ဒေါသပုန်ထခြင်း(၁၀)
Vol. 151 Ch. 2084
ဝမ်လင်းသည် တိုးညင်းစွာ ဆိုလိုက်၏။ “ဆရာ…အရာအားလုံး အစကနေ ကျုပ်တို့ ပြန်စရမယ်ဆိုရင်တောင် ကျုပ်က အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရှိ တုံ့ဆိုင်းခြင်းမရှိ ဆရာ့နောက်ကို လိုက်လာအုံးမှာပါ…”
ရွှမ်လော၏ မျက်လုံးထဲရှိ ဝမ်းနည်းမှုသည် ပို၍ အားကောင်းလာသည်။ သူသည် ဝမ်လင်းကို နားလည်ပေသည်။
“ဆရာ့ရဲ့ ကြင်နာမှုဟာ တောင်တစ်ခုလို လေးလံလှပါတယ်။ တပည့်အနေနဲ့ ဒါကို လုံးဝ မေ့မှာ မဟုတ်ပါဘူး…” ဝမ်လင်းသည် သက်ပြင်းချကာ ထရပ်၏။ သူသည် သူ့အဝတ်အစားတို့ကို ဖုတ်ဖတ်ခါလိုက်သည်။ သူက ဖုန်မှုန်တို့ကို ခါထုတ်လိုက်၏။ သူက သူ့ခံစားချက်များကို သိမ်းဆည်းလိုက်သည့်အလား။
သူ့ဆရာ စိတ်မပျက်ဖို့ သူသည် ဒူးထောက်နိုင်၏။ သူ၏ ရတနာများကို ပေးနိုင်သည်။ ရှေးတောက်အင်ပါယာကို မသတ်ဘဲ တင်းခံထားနိုင်သည်။ သူသည် အရာအားလုံးကို လုပ်ပေးနိုင်သည်။ သူသည် ဝမ်အာ၏ စိတ်ဝိညာဉ်ကို ပြန်ရယူချင်ရုံသာ ရှိ၏။ သူ့ဆရာကို များစွာ ဝမ်းမနည်းစေချင်ရုံသာ ပြန်လိုချင်သည်။ သူက မျှခြေရဖို့ ကြိုးစားရှာဖွေချင်ခဲ့၏။ အကြောင်းမှာ သူသည် သူ့အပေါ် ကြင်နာသူများကို မနာကျင်စေလိုသောကြောင့်၊ သူ့ဆရာကို မနာကျင်၊မထိခိုက်စေချင်သောကြောင့်ပင်။
သို့သော် ထိုအတွေးက မဖြစ်နိုင်သော စိတ်ကူးအိပ်မက်သာ ဖြစ်လာခဲ့ပြီ။
သူသည် ထပ်ခါထပ်ခါ သည်းခံခဲ့၏။ တောင့်ခံခဲ့၏။ သို့သော်အခု သူသည် ဆက်၍ တောင့်မခံနိုင်၊ သည်းမခံနိုင်တော့ပေ။ ထိုသို့ ဖြစ်လာမှတော့ သူသည် သည်းခံနေဖို့လည်း မလိုတော့ပေ။
သည်နေရာရှိ လူတိုင်း၏အကြည့်အောက်မှာပင် ဝမ်လင်းသည် ကျယ်လောင်စွာ ရယ်မောပစ်၏။ မျက်ရည်များ စီးကျလာသည့်အထိ ရယ်မောလိုက်သည်။ ထိုမျက်ရည်တို့တွင် ခါးသီးမှုတို့ ပြည့်နေ၏။ သူ၏ နှစ်ပေါင်းထောင်ချီ ပြတ်သားမှုနှင့် အညံ့မခံသောဗီဇ ပါဝင်သည်။
သူ၏ ရယ်သံက ပို၍ ကျယ်လောင်လာသည်။ သူသည် ရူးသွပ်သွားသည့်အလား။
ထိုရယ်သံ ရွှမ်လော၏ နားထဲသို့ တိုးဝင်လာ၏။ သည်အခိုက်တွင် သူသည် သူ့ခန္ဓာကိုယ်၌ တစ်ခုခု ပျောက်ရှသွားသလိုမျိုး ခံစားမိသည်။ ထိုသည်က သူ့ကို ဖြူရောသွားစေကာ သူက ဝမ်လင်းကို ကြည့်နေရင်း သူ၏မျက်လုံးသည် ပို၍ အိုစာလာသည်။
