ဒီအကြောင်းသာ ရှေးရှီနဲ့ ရှေးဂျီထိ ပျံ့နှံ့သွားရင် ရှေးတောက်ဟာ အရှက်ရရပါလိမ့်မယ်။ သူ သေဖို့ ထိုက်တန်နေတုန်းပဲ…”

ရှေးတောက်အင်ပါယာက ရုတ်တရက် ပြောလာ၏။ သူ့မျက်လုံးထဲတွင်လည်း ဝမ်လင်းကို သတ်ဖြတ်ချင်စိတ်တို့ ပြည့်နေသည်။

“ဝမ်လင်း…အကြောင်းရင်းကို ဆရာ့ကို ပြောပြပါ…”  ရွှမ်လောသည် ဝမ်လင်းကို ကြည့်၏။ သူ့အမူအရာက တဖြည်းဖြည်း ပျော့ပြောင်းလာသည်။ သူသည် သူ့ခံစားချက်များကို ဂရုမစိုက်ခဲ့ဘဲ ရှေးတောက်၏ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ကာ ထိခိုက်ပျက်စီးမှုများအောင် လုပ်ခဲ့သည်ဟု တွေးမိခဲ့သည်။ ထိုခံစားချက်က သူ့စိတ်နှလုံးကို နာကျင်စေသလို စိတ်ပျက်မှုလည်း ဖြစ်စေခဲ့သည်။

သူ၏ တစ်ဦးတည်းသောတပည့်ဖြစ်သူ အတွက် သူသည် ဆရာတစ်ယောက်အနေဖြင့် အားလုံး လုပ်ပေးခဲ့သည်။ သူသည် ဝမ်လင်းကို သူ့သားတစ်ယောက်ကဲ့သို့ မှတ်ယူခဲ့၏။ သူသည် ဝမ်လင်းအတွက် ကျင့်ကြံဖို့ လိုအပ်သည်မှန်သမျှကို ပြင်ဆင်ပေးခဲ့ကာ မဟာအင်ပါယာကူးတောက်နှင့်ပင် ဆန့်ကျင်မှု ပြုခဲ့သည်။ အစောပိုင်းတုန်းလေးကပင် သူသည် ဝမ်လင်းအတွက် ရတနာတစ်ခုကို သန့်စင်ပေးနေခဲ့သည်။

သို့သော် သူ ရောက်လာသည့်အခါ၌ သွေးလွှမ်းသော မြေပြင်ကို မြင်ခဲ့ရ၏။ သူ ကာကွယ်ပေးသော ရှေးတောက်သည် မရေမတွက်နိုင်စွာ သေဆုံးခြင်း ဆိုက်ခဲ့ရပြီး ယင်းအရာများကို သူ၏ တပည့်ဖြစ်သူက လုပ်ဆောင်ခဲ့သည်။ ဤသည်က ရွှမ်လော၏ စိတ်နှလုံးကို ဓားဖြင့် မွှန်းသလို ခံစားရစေကာ စိတ်ပျက်မှုတို့ ပြည့်နှက်သွားစေသည်။

သို့သော် ခုခါ၌ ဝမ်လင်းသည် ထို သေဆုံးသွားသော သူများကို စိတ်ဝိညာဉ်သွေးအား အသုံးပြု၍ ပြန်အသက်သွင်းခဲ့သည်ကို တွေ့မြင်သည့်အခါ ရွှမ်လော၏ စိတ်နှလုံးသည် ဝမ်လင်းအတွက် နာကျင်ရပြန်သည်။

သူသည် သူ့တပည့်က သူ့အပေါ် အရေးထားသည်ကို သိသည်။ သူက ဝမ်လင်းသာ တင်ကြို၍ မစီစဉ်ထားပါက ထိုသူများကို ပြန်အသက်သွင်းဖို့ မဖြစ်နိုင်တာကို သိသည် မဟုတ်လား။

ရွှမ်လော၏ အကြည့်က နူးညံ့လာသည်။ သူသည် သူ့တပည့်ကို နားလည်ပေသည်။ အရေးကြီးသော အကြောင်းရင်းတစ်ခုကြောင့်သာ မဟုတ်ပါက သူ့တပည့်သည် ခုလိုမျိုး လုပ်လိမ့်မည်မဟုတ်၊ ခုလောက်ထိ ရူးသွပ်သွားလိမ့်မည် မဟုတ်ပေ။ ထိုအကြောင်းရင်းမှာလည်း ဝမ်လင်း၏ လက်သင့်မခံနိုင်ဆုံး၊ ထိပါး၍ မရသောအရာ ဖြစ်ဖို့ များသည်။

