← Chapters

အဘွားအို

Vol. 151 Ch. 2087

အဘွားအို

Vol. 151 Ch. 2087

ထိုအသံသည် ကြမ်းရှကာ အားကောင်းသော အမုန်းတရားနှင့် ပြည့်နေသည်။ ထိုအသံသည် ရင်ပြင်အောက်မှ ထွက်ပေါ်လာသည့်အခါ မြေပြင်သည် စတင် တုန်ခါလာပြီး အက်ကြောင်းများ ပေါ်လာသည်။ ထိုအက်ကြောင်းများသည် ပိုကျယ်ပြန့်လာကာ ရင်ပြင်ကို ထက်ပိုင်းကွဲထွက်သွားစေသည်။

အက်ကြောင်းများ တိုးလာသည့်အခါ ရင်ပြင်၏ ဗဟိုသည် ပျက်စီးသွားသည်။ရင်ပြင်ပေါ်ရှိ ရှေးတောက်ဝင်များသည် အမြန်ဆုတ်ကြ၏။ အချို့က လေထဲသို့ ပျံတက်ကြသည်။

ခရမ်းရောင်အလင်းတန်းတစ်ခုသည် ထိုရင်ပြင်ရှိ တွင်းပေါက်ထဲမှ ကောင်းကင်ထက်သို့ ပျံသန်းထွက်လာသည်။ အဝေးမှ ကြည့်ပါက ၎င်းအလင်းသည် ကောင်းကင်နှင့်မြေကြီးကို ထောက်ပိုးထားသော တိုင်လုံးတစ်ခုနှင့်ပင် တူသည်။

ထိုခရမ်းရောင်အလင်း ထွက်ပေါ်လာသည့်အခါ နန်းတော်တစ်ခုလုံးသည် ခရမ်းရောင်ဖြင့် ထွေးခြုံသွားသည်။ ထိုအလင်းကို မရေမတွက်နိုင်သော အစီအရင်များဖြင့် ဖွဲ့စည်းထားသည်။

ပျက်စီးသွားသော မြေပြင်ထံမှ ခရမ်းရောင်ခေါင်းတလားတစ်ခု ဖြည်းဖြည်းချင်း ပျံသန်းတက်လာသည်။ ထိုခေါင်းတလားသည် သေခြင်းအော်ရာနှင့် ပြည့်နေသလို အလွန်အားကောင်းသော ရှေးအော်ရာကိုပါ ပေးစွမ်းနေ၏။ ၎င်းက လူတိုင်း၏အကြည့်ကို စွဲဆောင်သွားသည်။ ထိုခေါင်းတလား၏ အဖုံးက ပွင့်ဟလာကာ အရိုးစုခန္ဓာကိုယ်တစ်ခု လှမ်းထွက်လာသည်။

ထိုသူမှာ အဘွားအိုတစ်ယောက်ဖြစ်၏။ သူမက ငရဲက‌နေ လှမ်းထွက်လာသည့်အလား။ သူမသည် ခပ်ဖျော့ဖျော့ တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားကာ သူမ၏ခန္ဓာကိုယ်သည် လုံးဝ နက်မှောင်နေသည်။

သူမ၏ခန္ဓာကိုယ်၌ ဓားတိုသုံးလက် စိုက်နေ၏။ တစ်ခုက သူမ၏မျက်ခုံးနှစ်ခုကြား၊ တစ်ခုက သူမ၏ရင်ဘက်၊ နောက်တစ်ခုက သူမ၏ဒျန်တျန်တွင် စိုက်ထားသည်။

“တော်ဝင်အင်ပါယာဘိုးဘေးကို နှုတ်ဆက်ပါတယ်…”  သူမ ပေါ်လာသည့်အခါ ရှေးတောက်ဝင်အားလုံးသည် ထပ်မံ၍  ဒူးထောက်ကြ၏။ သူတို့၏အသံသည် တညီတညာတည်း ထွက်လာသည်။

ရှေးတောက်ဝင်များသည် ရှေးဘိုးဘေးတုန်းကလိုမျိုး တူညီသောလေးစားမှုကို ပြသလာ၏။ သူတို့၏မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုကို ကြည့်၍ ထိုအဘွားအို၏ အဆင့်အတန်းသည် ထူးကဲမှန်း သိသာသည်။

