အနာဂတ်အင်ပါယာ
Vol. 151 Ch. 2088
ဝမ်လင်းသည် ကောင်းကင်ထက်တွင် ရပ်လိုက်စဉ် ရှေးတောက်ကလန်ဝင်များက အာရုံစိုက်သွား၏။ ယဲ့ဝေလည်း လှမ်းကြည့်လာသည်။
ထိုသူမှာ သာမန်ဗလတောင့်တောင့် တစ်ယောက်သာ ဖြစ်ကာ လူအုပ်ထဲ၌ အာရုံစိုက်စရာ ရှိမနေပေ။ သူ့ကျင့်ကြံမှုမှာလည်း ကြယ်ရှစ်လုံး ရှေးဟောင်းနတ်ဘုရားအဆင့်တွင်သာ ရှိနေပြီး သူသည် ခုထိ အရှင်တစ်ယောက်ပင် မဖြစ်သေးပေ။
သူကဲ့သို့ လူများစွာမှာ ရှေးတောက်တွင် ရှိကြ၏။ ပုံမှန်ဆို မည်သူကမျှ သူ့ကို အာရုံစိုက်လိမ့်မည် မဟုတ်ပေ။
ထိုသူက လူများစွာ၏ ကြည့်ခြင်းကို ခံရချိန်တွင် အလွန်တည်ငြိမ်စွာ ရှိနေ၏။ သူသည် ဝမ်လင်းကို ကြည့်ကာ စိတ်လှုပ်တရှားခံစားမှု ဖြစ်ပေါ်သည်။
သူ၏ခန္ဓာကိုယ်ထဲတွင် ရှေးတောက်တော်ဝင်မိသားစု၏ အရိပ်အမြွက် ပါရှိနေ၏။ ယင်းမှာ ယဲ့မိုထံမှ လာခြင်းပင်။ ယဲ့မိုသည် တော်ဝင်မိသားစုဝင် ဖြစ်၏။ သူ လှိုဏ်ဂူလောက၌ ဖန်တီးခဲ့သော သူ့မျိုးဆက်သည် တော်ဝင်သွေးအငွေ့အသက် ပါဝင်သည်။
“လော့ချန်…” ဝမ်လင်းသည် ထိုသူ့ကို ကြည့်ကာ အတိတ်ကို ပြန်မြင်ယောင်သည်။
ထိုဗလတောင့်တောင်သူမှာ လော့ချန် ဖြစ်၏။ သူသည် လမြွေနဂါးနှင့် ပေါင်းစည်းနေသော ဝမ်လင်း၏ မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်ကာ ဝမ်လင်း၏ အရွယ်ရောက်သော ရှေးဟောင်းနတ်ဘုရားအဖြစ်အတွက် သူ၏ ရှေးဟောင်းနတ်ဘုရားကြယ်များကို ဝမ်လင်းထံ လက်ဆောင်ပေးခဲ့ဖူးသည်။ လှိုဏ်ဂူလောကမှ မှတ်ဉာဏ်များသည် ဝမ်လင်း၏စိတ်ထဲတွင် ပေါ်လာသည်။
ဝမ်လင်းသည် သက်ပြင်းချကာ စုန့်ကျိကို ဖက်ထားလျက် လော့ချန်ထံ ဆင်းသက်လာသည်။ ရှေးတောက်ဝင်အားလုံးသည် အလိုလို နောက်ဆုတ်ပေးကာ လမ်းဖယ်ပေးသည်။
ဝမ်လင်းသည် လော့ချန်ရှေ့တွင် ရပ်ကာ သူနှင့် ရင်းနှီးသောမျက်နှာကို ကြည့်၏။
“လော့ချန်က စီနီယာ့ကို နှုတ်ဆက်ပါတယ်…” သူက ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်ကာ သက်ပြင်းချသည်။
“မင်း လမြွေနဂါးနဲ့ ဘယ်အချိန်တုန်းက ခွဲထွက်နိုင်ခဲ့တာလဲ…”
