အတိတ်ကို ပြန်တမ်းတရာဝယ်
Vol. 112 Ch. 1560
မန်ဟို၊ ရှုချင်၊ ဖက်တီး၊ ဝမ်ယိုချိုင်နှင့် တုံးဟူတို့အားလုံး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရယ်မိကြတော့သည်။
“အခု ငါ တွေးကြည့်တော့မှ” ဖက်တီးက တဟားဟားရယ်လျက် ဆက်ပြောသည်။ “တော်တော်လေး ရယ်စရာကောင်းတာပဲကွ။ အဲဒီနှစ်တုန်းက တာ့ချင်းတောင်ပေါ်မှာ တိုက်တိုက်ဆိုင်ဆိုင် ငါတို့လေးယောက်လုံး ရောက်နေခဲ့တာ၊ ငါရယ်၊ ကျားလေးရယ်၊ ဝမ်ယိုချိုင်ရယ်၊ မန်ဟိုရယ် အစ်မရှုရဲ့ ပြန်ပေးဆွဲတာ ခံခဲ့ရတာပဲ” ဖက်တီးသည် ရယ်ရလွန်း၍ မျက်လုံးများပင် ထွက်နေ၏။ နောက်ဆုံးတော့ သူက မျက်နှာပိုးသတ်ကာ ဆက်ပြောသည်။ “အဲဒီတုန်းက အစ်မရှု တော်တော်ရက်စက်လွန်းတယ်ဗျာ။ ကျုပ်တို့ကို ဘာမပြောညာမပြော ဆွဲခေါ်သွားတာ။ အစ်မသိလား ကျုပ်အဖေက ကျုပ်ကို မိန်းမပေးစားဖို့ ပြင်နေတာ၊ ဒါပေမဲ့ မိန်းမမျက်နှာလေးတောင် မမြင်ရသေးဘူး အစ်မရှုက ကျုပ်ကို ပြန်ပေးဆွဲခဲ့တယ်လေ” ဖက်တီးသည် အရက်ပုလင်းကို နှုတ်ခမ်းနားတေ့ကာ တစ်ကျိုက်မော့လိုက်၏။
ရှုချင်က ပါးလေးနှစ်ဖက် နီမြန်းနေလျက် အစ်မတစ်ယောက်သဖွယ် ဖက်တီးအား ကြည့်ကာ ပြောလေသည်။ “ငါ နင့်ကို ဆွဲခေါ်လိုက်တုန်းက နင် ဘောင်းဘီထဲ သေးပေါက်ချတာ မေ့သွားပြီလား”
ဖက်တီး၏မျက်လုံးများ ပြူးကျယ်သွားပြီး သူက စပ်ဖြဲဖြဲရယ်ကာ အရှုံးပေးသကဲ့သို့ လက်မြှောက်လိုက်သည်။
မန်ဟိုမှာ တဟားဟားထရယ်မိပြီး ရှုချင်မှာတော့ ရှက်နေပုံရသည်။ ထိုနှစ်တုန်းက တာ့ချင်းတောင်ပေါ်ရှိ အဖြစ်အပျက်များကို ပြန်တွေးကြည့်လျှင် အကုန်လုံး တစ်နည်းနည်းဖြင့် ဆက်စပ်နေပုံပေါ်လေသည်။ နှစ်ထောင်ပေါင်းများစွာကြာသော် ယခု ဤနေရာတွင် သူတို့အဖွဲ့ပင် အတူတူထိုင်လျက် စကားလက်ဆုံကြနေသည်။
ရှုချင်မှာ ငိုင်တွေတွေလေးဖြစ်နေသည်။ ဂိုဏ်း၏တာဝန်တစ်ခုကြောင့် လမ်းမှာတွေ့၍ သူမ ဖမ်းလာခဲ့သော ကောင်လေးလေးယောက်လုံးက ယခုလိုထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်လာလိမ့်မည်ဟု မည်သူထင်ထားခဲ့မည်နည်း။
မှန်သည်၊ ထိုလေးယောက်အနက်မှ နောက်ဆုံးတစ်ယောက်ကတော့ ....