ပြီးခဲ့သော ရှေးတောက်အင်ပါယာမျိုးဆက်များကြား၌ လူတစ်ယောက်ကိုသာ တော်ဝင်အင်ပါယာဟု ခေါ်၏။

ရွှမ်လောသည် ထိုအဘွားအိုကို တွေ့မြင်သည့်အခါ သူသည် အတိတ်ကို ပြန်တွေးမိသွားသည်။ သူသည် သက်ပြင်းချ၏။ သူ့အမူအရာက ရှုပ်ထွေးသွားသည်။

“ယဲ့ဝေ…”

ဝမ်လင်းသည် ကောင်းကင်ထက်တွင် ရပ်နေ၏။ သူ့အမူအရာက သုန်မှုန်နေသည်။ သူသည် ထိုအဘွားအို ပေါ်လာသည်ကို အံ့အားမသင့်သွားပေ။ ရှေးဘိုးဘေး အရိပ် ပေါ်လာခဲ့ချိန်က သူသည် သေတဝက်ရှင်တဝက် ဖြစ်နေသော အော်ရာကို အာရုံခံမိခဲ့၏။

သူသည် ထိုအော်ရာကို သတိမပြုမိခဲ့လျှင် အံ့အားသင့်မိလိမ့်မည် မဟုတ်ပါ။ အကြောင်းမှာ ညပွဲ၌ နန်းတော်နှင့် အနီးဆုံးတွင် ထိုင်ခုံလေးခု ရှိခဲ့သည်မဟုတ်လား။

ထိုထိုင်ခုံလေးခုသည် မဟာအင်ပါယာ၊ အင်ပါယာဆရာသခင်နှင့် အင်ပါယာဟောင်းတို့အတွက် ပြင်ဆင်ထားတာ သိသာသည်။ သို့ပေမည့် လူက သုံးယောက်သာ ရှိသော်လည်း ထိုင်ခုံကမူ လေးခု ရှိနေခဲ့၏။ ဆိုလိုသည်မှာ ထိုလေးခုမြောက် ထိုင်ခုံမှာ အလွန်အဆင့်အတန်းမြင့်သော သူအတွက် ပြင်ဆင်ပေးထားခဲ့တာမှန်း သိသာသည်။ ထိုသူသည် မလာနိုင်လျှင်ပင် သူ့အတွက် ယင်းထိုင်ခုံကို ပြင်ဆင်ပေးထားခဲ့သည်။

ထိုသူ့ကို မည်သူမှန်းတော့ ဝမ်လင်းက မသိခဲ့ပေ။ သို့သော် အခု ထိုအဘွားအိုနှင့် ရွှမ်လောထံမှ ယဲ့ဝေ ဟူသော အမည်ကို ကြားသည့်အခါ သူသည် အမှတ်ရလိုက်၏။ သူ ရှေးတောက်သို့ ပထမဆုံး ရောက်လာခဲ့ချိန်တုန်းက ရှေးတောက်အင်ပါယာမျိုးဆက်များ၏ အတိတ်သမိုင်းကို သိအောင် လုပ်ခဲ့သည်။

ရှေးတောက်၏ နှစ်ပေါင်းသောင်းသိန်းချီသော သမိုင်း၌ အမျိုးသမီးအင်ပါယာတစ်ယောက်သာ ရှိခဲ့သည်။

သူမ အင်ပါယာအဖြစ် ဆက်ခံခဲ့ချိန်က ရှေးတောက်တခွင် ဆူပူမှုဖြစ်သွားခဲ့သေးသည်။ ထို့နောက်တွင် မဟာအင်ပါယာကူးတောက်က သူမကို အသိအမှတ်ပြုကြောင်း အမိန့်ပြန်တမ်း ပို့ပေးခဲ့သည်။ ထိုအခါမှ သည်ဆူပူမှုတို့က တည်ငြိမ်သွားခဲ့သည်။

