မျက်နှာပျက်အောင်ထုတ်ဖော်ပြ
Vol. 49 Ch. 691
အခန်း (၆၉၁) မျက်နှာပျက်အောင်ထုတ်ဖော်ပြ
ချိုင့်ဝှမ်းထဲတွင် အလင်းမှုံများနှင့် မီးခိုးငွေ့များ လျှံတက်လာပြီး ပုံရိပ်ယောင်မြင်ကွင်းတစ်ခုဖြစ်တည်လာကာ ကြီးမားပြီး လျှို့ဝှက်ဆန်းကျယ်သော အစီအရင်စက်ဝန်းကြီးတစ်ခု ထွက်ပေါ်လာသည်။
ထို အစီအရင်စက်ဝန်းကြီး လှည့်ပတ်လိုက်သည်နှင့် အဝါရောင်မြေပြင်မှ အလင်းတန်းများထွက်ပေါ်လာကာ လျှင်မြန်စွာပင် အစီအရင်ဗဟိုချက်တွင်ရှိနေသော ယာဇ်ပလ္လင်ထက်သို့ ကျဆင်းသွား၏။
မြင်ကွင်းကိုကြည့်ရင်း ကျန့်မင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
“ဒါ တကယ်ပဲ ကောင်းကင်စွမ်းအားအစီအရင်ပဲ....”
ရွက်လှေကြီးထက်တွင် ခန်းဖင်းတို့အုပ်စုအတွက် ကူညီတောင်းပန်ပေးရန်ဟန်ပြင်နေသော ယဲ့ရှင်းသည်ပင် အနည်းငယ် မှင်တက်သွားရသည်။
“စောစောက ကျွန်မတွေ့တာ ဒီအစီအရင် မဟုတ်ပါဘူး”
ချန်ကျိလျန်က အေးစက်စွာ နှာတစ်ချက်မှုတ်ရင်း...
“ကြည့်စမ်း ဂိုဏ်းတူအစ်ကို’ကျန့်’... ဒီပြောင်းလဲမှုက သူတို့ကိုယ်တိုင်လုပ်ထားတာပဲ ၊ တခြားပယောဂမပါဘူး”
ချိုင့်ဝှမ်းတစ်ခုလုံး ချက်ချင်းပင် ထူးဆန်းစွာ တိတ်ဆိတ်ငြိမ်သက်သွားသည်။
ချိုင့်ဝှမ်းထဲတွင်ရှိနေသော ခန်းဖင်းတို့အုပ်စုသည် လေထဲတွင်ပျံသန်းနေသော လေဟုန်စီးကောင်းကင်ရွက်လှေကြီးကို မျက်တောင်မခတ်စတမ်း ခေါင်းမော့ကြည့်နေကြသည်။
လေဟုန်စီးကောင်းကင်ရွက်လှေကြီးကတော့ အကာအကွယ်အလင်းတန်းများဖြင့် ဝန်းရံထားပြီး ယခင်ကတစ်ခါမှမဖြစ်ဖူးသော အလင်းတန်းများတောက်ပလည်ပတ်နေပြီး အချိန်မရွေး ပျံသန်းထွက်ခွာသွားတော့မည့်အလား ထင်မှတ်ရသည်။
ခွန်ဖင်း၏မျက်ဝန်းများက တည်ငြိမ်နေသော်လည်း အလွန်တရာ တည်ကြည်လေးနက်နေ၏။ ‘ခန်း’သခင်မ မျက်နှာသည်လည်း တည်ကြည်လေးနက်နေသည့်တိုင် သူမက အရင်လိုတည်ငြိမ်ခြင်း မရှိတော့ပေ။
ချီဝေ၏ ပိန်ပါးခြောက်သွေ့နေသောမျက်နှာက ခါတိုင်းထက်ပိုပြီး ထက်ရှအေးစက်နေကာ သူ့လက်များက တစ်စုံတစ်ခုပြုလုပ်ရန် စဉ်းစားနေသည့်အလား တွန့်ကွေးလှုပ်ရှားနေ၏။ သူက အစီအရင်ပညာကျွမ်းကျင်သူတစ်ယောက်ဖြစ်လေရာ အချိန်မရွေး စွမ်းအားမြင့်မားသောအစီအရင် တည်ဆောက်နိုင်ရန် ရတနာပစ္စည်းများစွာကို သူ့ခန္ဓာကိုယ်ထက် သိမ်းဆည်းထားစမြဲ ဖြစ်သည်။
ခန်းကျင်းယွမ်ကတော့ အလွန်ဒေါသထွက်နေဟန်ရှိပြီး အံတင်းတင်းကြိတ်လျှက် ခန္ဓာကိုယ်ကလည်း တောင့်တင်းနေကာ အချိန်မရွေးတိုက်ခိုက်ရန် အသင့်ဖြစ်နေဟန်ပင်။ သူ့ဘေးနားမှ ခန်းမောက်ရှန်းကတော့ ဖခင်ဖြစ်သူ ခန်းဖင်းကဲ့သို့ပင် တည်ငြိမ်နေ၏။