“ငါ ဝမ်လင်းဟာ ကလေးဘဝ စကျင့်ကြံခဲ့တည်းက မကောင်းတဲ့သူတွေပဲ အမြောက်အများ ကြုံဆုံခဲ့ရတယ်။ ဒီလောကရဲ့ သတ်ဖြတ်မှု၊ အေးစက်မှုတို့ကို ဖြတ်သန်းလျှေက်လှမ်းခဲ့တယ်။ ငါဟာ လေလွင့်ကြယ်တစ်စင်းအဖြစ် ကြမ္မာပြဌာန်းထားခဲ့တာလား။ ငါ့ဇနီးဟာ သေဆုံးခဲ့တယ်။ ငါ့သားဟာ ပြန်လည်မွေးဖွားခြင်းထဲမှာ ပိတ်မိခဲ့တယ်။ စစ်ထူက ဘယ်နေရာနေလဲ မသိဘူး။ ချင်းရွှေလည်း ပျောက်နေတယ်။ ငါ့အပေါ် ကြင်နာမှုပြခဲ့တဲ့၊ ကောင်းခဲ့တဲ့သူတွေဟာ အဆုံးသပ်မှာ ခံစားခဲ့ရတယ်…”
“ငါဟာ တခြားသူတွေ ငါ့အပေါ် ကောင်းတာနဲ့ ပတ်သတ်ပြီး အတော်လေး အရေးထားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုကြင်နာမှုဟာ ရှားပါးပြီး ကောင်းချီးပေးခံရခြင်းကြောင့်ပဲ…”
“ငါဟာ ငါချစ်တဲ့သူတွေနဲ့ ပတ်သတ်ပြီး အရေးထား၊အလေးထားခဲ့တယ်။ ဘာကြောင့်လည်း ဆိုတော့ ငါချစ်ရသူတွေဟာ ငါ့ကို ကောင်းချီးပေးခဲ့လို့ပဲ…”
ဝမ်လင်းသည် ရယ်မောနေလျက် သူ့မျက်လုံးထံမှ မျက်ရည်များ စီးကျလာနေ၏။
ဝမ်လင်း၏ ရယ်သံက ရှေးတောက်အင်ပါယာ၏ နားထဲသို့ ဝင်ရောက်လာသည်။ ထိုရယ်သံက သူ့ကို စိတ်ကသိကအောက် ဖြစ်စေကာ သူ့စိတ်ကို တုန်ယင်စေ၏။ တုံ့နှေးမနေဘဲ သူက ဝမ်လင်းကို လက်ညှိုးထိုးကာ အော်ဟောက်လိုက်၏။ “သူ့ကိုသတ်ကြ…”
ရှေးကလန်တွင် အင်ပါယာအာဏာစက်က အတုမဲ့ဖြစ်သည်။ သည်အခိုက်တွင် အနှီအင်ပါယာက အမိန့်ပေးလာသည့်အခါ ချက်ခြင်း လုပ်ဆောင်သင့်ပေသည်။ သို့သော် ခုခါ၌ နန်းတော်အနီးနားရှိ လူတစ်ထောင်နီးပါးအပြင် တခြားလူပေါင်းသိန်းသောင်းချီသည် ငြိမ်သက်နေကြ၏။ ထိုအထဲတွင် ဝမ်လင်းကြောင့် ပြန်အသက်ရှင်လာခဲ့သူများလည်း ပါဝင်၏။
သူတို့သည် အဖြစ်အပျက်အားလုံးကို မျက်မြင်တွေ့ခဲ့ရ၏။ သူတို့သည် အကျိုးအကြောင်းတို့ကို မြင်ခဲ့ရသလို ရွှမ်လော၏ ဝမ်းနည်းမှုနှင့် ဝမ်လင်း၏ တောင်းပန်တိုးလျှိုခြင်းကိုလည်း တွေ့ခဲ့သည်။ ထိုသည်တို့ကို တွေ့မြင်ပြီးနောက် သူတို့သည် ခြေတလှမ်း မလှမ်းနိုင်သလိုမျိုး ခံစားမိကုန်သည်။