ရွှမ်လောက သက်ပြင်းချ၏။ သူသည် ခပ်ရေးရေး ခန့်မှန်းမိလိုက်သည်။

ဝမ်လင်းက ပြောလာသည်။ “ကျုပ် ဇနီးရဲ့ စိတ်ဝိညာဉ်ဟာ စုန့်ကျိရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေပါတယ်။ တပည့်က သူမကို ခေါ်သွားမလို့ပါ။ ရှေးတောက်အင်ပါယာလည်း ဒါကို သိပါတယ်။ သူက ဒီလို လုပ်ဖို့ ခွင့်မပြုခဲ့ဘူး။ ဒါ့အပြင် တပည့်အနေနဲ့ သူ့ကို သတ်ဖို့ လိုပါတယ်…”

ရှေးတောက်အင်ပါယာ၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် ချက်ခြင်း အော်ဟစ်လိုက်၏။ “အဓိပ္ပာယ်မရှိလိုက်တာ။ မင်းက ငါ့ကြင်ယာတော်ကို လုယူချင်နေတာပဲ။ သူမကို မင်း‌ ခေါ်သွားမှာကို ငါက ဘယ်လိုလုပ် ခွင့်ပြုလို့ ရမလဲ။ မင်းက မင်းဇနီးရဲ့ စိတ်ဝိညာဉ်ဟာ သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတယ်လို့ ပြောလိုက်သေးတယ်။ အဆင်အခြင်မဲ့လိုက်တာ…”

“မင်း ရောက်လာတဲ့အချိန်မှာ မင်းက ဘာမှ မရှင်းပြခဲ့ဘူး။ ငါက ဘာကြောင့် ငါ့ ကြင်ယာတော်ကို မင်းရှိ ပေးလိုက်ရမှာလဲ…”  ရှေးတောက်အင်ပါယာက နှာခေါင်းရှုံကာ ပြော၏။ သို့သော် သူ့စိတ်နှလုံးသည် တုန်ယင်နေသည်။

“ဒီတော့ အခု ငါ ရှင်းပြလိုက်ပြီ။ ငါ သူမကို ခေါ်သွားတော့မယ်…”  ဝမ်လင်းသည် ခေါင်းလှည့်ကာ အစောင့်အကြပ်များ တစ်ထောင်နီးပါးဖြင့် ဝန်းရံထားသော ရှေးတောက်အင်ပါယာထံ အေးစက်စက်လှမ်းကြည့်သည်။

“ရှေးတောက်အင်ပါယာသည် ပြောလာ၏။  အဓိပ္ပာယ်မရှိဘူး။ မင်းရဲ့ ရှင်းပြချက်ဟာ အကြောင်းပြချက်လည်း မပါဘူး။  မင်းကိုသာ သူမကို တကယ် ခေါ်သွားဖို့ ခွင့်ပြုလိုက်ရင် တလောကလုံးက ငါ့ကို လှောင်ပြောင်ကြမှာပေါ့။ ဒါ့အပြင် မင်းရဲ့ အကြောင်းပြချက်ဟာ ယုတ္တိလည်း မရှိဘူး။ ဒီအမျိုးသမီးဟာ ငါ့အရင်ဘဝက ဇနီးလို့ ပြောရင်ကော မင်း ဘာပြောမလဲ…”

သူ့အသံက ထက်ရှိနေ၏။ သူသည် နောက်ဆုတ်ပေးမည့်ပုံ မရှိပေ။

သူသည် ဝမ်လင်းက သူ့ကို ထိခိုက်အောင်၊ သို့မဟုတ် သူ့ကို မသတ်ဝံ့ဟု ယုံကြည်ထား၏။ သူသည် ဝမ်လင်း၏ ရွှမ်လောအပေါ် လေးစားမှုကိုလည်း  မြင်သည်။ ရွှမ်လော ဒီနေရာတွင် ရှိနေပါက သူသည် တိုက်ခိုက်ဖို့ နည်းသွားပေလိမ့်မည်။

သူက ထိုအချက်ကို အခွင့်ကောင်းယူကာ ပြုမူရပေမည်။

ထို့အပြင် သူသည် ရှေးတောက်အင်ပါယာ ဖြစ်၏။ သူ့ကို သတ်ဝံ့သော သူတိုင်းသည် မဟာအင်ပါယာကူးတောက်ကို အရင်ဆုံး မေးမြန်းဖို့ လိုပေလိမ့်မည်။

ရှေးတောက်အင်ပါယာတစ်ယောက်အဖို့ ကြောက်လန့်နေစရာ ဘာမျှ မရှိပေ။ သူက ဝမ်လင်း ဆန္ဒရှိသလို ပြုမူဖို့ ဘာကြောင့် ခွင့်ပြုရပါ့မည်နည်း။ သူသည် ထိုသို့ တွေး၏။ ယနေ့ကိစ္စသည် ပြီးသွားသည်နှင့် သူသည် စုန့်ကျိ၏ အပျိုစင်ကို ယူကာ သူမကို ကလေးမွေးခိုင်းပစ်မည် ဖြစ်၏။ ထိုသည်က ဝမ်လင်းကို မျှော်လင့်ချက်မဲ့သွားစေမည် မဟုတ်လား။

ရှေးတောက်အင်ပါယာက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ အေးစက်စက် ပြော၏။ “မင်း ငါ့ကြင်ယာတော်ကို လိုချင်ရင် ငါ့ကို သက်သေအချို့ ပြရမယ်…”

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေသည်။ သူ့ခန္ဓာကိုယ်ထဲရှီ သတ်ဖြတ်လိုစိတ်မှာ မဖိနှိပ်ထားနိုင်လုနီးနီး ဖြစ်နေလေပြီ။ သူသည် ရှေးတောက်အင်ပါယာကို သတ်ဖို့အတွက် သူ့လမ်းကို ပိတ်ထား‌သော လူတစ်ထောင်နီးပါးကို သတ်ပစ်ရလိမ့်မည် ဖြစ်သည်။

သို့သော် သူသည် ထိုသို့ မလုပ်နိုင်ပေ။ သူက သူ့ခန္ဓာကိုယ်ထဲရှိ အရူးအမူး သောင်းကြမ်းနေသော သတ်ဖြတ်လိုစိတ်ကို အတင်းဖိနှိပ်ထားနေရ၏။

သူသည် စုန့်ကျိကို ကြည့်ကာ ဝမ်းနည်းလာ၏။ သူ့ထံ၌ မဟာအင်ပါယာတစ်ပါးနှင့် ယှဉ်နိုင်သော စွမ်းအား ပိုင်ဆိုင်ထားသည်။ ရွှမ်လောကလွဲ၍ သည်နေရာတွင် သူ့ပြိုင်ဘက် မည်သူမျှ မရှိိပေ။ သို့သော် ခုချိန်တွင် သည် သေးနုပ်သော အင်ပါယာရှေ့၌ သူ့အဖို့ ခြေတလှမ်းမတိုးနိုင် ဖြစ်ရသည်။ သူသည် ဝမ်အာ၏ စိတ်ဝိညာဉ်ကို မြင်နေရ၏။ သို့သော် သူမကို မခေါ်ဆောင်နိုင် ဖြစ်နေရသည်။

ထိုသို့ဖြစ်ရခြင်းမှာ သူသည် ရွှမ်လောကို စိတ်မပျက်စေလိုခြင်းကြောင့် ဖြစ်၏။ သူသည် သူ ကျေးဇူးကြွေးတင်နေသော သူ့ဆရာဖြစ်သူကို ဝမ်းနည်းမှု မခံစားစေလိုပေ။

ဝမ်လင်းက မျက်လုံးမှိတ်၏။ သူက နာကျင်စွာ ပြုံးသည်။ သူ မျက်လုံးပြန်ဖွင့်လာသည့်အခါ သူ့ညာလက်ကို ဆန့်ထုတ်၏။ ကျောက်စိမ်းပြားတစ်ခု ပေါ်လာသည်။ သူ့နတ်ဘုရားအာရုံက ထိုကျောက်စိမ်းပြားပေါ် စုဝေးလာပြီး သူက ၎င်းကို ခြေမွလိုက်သည်။

ထိုအခါ သူ မဟာစိတ်ဝိညာဉ်ကလန်မှ ရခဲ့သော ကျောက်စိမ်းပြားကို အသုံးပြု၍ မြင်ခဲ့ရသော ရှေးတောက်အင်ပါယာ၏ ခပ်တိုးတိုး ရေရွတ်သံ အပါအဝင် အရာအားလုံးသည် လူတိုင်း၏ရှေ့တွင် လှစ်ဟပေါ်လာ၏။