“ကျုပ်က ဒီနေရာကို အရှင်ရွှမ်နောက်ကို လိုက်လာခဲ့တုန်းက အရှင်ရွှမ်က ကျုပ့်ကို လမြွေနဂါးနဲ့ ခွဲခြားဖို့ ကူညီပေးခဲ့တာပါ…” လော့ချန်က တည်ငြိမ်စွာ ပြောသည်။ သူသည် ဝမ်လင်းကို ကြည့်နေ၏။ သူသည် သူ့ရှေ့မှ လူငယ်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ချိန်က အတိတ်ကာလကို ပြန်မြင်ယောင်မိသည်။ ထိုစဉ်က အနှီလူငယ်သည် အလွန်တရာ အားနည်းသောသူ ဖြစ်နေခဲ့သည်။ အခုတော့ သည်လူငယ်(ဝါ)ဝမ်လင်းသည် မဟာအင်ပါယာ တစ်ယောက် ဖြစ်လာကာ ရှေးတောက်အင်ပါယာကိုပင် သတ်ပစ်ခဲ့ပေပြီ။ ရှေးတောက်၏ တော်ဝင်အင်ပါယာသည်ပင် ဝမ်လင်းထွက်သွားမည်ကို သည်အတိုင်း ကြည့်နေရလေ၏။
ဝမ်လင်းက ညင်ညင်သာသာ ပြောလိုက်၏။ “မင်း ဘာကြောင့် ငါ့ကို လာမရှာရတာလဲ…”
လော့ချန်က ပြုံး၍ ခါးသီးစွာ ခေါင်းယမ်းသည်။ သူသည် ဝမ်လင်း ရှေးတောက်အင်ပါယာမြို့သို့ ရောက်နေသည်ကို သိခဲ့တာ ကြာပြီ ဖြစ်၏။ သူက ဝမ်လင်းကို တွေ့ဖို့ လာရန် စဉ်းစားခဲ့သေးသည်။ သို့သော် ဝမ်လင်း၏ အဆင့်အတန်းက အလွန်မြင့်မားလှကာ ရွှမ်လော၏တပည့်၊ ရှေးတောက်၏ အနာဂတ်စောင့်ရှောက်သူ ဖြစ်နေခဲ့သည်။ သူ လော့ချန်ကမူ ရှေးတောက်၏ မထင်မရှားအဖွဲ့ဝင်တစ်ယောက်မျှသာ ဖြစ်သူ မဟုတ်လား။
သူတို့ကြားရှိ ထိုကွာခြားချက်က သူ့ကို လာမတွေ့အောင် ရပ်တန့်စေခဲ့တာပင်။
တဖက်လူ၏ ခါးသီးသောအပြုံးကို မြင်သည့်အခါ ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေသည်။ သူသည် လော့ချန်၏ အတွေးကို ဝိုးတဝါး ခန့်မှန်းမိကာ သက်ပြင်းချသည်။ သူက တိုးညင်းစွာ ဆိုလိုက်၏။ “ငါ့ကို တစ်ခု ကူညီပေးနိုင်မလား…”
“အရှင်…ကျေးဇူးပြုပြီး အမိန့်ပေးပါ…” လော့ချန်က သူ့လက်နှစ်ဖက်ကို ဆုပ်ကာ ပြတ်သားစွာ ဆိုသည်။
“မင်း…ယဲ့မိုရဲ့ တည်ရှိမှုကို သိတယ်မလား…” ဝမ်လင်းက လော့ချန်ကို ကြည့်၏။
လော့ချန်သည် ခေါင်းညိတ်လိုက်သည်။ သူသည် ရှေးတောက်သို့ ရောက်လာသည့်အခါ၌ ရွှမ်လောထံမှ အရာအားလုံးကို သိခဲ့ကာ သူ့သွေးမျိုးဆက်၏ မူလဇစ်မြစ်ကိုလည်း သိရှိခဲ့သည်။
“ယဲ့မိုရဲ့ မျိုးဆက်တွေအပေါ် ဂရုစိုက်ပေးပါ…” ဝမ်လင်းသည် အကွာအဝေးတစ်ခုရှိ ရှေးတောက်အင်ပါယာမြို့ထံသို့ လှမ်းမော့ကြည့်သည်။