ဤသည်မှာ အင်ပါယာအာဏာစက်နှင့် သူတို့၏ အသိစိတ်ကြား ရွေးချယ်မှု ဖြစ်၏။ လူအများစုက တွေဝေကုန်ကြသည်။ သို့သော် အင်ပါယာအာဏာစက်ကိုသာ ဘုရားတဆူလို သဘောထားသော အချို့ကတော့ မာန်သွင်းကာ ဝမ်လင်းထံ တိုးဝင်လာကြသည်ပင်။
“ဆရာ…” ဝမ်လင်းက ရုတ်တရက် လှည့်ကာ သူ့ထံ တိုးဝင်လာသူတိုင်းကို လစ်လျူရှု၏။ သူ့အကြည့်က ရွှမ်လောထံသို့သာ ပြတ်သားစွာ ကျရောက်နေသည်။
“ကျေးဇူပြုပြီး သင့်ကို ဆရာလို့ နောက်ဆုံးအကြိမ်အဖြစ် ခေါ်ခွင့်ပြုပါ။ တပည့်က ဆရာ့ရဲ့ ကြင်နာမှုတွေကို ပြန်ပေးဆပ်နိုင်တော့မှာ မဟုတ်ပါဘူး။ တပည့်အနေနဲ့ သေခြင်းတစ်ခုနဲ့သာ ဆရာ့ရဲ့ ကြင်နာမှုကို ပြန်ပေးနိုင်လိမ့်မယ်။ ဒီတော့ ငါ ဝမ်လင်းဟာ ခုချိန်ကစပြီး ရှေးတောက်နဲ့ ဘာမှ ပတ်သတ်မှု မရှိတော့ဘူး….”
“ခုချိန်ကစပြီး ငါ ဝမ်လင်း လုပ်ဆောင်သမျှ အရာအားလုံးဟာ ငါ့ဆရာ ရွှမ်လောနဲ့ ပတ်သတ်မှု မရှိတော့ဘူး။ ငါ လုပ်သမျှကို ငါပဲ တာဝန်ယူတယ်…”
ဝမ်လင်းသည် ရုတ်တရက် သူ့ညာလက်ကို ပင့်မြှောက်ကာ သူ့ထံ တိုးတင်လာသော လူထောင်ချီထံ ဝေ့ယမ်း၏။ ရွှမ်လောက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းရန် ဟန်ပြင်လိုက်သည်။
ဝမ်လင်းသည် ရွှမ်လောကို ကြည့်ကာ သူ့ညာလက်ဖြင့် သူ့ဦးခေါင်းကိုယ်ကိုသူ အကြမ်းပတမ်း ရိုက်ချလိုက်သည်။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးလာသည်ဟု ထင်ရ၏။ အဖျက်အစီးအော်ရာက သူ့ဦးခေါင်း၊ သူ့ခန္ဓာကိုယ်နှင့် အရာအားလုံးကို ဖျက်စီးသွား၏။
ထိုဖျက်စီးမှုအတွင်း ဝမ်လင်းသည် ရွှမ်လော လှိုဏ်ဂူလောက၌ ပထမဆုံးအကြိမ် ပေါ်လာသည့်အခိုက်အတန့်ကို ပြန်မြင်ယောင်မိသည်ဟု ထင်ရသည်။ သူသည် သူမွေးရပ်မြေသို့ ပြန်ရောက်ကာ သူ့အတိတ်ကို ပြန်မြင်မိသည်ဟု ထင်သည်။
ဝမ်လင်း၏ ခန္ဓာကိုယ်သည် အသွေးအသားအဖြစ် ပေါက်ကွဲထွက်သွားနေစဉ် လူတိုင်းသည် မယုံကြည်နိုင်စွာ ကြည့်နေသည်။ သူသည် ရွှမ်လောက မရောက်လာခင် သူ့ကိုယ်သူ ဖျက်စီးပစ်ခဲ့လေပြီ။
ရွှမ်လောသည် အသွေးအသားပုံ ဖြစ်သွားသော ဝမ်လင်း၏ပုံရိပ်ကို ကြည့်ကာ သွေးမျက်ရည်များ ကျမိ၏။
