← Chapters

အံ့သြစရာအတွေ့အကြုံ

Vol. 49 Ch. 692

အံ့သြစရာအတွေ့အကြုံ

Vol. 49 Ch. 692

အခန်း (၆၉၂) အံ့သြစရာအတွေ့အကြုံ

ချီဝေ၏စကားက အဓိပ္ပါယ်မည်မျှနက်ရှိုင်းသည်ကို နားမလည်သောကြောင့် ပိုင်ကျစ်မင် အ‌တော်လေး ပဟေဠိ ဖြစ်သွားသည်။

သူက သိုင်းသူတော်စင် စတုတ္ထအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့် ရောက်ရှိသဖြင့် အောက်ဘုံကမ္ဘာမှ အထက်ဘုံကမ္ဘာသို့ တက်လာသူ ဖြစ်သည်။ သူ ယခင်က နေထိုင်ခဲ့ဖူးသော ကမ္ဘာတွင် ‘ထူးကဲယန်စည်းတံဆိပ်’ ဆိုသောနာမည်ကို ကြားဖူးခြင်း မရှိပေ။ ထို့ကြောင့် ထိုပစ္စည်းမည်မျှအရေးပါကြောင်း နားမလည်ပေ။

သို့သော် ကျန့်မင် ရုတ်တရက်မျက်နှာအမူအရာပြောင်းလဲသွားကြောင်း တွေ့မြင်သည်နှင့် ဤကိစ္စက သာမန်ကိစ္စမဟုတ်ကြောင်း သူ ခန့်မှန်းနိုင်သည်။ ကျန့်မင်သာမက ဝန်လော့ရှာနှင့် ယဲ့ရှင်းတို့သည်လည်း အံ့အားသင့်သွားကြပြီး ရန်ကျောက်ကဲကို ထိတ်လန့်တကြားဖြင့် လှမ်းကြည့်လိုက်ကြသည်။

အောက်ဘက်ချိုင့်ဝှမ်းတွင်ရှိနေသော ချန်ကျိလျန်မှာ ထိုစကားကိုကြားသည့်အခါ အလားတူပင် အံ့သြထိတ်လန့်သွားပြီး ကောင်းကင်ထက်မှရွက်လှေကြီးဆီသို့ လှမ်းကြည့်လိုက်မိ၏။

ကျန့်မင်၏မျက်နှာအမူအရာကိုကြည့်ရင်း ပိုင်ကျစ်မင် တိတ်တဆိတ်တွေးလိုက်သည်။

“စောစောက ကောင်းကင်စွမ်းအားအစီအရင်အကြောင်း ကြားသိရတုန်းကလိုမျိုး သူ့အမူအရာက တုန်လှုပ်နေတာပဲ”

အဘိုးအို သတိဝင်လာပြီး စောစောကလို မနာလို လောဘတက်ခြင်းများ မရှိတော့ဘဲ အလွန်အမင်းသတိထားခြင်းများက အစားထိုးဝင်ရောက်လာသည်။

ခန်းဖင်တို့အုပ်စုက ကောင်းကင်စွမ်းအားအစီအရင်ကို တည်ဆောက်ကြသူများဖြစ်သော်လည်း ရန်ကျောက်ကဲသည်လည်း လျှို့ဝှက်ချက်များစွာရှိလိမ့်မည်ဟု ပိုင်ကျစ်မင် အာရုံခံမိသည်။ သူသာ ဤလူငယ်ကိုရန်စမိလျှင် အဆုံးသတ်လှနိုင်မည် မဟုတ်ပေ။

ရန်ကျောက်ကဲက မျက်လုံးများမှေးစင်းရင်း...

“နေဝန်းထက်ယံအရှင်သခင်...”