“အရှင့်အမိန့်အတိုင်းပါ။ ခု ကျုပ်လည်း ယဲ့မိုရဲ့ အိမ်တော်မှာ နေထိုင်နေတာပါ…”
လော့ချန်က ခပ်သွက်သွက် ပြန်ဖြေသည်။ သူသည် ရှေးတောက်အင်ပါယာမြို့သို့ ရောက်လာသည့်အခါ၌ သူ့ထံတွင် အိမ်မရှိခဲ့ပေ။ သူသည် ရှေးတောက်နန်းတော်တွင် နေဖို့ မရွေးချယ်ခဲ့ဘဲ ယဲ့မိုမျိုးဆက်များနောက်သို့ လိုက်၍ နေခဲ့သည်။ ယဲ့မို၏ မျိုးဆက်များသည် တော်ဝင်မိသားစု၏ တစိတ်တပိုင်း ဖြစ်ကြသော်လည်း သူတို့သည် နိမ့်ကျသွားခဲ့ကာ အိမ်တော်တစ်ခုသာ ကျန်တော့လေ၏။
ယဲ့မို၏မျိုးဆက်များကလည်း သူ့ကို လက်ခံဖို့ ဆုံးဖြတ်ခဲ့ကြသည်။
ဝမ်လင်းက ပြုံး၏။ ဤသည်မှာ မှတ်ဉာဏ်များနှင့် စိတ်ခံစားချက်တို့ ပြည့်နေသော အပြုံးတစ်ခုပင်။ သူသည် ဗလတောင့်တောင့်လော့ချန်ကို ကြည့်ကာ သူ့ဘယ်လက်ကို မြှောက်၍ လော့ချန်၏ ရင်ဘက်ပေါ်သို့ သူ့လက်ဝါးကို ဖိချသည်။ ထို့နောက် သူ့လက်တွင် ငွေရောင်လင်းလက်သွားသည်။
လော့ချန်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူ၏ခန္ဓာကိုယ်မှ ငွေရောင်အလင်း တောက်ပလာသည်။ ထိုငွေရောင်အလင်းက မျက်စိစူးလောက်အောင် တောက်ပသဖြင့် ၎င်းကို ကြည့်မိသော လူများသည် နာကျင်မှုကို ခံစားရစေကာ သူတို့၏အကြည့်များကို ပြန်ရုတ်သိမ်းသွားစေသည်။
“စိတ်ဝိညာဉ်သွေး…” တော်ဝင်အင်ပါယာယဲ့မိုက ထိုအရာကို မြင်သည့်အခါ သူမ၏အမူအရာသည် ပြောင်းလဲသွားသည်။
ရွှမ်လော၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။ သူသည် ဝမ်လင်းနှင့် လော့ချန်ကို ကြည့်သည်။ သူသည် စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်ကာ သက်ပြင်းချသည်။
လော့ချန်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူသည် ဝမ်လင်းထံမှ အပူစီးကြောင်းတစ်ခုသည် သူ၏သွေးမျိုးဆက်ထဲ ဝင်ရောက်လာတာကို ခံစားမိသည်။သူ့သွေးမျိုးဆက်သည် မယှဉ်သာလောက်အောင် သန့်စင်လာ၏။ သူသည် တော်ဝင်သွေးမျိုးဆက် အရိပ်အမြွက် ရှိထားပြီး ဖြစ်၏။ သူ့သွေးမျိုးဆက်က ပို၍ သန့်စင်လာကာ သူသည် အရင်ရှေးတောက်အင်ပါယာနှင့် ယှဉ်နိုင်သော သွေးမျိုးဆက်ဖိအားကို ပေးစွမ်းလာတော့သည်။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက သူ့ဘယ်လက်ကို ပြန်ရုတ်၏။ သူသည် သူ့စိတ်ဝိညာဉ်သွေး အနည်းငယ်ကို လော့ချန်ထံသို့ ပေးလိုက်ကာ လော့ချန်၏ သွေးမျိုးဆက်ကို ရှေးတောက်အင်ပါယာဖြစ်လာဖို့ထိ အရည်အသွေးထိ ရှိအောင် လုပ်ပေးလိုက်သည်။
“အတိတ်တုန်းက မင်းက ငါ့ကို ရှေးဟောင်းနတ်ဘုရားကြယ်တွေ လက်ဆောင်ပေးခဲ့တယ်။ ဒီကနေ့ မင်းဟာ ယဲ့မိုရဲ့ မျိုးဆက်ကို စောင့်ရှောက်ရမယ်။ မင်းရဲ့ ကြင်နာမှုကို ပြန်ပေးတဲ့အနေနဲ့ ငါ မင်းကို တော်ဝင်သွေးမျိုးဆက် ပေးလိုက်ပြီ…”
ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ စုန့်ကျိနှင့်အတူ ကောင်းကင်ထက်သို့ ပျံသန်းတက်သွားတော့၏။ မျက်စိတမှတ်အတွင်း သူသည် ကောင်းကင်ထက်သို့ ငြိမ်သက်စွာ ကြည့်နေသော ရှေးတောက်ဝင်များကို ချန်ခဲ့ကာ ပျောက်ကွယ်သွားတော့သည်။
ရွှမ်လောသည် ဝမ်လင်း ထွက်သွားသောနေရာသို့ အချိန်အတန်ကြာ ကြည့်နေမိ၏။ ထို့နောက် သူက သက်ပြင်းချသည်။ သူသည် ယဲ့ဝေ့အပေါ် စကားလည်း မဆိုတော့သလို ကြည့်လည်း မကြည့်တော့ပေ။
သူ့အကြည့်က လော့ချန်ထံသို့သာ ကျရောက်နေ၏။
“မင်းက လော့ချန်လို့ ခေါ်တာ ငါ မှတ်မိတယ်။ ဟုတ်တယ်မလား…”
“လော့ချန်က အရှင်ရွှမ်ကို နှုတ်ဆက်ပါတယ်…” ငွေရောင်အလင်းသည် လွင့်ပြယ်သွားကာ လော့ချန်၏ ခန္ဓာကိုယ်ထဲ၌ သိပ်သည်းသွားသည်ဟု ထင်ရသည်။ သူသည် ရွှမ်လော၏ စကားကို ကြားသည့်အခါ ဒူးတဖက် ထောက်ကာ အလွန်လေးစားမှုပြ၏။
ရွှမ်လောသည် လော့ချန်ကို ကြည့်ကာ စဉ်းစားနေ၏။ သူသည် ဆုံးဖြတ်ချက်ချရန် စဉ်းစားနေသည့်အလား။ တအောင့်အကြာတွင် သူသည် ပြတ်သားသောအကြည့်ကို ထုတ်ဖော်ကာ လော့ချန်ကို ခေါင်းညိတ်ပြသည်။
“ငါ သူ့ကို ရွေးတယ်…” ရွှမ်လောသည် လော့ချန်ကို လက်ညွှန်ပြ၏။ ထို့နောက် သူက ယဲ့ဝေကို လှမ်းကြည့်သည်။
ယဲ့ဝေသည် လော့ချန်ကို ကြည့်ကာ ချီတုံချတုံ ဖြစ််နေသည်။ အချိန်အတန်ကြာပြီးနောက် သူမက သက်ပြင်းချကာ ဆိုသည်။