“သေသွားတာလား…” ရှေးတောက်အင်ပါယာသည် မင်သက်သွားကာ သူ့မျက်နှာထက်တွင် သုန်မှုန်မှု ဖြတ်ပြေးသွားသည်။ တိုးဝင်လာရန် ဟန်ပြင်သော တခြားရှေးကလန်ဝင်များသည် ရပ်တန့်သွားကာ သိချင်စိတ်ဖြင့် လှမ်းကြည့်သည်။
ထိုခဏအတွင်း ထူးခြားသောမြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ ဝမ်လင်း၏ ခန္ဓာကိုယ်ကနေ ပေါက်ကွဲသွားသော အသွေးအသားတို့သည် မြန်ဆန်စွာ စုဝေးလာသည်။ မျက်စိတမှိတ်အတွင်း ဝမ်လင်းအသစ်သည် ဖွဲ့စည်းကာ ပြန်ပေါ်လာချေ၏။
သူသည် သွေးအန်လိုက်ရ၏။ သူ့မျက်နှာသည် အလွန်အမင်း ဖြူရောနေသည်။ ယနေ့တွင် သူသည် သူ၏ အလွန်တရာ အဖိုးတန်လှသော သုံးဘဝမန္တာန်ကို အသုံးပြုလိုက်ပေပြီ။
သူသည် တကြိမ် သေသွားခဲ့ပြီ ဖြစ်၏။
ပြန်ရှင်သန်လာပြီးနောက် သူသည် ရွှမ်လော၏ တပည့်မဟုတ်တော့၊ ရှေးတောက်နှင့်လည်း ပတ်သတ်မှု မရှိတော့ပေ။ သူသည် သူ့ကိုယ်သူ အတင်း ထပ်ခါထပ်ခါ ဖိနှိပ်ထားဖို့ မလိုတော့ပေ။ သူသည် ဝမ်အာကို ခေါ်ဆောင်ဖို့ သူ လုပ်ချင်သလို လုပ်နိုင်ပြီ ဖြစ်၏။
“ယဲ့တောက်…” ဝမ်လင်းသည် အော်ဟစ်လိုက်၏။ သူ၏အော်သံသည် သူ ဖိနှိပ်ထားသော ဒေါသအားလုံး၏ ပေါက်ကွဲခြင်းတည်း။ ယင်းသည် သူ၏စိတ်ဝိညာဉ် အတွင်းနက်ပိုင်းမှ အော်ဟစ်သံပင်။
ထိုအခိုက်တွင် ဝမ်လင်းထံမှ ပြန်မရုတ်သိမ်းတော့မည့် သတ်ဖြတ်လိုစိတ် ပေါက်ကွဲထွက်လာ၏။ ယင်းစိတ်က လောကကိုပင် အရောင်ပြောင်းသွားစေသည်။ သူသည် ငရဲမှ လှမ်းလာသည့်လား။ သူက ကြမ်းကြုတ်မှု၊ ရူးသွပ်မှု၊ သတ်ဖြတ်လိုမှု အပြည့်ဖြင့် ရှေ့သို့ တရကြမ်း တိုးလာသည်။
ရှေးတောက်အင်ပါယာ၏ အမူအရာက ပြောင်းလဲသွားသည်။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ အော်ဟစ်လိုက်၏။ “သူ့ကိုသတ်ကြ…”
သူ့ရှေ့ရှိ လူတစ်ထောင်နီးပါးသည် ဝမ်လင်းထံ တိုးဝင်သွားကြ၏။ သူတို့သည် သူတို့၏ ခန္ဓာကိုယ်များကို ဒိုင်းအဖြစ် အသုံးပြုရလျှင်ပင် အင်ပါယာအာဏာစက်ကို ကာကွယ်ခုခံရမည် ဖြစ်၏။ ဤသည်က သူတို့၏ ဂုဏ်ယူရမည့်အရာလော၊ ဝမ်းနည်းရမည့်အရာလော မသိနိုင်တော့ပါ။