သို့သော် သူ့မျက်နှာအမူအရာက ယခင်တစ်ချိန် ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်နှင့် ရင်ဆိုင်နေရချိန်ထက်ပင် ပိုပြီးတည်ကြည်လေးနက်နေသည်။
ထိုခဏတွင် ပတ်ဝန်းကျင်မိုးမြေ လေထုတစ်ခုလုံးက အေးခဲသွားသည့်အလား ဖြစ်သည်။
လေဟုန်စီးကောင်းကင်ရွက်လှေထက်မှ ပိုင်ကျစ်မင်က အသံတစ်စက်မှ မထွက်ပေ။ တစ်ချက်လှုပ်ရှားလိုက်သည်နှင့် အခြေအနေများအားလုံး ပြောင်းလဲသွားနိုင်သည်။
ပိုင်ကျစ်မင်က ရန်ကျောက်ကဲကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် လေဟုန်စီးကောင်းကင်ရွက်လှေကြီးကို ထိန်းချုပ်နေသော ခေါင်းဆောင်ဖြစ်သူ ကျန့်မင်ဆီသို့ အကြည့်ရွေ့လျားလိုက်သည်။
သူ့စိတ်ထဲတွေးနေသည်မှာ...
“မျက်နှာပျက်အောင် ဒီလိုကြီး ထုတ်ဖော်ပြလိုက်တော့ သူတို့အနေနဲ့ မျက်နှာဖြတ်ရိုက်သလို ခံစားရမှာပေါ့ ၊ သူတို့အရှက်တရားကနေ ဒေါသထွက်လာပြီး ငါတို့အားလုံးကို နှုတ်ပိတ်ဖို့လုပ်ရင်တော့ ပြဿနာပဲ”
ခန်းဖင်းတို့အုပ်စုက သူတို့လုပ်ရပ်ကို မဖုံးကွယ်နိုင်တော့သည့်အခါ သိုင်းစွမ်းအသုံးပြုပြီး အကြမ်းဖက်နည်းလမ်းဖြင့် တိုက်ရိုက်ပင် ကစားပါဲကို ပြောင်းပြန်လှန်လိုက်နိုင်ပေသည်။
ခန်းဖင်း၏ တန်ခိုးစွမ်းအားက လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်စေသည်ဖြစ်ရာ ပိုင်ကျစ်မင် အတော်လေး စိတ်ပူပန်မိသည်။ သူက လေဟုန်စီးကောင်းကင်ရွက်လှေထက်တွင်ရှိနေသော်လည်း ဒီတစ်ခေါက်ပြဿနာက အတော်လေး အန္တရယ်များနေသည်။
ပိုင်ကျစ်မင် သူ့ကိုလှမ်းကြည့်ကြောင်း အာရုံခံမိတော့ ရန်ကျောက်ကဲက ပြန်လှည့်ကြည့်လိုက်သည်။ အကြောက်အလန့် တစ်စက်မှမရှိလေဟန်မျက်နှာဖြင့် အနှီလူငယ်က သူ့ကို ခေါင်းညိတ်ပြ၏။
ခန်းဖင်းက တန်ခိုးစွမ်းအားမြင့်မားလွန်းသည်မှာ အမှန်ပင် ဖြစ်သည်။ သူ့အနေဖြင့် သိုင်းသူတော်စင်တစ်ယောက်ကို အကြည့်တစ်ချက်ဖြင့်ပင် သတ်ဖြတ်ပစ်နိုင်စွမ်း ရှိသည်။
ရန်ကျောက်ကဲက သာမန်လူများနှင့် မတူသောကြောင့်သာ သူ့မျက်ဝန်းအကြည့်ကို ခံနိုင်ရည်ရှိခြင်း ဖြစ်သည်။ မဟုတ်ပါက ရှည်လျားသော အချိန်ရေစီးကြောင်း မြစ်ရေထဲနစ်မြုပ်သွားပြီး ဘာဖြစ်မှန်းပင်မသိဘဲ အသက်ပျောက်သွားနိုင်သည်။