“ငါ ဆက်ပြီးတော့ တံခါးပိတ်ကျင့်ကြံတော့မယ်။ တော်ဝင်ဘွဲ့ထူး ပေးအပ်ပွဲကိုတော့ ငါ အရှင်ရွှမ် ဆုံးဖြတ်ဖို့ ချန်ထားခဲ့မယ်…” သူမသည် လှည့်ကာ ခရမ်းရောင်အလင်းထဲရှိ ခေါင်းတလားထံ လျှောက်သွားသည်။ ထိုအလင်း လွင့်ပျောက်သွားနေရင်း ခေါင်းတလားသည် မြေကြီးထဲသို့ ပြန်နစ်ဝင်သွားသည်။
အစကနေ ခုချိန်ထိ မဟာအင်ပါယာကူးတောက်သည် တချိန်လုံး မပေါ်လာခဲ့ပေ။ သူ၏ တမန်တော်များသည်ပင် ရောက်မလာခဲ့ကြပေ။ သူတို့က ဒီအခြေအနေကို သိသိရက်ဖြင့် မသိကျေးကျွန် ပြုခဲ့ကြသည့်အလား။
ရှေးတောက်အင်ပါယာသည် မဟာအင်ပါယာကူးတောက်ကို အကူအညီတောင်းခံခဲ့သော်လည်း တော်ဝင်မိသားစုများ၏ စောင့်ကြပ်သူဖြစ်သူ ကူးတောက်မှာ မည်သည့်လုပ်ဆောင်မှုမျှ မပြုလုပ်ခဲ့ပေ။ ရှေးတောက်မှ လူများက ထိုအကြောင်းနှင့် ပတ်သတ်၍ စကားမပြောဆိုကြပေ။ သူတို့သည် သူတို့၏သံသယကို စိတ်ထဲတွင်သာ နစ်မြုပ်ထားလိုက်သည်။
ဝမ်လင်းသည်လည်း မဟာအင်ပါယာကူးတောက် ထွက်မပေါ်လာသည်နှင့် ပတ်သတ်၍ သံသယ ဖြစ်မိ၏။ သူသည် အဆိုးဆုံးအရာအတွက်လည်း ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။ အကယ်၍ မဟာအင်ပါယာကူးတောက်ကသာ ပေါ်လာပါက သူသည် ထိုသူ့ကို ဆန့်ကျင်ဖို့ လေဟာနယ်ဟင်းလင်းပြင်မှ သူ၏ကိုယ်ပွားကို ဆင့်ခေါ်လိုက်မည်ပင်။
ထိုသို့ လုပ်ဆောင်ပါက သူ၏ အနာဂတ်အောင်မြင်မှု အခွင့်အရေးသည် များစွာ နည်းပါးသွားမည် ဖြစ်၏။ သို့သော် သူသည် တိုက်ခိုက်ရမည်သာ။
သို့ပေမည် ကူးတောက်သည် လုံးဝ ပေါ်မလာခဲ့ပေ။ ခုခါ၌ ဝမ်လင်းသည် ရှေးဘိုးဘေး လက်ချောင်းကြောင့် ထက်ပိုင်းပြတ်သွားသော တောင်ထံသို့ တရကြမ်း ဦးတည်လာနေ၏။ သူက စိတ်ထဲရှိ သံသယကို ဖိနှိပ်ထားသည်။ ဤသည်မှာ ဒီကိစ္စနှင့် ပတ်သတ်၍ သူ့အနေဖြင့် ပထမဆုံး တွေးမိတာတော့မဟုတ်ပေ။ သူသည် ထိုအကြောင်းကို ဆက်တိုက် တွေးနေခဲ့လျှင်ပင် သူသည် မည်သည်ကိုမျှ မဖမ်းဆုပ်နိုင်ခဲ့ပေ။ ပို၍ အရေးကြီးသည်မှာ ဒီတောင်ထံ ဦးတည်နေရသည့် အကြောင်းရင်းမှာ သူ့စိတ်ထဲရှိ မေးခွန်း၏ အဖြေကို ဖြေရှင်းနိုင်လောက်မည့်အတွက်ကြောင့်လည်း ဖြစ်၏။