“ငါ့လမ်းကို လာပိတ်တဲ့သူမှန်သမျှ ဒီတစ်ခါ တကယ်သေရမယ်…” ဝမ်လင်း၏မျက်လုံးတို့က နီရဲတွတ်နေ၏။ သူက ရှေ့သို့ လှမ်းလာရင်း လက်သီးချက် ပစ်သွင်းသည်။ သူ့ရှေ့ရှိ လူဒါဇင်ချီသည် ဆိုးဝါးစွာ အော်ဟစ်၍ ပေါက်ကွဲသေဆုံးကုန်သည်။ သို့သော် ထိုသူတို့၏နောက်မှ ရှေးတောက်ဝင်များသည် ရှေ့သို့ တရကြမ်း ဆက်တိုးဝင်လာကြတုန်းပင်။
ဝမ်လင်းသည် ရှေ့သို့ တိုးလာ၏။ သူက မမြန်လွန်းပေ။ သို့သော် သူ့ခြေလှမ်းတိုင်းက ပေရာချီကို ဖုံးလွှမ်း၏။ သူသည် ရှေ့သို့ လှမ်းလာရင်း သတ်ဖြတ်ကာ သွေးတို့သည် မြစ်ကဲ့သို့ စီးကုန်၏။
မိစ္ဆာသုံးဆယ့်ခြောက်ယောက်က မာန်သွင်းကာ အလင်းတန်းသုံးဆယ့်ခြောက်ခုအဖြစ်သို့ ပြောင်း၍ ဝမ်လင်းထံ တိုးဝင်လာ၏။ သို့သော် ဝမ်လင်းက သူတို့ကို ကြည့်ပင် မကြည့်။ သူက ညာလက်ကို ပင့်မြှောက်လိုက်၏။ သူ့လက်ချောင်းထိပ်တွင် အစိမ်းရောင်အခိုးငွေ့ ပေါ်လာကာ ပျံ့နှံ့သွားသည်။
၎င်းမှာ အဆုံးစွန်မီးတာအိုပင်။
ထိုအခိုးအငွေ့က ချက်ခြင်းပင် ထိုသူများနှင့် ထိမိသည်။ သူတို့၏ ဆိုးဝါးနာကျင်စွာ အော်သံများ ပဲ့တင်ထပ်သွား၏။ သူတို့သည် အသက်ရှင်လျက် လောင်ကျွမ်းခံလိုက်ရတော့သည်။
ဝမ်လင်း၏ ဘယ်လက်က တခြားဘက်သို့ ဆန့်ထုတ်၏။ ဘုရင်ဆယ့်ရှစ်ပါးထဲမှ တစ်ယောက်သည် သူ့ကို အလစ်လာတိုက်ခိုက်၏။ သို့သော် သူ အရင်ဆုံး မြင်လိုက်ရသည်မှာ ဝမ်လင်း၏လက်ဝါးကိုပင်။ သူ့အမူအရာ ပြောင်းလဲသွားပြီး နောက်သို့ ချက်ခြင်း ဆုတ်လိုသည်။ သို့သော် သူ့မျက်နှာမှာ ထိုလက်၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။ ဝမ်လင်းက ညှစ်ချေလိုက်ရာ ထိုဘုရင်၏ အမြင်သည် အမှောင်အတိကျသွားပြီး ပြင်းထန်သော နာကျင်မှုကိုခံစားရပြီး သူ၏ဦးခေါင်းသည် ပေါက်ကွဲထွက်သွားတော့သည်။
ရွှမ်လောသည် နေရာတွင် ရပ်ကာ ဝမ်လင်း၏ သတ်ဖြတ်မှုကို မတားပေ။ သူသည် ရှေးတောက်၏ အင်ပါယာအာဏာစက်ကို အမှန်ပင် စိတ်ပျက်မိလေပြီ။
သူက ဝမ်လင်း၏ ရူးသွပ်နေသော နောက်ကျောက်ကို ကြည့်ကာ သူ့တပည့်၏ ကိုယ့်ကိုကိုယ် ဖောက်ခွဲမှုကို ပြန်မြင်ယောင်မိ၏။ ရွှမ်လော၏ မျက်လုံးထံမှ မျက်ရည်များ ကျလာမိသည်။