ထိုပုံရိပ်မြင်ကွင်းက ရှင်းလင်းလှသည်။

“အင်ပါယာဆရာသခင်က ဒီစိတ်ဝိညာဉ်အပိုင်းအစဟာ ရှေးကလန်တစ်ခုလုံးရဲ့ အစစ်အမှန်အင်ပါယာ ဖြစ်လာစေနိုင်လိမ့်မယ်လို့ ပြောခဲ့တယ်။ ပြီးရင် ဒီအမျိုးသမီးကို ငါ့ကြင်ယာတော်အဖြစ် ချီးမြှောက်တာဟာ သူမအတွက် အကောင်းဆုံး ဆုလဒ်ပဲ…”

“ဒီအမျိုးသမီးဟာ အကြွင်းမဲ့ မလှပေမယ့် သူမရဲ့ ကိုယ်ပိုင်စွဲဆောင်မှု ပိုင်ဆိုင်ထားတယ်။ အင်ပါယာဆရာသခင်က ဒီစိတ်ဝိညာဉ်အပိုင်းအစကို ဘယ်နေရာက ယူလာခဲ့လာလည်းတော့ ငါလည်း မသိဘူး။ သူမဟာ သူမရဲ့ ချစ်သူ ရှိလောက်တယ်။ ဖြစ်နိုင်တာက သူမ‌ သေဆုံးပြီးတဲ့နောက် သူမရဲ့ ချစ်သူ၏ နှလုံးကွဲကြေလောက်အောင် နာကျင်ခဲ့ရမယ့်ပုံပဲ…”

“ကံမကောင်းစွာနဲ့ သူဟာ ဒီအမျိုးသမီးဟာ ငါ့လက်ထဲမှာ ရှိနေတာကို ဘယ်တော့မှ သိနိုင်တော့မှာ မဟုတ်ဘူး။ ငါသာ ဒီအမျိုးသမီးရဲ့ ချစ်သူဟာ ဘယ်သူ ဖြစ်လဲဆိုတာကို ရှာနိုင်ခဲ့ရင် ဘယ်လိုဆက်ဖြစ်မလဲဆိုတာဟာ စိတ်ဝင်စားဖို့ သိပ်ကောင်းမှာ…”

“တနေ့မှာ သူတို့ ပြန်ဆုံကြရင် သူတို့တစ်ယောက်နဲ့တစ်ယောက် မှတ်မိသိရှိကြမလား ငါ သိချင်မိတယ်။ ဒီကိစ္စက အလျင်လိုစရာ မလိုဘူး။ အခမ်းအနားပြီးရင် ပေါင်းစပ်ပြီးတဲ့နောက် အဲ့စိတ်ဝိညာဉ်အပိုင်းအစရဲ့ အရသာကို ငါ ကောင်းကောင်း ခံစားကြည့်ရမယ်…”

တစစီဖြစ်သွားသော ကျောက်စိမ်းပြား၏ ပုံရိပ်များထံမှ ရှေးတောက်အင်ပါယာ၏ အသံဿည် ထွက်ပေါ်လာသည်။ ဤစကားတို့ကို ဝမ်လင်းသည် ဒုတိယအကြိမ် ကြားရတာ ဖြစ်သော်လည်း သူ၏ သတ်ဖြတ်လိုစိတ်သည် တဖန် မြင့်တက်လာခဲ့ပြန်သည်။ သို့ပေမည့် သူက ၎င်းကို ထပ်မံဖိနှိပ်ထား၏။

ထိုအသံကို လူတိုင်းက ကြားရသည်။ ရှေးတောက်အင်ပါယာသည် တည်ငြိမ်ဆဲ ဖြစ်သော်လည်း သူ့စိတ်ထဲတွင်မူ လှိုင်းထန်နေပေပြိ။ သူသည် ဒီလောက၌ ထိုမျှ ထူးခြားသော မန္တာန်တစ်ခု ရှိနေလိမ့်မည်ကို မမျှော်လင့်ထားခဲ့မိပေ။

