သမိုင်းထဲကလျှို့ဝှက်ချက်များ
Vol. 49 Ch. 694
အခန်း (၆၉၄) သမိုင်းထဲကလျှို့ဝှက်ချက်များ
ခန်းဖင်းက အပြင်ပိုင်းတွင် တည်ငြိမ်နေသော်လည်း ရင်ထဲမှ စိတ်ပျက်အားလျော့မှုများကတော့ ဇနီးဖြစ်သူ ‘ခန်း’ သခင်မ ၊ ချီဝေတို့ထက် လျော့နည်းခြင်း မရှိပေ။
သို့သော် အရာအားလုံးကို သည်းခံလျှက် ချန်ကျိလျန်နှင့်အတူ ကျူတောပင်လ်ဒေသမှ အရှေ့တောင်ထိပ်တန်းအရှင်သခင် တာအိုကျင့်ကြံရာ ကျင်းထင်တောင်သို့ ခရီးထွက်လာခဲ့သည်။
‘ခန်း’ သခင်မနှင့် ချီဝေတို့က ခန်ဖင်းနှင့် ချန်ကျိလျန် ထွက်ခွာသွားသည်ကို မှုံမှိုင်းသောမျက်နှာထားများဖြင့် ငေးကြည့်ရင်း ကျန်ရစ်ခဲ့ကြသည်။
ကောင်းကင်ထက်တွင် အကာအကွယ်အလင်းတန်းများဖြင့် လွှမ်းခြုံထားသည့် ကြီးမားသောရွက်လှေကြီးကို မော့ကြည့်မိပြန်တော့ သူတို့မျက်ဝန်းများ တည်ကြည်လေးနက်သွားသည်။
အကာအကွယ်အလင်းတန်းများကြားတွင် ရန်ကျောက်ကဲကို တွေ့မြင်ရခြင် မရှိပေ။ သို့သော် လေဟုန်စီးကောင်းကင်ရွက်လှေကြီးထက်မှ ထိုလူငယ်သည် သူတို့၏ အဓိကအကြံအစည်များကို ဖျက်ဆီးပစ်ခဲ့သည်မှာ သေချာလွန်းသည်။
အလင်းတန်းတစ်ချက်လင်းလက်သွားပြီး ကြီးမားသောရွက်လှေကြီး လှုပ်ရှားသွားကာ လေကိုထိုးခွင်းလျှက် အဝေးတစ်နေရာသို့ ချက်ချင်းရောက်ရှိသွား၏။
သို့သော် ချီဝေတို့အုပ်စုမှာ သက်ပြင်းချရုံသာ တတ်နိုင်သည်။
ခန်းကျင်းယွမ်က မကျေမနပ်ဖြင့်...
“အမေ... သူတို့အကုန်လုံးကိုဘာလို့ ရှင်းမပစ်ရတာလဲ ၊ သူတို့စီးနှင်လာတဲ့ လေဟုန်စီးကောင်းကင်ရွက်လှေက စွမ်းအားကြီးမားတယ်ဆိုပေမယ့် အဖေ့ကို မယှဉ်နိုင်ပါဘူး ၊ မြေပြင်အားသာချက်နဲ့ ဆရာဦးလေး’ချီဝေ’ ရဲ့ အစီအရင်ပညာ ပေါင်းစပ်လိုက်ရင် သူတို့ကို အနိုင်ရမှာပဲမဟုတ်လား”
ချီဝေ တိတ်ဆိတ်ငြိမ်သက်နေသော်လည်း မျက်နှာအမူအရာကတော့ အလွန်အမင်း ရုပ်ဆိုးနေသည်။
‘ခန်း’ သခင်မက ခေါင်းညိတ်ရင်း...
“သူတို့က ငါတို့ကိုမယှဉ်နိုင်တာ မှန်ပါတယ် ၊ ဒါပေမဲ့ လေဟုန်စီးကောင်းကင်ရွက်လှေရှိနေတဲ့အတွက် သူတို့ ထွက်ပြေးလွတ်မြောက်သွားမှာ အမှန်ပဲ”
သူမက ဆက်ပြောသည်။
“ဒီတော့ သူတို့ကို နှုတ်ပိတ်သတ်ဖြတ်တာ အောင်မြင်ရင် ကောင်းတဲ့ကိစ္စပဲ ၊ မအောင်မြင်ခဲ့လို့ သတင်းပေါက်ကြားသွားရင် အရှေ့တောင်ထိပ်တန်းအရှင်သခင်နဲ့ နောက်ပြန်မဆုတ်နိုင်တဲ့ ရန်ငြိုးတွေ ချည်နှောင်မိလိမ့်မယ်”
ခန်းကျင်းယွမ်က...