ထိုဆန်းကြယ်သောရှေးတောက် အင်ပါယာဆရာသခင်က မည်သူဖြစ်သနည်း။ လီမူဝမ်၏ စိတ်ဝိညာဉ်အပိုင်းအစကို ယူသွားခဲ့သူမှာ မည်သူဖြစ်သနည်း။
သူ ရှေ့သို့ ပျံသန်းသွားနေစဉ် စုန့်ကျိကို လက်တဖက်ဖြင့် ကိုင်ထား၏။ သူမကို သူ့သိုလှောင်နေရာလွတ်ထဲသို့ ထည့်သိမ်းလိုက်သည်။ သည်ခရီးစဉ်က အန္တရာယ်များ၏။ ဝမ်လင်းသည် သူမကို မည်သည့်ဒဏ်ရာမှ မရစေချင်ပေ။
စုန့်ကျိ ပျောက်ကွယ်သွားသည့်နောက် ဝမ်လင်း၏ မျက်လုံးထံမှ ကြောက်မက်ဖွယ် အေးစက်စက်အကြည့်ကို ထုတ်ဖော်သည်။ ထို့နောက် သူ ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် သူသည် ထက်ပိုင်းပြတ်နေသော တောင်ကတုံး၏ အပြင်ဘက်၌ ပြန်ပေါ်လာသည်။
သူက သူ့ညာလက်ကို ပင့်မြှောက်ကာ အောက်ဘက်ရှိ တောင်ထံသို့ ဖိချလိုက်သည်။
ထိုအခါ ဧရာမလက်ဝါးချက်တစ်ခု ကောင်းကင်ထက်တွင်ပေါ်လာပြီး တောင်ထံသို့ အရှိန်အဟုန် ပြင်းစွာ တိုးဝင်သည်။ ကောင်းကင်အက်ကွဲသည့်အလား ဟိန်းမြည်သံများ ပဲ့တင်ထပ်လျက် ဝမ်လင်းသည် ထိုပျက်စီးပြိုလဲသော တောင်ထံ ပျံသန်းလာသည်။
ထိုတောင်သည် တုန်ခါနေ၏။ ဝမ်လင်း လက်ဝါးချက်၏ ဖိသိပ်မှုအောက်တွင် ထိုတောင်သည် များစွာ ပျက်စီးလေသည်။ အောက်ဘက်မှ အစီအရင်ကြီးသည် လှစ်ဟပေါ်လာကာ ၎င်းကို ရောင်စုံဆယ်ခုက ဝန်းရံထားသည်။ ဆယ်ရောင်စုံမြူများသည် လင်းလက်နေကာ ဝမ်လင်း၏လက်ဝါးကြောင့် လုံးဝ ထိခိုက်ပျက်စီးမှု မဖြစ်သွားပေ။
ဝမ်လင်း၏ လက်ဝါးချက်က ထိုမြူနှင့် ထိမိသည့်အခါ ၎င်းသည် မရေမတွက်နိုင်သော ရေပွက်များကဲ့သို့ ပြောင်းလဲကာ အလျင်အမြန် လွင့်ပြယ်သွားသည်။
“မင်း ရောက်လာပြီပဲ…” ပျက်စီးနေသော တောင်အတွင်းနှင့် ဆယ်ရောင်စုံမြူထဲမှ ကြမ်းရှ၊မသတီစရာကောင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။
ဝမ်လင်းက ထိုဆယ်ရောင်စုံမြူ၏ အပြင်ဘက်တွင် ရပ်နေ၏။ သူ့အကြည့်က အေးစက်နေသည်။ သူသည် ထိုအသံကို အလွန်သိနေသလို ခံစားမိသည်။ ထိုသည်က သူ့စိတ်ထဲရှိ ထင်မြင်ချက်ကို သေချာစေဖို့ရာ ခက်ခဲသွားစေသည်။