သူ့စိတ်ထဲတွင် မြင်ကွင်းတစ်ခု ပေါ်လာသည်။

ဟိုစဉ်တစ်ချိန် အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ မြေကမ္ဘာနယ်မြေတွင် လက်သီးဝိညာဉ်တစ်ခုချန်ထားခဲ့ပြီး ငရဲကိုးထပ်အက်ကွဲကြောင်းကို ပြန်ချိတ်ပိတ်ခဲ့သောဖြစ်ရပ် ဖြစ်၏။ ထူးကဲယန်စည်းတံဆိပ်ကိုလည်း ထိုနေရာမှ သူ ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုလက်သီးသိုင်းဝိညာဉ်က လူငယ်တစ်ယောက်ပုံရိပ်အဖြစ် သိပ်သည်းနေပြီး ပုံရိပ်က ထင်သာမြင်သာ မရှိလှပေ။ ထိုလူငယ်က ထူးကဲယန်စည်းတံဆိပ်ကို ပြုလုပ်ခဲ့သော မူလပိုင်ရှင် ဖြစ်နိုင်သည်။

ထိုသူက ချီဝေပြောသည့် ‘နေဝန်းထက်ယံအရှင်သခင်’ ဖြစ်နေမည်လား။

ကြည့်ရသည်မှာ အထက်ဘုံကမ္ဘာတွင် ထိုသူအကြောင်း သိရှိသူ အများအပြားရှိဟန်တူသည်။  သူ့အပေါ်ကျရောက်လာသည့် ကျန့်မင် ၊ ဝန်လော့ရှာနှင့် ယဲ့ရှင်းတို့အကြည့်များကို ရန်ကျောက်ကဲ သတိပြုမိသည်။

သူက ခဏမျှစဉ်းစားပြီးနောက် ပြုံးလိုက်ရင်း...

“ငါ့မှာ ထူးကဲယန်စည်းတံဆိပ် ရှိတာမှန်ပါတယ် ၊ ဒါပေမဲ့ ‘နေဝန်းထက်ယံအရှင်သခင်’ ဆိုတာကိုတော့ တစ်ခါမှမကြားဖူးဘူး ၊ အဲဒါတော့ ငါ မသိတဲ့အပိုင်း ဖြစ်သွားပြီ”

ထိုစကားကြားတော့ ကျန့်မင်နှင့်အခြားသူများ၏မျက်နှာအမူအရာ ပိုမိုထူးဆန်းသွားသည်။

သူတို့အားလုံး အကြည့်ချင်းဖလှယ်လိုက်ကြပြီး  နောက်ဆုံး မနေနိုင်တော့ဘဲ ဝန်လော့ရှာက မေးမြန်းလိုက်၏။

“ဒါက... ‘ရန်’ သခင်လေး... ကြည့်ရတာ ရှင်က အထက်ဘုံကမ္ဘာက မဟုတ်ဘူးလား ၊ အောက်ဘုံကမ္ဘာတွေက ရောက်လာတာလား”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အဲဒီလိုပြောလို့ရပါတယ် ၊ ကံကြမ္မာဖန်တော့ ဒီအထက်ဘုံကမ္ဘာကို ရောက်လာတယ်လေ”

ဝန်လော့ရှာ ထပ်မံမေးမြန်းလိုသော်လည်း ကျန့်မင်၏ တည်ကြည်လေးနက်နေသောမျက်ဝန်းများကို ရင်ဆိုင်လိုက်ရသဖြင့် မမေးမြန်းတော့ဘဲ စကားလုံးများကိုမျိုချကာ စကားပြောခြင်းကို ရပ်တန့်လိုက်သည်။

ကျန့်မင်က ဖြည်းညင်းစွာဖြင့်...