သို့သော် ဤနေရာတွင် အခြားသော အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက် မရှိသရွေ့ ၊ ခန်းဖင်းတွင်လည်း အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုထက်ပိုပြီး ပိုင်ဆိုင်မထားသရွေ့ ၊ လေဟုန်စီးကောင်းကင်ရွက်လှေထက်မှလူများကို နှုတ်ပိတ်သတ်ဖြတ်နိုင်မည် မဟုတ်ပေ။
လေဟုန်စီးကောင်းကင်ရွက်လှေကြီးက နှယ်နှယ်ရရ ရတနာပစ္စည်းမဟုတ်လေရာ ခန်းဖင်းကို အနိုင်မယူနိုင်သည့်တိုင် ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေးအပြည့်အဝ ရှိသည်။
ထို့ပြင် ကျန့်မင်သည်လည်း ဉာဏ်မရှိသူမဟုတ်လေရာ အစီအစဉ်များ ကြိုတင်ပြုလုပ်ထားသည်ပင်။ ထို့ကြောင့် သူတို့အုပ်စုကို တစ်ခါတည်းနှုတ်ပိတ်သတ်ဖြတ်ရန်မှာ ခက်ခဲသည့်ကိစ္စ ဖြစ်သည်။
ပြီးတော့ တစ်စုံတစ်ခုဖြစ်ပျက်ခဲ့ပါက အရှေ့တောင်ထိပ်တန်းအရှင်သခင်က သေချာပေါက် လိုက်လာပေမည်။
ခန်းဖင်းတို့အုပ်စုနောက်ကွယ်တွင် အထင်ကရပုဂ္ဂိုလ်ကြီးများ ရှိကောင်းရှိနေနိုင်သည်။ သို့သော် သူ့တပည့်များ မကြောင်းပြချက်မရှိ ပျောက်ကွယ်သွားလျှင် ၊ သို့မဟုတ် သေဆုံးသွားခဲ့လျှင် အရှေ့တောင်ထိပ်တန်းအရှင်သခင်က လွယ်လွယ်နှင့် အလွတ်ပေးမည် မဟုတ်ပေ။
ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါး ၊ နယ်မြေ (၁၀)ခု၏ အရှင်သခင်များ။
ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာရှိ အထင်ကရ ခေါင်းဆောင်ပုဂ္ဂိုလ်များအကြား အဆက်အသွယ်ရှိကြသည် အမှန်ပင်။ အရှေ့တောင်ထိပ်တန်းအရှင်သခင်သည်လည်း မဟာမိတ်မရှိဘဲ တစ်ယောက်တည်း ရပ်တည်နေသူ မဟုတ်ပေ။
အောက်ဘက်မှချိုင့်ဝှမ်းကိုငုံ့ကြည့်ရင်း ကျန့်မင်က ဖြည်းညင်းစွာဆိုသည်။
“မေးပါရစေ ဆရာ’ခန်း’ ၊ ဒါက ဘာအစီအရင်များလဲ ၊ မြေကမ္ဘာစီးဆင်းအစီအရင်တော့ မဟုတ်ဘူးလား”
သူက ဆက်ပြောသည်။
“ဒီ ‘ကျန့်’ က အစီအရင်ပညာမကျွမ်းကျင်တဲ့အတွက် ဆရာ’ခန်း’ ငြင်းမယ်ဆိုလည်း ရပါတယ် ၊ ဒါပေမဲ့ ဒီ ‘ကျန့်’ က အစီအရင်ပညာကျွမ်းကျင်တဲ့ ဂိုဏ်းတူအစ်ကိုတစ်ယောက်ကို ဖိတ်ကြားအတည်ပြုလို့ရပါတယ် ၊ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းဖို့ပဲလိုတယ်”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲ ပြုံးလိုက်သည်။
ကျန့်မင်၏စကားက ခန်းဖင်းတို့အုပ်စု၏ လက်ရှိအခြေအနေကို ရှင်းလင်းသွားစေသည်။
ဟုတ်ပေ၏။ လေဟုန်စီးကောင်းကင်ရွက်လှေကလည်း အချိန်မရွေးထွက်ခွာရန် ပြင်ဆင်မှုများ ပြုလုပ်ထားသည်။
ခန်းဖင်းခေါင်းမော့ကြည့်လိုက်သည်။
သူက လေဟုန်စီးကောင်းကင်ရွက်လှေကြီးကို အချိန်အတန်ကြာ တိတ်တဆိတ်ကြည့်နေပြီးမှ...