ထိုအမျိုးသမီးသည် အင်ပါယာမိသားစု၏ တစိတ်တပိုင်းလည်း ဟုတ်ခဲ့သည်။ ထိုစဉ်က ရှေးတောက်သည် အထွတ်အထိပ်သို့ ရောက်ခဲ့ကာ သူမ၏ဦးဆောင်မှုအောက်တွင် ကလန်သုံးခု၌ အသန်မာဆုံး ဖြစ်ခဲ့သည်။ သို့သော် သူမ နန်းဆင်းသွားသည့်နောက် ရှေးတောက်သည် ကလန်သုံးခုကြားတွင် နောက်ပိုင်းနှစ်ပေါင်းများစွာ၌ အားအနည်းဆုံး ဖြစ်လာခဲ့သည်။

ထိုအမျိုးသမီး၏ ရှေးတောက်အပေါ် ဦးဆောင်မှု၊ ရှေးရှီနှင့်ရှေးဂျီတို့အပေါ် ဖိနှိပ်ထားနိုင်မှုကြောင့် သူမကို နောင်အင်ပါယာများက တော်ဝင်အင်ပါယာဟု ရည်ညွှန်းခဲ့ကြသည်။

ရှေးတောက်မှ လူများကလည်း သူမကို ထိုသို့ ခေါ်ဝေါ်ခဲ့ကြ၏။

သူမ၏အမည်မှာ ယဲ့ဝေပင်။ ဝမ်လင်းသည် ထိုအမည်ကို ကြားသည့်အခါ သူမနှင့် ပတ်သတ်၍ သူ သိရှိခဲ့သော အရာများကို ပြန်စဉ်းစားကြည့်မိသည်။

ဝမ်လင်းသည် မှတ်တမ်းများကနေ သူမ၏ခေတ်၌ သူ၏ဆရာဖြစ်သူ၊ရွှမ်လောသည် မဟာအင်ပါယာတစ်ပါး ဖြစ်လာခဲ့မှန်း သိခဲ့သည်။

ဝမ်လင်း၏စိတ်ထဲ၌ ထိုအတွေးများ ဖြတ်ခနဲ ပေါ်လာ၏။ သူသည် အရိုးစုအဘွားအိုကို ကြည့်၏။ သူ၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။

စုန့်ကျိက ထိုအဘွားအိုကို မြင်သည့်အခါ လန့်သွား၏။ ဝမ်လင်းက သူမကို အားစိုက်ကာ ပိုတင်းတင်း ဖတ်ထားလိုက်ရသည်။

“ထိုအဘွားအိုသည် ဝမ်လင်းကို ကြည့်ကာ ဩရှရှအသံဖြင့် ပြောလာ၏။ ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းနဲ့ ကောင်းကင်ဘုံအင်ပါယာရဲ့ စိတ်ဝိညာဉ်ကို ထားခဲ့။ ဒါဆိုရင် နင့်ရဲ့ မိုက်ပြစ်အတွက် ငါ ခွင့်လွှတ်ပေးလိုက်မယ်။ မဟုတ်ရင်တော့ နင်က ရှေးဘိုးဘေးရဲ့ အရိပ် စွမ်းအားကို ငှားယမ်းသုံးစွဲနိုင်ပြီး သူ့အရိပ်ကို ဆင့်ခေါ်နိုင်ရင်တောင် နင်ဟာ ဒီနန်းတော်ဟာ နင် ဝင်ချင်သလို၊ ထွက်ချင်သလို လုပ်လို့ရတဲ့ နေရာလို့များ ထင်နေတာလား…”

သူမ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သေခြင်းအော်ရာသည် ပို၍ အားကောင်းလာသည်။