“သူတို့က အရှေ့တောင်ထိပ်တန်းမျိုးနွယ်တွေပဲ ၊ အရှေ့တောင်ထိပ်တန်းအရှင်သခင်ကိုယ်တိုင်မှ မဟုတ်တာ ၊ သတ်လိုက်တော့ ဘာဖြစ်လဲ ၊ အရှေ့တောင်ထိပ်တန်းအရှင်သခင်က ဒီကိစ္စနောက်လိုက်ပြီး စုံစမ်းမယ်ဆိုရင်လည်း ကျွန်တော်တို့နောက်မှာ ဧကရာဇ်မင်းရှိတာပဲမဟုတ်လား ၊ ဘာကြောက်စရာလိုလဲ”
‘ခန်း’ သခင်မက ကောင်းကင်ထက်သို့ မော့ကြည့်ရင်း သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။
“အဲဒီလောက် မရိုးရှင်းဘူး”
သူတို့အုပ်စုအား ပံ့ပိုးပေးနေသည့် ကျောထောက်နောက်ခံ ပုဂ္ဂိုလ်တစ်ယောက်ရှိသော်လည်း ကျူတောပင်လယ်ဒေသတွင် ကောင်းကင်စွမ်းအားအစီအရင် တည်ဆောက်နေခြင်းက လျှို့ဝှက်ကိစ္စတစ်ခု ဖြစ်သည်။ ယခု သူတို့အကြောင်းမွှေနှောက်ခံရပြီး အစီအရင်ကိစ္စပေါ်သွားပြီဖြစ်ရာ သူတို့လုပ်ဆောင်ချက်များ မလွဲမသွေ ပျက်ဆီးသွားပြီဟု ဆိုနိုင်သည်။
လက်ရှိတွင် အရှေ့တောင်ထိပ်တန်းအရှင်သခင်၏သဘောထား မည်သို့ရှိမည်ကို တွက်ချက်ရသလို သူတို့အား ကျောထောက်နောက်ခံပေးထားသူကိုလည်း ရှင်းပြရန်ခက်လှ၏။
သူတို့ကို ကျောထောက်နောက်ခံပြုထားသူက အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို မကြောက်သည်မှာ သေချာသည်။
သို့သော် ထိုသူနှင့် အရှေ့တောင်ထိပ်တန်းအရှင်သခင်ကြား ကြီးမားသော ပဋိပက္ခတစ်ခု ဖြစ်ပေါ်ခဲ့ပါက တာဝန်ပြီးမြောက်အောင် မထမ်းဆောင်နိုင်ဘဲ ကျရှုံးခဲ့ရသော ခန်းဖင်းတို့အုပ်စုသည်လည်း သေချာပေါက် အဆုံးသတ်လှမည် မဟုတ်ပေ။
ထို့ကြောင့် ခန်းဖင်းအနေဖြင့် ဤပြဿနာ တတ်နိုင်သမျှ သက်သာစေရန် ကျင်းထင်တောင်သို့ သွားရောက်ရန်မှတပါး ရွေးချယ်စရာ မရှိပေ။ သူ ခရီးထွက်လိုက်ခြင်းက သူတို့အတွက် အခြေအနေများ ပြောင်းပြန်ဖြစ်ကောင်း ဖြစ်သွားနိုင်သည်။
ဤအချက်ကို ချီဝေရော ‘ခန်း’ သခင်မပါ နားလည်ကြသည်။ ထို့ကြောင့် သူတို့ မလုပ်ချင်ကြသည့်တိုင် သည်းခံကြရပေလိမ့်မည်။
‘ခန်း’ သခင်မက ချီဝေကိုကြည့်ရင်း...