“မိတ်ဆွေလေး’ရန်’ က ‘နေဝန်းထက်ယံအရှင်သခင်’ ဆိုတဲ့နာမည်ကို တစ်ခါမှ မကြားဖူးဘူးလား”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“ထူးကဲယန်စည်းတံဆိပ်ကိုသိတယ် ၊ နေမင်းကျမ်းဂန်အမွေအနှစ်ကိုလည်းသိတယ် ၊ ဒါပေမဲ့ ‘နေဝန်းထက်ယံအရှင်သခင်’ ဆိုတဲ့နာမည်ကို မကြားဖူးတာတော့ အမှန်ပါပဲ”

သူ၏ ပွင့်ပွင့်လင်းလင်းပုံစံကိုကြည့်ရင်း ကျန့်မင်မျက်ဝန်းများက ပို၍ပင် ထူးဆန်းသွားသည်။

“သူက နေမင်းကျမ်းဂန်အမွေအနှစ်ကိုတောင် သိနေပြီးတော့ နေဝန်းထက်ယံအရှင်သခင်ကိုတော့ မသိဘူးတဲ့”

ကျန့်မင် ပိုပြီးခေါင်းခြောက်သွား၏။

စောစောကပင် ရန်ကျောက်ကဲကို သူတို့ရှေ့မှာပင် သတ်ဖြတ်ရန် ကြံစည်ခဲ့သော ခန်းဖင်းကို လှမ်းကြည့်လိုက်သည်။  ထိုသူက ‘နေဝန်ထက်ယံအရှင်သခင်’ အကြောင်း သိရှိပါလျှက် အဘယ့်ကြောင့် ရန်ကျောက်ကဲကို သတ်ဖြတ်ရန် ကြိုးစားရပါသနည်း။

ထူးကဲယန်စည်းတံဆိပ်၏မူလပိုင်ရှင်နှင့် ရန်ကျောက်ကဲတို့ တိုက်ရိုက်ဆက်စပ်ခြင်းမရှိကြောင်း ခန်းဖင်း သိရှိလေသလား။

ဒါမှမဟုတ် ခန်းဖင်းနောက်တွင်ရှိနေသော ပုဂ္ဂိုလ်က နဂိုကပင် ‘နေဝန်းထက်ယံအရှင်သခင်’ ကို ဆန့်ကျင်ရန်ဘက်ပြုသူ ဖြစ်နေလေသလား။

ပထမအချက်ဆိုလျှင် ခန်းဖင်းက ရန်ကျောက်ကဲကို လက်စားချေလိုစိတ်သန့်သန့်ဖြင့် သတ်ဖြတ်လိုသည်မှာ ထင်ရှားသည်။ သို့သော် ဒုတိယအချက်ဆိုလျှင်တော့ အကြောင်းအရာများက သူတို့ထင်ထားသည်ထက် များစွာပိုမိုရှုတ်ထွေးပေမည်။

နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ က မည်သို့သောပုဂ္ဂိုလ်မျိုးလဲ။

သူက မဟာကပ်ဘေးကြီးတွင် အသက်ရှင်ကျန်ရစ်ခဲ့သော ဒဏ္ဍာရီဆန်သည့် အထင်ကရ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး အထက်ဘုံကမ္ဘာ လက်ရှိအခြေအနေထိရောက်အောင် သိုင်းကျင့်ကြံသူလောကကို တာအိုလမ်းစဉ်နှင့်အတူ တည်ထောင်ပေးခဲ့သော အထွတ်ထိပ်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကျော်ခန့်က သူ့ကို နောက်ဆုံးတွေ့မြင်ခဲ့ရပြီး သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း အနည်းဆုံး ခန်းဖင်းနဲ့တန်းတူရည်တူရှိသည်။ အကယ်၍ ယခုချိန်ထိ သက်ရှိထင်ရှားရှိနေဦးမည်ဆိုလျှင် ၊ ကြီးမားသော အတားအဆီးများလည်း မကြုံတွေ့ရလျှင် ထိုသူ၏တန်ခိုးစွမ်းအားက ပိုမိုမြင့်မားလာမည်မှာ အသေအချာပင်။

ခန်းဖင်းနောက်ကွယ်တွင်ရှိနေသည့် အထင်ကရ ပုဂ္ဂိုလ်သည်ပင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။