ထိုအဘွားအိုသည် ဝမ်လင်းကို ကြည့်ကာ သုန်မှုန်စွာ ပြောလာ၏။ “ငါ့ကျင့်ကြံမှုက နင့်လောက်တောင့် မမြင့်ပါဘူး။ ဒါပေမဲ့ ဒီနေရာဟာ ရှေးတောက်နန်းတော်ပဲ။ ဒီမှာ တစ်သောင်းမဟာအစီအရင် ရှိတယ်။ ဒီအစီအရင်ကို ရှေးဘိုးဘေးက ချခင်းထားခဲ့တာ။ အင်ပါယာမျိုးဆက်တိုင်းက ဒီအစီအရင် နှစ်ဆယ်ရာခိုင်နှုန်း စွမ်းအားကို အသုံးပြုနိုင်တယ်။ ဒါပေမဲ့ ငါ့ခန္ဓာကိုယ်ဟာ ဒီအစီအရင်နှင့် ပေါင်းစည်းနေတာ ဖြစ်တဲ့အတွက် ဒီနန်းတော်မှာဆိုရင် ၎င်းရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းစွမ်းအားကို ငါ အသက်သွင်းနိုင်တယ်…”

ဝမ်လင်း၏ အမူအရာက တည်ငြိမ်နေ၏။ သို့သော် သူ့မျက်လုံးထဲရှိ အေးစက်မှု ပို၍ အားကောင်းလာသည်။

“သင် ငါ့ရှိက အရာတွေကို လိုချင်ရင် ကြိုးစားကြည့်နိုင်တယ်…”  ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပြောလိုက်၏။ ထို့နောက်တွင် သူ့နောက်၌ မဟာအင်ပါယာနေမင်း ရုတ်တရက် ပေါ်လာသည်။ အဖြူအနက်အရောင်သည် တောက်ပလာ၏။ သူနှင့် ချွတ်ဆွတ်တူသော ရှေးတောက်အရိပ်က သူ၏ မဟာအင်ပါယာနေမင်းအောက်တွင် ပေါ်လာသည်။

ရှေးတောက်အရိပ်က မဟာအင်ပါယာနေမင်းကို သယ်ဆောင်ထားသည့်အလား ထင်ရသည်။ ၎င်းက ထိုအဘွားအိုကို အေးစက်စက် လှမ်းကြည့်သည်။

ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်သွေးကို လောင်ကျွမ်းကာ ရှေးဘိုးဘေးအရိပ်ကို တကြမ် ဆင့်ခေါ်နိုင်၏။ သူက ၎င်းကို ခုလေးတင်မှ အသုံးပြုခဲ့ပြီးတာ ဖြစ်သည်။ ထို့ကြောင့် သူ၏စိတ်ဝိညာဉ်သွေးသည် သူ၏ခန္ဓာကိုယ်ထဲတွင် ပြန့်ကြဲနေသည်။ ၎င်းကို ထပ်မံ လောင်ကျွမ်းဖို့ စုဆောင်းရန် အချိန်တချို့ ကြာပေမည်။

ထိုအဘွားအို၏မျက်လုံးက လင်းလက်သွား၏။ သူမက အရိုးစုကဲ့သို့ သူမ၏လက်ကို ပင့်မြှောက်သည် သူမက ညှစ်ချေမည့် ဟန်ပြင်သည့်အခါတွင် ရွှမ်လောထံမှ သက်ပြင်းချသံ ထွက်ပေါ်လာသည်။

ထိုသက်ပြင်းချသံက ထိုအဘွားအို၏နားထဲသို့ ဝင်ရောက်သွားကာ သူမ၏လက်ကို တုန်ယင်သွားစေသည်။

“ယဲ့ဝေ…သူက ငါ့တပည့်ပဲ…” ရွှမ်လောသည် ထိုအဘွားအိုထံ စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်သည်။ သို့သော် သူ့မျက်လုံးထဲတွင် နူးညံ့မှု အရိပ်အမြွက် ရှိနေ၏။ ထိုအဘွားအိုသည် သူ့ရှေ့တွင် ရုပ်စိုးမနေဘဲ အတိတ်တုန်းကကဲ့သို့ လှပချောမောနေတုန်းသာ။

ထိုအဘွားအိုက ငြိမ်သက်စွာ စဉ်စားသွား၏။ ထို့နောက် ရွှမ်လောကို ကြည့်သည်။ သူမ၏မှိန်ဖျော့ဖျော့ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးဟန် ပေါ်လာပြီး သူမက ကြမ်းရှရှအသံဖြင့် ပြောလာသည်။ “သူက နင့်တပည့် ဖြစ်ခဲ့တာပါ…”