“ဒီအခြေအနေထိ ဖြစ်လာမှတော့ ဒီ ‘ခန်း’ မှာ ပြောစရာစကား မရှိတော့ပါဘူး ၊ ဒါပေမဲ့ ဒီကိစ္စနောက်ကွယ်မှာ အမှန်တရားများစွာ ရှိနေပါတယ် ၊ မင်းပဲဖြစ်ဖြစ် ငါပဲဖြစ်ဖြစ် ဘယ်သူမှ အဲဒီတာဝန်ကို တောင့်ခံနိုင်စွမ်း မရှိပါဘူး”
သူက သက်ပြင်းချရင်း...
“အဆင်ပြေရင် ဒီ ‘ခန်း’ က အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို လူကိုယ်တိုင်တွေ့ပြီး ရှင်းပြချင်ပါတယ် ၊ အရှင်သခင်အနေနဲ့ အဆုံးသတ် ဆုံးဖြတ်ချက်ချနိုင်ဖို့ မျှော်လင့်မိပါတယ်”
ထိုစကားကြားတော့ ချီဝေ မျက်နှာပျက်သွားပြီး ခန်းဖင်းကို လှမ်းကြည့်လိုက်သည်။
ခန်းကျင်းယွမ်ကလည်း တုန်လှုပ်စွာ အော်ဟစ်လိုက်၏။
“အဖေ...”
ခန်းမောက်ရှန်းက သူ့လက်ကိုလှမ်းဆွဲလိုက်ပြီး ခေါင်းခါယမ်းပြလိုက်သည်။ သို့သော် ခန်းကျင်းယွမ်က ခန်းမောက်ရှန်းလက်မှ ရုန်းထွက်လိုက်စဉ် ‘ခန်း’ သခင်မက သူ့ကို တစ်ချက်လှမ်းကြည့်လိုက်၏။
ထိုအချိန် ခန်းဖင်းက လက်တစ်ဖက်မြှောက်လိုက်ပြီး ငြိမ်သက်ရန် အချက်ပြလိုက်သည်။
ခန်းကျင်းယွမ် အလျှော့ပေးချင်ပုံ မပေါ်သေးသော်လည်း စကားတစ်ခွန်းမှ မဆိုတော့ပေ။ သူ့နံဘေးမှချီဝေကလည်း အလျှော့မပေးလိုဟန်ရှိသော်လည်း ကောင်းကင်ထက်သို့ခေါင်းမော့ကြည့်ရင်း ဖြည်းညင်းစွာ သက်ပြင်းချလိုက်သည်။
လေဟုန်စီးကောင်းကင်ရွက်လှေထက်မှာတော့ ကျန့်မင်၊ ချန်ကျိလျန်တို့ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ကြသည်။
ခန်းဖင်းက ကျိုးကြောင်းဆီလျော်သူတစ်ယောက်ဖြစ်ပြီး ခဏမျှခေါင်းငုံ့နောက်ဆုတ်ပြီး လက်ရှိအခြေအနေကို ပြေလျော့သွားစေရန် ကြိုးစားသည့် မဟုတ်ပါလား။
ကျန့်မင်က...