သို့တိုင် ခန်းဖင်းက ရန်ကျောက်ကဲကို သတ်ရန် ကြိုးစားနေဆဲ ဖြစ်သည်။  ခန်းဖင်းက တစ်ခဏတာဒေါသဖြင့် ထိုသို့ မဆီမလျော် စိတ်လိုက်မာန်ပါ ပြုမူတတ်သူမဟုတ်ကြောင်း ကျန့်မင် ခံစားမိသည်။

ဤကိစ္စများနောက်တွင်တွင် မည်သည့်အရာများရှိနေကြောင်း စဉ်းစားကြည့်ရုံဖြင့် ကျန့်မင် တုန်လှုပ်မိ၏။

ဟုတ်ပေ၏။ ခန်းဖင်းက သူ့ဘက်မှသာလွန်သောအင်အားကို ပြသရန်အတွက် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်သည်။

သို့ဖြစ်ရာ ကျန့်မင်၏စိတ်ထဲ ရန်ကျောက်ကဲနောက်ခံက ပို၍ပင် ဝေခွဲမရ ဖြစ်လာသည်။ ရန်ကျောက်ကဲက ကောင်းဟန်နှင့် လုံးဝပတ်သက်မှုမရှိဟု ကျန့်မင်က အပြည့်အဝ မယုံကြည်ပေ။

သို့သော် ရန်ကျောက်ကဲက သူ့တွင် ထူးကဲယန်စည်းတံဆိပ်ရှိကြောင်းနှင့် မဟာနေမင်းကျမ်းဂန်ကိုပင်သိရှိကြောင်း ဝန်ခံခဲ့ပြီး ထူးခြားသည်က ကောင်းဟန်ကို မသိရှိဟု ငြင်းဆိုနေခြင်း ဖြစ်သည်။

ဤသည်က အစီအရင်အလင်းမှုံများအောက်တွင် ကောင်းကင်စွမ်းအားအစီအရင်ကို တွေ့မြင်ရသကဲ့သို့ ဖြစ်၏။ ခန်းဖင်းတို့အုပ်စု အမှန်တရားကိုငြင်းဆန်ရန်ကြိုးစားသော်လည်း အဖြစ်နိုင်ပေ။

ထို့အတူပင် ရန်ကျောက်ကဲသည်လည်း ‘နေဝန်းထက်ယံအရှင်သခင်’ နှင့် ပတ်သက်မှုရှိနေကြောင်း ငြင်းဆန်ရန်ကြိုးစားသော်လည်း အဖြစ်နိုင်ဟု ဆိုရမည်။

“သူက အရင်တုန်းက ‘နေဝန်းထက်ယံအရှင်သခင်’ နဲ့တွေ့ဆုံခဲ့ပြီး ထူးကဲယန်စည်းတံဆိပ်နဲ့ မဟာနေမင်းကျမ်းဂန်အမွေအနှစ်ကို ရရှိခဲ့ပေမယ့် ‘နေဝန်းထက်ယံအရှင်သခင်’ က သူ့အကြောင်းကို ဒီကောင်လေးသိအောင် ပြောမပြခဲ့တာလည်း ဖြစ်နိုင်တယ်”

ကျန့်မင် စဉ်းစားနေသည့်တိုင် ထပ်မတွေးနိုင်တော့ပေ။

ဤအဆင့်ရှိ အထင်ကရပုဂ္ဂိုလ်များ၏အတွေးများကို ပေါ့ပေါ့တန်တန် မခန့်မှန်းခြင်းက သူ့အတွက် အကောင်းဆုံးဖြစ်သည်။ သူသိသမျှ ဆရာဖြစ်သူထံ သတင်းပို့ရန်ကလွဲပြီး ဘာမှမတတ်နိုင်ပေ။

သူသိသမျှကို ဆရာကြီးထံ သတင်းပို့ရုံမျှဖြင့် သူ့တာဝန်များကို သစ္စာရှိစွာ ပြီးမြောက်စေလိမ့်မည်။

ကျန့်မင်က ရန်ကျောက်ကဲကိုကြည့်ရင်း...

“မိတ်ဆွေလေး’ရန်’...”