“နင် ယဲ့တောက်ကို သဘောကျမှန်း ငါ သိတယ်။ သူ ကလေးတုန်းက နင် တံခါးပိတ်ကျင့်ကြံတဲ့နေရာကို မထင်မှတ်ဘဲ ရောက်လာခဲ့ဖူးတယ်။ နင်က နင်နဲ့ ဒီကလေးဟာ ရေစက်ရှိတယ်လို့ တွေးခဲ့တယ်…”

“ဒီကောင်လေးဟာ ကောင်းမွန်တဲ့သူလို့ ငါတော့ မထင်ခဲ့ဘူး။ သူ့စိတ်နေစရိုက်ဟာ မောက်မာလွန်းတယ်။ သူဟာ တခြားသူတွေကို အုပ်စိုးနိုင်မှာ မဟုတ်ဘူး။ အစတုန်းက ငါဟာ သူ့ကို အင်ပါယာတစ်ယောက်အဖြစ် မရွေးကောက်ချင်ခဲ့ဘူး။ ဒါပေမဲ့ သူ့မှာ နင့်ရဲ့ အော်ရာ ရှိနေတယ်။ ဒါ့ကြောင့် ငါ သူ့ကို ရွေးခဲ့တာပဲ…”

“ဒီကနေ့ သူဟာ ငါ့တစ်ဦးတည်းသော တပည့်ကို ဆရာတပည့်ကြား ပတ်သတ်မှု ပြတ်သွားအောင် အတင်းအကြပ် လုပ်ဆောင်ခဲ့တယ်။ ခုချိန်မှာ ငါ့တပည့်ဟာ ရှေးတောက်မှာ ဆက်ရှိနေမှာ မဟုတ်တော့ဘူး။ ယဲ့တောက်ဟာ မှန်ကန်တဲ့ အရာကို လုပ်ခဲ့တယ်လို့ နင် ထင်လား…”

“အင်ပါယာတစ်ယောက်အနေနဲ့ သူ ဘာလုပ်ခဲ့သင့်လဲ။ နင်က ဒီအစီအရင်ဟာ ဝမ်လင်းကို ချုပ်နှောင်နိုင်လိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား…”

အဆုံးသပ်၌ ရွှမ်လောသည် အော်ဟစ်လိုက်၏။ သူ့မျက်လုံးထဲတွင် ဝမ်းနည်းမှုတို့ ပြည့်နေသည်။ သူသည် ဝမ်လင်းကို လှမ်းကြည့်သည်။ သူ့စိတ်နှလုံးက ပိုနာကျင်ရလေသည်။

သူသည် ဝမ်လင်း၏ ငိုသောအပြံးကို လုံးဝ မေ့နိုင်လိမ့်မည် မဟုတ်ပါ။ ထိုသို့ပြုံး၍ ဝမ်လင်းက သူနှင့် ပတ်သတ်မှုကို ဖြတ်တောက်ပစ်ခဲ့သည် မဟုတ်လား။

သူသည် ဝမ်လင်း၏ ခန္ဓာကိုယ် ပျက်စီးသွားခဲ့ချိန်တည်းက ဝမ်လင်း၏ ဆရာဖြစ်သူ အနေဖြင့် မရှိတော့တာကို နားလည်သည်။

ထိုအဘွားအိုသည် ငြိမ်သက်စွာ စဉ်းစားနေသည်။ တအောင့်အကြာတွင် သူက ကြမ်းရှရှလေသံဖြင့် ပြောလာသည်။

“ဒီကောင်လေး ယဲ့တောက်ဟာ တကယ်ပဲ သေဖို့ ထိုက်တန်တယ်။ ဒါပေမဲ့ အင်ပါယာတစ်ယောက်အနေနဲ့ သူဟာ အလကား မသေရဘူး…။ ဒီကနေ့ ဝမ်လင်းကသာ ကောင်းကင်ဘုံဘိုးဘေးဦးခေါင်းနဲ့ ကောင်းကင်ဘုံအင်ပါယာရဲ့ စိတ်ဝိညာဉ်ကို မထားခဲ့ရင် ငါဟာ စစ်ပွဲတစ်ခု စတင်ရလိမ့်မယ်။ ဒါ့အပြင် ဒီအစီအရင်ဟာ သူ့ကို မချုပ်နှောင်ထားနိုင်ဘူးဆိုတာ ငါ မယုံဘူး…”