“ဆရာ’ခန်း’ ပြောသလိုဆိုရင်... ဒီကိစ္စနောက်ကွယ်မှာ နက်နဲတဲ့အကြောင်းတွေ ရှိနေတာပေါ့ ၊ ခင်ဗျားသာ ဆရာနဲ့တွေ့ချင်ရင် ဒီ ‘ကျန့်’ က ဝမ်းသာစွာနဲ့ စီဆင်ပေးပါ့မယ် ၊ ငါတို့ ကျင်းထင်တောင်က ဆရာ’ခန်း’ ကို အချိန်မရွေး ကြိုဆိုနေမှာပါ”
သူက ခန်းဖင်းကို သူတို့နှင့်အတူ ခရီးထွက်ရန် လေဟုန်စီးကောင်းကင်ရွက်လှေထက်သို့ ဖိတ်ခေါ်ခြင်း မရှိပေ။ ဤသည်က ဆာလောင်နေသည့် ဝံပုလွေကို အိမ်ထဲဖိတ်ခေါ်သည်နှင့် အတူတူပင် ဖြစ်၏။
ကျန့်မင်က ချန်ကျိလျန်ကို လှည့်ကြည့်ပြီး...
“ကျင်းထင်တောင်ကို ဘယ်လိုလာရမလဲဆိုတာ ဆရာ’ခန်း’ ကို သွားပြီး လမ်းညွှန်ပေးလိုက်ပါ”
ကျင်းထင်တောင်က အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်၏ အလယ်ပိုင်ဒေသတွင်တည်ရှိသည်။ ထိုနေရာကို အရှေ့တောင်ထိပ်တန်းအရှင်သခင်ကိုယ်တိုင် တည်ဆောက်ခဲ့ပြီး အရှေ့တောင်ထိပ်တန်းမျိုးနွယ်များ နေထိုင်ရာနှင့် တာအိုကျင့်ကြံရာနေရာဖြစ်၏။
ချန်ကျိလျန်က ခေါင်းညိတ်ရင်း...
“ဟုတ်ကဲ့ပါ ဂိုဏ်းတူအစ်ကိုကြီး”
ပြောပြီးသည်နှင့် ချန်ကျိလျန်က လေဟုန်စီးကောင်းကင်ရွက်လှေထက်မှ ဆင်းသက်ပြီး ချန်းဖင်းတို့အုပ်စုရှေ့သို့ ရောက်လာကာ လက်နှစ်ဖက်ဆုပ် နှုတ်ဆက်လိုက်သည်။
“ဆရာ’ခန်း’ ကြိုက်တဲ့အချိန် လာရောက်နိုင်ဖို့ ငါတို့ စီစဉ်ပေးပါ့မယ်”
ခန်းဖင်းက ပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်ရင်း ပျောက်ကွယ်သွားခြင်း မရှိသေးသော အလင်းမှုံများကိုကြည့်နေသည်။
သူက ....
“ငါတို့လည်း မြန်နိုင်သမျှမြန်မြန် လာနိုင်ဖို့ ကြိုးစားပါ့မယ်”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ကိစ္စတစ်ခုရှိတာက... ဒီ ရန်ကျောက်ကဲက မင်းတို့ အရှေ့တောင်ထိပ်တန်းမျိုးနွယ်တစ်ယောက်လား”
ချန်ကျိလျန်က...