သူသည် ဝမ်လင်း သူ့ကိုယ်သူ ဖောက်ခွဲပစ်ခြင်းမှ နောက်ပြန်မဆုတ်တမ်း သတ်ဖြတ်တော့မည် ဖြစ်ခြင်းကြောင့်မှန်း သိ၏။ သူသည် ဝမ်လင်းသည် သူ့အပေါ်သို့ မသက်ရောက်စေလို၍ သူနှင့် ဆရာတပည့်ဆက်ဆံမှုကို တကြိမ် သေဆုံးခံကာ ဖြတ်တောက်ပစ်ခဲ့ခြင်းပင်။
ထိုနည်းလမ်းကို အသုံးပြုကာ သူသည် ရှေးတောက်နှင့် ရှေးကလန်တစ်ခုလုံးကို ရွှမ်လောနှင့် မပတ်သတ်ကြောင်း ပြောခဲ့ခြင်းပင်။ မဟာအင်ပါယာကူးတောက်သည်ပင် ယနေ့ ဖြစ်ပျက်သမျှကို တာဝန်ယူရလိမ့်မည်ပင်။
ဝမ်လင်းသည် ရွှမ်လောကို ရှေးတောက်၏ အပြစ်သား မဖြစ်စေချင်ပေ။
ခုချိန်ထိ သူ၏တပည့်ဖြစ်သူက သူ့အတွက် တွေးပေးနေခဲ့၏။ သည်လိုတပည့်မျိုးက ရွှမ်လောကို လေးလေးနက်နက် အပြစ်ရှိသလိုမျိုး ခံစားမိစေတော့သည်။
“ငါ့ သူ့အတွက် ဘာတွေများ လုပ်ပေးခဲ့လို့လဲ။ တကယ်တော့ ငါ လုပ်ပေးခဲ့တာဟာ အများကြီး မရှိပါဘူး…” ရွှမ်လောသည် သတ်ဖြတ်ခံနေရသော သူ့ရှေးတောက်ဝင်များကို ကြည့်နေမိ၏။ ပထမဆုံးအကြိမ်အဖြစ် သူသည် သူ့ကလန်အတွက် ဝမ်းနည်းမှုကို မခံစားရတော့ပေ။
ဝမ်လင်းက မာန်သွင်းလိုက်၏။ သူ့ပတ်လည်ရှိ သတ်ဖြတ်ခြင်းအော်ရာသည် ပျံ့လာသည်။ ၎င်းက အနီရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ ထိုးထွက်လာပြီး သူ့ရှေ့၌ သွေးခင်းသောလမ်းကို ဖွင့်ဟသည်။ တချိန်တည်းမှာ သူက ကောင်းကင်ထက်သို့ လက်ညွှန်လိုက်သည်။
နန်းတော်တစ်ခုလုံးသည် နက်မှောင်သော ပင်လယ်အဖြစ်သို့ ပြောင်းသွား၏။ ထိုပင်လယ်၏ အစွန်းတွင် နေမင်းသည် မြင့်တက်လာသည်။ ဝမ်လင်းသည် သူ၏ ယုံကြည်မှုမန္တာန်၊ နေသာသောညကို တုံ့နှေးခြင်းမရှိ အသုံးပြုလာသည်။
နေမင်း မြင့်တက်လာပြီး အဆုံးမဲ့သောအလင်း တောက်ပလာသည်။ နာကျင်စူးဝါးစွာ အော်သံများ ပဲ့တင်ထပ်ကာ ခန္ဓာကိုယ်များသည် သွေးမြူအဖြစ် ပေါက်ကွဲထွက်ကုန်သည်။ လူမည်မျှ သေဆုံးသည်ကိုပင် မသိရနိုင်တော့ပါ။
ထိုပုံရိပ်ယောင် ပင်လယ် ပျောက်ကွယ်သွားပြီးနောက် နန်းတော်ရှေ့ရှိ လူတစ်ထောင်နီးပါးသည် သေဆုံးသွားကြလေပြ။ ကျန်သည့်သူများမှာလည်း လွင့်ထွက်သွားကြ၏။ ဝမ်လင်းသည် နန်းတော်ရှေ့တွင် မားမားရပ်နေသည်။ သူသည် နန်းတော်ထံ ရူးသွပ်ဖွယ် သတ်ဖြတ်လိုစိတ်ဖြင့် လှမ်းလာသည်။ သူသည် နန်းတော်ထဲ ဝင်ရောက်လာလေပြီ။