သူမ ထိုသို့ ပြော၍ ပြီးသည်နှင့် ဝမ်လင်းက စတင် ရယ်မော၏။ သူ၏မျက်လုံးထဲရှိ အေးစက်မှု ပိုအားကောင်းလာသည်။ သူက ညာလက်ကို ပင့်မြှောက်ကာ ကောင်းကင်ဘုံဘိုးဘေး၏ အစွန်းရှစ်ပါးတာအို စတင် ပျံ့လွင့်လာ၏။

အစိမ်းရောင်အခိုးအငွေ့များသည် အဆုံးစွန်မီးတာအိုဖြစ်သည်။

အပြာရောင်လှိုင်းဂယက်များသည် အဆုံးစွန်ရေတာအို ဖြစ်သည်။

ရွှေရောင်အလင်းသည် သတ္တုတာအိုဖြစ်သည်။

ဝမ်လင်းသည် အင်ပါယာစမ်းသပ်ကွင်း၌ ကောင်းကင်ဘုံဘိုးဘေး၏ အစွန်းရှစ်ပါးတာအိုထဲမှ ခြောက်ခုကို သင်ယူနိုင်ခဲ့သည်။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ အဆုံးစွန်တာအိုခြောက်ခုသည် တစ်ခုပြီးတစ်ခု ပေါ်လာသည်။

ရေ၊မီး၊ သတ္တုတို့အပြင် သစ်သားနှင့်မြေတို့လည်း ရှိသေး၏။ ဒြပ်စင်ငါးခု ပြီးပြည့်စုံပြီးနောက် ခြောက်ခုမြောက်မှာ အဆုံးစွန်သေခြင်းရှင်ခြင်းတာအိုပင်။

ခုနစ်ခုမြောက် တာအိုသည် ချမ်းသာခြင်းတာအို ဖြစ်ကာ နောက်ဆုံးအဆုံးစွန်တာအိုက ကောင်းကင်တာအို ဖြစ်၏။ ဝမ်လင်းသည် ၎င်းတို့ကို မရရှိခဲ့သော်လည်း သူက အာရုံခံမိနိုင်၏။ လုံလောက်သော အချိန်သာရပါက သူသည် ယင်းတို့ကို သူ့ဘာသာ ကျွမ်းကျင်အောင် လုပ်ဖို့မှာ မဖြစ်နိုင်တာ မဟုတ်ပေ။

ကောင်းကင်ဘုံဘိုးဘေး၏ မန္တာန် ပေါ်လာသည့်အခါ ဝမ်လင်းက သူ့ညာလက်ညှိုးကို ပင့်မြှောက်၏။ ငွေရောင်အလင်း ပေါ်လာကာ ရှေးဘိုးဘေး၏ လက်ချောင်းမန္တာန်သည် အသွင်သဏ္ဌာန် ဖွဲ့စည်းလာသည်။

ဝမ်လင်း၏ အပြုအမူက ထိုအဘွားအို၏မျက်လုံး သူငယ်အိမ်ကို ကြုံ့သွားစေ၏။ သူမသည် အစီအရင်စွမ်းအား၏ တိုက်ခိုက်ခြင်းကို ခံရပါက မဟာအင်ပါယာများသည်ပင် ရှင်သန်နိုင်ဖို့ သုံးဆယ်ရာခိုင်နှုန်းလောက်သာ ရှိလိမ့်မည်ဟု ထင်ထားခဲ့သည်။

သည်ဝမ်လင်းက ဒီအစီအရင်ကြောင့် သေဆုံးသွားရဖို့ များသည်။

သို့သော် ခုခါ၌ ထိုအဘွားအိုသည် တွေဝေနေသည်။ သူမသည် ဝမ်လင်းပတ်လည်ရှိ အဆုံးစွန်တာအိုခြောက်ပါးကို ကြည့်ကာ ယင်းတို့ထဲမှ အဖျက်အစီးစွမ်းအားကို ကောင်းစွာ ခံစားမိသည်။