ရန်ကျောက်ကဲက ပြုံးရင်း...

“ငါ အထက်ဘုံကမ္ဘာကိုရောက်လာတာက ကျူတောပင်လယ်ဒေသက ကွမ်းမင်ဂိုဏ်းကို လက်စားချေဖို့ ရောက်လာတာပါ”

ကျန့်မင် ပါးစပ်ဟလိုက်သော်လည်း ပြောမည့်စကားများကို ပြန်မျိုချလိုက်သည်။

ခန်းဖင်းတို့အုပ်စုက အရှောင်တောင်ထိပ်တန်းအရှင်သခင်နှင့် ပြဿနာဖြေရှင်းရပေလိမ့်မည်။အကြောင်းမှာ သူတို့အုပ်စုက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် ကောင်းကင်စွမ်းအားအစီအရင် တည်ဆောက်ခဲ့သောကြောင့် ဖြစ်၏။ အကယ်၍ ဤကိစ္စကြောင့် ပြဿနာတစ်စုံတစ်ရာ ရှိလာပါက အရှေ့တောင်ထိပ်တန်းအရှင်သခင် သေချာပေါက် ထိခိုက်မှု ရှိနိုင်သည်။

သို့သော် ရန်ကျောက်ကဲက‌တော့ ထူးကဲယန်စည်းတံဆိပ် မူလပိုင်ရှင်က တာဝန်များ ပေးအပ်ထားခြင်း ရှိ မရှိ မသိရသေးသလို ထိုကိစ္စသည်လည်း အရှေ့တောင်ထိပ်တန်းအရှင်သခင်နှင့် သက်ဆိုင်သည်ဟု အတိအကျ မဆိုနိုင်သေးပေ။

ရန်ကျောက်ကဲ၏ ပြဿနာက ကွမ်းမင်ဂိုဏ်းတစ်ခုတည်းဆိုလျှင် အရှေ့တောင်ထိပ်တန်းမျိုးနွယ်များက ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် အင်အားစုများက တစ်ဖွဲ့နှင့်တစ်ဖွဲ့ တခြိမ်းခြိမ်း တိုက်ခိုက်နေကြသည်ပဲ ဖြစ်သည်။ အချို့ဂိုဏ်းများဆိုလျှင် အမြစ်ပြတ်သုတ်သင်ခံရပြီး ပျောက်ပင်ပျောက်သွားကြ၏။  ကြီးကြီးမားမားပြဿနာကြီးမရှိပါက အရှေ့တောင်ထိပ်တန်းအရှင်သခင်က ထိုကိစ္စများကို အ‌ရေးစိုက်မည် မဟုတ်ပေ။

အကယ်၍ တစ်စုံတစ်ယောက်က ‘နေဝန်းထက်ယံအရှင်သခင်’ ၏ အကြံအစည်များကို နှောက်ယှက်မည်ဆိုပါက ထိုသူနှင့် နေဝန်းထက်ယံအရှင်သခင် ပွင့်ပွင့်လင်းလင်း ရန်ငြိုးဖွဲ့သည် ဆိုရပေမည်။ သို့သော် ‘နေဝန်းထက်ယံအရှင်’ က အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ကို လွှမ်းမိုးရန်ကြိုးစားမည်ဆိုလျှင်တော့ အရှေ့တောင် ထိပ်တန်းအရှင်သခင်အနေဖြင့် ဒီအတိုင်း လွှတ်ထား၍ မရပေ။

မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲက လက်ရှိတွင် ထိုသို့ပြုလုပ်မည့်လက္ခဏာများ မပြသသေးပေ။

ရန်ကျောက်ကဲနှင့် ကွမ်းမင်ဂိုဏ်းကြားတွင် အမှန်တကယ် ရန်ငြိုးဖွဲ့ထားခြင်း ရှိ၊ မရှိ အတိအကျသိရန်က လွယ်ကူလွန်းသည့်ကိစ္စပင်။

ကျန့်မင်က သက်ပြင်းချရင်း ခေါင်းခါယမ်းလိုက်သည်။

သူက...