“ရှေးတောက်ရဲ့ အင်ပါယာဆရာသခင်က ဒီလိုပုန်းကွယ်နေတတ်တဲ့သူလား။ သင်ဟာ ငါ့ဇနီးရဲ့ စိတ်ဝိညာဉ်ကို ယူသွားပြီး ရှေးတောက်အင်ပါယာကို ပေးခဲ့တယ်။ အဲ့စိတ်ဝိညာဉ်ကို တစ်ယောက်ယောက်နဲ့ ပေါင်းစည်းခိုင်းပြီး ဒါတွေဟာ ငါ့ကို ပစ်မှတ်ထားခဲ့တာပဲ။ အခု ငါ သင့်ရှိ ရောက်လာပြီ။ ဒါပေမဲ့ သင်က မြူတွေနဲ့ ဖုံးကွယ်ပြီး နေနေတယ်။ သင်က ငါ သင့်ကို ဘယ်သူမှန်း သိသွားမှာကို စိုးရိမ်လန့်နေတဲ့ပုံပဲ။ ဒါမှမဟုတ် သင်ဟာ ငါ သိတဲ့ တစ်စုံတစ်ယောက်ပဲ ဖြစ်လိမ့်မယ် မဟုတ်လား…”
ဝမ်လင်းက အေးစက်စက် ပြောလာ၏။
ခဏတာ ငြိမ်သက်တိတ်ဆိတ်သွားပြီးနောက် မြူထဲမှ ရှတတရယ်သံ ထွက်ပေါ်လာကာ မြူများကို ဖယ်ရှားသွား၏။
“မင်းစိတ်ထဲမှာ သံသယတွေ အများကြီးပဲ။ မင်းဟာ ငါ ဘယ်သူလဲဆိုတာကို သိချင်နေတယ်။ ငါ လီမူဝမ်ရဲ့ စိတ်ဝိညာဉ်ကို ဘယ်လို ယူဆောင်ခဲ့လဲ သိချင်နေတယ်။ ငါ သူမကို အင်မောတယ်ကောင်းကင်ဘုံကုန်းမြေဆီ ဘယ်လို သယ်ဆောင်ခဲ့တာလဲ ပြီးတော့ ငါ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်ကိုလည်း သိချင်နေတယ်…”
“မင်းမှာ သံသယတွေ အများကြီးပဲ…” ရှတတအသံက ဖြည်းဖြည်းချင်း ပဲ့တင်ထပ်သည်။
“ဝင်လာခဲ့။ မင်း ဒီမြူကို ချိုးဖျက်နိုင်ခဲ့ရင် ငါ့မျက်နှာအစစ်ကို မြင်ရရင် ငါ မင်းရဲ့ သံသယတွေကို ဖြေရှင်းဖို့ ကူညီပေးလိုက်မယ်…”
ဝမ်လင်း၏ စိတ်နှလုံးမှာ တုန်ယင်မိသွား၏။ သို့သော် သူ့အမူအရာကတော့ မပြောင်းလဲပေ။ သူသည် သူ့ညာလက်ကို ညင်သာစွာ ပင့်မြှောက်၏။အစိမ်းရောင် အခိုးအငွေ့များသည် သူ့လက်ချောင်းများပတ်လည်တွင် တဝီဝီလှည့်ပတ်ကာ အစိမ်းရောင်အခိုးအငွေ့ စက်ဝန်းများက မြူထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
တချိန်တည်းမှာ သတ္တု၊ သစ်သား၊ ရေ နှင့် မြေ အဆုံးစွန်တာအိုများသည်လည်း ခြောက်ခုမြောက် သေခြင်းရှင်ခြင်းအဆုံးစွန်တာအိုနှင့်အတူ ပေါ်လာ၏။ ယင်းတို့က ဝမ်လင်းရှေ့တွင် ပေါ်လာကာ အဖြူအနက်အမှတ်အသားကို ဖွဲ့စည်းသည်။ သူက လက်ဝေ့ယမ်း၏။ ထိုအဆုံးစွန်တာအိုခြောက်ပါး ပါဝင်သော အဖြူအနက်အမှတ်အသားသည် ဆယ်ရောင်စုံမြူထံ ပျံသန်းဝင်လာသည်။