“ဂိုဏ်းတူအစ်ကို’ချီ’ ၊ ဒီနေရာက လက်ကျန်ကိစ္စတွေအားလုံး ရှင့်လက်ထဲပဲ အပ်ခဲ့တော့မယ် ၊ ကျွန်မက ဧကရာဇ်ရွှမ်မုနဲ့ သွားတွေ့ရမယ်”
သူမက ဆက်ပြောသည်။
“ကျွန်မတို့ အဆက်အနွယ် (၂)ခုအတွက်က ပြဿနာမရှိပေမယ့် ဧကရာဇ်ရွှမ်မုအတွက်တော့ ကျူတောပင်လယ်ဒေသမှ ခေါင်းငုံ့ပြီးတိတ်တိတ်လေးနေဖို့ဆိုတာ ခက်ခဲမှာပဲ”
အတိတ်တစ်ချိန်က ဧကရာဇ် ရွှမ်ဝမ် ၊ ရှန်လင်ကျီနှင့် တာအိုဆရာ’ရှီ’ တို့ဦးဆောင်ပြီး တပည့်တပန်များစွာဖြင့် ကျူတောပင်လယ်ဒေသသို့ရောက်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော ဤနေရာတွင် ဒဏ္ဍာရီထဲမှ မြေကမ္ဘာဘုရင်မ တည်နေရာနှင့်ပတ်သက်ပြီး သဲလွန်စ တွေ့ရှိသောကြောင့် ဖြစ်၏။
ကျူတောပင်လယ်ဒေသက ထူးခြားသည့် မြေပြင်အနေအထားပိုင်ဆိုင်ပြီး ဤချိုင့်ဝှမ်းထဲတွင် ကောင်းကင်စွမ်းအားအစီအရင်တည်ဆောက်ရသည်က ပိုမိုထိရောက်မှုရှိသည်။
ရှန်လင်ကျီနှင့် တာအိုဆရာ’ရှီ’ တို့၏သားစဉ်မြေးဆက်များက နောက်ကွယ်အမှောင်ရိပ်ထဲတွင် လှုပ်ရှားနေကြစဉ် ဧကရာဇ်ရွှမ်ဝမ်၏ မျိုးဆက်များကတော့ အပြင်ပိုင်းအရေးကိစ္စများအားလုံးကို လုပ်ဆောင်သည်။
နှစ်ပေါင်းများစွာ ဖြတ်ကျော်ခဲ့ပြီးနောက် တာ့ရွှမ်တိုင်းပြည်က ကျူတောပင်လယ်ဒေသကို အုပ်ချုပ်သိမ်းပိုက်နိုင်ခဲ့သည်။
ချီဝေက အေးစက်စွာဖြင့်...
“သူ့အတွက်ခက်ခဲတော့ရော ဘာဖြစ်သေးလဲ ၊ ဧကရာဇ်ရွှမ်ဝမ်နဲ့ ဧကရာဇ်ရွှမ်ချန်တို့ ဒီနေရာမှာ ရှိတော့တာမှ မဟုတ်တာ ၊ မတည်မငြိမ်ဖြစ်နေတဲ့ နယ်မြေကို ထိန်းချုပ်နိုင်ဖို့ ငါတို့က ကူညီပေးနေတာပဲ သူ့ရဲ့ ဘိုးဘေးတွေကို ကျေးဇူးတင်နေရမှာ”
‘ခန်း’ သခင်မက...
“ကျွန်မတို့ဘက်က တိုက်ပွဲရပ်လိုက်ရင် တာ့ရွှမ်တိုင်းပြည်ကို ပုန်ကန်နေတဲ့အင်အားစုတွေဘက်ကလည်း တန်ပြန်တိုက်ခိုက်ရဲမှာ မဟုတ်သေးဘူး ၊ အရှေ့တောင်ထိပ်တန်းအရှင်သခင်က ဘယ်လိုစဉ်းစားမလဲ ဘယ်သူမှ မသိနိုင်ဘူးလေ”
သူမက ဆက်ပြောသည်။
“ကျွန်မတို့စွမ်းအားကို လူတိုင်းသိပါတယ် ၊ တကယ်လို့ သူတို့ထဲကတစ်ဖွဲ့က ကျွန်တို့ကို တန်ပြန်တိုက်ခိုက်မယ်ဆိုရင် သူတို့အင်အားဘယ်လောက်ရှိလဲ အရင်ဆုံး အကဲဖြတ်သင့်တယ်”
ချီဝေက...