“မိတ်ဆွေလေး’ရန်’ ... ငါတို့ ကျင်းထင်တောင်ကို ဧည့်သည်အနေနဲ့ အလည်အပတ်လိုက်ခဲ့ဖို့ ဆန္ဒရှိမလား”

ကျန့်မင်က အကြောင်းအရာများကို အတင်းအကျပ် ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်သော်လည်း အခြေအနေကို အတတ်နိုင်ဆုံး နားလည်ရန် မျှော်လင့်ထားဆဲဖြစ်ပြီး ဖြစ်ပျက်နေသည့်အရာများကို လုံးဝလျစ်လျူရှုထားမည် မဟုတ်ပေ။

ရန်ကျောက်ကဲက ပြုံးရင်း...

“လိုက်ချင်ပါတယ်ဗျာ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ကျူတောပင်လယ်ဒေသက ကိုယ်ရေးကိုယ်တာကိစ္စလေးတွေ ဖြေရှင်းပြီးမှ ကျင်းထင်တောင်ကို လာခဲ့ချင်ပါတယ် ၊ အရှေ့တောင် ထိပ်တန်းအရှင်သခင် ဘယ်လောက်နာမည်ကျော်ကြားသလဲ ဆိုတာ ကြားဖူးတာကြာပါပြီ ၊ သူ့ကိုတွေ့ဆုံခွင့်ရဖို့ အမြဲမျှော်လင့်နေတာပါ”

ရန်ကျောက်ကဲပြောသည့် ကိုယ်ရေးကိုယ်တာကိစ္စဆိုသည်မှာ ကွမ်းမင်ဂိုဏ်းနှင့် ရန်ငြိုးဖြေရှင်းရန်ဖြစ်ကြောင်း ကျန့်မင် သိရှိသည်။

သူက...

“ဂိုဏ်းတူညီလေး’ချန်’က ဆရာ’ခန်း’ ကို ငါတို့ဆရာနဲ့တွေ့ဆုံနိုင်ဖို့ လမ်းညွှန်ပေးလိမ့်မယ် ၊ ငါကတော့ တစ်ချို့ကိစ္စတွေစုံစမ်းဖို့ ကျူတောပင်လယ်ဒေသမှာ နေလိုက်ဦးမယ်”

သူ့စကားက အဓိပ္ပါယ်က ရန်ကျောက်ကဲကို မနှောက်ယှက်ဘူးဆိုသော အဓိပ္ပါယ် ဖြစ်သည်။

ဟုတ်ပေ၏။ သူ့အနေဖြင့် ရန်ကျောက်ကဲအား အရှေ့တောင်ထိပ်တန်းအရှင်သခင်နှင့်တွေ့ဆုံရန် ဖိအားပေးမည် မဟုတ်ပေ။ ထို့အတူ ရန်ကျောက်ကဲ ကွမ်းမင်ဂိုဏ်းအား လက်စားချေမည်ကိုလည်း တားဆီးမည်မဟုတ်သလို ကူညီမည်လည်း မဟုတ်ပေ။

ရန်ကျောက်ကဲက ပြုံးရင်း...

“ငါ့အတွက်တော့ မင်းတို့အုပ်စုနဲ့ ခရီးအတူတူထွက်ရတာက အံ့သြစရာအတွေ့အကြုံတစ်ခု ဖြစ်နေပါပြီ ၊ ဒီ ‘ရန်’ အားတောင်နာမိပါတယ်”

ဟုတ်ပေ၏။

အမှန်တကယ်ပင် အံ့သြစရာခရီးစဉ်တစ်ခု ဖြစ်ခဲ့ပေသည်။

ဤခရီးစဉ်က ရန်ကျောက်ကဲ ခန့်မှန်းထားသည်ထက်ပင် အမြတ်ထွက်ခဲ့သည် မဟုတ်ပါလား။

All Chapters