ထို့အပြင် ရှေးဘိုးဘေး၏လက်ချောင်းလည်း ရှိသေး၏။ သူမသည် အစောပိုင်းတုန်းက ထွက်မလာခဲ့ပေ။ သို့သော် သူမသည် ရှေးဘိုးဘေး၏ လက်ချောင်းစွမ်းအားကို ခံစားမိခဲ့၏။ သူမသည် ထိုလက်ချောင်းမှာ ကျောက်စိမ်းပြားကနေ ဖန်တီးထားတာ ဖြစ်သည်ဟု တွေးခဲ့သည်။ သို့သော် အခု သူမသည် ဝမ်လင်းကိုယ်တိုင်လည်း ၎င်းကို အသုံးပြုနိုင်တာကို တွေ့လိုက်ရလေပြီ။

ချီတုံချတံ ဖြစ်နေစဉ် ဝမ်လင်းက နှာခေါင်းရှုံ့၏။ သူ၏ဆံပင်သည် တဖြည်းဖြည်း အဖြူတဝက်အနက်တဝက်ကနေ အနက်ရောင်သို့ လုံးဝ ပြောင်းသွားသည်။ သူ၏ခန္ဓာကိုယ်မှ တုန်လှုပ်ချောက်ခြားဖွယ် သတ်ဖြတ်လိုစိတ် အော်ရာ ပျံ့လွင့်လာသည်။

ထိုအဘွားအို၏ အမူအရာသည် ထပ်မံ ပြောင်းလဲသွားသည်။

“ယဲ့ဝေ…ငါ နင့်ဘဝတစ်ခုလုံးကို ကာကွယ်ပေးမယ်လို့ ကတိပေးတယ်။ ငါ့ တသက်လုံး ရှေးတောက်ကိုလည်း စောင့်ရှောက်ပေးခဲ့တယ်။ ငါ ပင်ပန်းနေပြီ။ သူ့ကို သွားခွင့် ပြုလိုက်ပါ။ နင်ဟာ သူ့ပြိုင်ဘက် မဟုတ်ဘူး။ ဒီအစီအရင်လည်း သူ့ကို တားနိုင်မှာ မဟုတ်ဘူး။ ငါ နင့်ကို ကယ်တင်ပေးနေတာ…”  ရွှမ်လော၏ မျက်နှာသည် အတော်လေး အိုစာလာ၏။ သို့သော် သူသည် ထိုအဘွားအိုကို ကြည့်သည့်အခါ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြသည့်အထိ မပြောင်းလဲခဲ့သော နူးညံ့ကြင်နာမှုက သူ့မျက်လုံးထဲတွင် ရှိနေဆဲပင်။

ထိုအဘွားအိုသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ ထို့နောက်တွင် သူမက လက်ဝေ့ယမ်းလိုက်ရာ နန်းတော်ပတ်လည်ရှိ ခရမ်းရောင်အလင်းသည် လွင့်ပြယ်သွားတော့သည်။

ဝမ်လင်းသည်  ရွှမ်လောကို ကြည့်ကာ သက်ပြင်းချမိသည်။ ထိုအစီအရင် လွင့်ပြယ်သည့်အခါ၌ ဝမ်လင်းက လီမူဝမ်၏ စိတ်ဝိညာဉ်နှင့် ပေါင်းစည်းထားသော စုန့်ကျိကို ပွေ့ဖက်ခေါ်ကာ ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ သူ ပျံသန်းတက်သွားစဉ် အောက်ဘက်မှ ရှေးတောက်ဝင်များကြား၌ သူ့ကို ပြုံး၍ ကြည့်နေသော ဗလတောင့်တောင့်လူတစ်ယောက်ကို ရုတ်တရက် မြင်လိုက်ရသည်။

သူ့အကြည့်က ထိုသူ၏  အကြည့်နှင့် ဆုံသွားသည်။ ဝမ်လင်းက ရုတ်တရက် ရပ်လိုက်သည်။

“မင်းပဲ…”

All Chapters