“သူတို့ဘက်ကလည်း ကျင်းထင်တောင်က သတင်းတွေကို စောင့်ကြည့်နေမယ်ထင်တယ်”
“သူတို့က ရွှေရင်ပြင်တောင်တန်းက သတင်းတွေကို စောင့်ကြည့်နေကြတာ ဖြစ်နိုင်တယ်။”
‘ခန်း’ သခင်မက ခဏမျှ စဉ်းစားရင်း...
“ဒီတော့ သူတို့အတွက် လုပ်ဇာတ်လေးတစ်ခုလောက် ဇာတ်လမ်းဆင်ပေးလိုက်ကြတာပေါ့”
***
လေဟုန်စီးကောင်းကင်ရွက်လှေကြီးထက်တွင် ရန်ကျောက်ကဲတို့ (၃)ယောက်က ကျန့်မင်တို့အုပ်စုနှင့်အတူ လိုက်ပါသွားသည်။
ရန်ကျောက်ကဲက သူတို့ရွက်လှေကြီးနှင့် ဆက်လက်လိုက်ပါလာခြင်းကို ကျန့်မင်က စိတ်ထဲမထားပေ။ သူကလည်း လုပ်စရာမရှိလေရာ ပိုင်ကျစ်မင်ကဲ့သို့ပင် ရွက်လှေထက် အနားယူနေရုံသာ ရှိသည်။
သို့သော် ဤသည်က ရန်ကျောက်ကဲ ဖြစ်ချင်သည့်အရာ မဟုတ်ပေ။
သူ၏ ခြယ်လှယ်မှုအောက်တွင် ကျူတောပင်လယ်ဒေသ ပြောင်းလဲသွားခဲ့သည်။ ထိုသို့သောအခြေအနေအောက်တွင် တစ်ခုပြီးတစ်ခု အမြတ်ထုတ်နိုင်ရန် ဆက်လက်ကြိုးစားဖို့ လိုအပ်သည် မဟုတ်လား။
ထို့ကြောင့် ရွက်လှေထက်မှမဆင်းမီ ရန်ကျောက်ကဲက ကျန့်မင် ၊ ဝန်လော့ရှာနှင့် အခြားသူများထံမှ အသုံးဝင်သော သတင်းအချက်အလက်များရယူနိုင်ရန် မေးခွန်းများစွာ မေးမြန်းခဲ့သည်။
ယခင်တစ်ချိန် ယိုးမင်ဂိုဏ်းခွဲတွင် နေထိုင်စဉ်က ယိုးမင်ဂိုဏ်းမှလူများနှင့် စကားစမြည်ပြောရင်း ထိုခံစားချက်ကို ယောင်ဝါးဝါး ခံစားခဲ့ရသည်။
မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက် အချိန်ကြာလာသည်နှင့်အမျှ ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာမှ ရှည်လျားသောသမိုင်းကြောင်းထဲတွင် ပြောင်းလဲမှုနှင့် လွဲမှားမှုများ ဖြစ်ပေါ်လာသည်။ လက်ရှိအချိန်တွင် သမိုင်းနှင့်ပတ်သက်သည့်ဗဟုသုတများ တဖြည်းဖြည်း ဖုံးကွယ်သွားပြီး သိရှိသူ အလွန်နည်းပါးသည်။
ယိုးမင်ဂိုဏ်းသည် မြောက်ပင်လယ်ဓားခန်းမနှင့် ကြေးနီကျွန်းတို့ထက် ရှည်လျားသော သမိုင်းကြောင်းရှိခဲ့ပြီး သမိုင်းအချက်အလက်များစွာကို သိရှိနိုင်ပြီး အသိပညာလည်း ပိုမိုကြွယ်ဝသည်။
သို့သော် အထက်ဘုံကမ္ဘာနှင့်ပတ်သက်ပြီး ယိုးမင်ဂိုဏ်းမှတစ်ဆင့် ရန်ကျောက်ကဲ သိရှိရသည်များမှာ လက်ရှိခေတ်နှင့် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်က အကြောင်းအရာများသာလျှင် ဖြစ်သည်။ ထို့ထက်ပိုပြီး နောက်ကြောင်းပြန်သွားလျှင်တော့ မှန်ကန်သည့်အချက်အလက်များ မသိရှိရတော့ဘဲ မရေမရာဖြစ်လာ၏။