“မိတ်ဆွေလေး’ရန်’က ငါတို့ မျိုးနွယ်ကမဟုတ်ပါဘူး ၊ ဒါပေမဲ့ သူက ငါတို့နဲ့ ခရီးအတူသွားနေတဲ့သူပါ ၊ သူဆန္ဒရှိရင် ငါတို့နဲ့အတူ ကျင်းထင်တောင်ကို လိုက်ခဲ့လို့လည်း ရပါတယ်”
ရန်ကျောက်ကဲက သူတို့နှင့် ကျင်းထင်တောင်သို့ လိုက်ပါမည် မလိုက်ပါမည် မသေချာသော်လည်း ချန်ကျိလျန်က ခန်းဖင်းရှေ့တွင် ရန်ကျောက်ကဲကို ယာယီအားဖြင့် ကာကွယ်ပေးလိုက်ခြင်း ဖြစ်၏။
ထိုစကားကြားတော့ ခန်းကျင်းယွမ် ဒေါသတကြီးဖြင့် အံတင်းတင်းကြိတ်ထားသည့်တိုင် ခန်းဖင်းကတော့ ဒေါသတစ်စက်မထွက်ပေ။
သူ သိမ်မွေ့စွာဖြင့်...
“အရှေ့တောင်ထိပ်တန်းအရှင်သခင်က ဘယ်လိုဆုံးဖြတ်မလဲဆိုတာ မသိနိုင်ပါဘူး ၊ ဒါပေမဲ့ မင်းတို့ကို အကြံပေးချင်တာက အဲဒီကောင်လေးကို တပည့်အဖြစ်များ လက်ခံမယ်ဆိုရင် သူ့နောက်ခံကိုရှင်းရှင်းလင်းလင်းသိအောင် စုံစမ်းသင့်တယ်”
“ဒီလူငယ်မှာ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုရှိတယ်”
ချန်ကျိလျန်က ခဏမျှအံ့အားသင့်သွားပြီးမှ ခေါင်းညိတ်ရင်း...
“ပါရမီရှင်တွေကို ကောင်းကင်က ချီးမြှောက်တယ် ၊ ဒီလိုပစ္စည်းမျိုးပိုင်ဆိုင်တာ ကံကောင်းတာပဲပေါ့”
လေဟုန်စီးကောင်းကင်ရွက်လှေထက်မှ ကျန့်မင် ၊ ပိုင်ကျစ်မင် ၊ ဝန်လော့ရှာနှင့် ယဲ့ရှင်းတို့မှာလည်း ပြောမပြတ်တတ်အောင် အံ့အားသင့်သွားကြသည်။
အားလုံး၏မျက်ဝန်းများက ရန်ကျောက်ကဲထံ ကျရောက်လာ၏။
နဂိုကပင် ရန်ကျောက်ကဲနှင့်ပတ်သက်ပြီး အံ့အားသင့်ခဲ့ကြသော ကျန့်မင်နှင့် ဝန်လော့ရှာအတွက် အဆင်ပြေသော်လည်း ယဲ့ရှင်းမှာတော့ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းအကြောင်း ကြားသည့်အခါ အလွန်အမင်းအံ့သြပြီး မှင်တက်လျှက် ကြက်သေသေသွားသည်။
“တကယ်ကြီးလား...”
ပိုင်ကျစ်မင်မျက်ဝန်းများထဲတွင်တော့ မနာလိုစိတ်နှင့် လောဘစိတ်များ ဖုံးမနိုင်ဖိမရပေါ်လာသည်။
“ဒီကောင်လေးကတော့... ခုမှ သိုင်းသူတော်စင် ပထမအဆင့်ရောက်တာ အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဆိုရင် တော်ပြီပေါ့ ၊ အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းပိုင်ဆိုင်ရင်တောင် အတော်လေး ကံကောင်းနေပြီ ၊ အခုတော့ တကယ်ပဲ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတဲ့လား ၊ ဒါမှမဟုတ် ဒီလူတွေက ကောင်လေးကို ချောက်ချဖို့ ကြိုးစားနေတာလား”
ခန်းဖင်းဘေးတွင်ရှိနေသော ချီဝေက အေးစက်စွာဖြင့်...
“အဲဒီ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းက အရင်တုန်းက ‘နေဝန်းထက်ယံအရှင်သခင်’ ပိုင်ဆိုင်တဲ့ ထူးကဲယန်စည်းတံဆိပ်ပဲ”
‘နေဝန်းထက်ယံအရှင်သခင်’ ၊ ထူးကဲယန်စည်းတံဆိပ်...
ရုတ်တရက်...
လေဟုန်စီးကောင်းကင်ရွက်လှေကြီးတစ်ခုလုံး သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားလေ၏။