ရှေးတောက်အင်ပါယာက နှာခေါင်းရှုံ့ကာ သုန်မှုန်သောလေသံဖြင့် ပြောလာ၏။ “အစစ်အမှန် ဆန်လွန်းတဲ့ ပုံရိပ်ယောင်ပဲ။ စိတ်ဝင်စားစရာပဲ။ ဝမ်လင်း…မင်း ဒါကို ဖန်တီးဖို့ နည်းနည်းတော့ အားစိုက်ထုတ်ခဲ့ရမှာပဲ။ ဒါပေမဲ့ ဒါတွေဟာ အမှားတွေပဲ။ ငါ ဘယ်တုန်းကမှ အဲ့လိုအရာတွေကို မပြောခဲ့ဖူးဘူး။ ဘာ စိတ်ဝိညာဉ်အပိုင်းအစလဲ…”

ဝမ်လင်းသည် ငြိမ်သက်နေ၏။ သို့သော် သူ၏ သတ်ဖြတ်လိုစိတ်က အရူးအမူး မြင့်တက်လာနေသည်။ သူသည် တတိယကြိမ်မြောက် ပေါက်ကွဲမိပေတော့မည်။ သူ့မျက်လုံးတို့က ထပ်မံ နီရဲလာ၏။ သို့သော် သူသည် ၎င်းစိတ်ကို ထပ်မံ ဖိနှိပ်ထားသည်။ သူသည် သူ့ဒေါသကို အကြိမ်ကြိမ် ဖိနှိပ်ရသဖြင့် သူ့ပါးစပ်ထောင့်မှပင် သွေးများ စီးကျလာတော့သည်။

ရှေးတောက်အင်ပါယာက နှာခေါင်းရှုံ့ကာ ဆိုစဉ် ရွှမ်လောက မျက်မှောင်ကြုတ်သွား၏။ သူ့ညာလက်ကို ပင့်မြှောက်၍ စုန့်ကျိထံသို့ ဆန့်ထုတ်လိုက်သည်။

သို့သော် စုန့်ကျိပတ်လည်တွင် ခရမ်းရောင်အလင်း လင်းလက်သွားကာ ရွှမ်လော၏ ဖမ်းဆုပ်မှုအား လွင့်ပြယ်သွားစေသည်။ ထိုသည်က ရွှမ်လော၏ အမူအရာကို ပြောင်းလဲသွားစေသည်။

အင်ပါယာ၏ အဖေဖြစ်သူက ထိုသည်ကို တွေ့မြင်သည့်အခါ အံ့အားတသင့် ဆို၏။ “ခရမ်းလက်ဝါးဘိုးဘေးစိတ်ဝိညာဉ်ချိပ်ပိတ်မှု…”

ရှေးတောက်အင်ပါယာက အနည်းငယ် ပြုံး၍ ရွှမ်လောကို အေးစက်စက် လှမ်းကြည့်သည်။ ထို့နောက် သူက ဝမ်လင်းကို လှမ်းကြည့်သည်။ သူ၏ ရယ်သံသည် လှိုက်ထွက်လာသည်။

“သူမက ငါ့ကြင်ယာတော်ပဲ။ သူ့ကို ဘယ်သူမှ ခေါ်သွားလို့ မရဘူး။ ငါ သူမရဲ့ ခန္ဓာကိုယ်မှာ ဒီချိပ်ပိတ်မှုကို နေရာချထားခဲ့ပြီး ဖြစ်တယ်။ ဒါဟာ ရှေးဘိုးဘေးရဲ့ အမွေအနှစ်ပဲ။ ငါ သေရင် သူမလည်း သေရမယ်။ အတွေးတချက်နဲ့တင် သူမကို ငါနဲ့ ပေတစ်ရာထိ ပိုသွားလို့ မရအောင် ငါ လုပ်နိုင်တယ်။ ဒီချိပ်ပိတ်မှုကို မဖျက်စီးဘဲ  ဘယ်သူက သူမကို ငါ့လက်ထဲကနေ ယူသွားနိုင်မလဲ…”

“ငါဟာ သူမရဲ့ သေခြင်း၊ရှင်ခြင်းကို ထိန်းချုပ်နိုင်တယ်။ ဝမ်လင်း…မင်း ငါ့ကို သတ်ဝံ့လား။ ငါ သေရရင် သူမလည်း သေရလိမ့်မယ်…”

“ဝမ်လင်း…မင်း ဘာကြောင့် ဒူးမထောက်သေးတာလဲ…”  ရှေးတောက်အင်ပါယာသည် ဝမ်လင်းကို ကြည့်ကာ ရယ်မော၏။

All Chapters