ယိုးမင်ဂိုဏ်းနှင့် နှိုင်းယှဉ်ပါက ကျန့်မင်တို့အုပ်စုက သာလွန်နိုင်သည်။ သူတို့က အရှေ့တောင်ထိပ်တန်းမျိုးနွယ်များဖြစ်ပြီး ခန်းဖင်းတို့အုပ်စု၏ ကျောထောက်နောက်ခံကဲ့သို့ပင် သာမန်မဟုတ်ကြပေ။
ရန်ကျောက်ကဲက ရွက်လှေထက်တွင်နေထိုင်ရင်း အချိန်နှင့်အမျှ သတင်းအချက်အလက်များ စုံစမ်းနေသည်။
ယိုးမင်ဂိုဏ်းနှင့် ကွမ်းမင်ဂိုဏ်း နှစ်ခုလုံးက တစ်ချိန်တုန်းက ယိုးမင်ဂမ္ဘီရဂိုဏ်းအဖြစ် တစ်ဂိုဏ်းတည်း တည်ရှိခဲ့သည်။ သို့သော် ယိုးမင်ဂမ္ဘီရဂိုဏ်းမှ အကြီးအကဲများ သဘောထားကွဲလွဲပြီး အထွတ်ထိပ်ပညာရှင် အများအပြားလည်း ပျောက်ကွယ်သွားကာ သမိုင်းမှတ်တမ်းအများအပြားလည်း ပျောက်ဆုံးသွားခဲ့သည်။
“နေဝန်ထက်ယံအရှင်သခင်’ကောင်းဟန်’ က မဟာကပ်ဘေးကြီးမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူတစ်ယောက်လို့ ဆိုကြတယ်”
ဝန်လော့ရှာသည် စကားပြောရင်း ရန်ကျောက်ကဲကို ထူးဆန်းစွာကြည့်နေမိသည်။ အနှီလူငယ်က ထူးကဲယန်စည်းတံဆိပ်၏မူလဇာစ်မြစ်ကို မသိရှိခြင်းအတွက် မယုံကြည်နိုင်လည်း ဖြစ်နေ၏။
ရန်ကျောက်ကဲက ‘နေဝန်းထက်ယံအရှင်သခင်’ တပည့်ရင်း သို့မဟုတ် သွယ်ဝိုက်ပတ်သက်သော တပည့်တစ်ယောက်ဖြစ်ပါက အသက်ငယ်ငယ်ဖြင့် ဤမျှကျင့်ကြံခြင်းအဆင့်မြင့်မားသည်ကို သူမ လက်ခံနိုင်မည် ဖြစ်သည်။
“မဟာကပ်ဘေးကြီးပြီးတဲ့နောက် ‘နေဝန်းထက်ယံအရှင်’ နဲ့ တခြား ထိပ်တန်းအဆင့်ပုဂ္ဂိုလ်တွေက ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာကို တည်ထောင်ခဲ့ကြတယ် ၊ အခု ကျွန်မတို့နေထိုင်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ကို ဖန်တီးပေးပြီး တာအိုဝါဒကို ပြန်လည်အားဖြည့်ပေးခဲ့တယ် ၊ ခွန်လွန်တောင်ကိုလည်း ပြန်လည်တည်ထောင်ခဲ့တယ်”
ဝန်လော့ရှာက ဆက်ပြောသည်။
“အဲဒီထိပ်တန်းပုဂ္ဂိုလ်တွေအားလုံးကို “မဟာကပ်ဘေးမတိုင်ခင်က ခွန်လွန်အထင်ကရ (၉) ပါး” လို့ လူသိများတယ် ၊ ဒါပေမဲ့ မဟာကပ်ဘေးကြီးအရှိန်ကြောင့် ဒီကမ္ဘာပတ်ဝန်းကျင်က မတည်မငြိမ်ဖြစ်ပြီး အန္တရယ်လည်းအရမ်းများခဲ့တယ် ၊ အဲဒီအန္တရယ်တွေကို ချေမှုန်းဖို့အတွက် ခွန်လွန်အထင်ကရ (၉)ပါးထဲက တစ်ချို့လည်း အသက်ဆုံးပါးခဲ့ရတယ် ၊ နောက်ပိုင်းမှာတော့ ‘နေဝန်းထက်ယံအရှင်သခင်’ လိုမျိုး ပျောက်ဆုံးသွားတဲ့လူတွေလည်းရှိခဲ့ပြီး သူတို့ ဘယ်ရောက်သွားလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး”
သူမ၏စကားကြောင့် ရန်ကျောက်ကဲ အလွန်စိတ်လှုပ်ရှားနေသည်ကိုကြည့်ရင်း ဝန်လော့ရှာ စိတ်မသက်မသာ ခံစားလာရသည်။
ရန်ကျောက်ကဲကတော့ ဝန်လော့ရှာ၏ ထူးဆန်းသောမျက်ဝန်းများကို လျစ်လျူရှုထားပြီး သူ့ခေါင်းထဲ အတွေးပေါင်းများစွာ ဖြတ်သန်းလှည့်ပတ်နေ၏။
ဝန်လော့ရှာပြောပြသောဇာတ်လမ်းကိုနားထောင်ရင်း ရန်ကျောက်ကဲက သူပိုင်ဆိုင်ထားသော အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း၏ မူလပိုင်ရှင်အကြောင်း တဖြည်းဖြည်း နားလည်လာခဲ့သည်။
ဤ ‘နေဝန်းထက်ယံအရှင်သခင်’ ဆိုသူသည် မဟာကပ်ဘေးအလွန်ကာလတွင် အဓိကကျသောပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်မှာ ထင်ရှား၏။
လောလောဆယ်မှာတော့ သူ ဘယ်နေရာရောက်နေမှန်း မသိရပေ။ သက်ရှိထင်ရှားရှိနေပါက သူ၏တန်ခိုးစွမ်းအားကို လိုသလိုအသုံးချပြီး ဤအထက်ဘုံကမ္ဘာကိုပင် ကျော်လွန်သည့်အဆင့်သို့ ရောက်ရှိနေမည်မှာ သေချာသည်။
သို့သော် အတိတ်တစ်ချိန်က ခွန်လွန်အထင်ကရ (၉)ပါး၏ အခြေအနေကိုကြည့်ရုံဖြင့် ဤ ‘နေဝန်းထက်ယံအရှင်သခင်’သည်လည်း မည်သို့သောအဆုံးသတ်ရှိမည်ကို အခြေခံအားဖြင့် ခန့်မှန်းနိုင်သည်။
စနေဂြိုဟ်ကိုပိုင်စိုးသော “မြေကမ္ဘာထက်ယံအရှင်သခင်” က လက်ရှိ ဧကရာဇ် (၃)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော “တိဟွမ်မြေကမ္ဘာဧကရာဇ်” ဖြစ်သည်။
ခဲ့ထူကြယ်ကိုပိုင်စိုးသော “လျှို့ဝှက်ခြင်းအရှင်သခင်” က တိဟွမ်ဧကရာဇ်နှင့်အဆင့်တူညီသော “ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်” ဖြစ်သည်။
ရန်ကျောက်ကဲ နှုတ်ခမ်းများကို ပွတ်သပ်လိုက်သည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် အတိတ်တစ်ချိန်က “ခွန်လွန်အထင်ကရ (၉)ပါး” သည် နှယ်နှယ်ရရများ မဟုတ်ကြပေ။
မဟာကပ်ဘေးကြီးအလွန်ကာလတွင် သူတို့သည် မည်သူမှ လက်မလွှတ်နိုင်သော အခန်းကဏ္ဍမှပါဝင်ခဲ့ပြီး မမေ့ထိုက် မမေ့အပ်သော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။
သို့သော် မဟာကပ်ဘေးကြီး ပြီးဆုံးခဲ့သော အစောပိုင်းနှစ်များ ကုန်ဆုံးပြီးသည့်နောက် အဘယ့်ကြောင့် တဖြည်းဖြည်း တိမ်မြုပ်ပျောက်ကွယ်သွားရပါသနည်း။
ထိုသို့ဖြစ်စေရန် တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခဲ့ခြင်းလား။
ထိုသို့ဆိုလျှင် ထိုသူက မည်သူဖြစ်နိုင်ပါသနည်း။
ပြီးတော့...
အဘယ့်ကြောင့် ထိုသို့ ပြုလုပ်ရပါသနည်း။