ချောက်ကမ်းပါး၏အစွန်းတွင် ဖင်ဘူးထောင်ထောင်၍ နွယ်ကြိုးချပေးရင်း အင်မော်တယ်များအား ဟာသလုပ်နေသော ထိုစာပေသမားပေါက်စလေး၏ပုံစံအား သူမ ဘယ်တော့မှ မေ့ရမည်မဟုတ်ပေ။
ထိုစဉ်တုန်းက တစ်နေ့ကျလျှင် သူမ ထိုစာပေသမားလေးနှင့် လက်ထပ်ရလိမ့်မည်ဟု တစ်ယောက်ယောက် ပြောခဲ့လျှင်တောင်မှ သူမ ယုံကြည်မိမည်မဟုတ်ပေ။
တုန်းဟူမျက်နှာပေါ်တွင် စပ်တိစပ်ဖြဲအမူအရာပေါ်လာပြီး သူ တစ်ခုခုပြောတော့မည့်အချိန်မှာပဲ ရှုချင်က သူ့အား မျက်စောင်းလှမ်းထိုးလိုက်သည်။
“တုန်းဟူ ငါ မှတ်မိရသလောက် မင်းက ငါနဲ့အတူ စိတ်ပါလက်ပါ လိုက်ခဲ့တာမဟုတ်လား။ မင်းကို သကြားလုံးလေးကျွေးလိုက်တာနဲ့ နောက်က လိုက်လာတော့တာပဲ” ဖက်တီးပါးစပ်မှ အရက်နံတထောင်းထောင်း ထွက်နေသည်။ တုန်းဟူမှာတော့ အတန်ငယ်ရှုက်သွားပုံရသည်။ သူ တတ်နိုင်သမျှမှာ ခပ်ယဲ့ယဲ့ပြုံး၍ ဖက်တီးလုပ်ခဲ့သလို လက်မြှောက်အရှုံးပေးလိုက်ရုံသာ။
ဤအချိန်တွင် တင်းမာခက်ထန်နေသည့် ဝမ်ယိုချိုင်၏အမူအရာပင် ပျော့ပျောင်းသွားခဲ့သည်။ သူက အရက်အိုးကို မြှောက်လျက် မန်ဟို့ဘက်လှည့်ကာ ပြောသည်။ “မန်ဟို ငါ ဘာကြောင့် မင်းကို ငါ့ညီအစ်ကိုအဖြစ် သတ်မှတ်ထားခဲ့လဲ သိလား
“ဘာကြောင့်လဲဆိုတော့ ငါ ငါ့အဖေဆီ ပြန်သွားနိုင်ခဲ့တုန်းက သူက မင်း သူ့ဆီ တစ်ခါလာတွေ့ဖူးတယ်လို့ ပြောခဲ့တယ်။ ငါ ကျင့်ကြံအားထုတ်နေတဲ့အကြောင်း မင်း ပြောခဲ့လို့... အဲဒီအဘိုးကြီး ငါ မသေတာသိသွားပြီး စိတ်အေးသွားတာပေါ့ကွာ” ဝမ်ယိုချိုင်သည် တစ်ကျိုက်မော့ပြီးနောက် ရှုချင်ဘက် လှည့်လိုက်၏။ သူ့မျက်လုံးများက အမြင်ကွယ်နေသော်လည်း သူ့ရင်တွင်းထဲရှိ မျက်ဝန်းများက သူ၏ခံစားချက်များကို သူ့မျက်နှာထက်၌ အတိုင်းသားပေါ်လွင်နေစေသည်။ “အစ်မရှု၊ ကျုပ်အကြောင်းကို ပြောပြနေစရာမလိုပါဘူး။ ကျုပ် ပြောပြလိုက်မယ်။ အဲဒီတုန်းက အစ်မရှု လေပေါ်မှာပျံနေတာကို ငါ မြင်တော့ အစ်မရှုရဲ့တပည့်ဖြစ်ချင်ပါတယ်လို့ အော်ပြောခဲ့တာ။ အဲဒီလိုနဲ့ အစ်မရှု ငါ့ကို ခေါ်သွားတော့တာပဲ”
ထို့နောက် ဝမ်ယိုချိုင်က ချောင်းဟန့်လိုက်သည်။
သူငယ်ချင်းသုံးယောက်၏ဇာတ်လမ်းကို နားထောင်ပြီးနောက် မန်ဟိုမှာ ဗိုက်နာလာသည့်တိုင်အောင် တဟားဟားရယ်မိတော့သည်။ ထိုဇာတ်လမ်းများကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်လေသည်။ မှန်သည်၊ အတိတ်တုန်းက သူတို့တစ်ယောက်မှ ဤကဲ့သို့ပေါ့ပေါ့ပါးပါး အမှန်အတိုင်းပြောခဲ့ကြမည်မဟုတ်ပေ။
ထို့နောက် မန်ဟိုသည် ကျောက်ကမ်းပါးအောက်ရှိ ဂူထဲမှ သူတို့မည်ကဲ့သို့ အကူအညီတောင်းခဲ့ကြပုံ၊ သူတို့ကို ကူညီဖို့ နွယ်ကြိုးအား သူ မည်ကဲ့သို့ ချပေးခဲ့ပုံတို့ကို ပြန်တွေးမိကာ ပြုံးလိုက်မိသည်။
“ငါ မင်းတို့အားလုံးကို ကယ်ဖို့ ကြိုးစားပေးခဲ့တာကို ကျေးဇူးတင်သင့်တယ်နော်....” သူက ပြောသည်။
ဖက်တီးက တဟဲဟဲရယ်သည်။ “မင်း သိလား။ မင်းက ငါတို့အားလုံးထဲမှာ ဉာဏ်အကောင်းဆုံးကွ။ ငါတို့ကို ကယ်ဖို့ လာခဲ့သလို၊ မင်းလည်း ပြုတ်ကျခဲ့တယ်လေ.... အစ်မရှု အဲဒီတုန်းက ပြောခဲ့တာကို ငါ မှတ်မိပါသေးတယ်။ အို ဘာတဲ့ .. ပင်ကိုယ်ပါရမီရှိပြီး မင်း ကံကောင်းသွားပြီဆိုလား” ဖက်တီးသည် ထိုစဉ်တုန်းက ရှုချင်၏လေသံကိုပင် တုပပြလိုက်ရာ အားလုံး တဟားဟား ရယ်မိကြပြန်သည်။
“အမိုက်ဆုံးကတော့ မင်း မှီခိုရာဂိုဏ်းထဲ ဝင်ပြီးတော့ အတွင်းစည်းထဲအထိ တစ်နည်းနည်းနဲ့ တိုးသွားနိုင်ခဲ့တာပဲ။ မင်းကလေ အညစ်ပတ်ဆုံးနည်းလမ်းတွေကို သုံးဖို့တောင် မရှက်တတ်ဘူး။ ဝမ်တန်ဖေးကိုတောင် တစ်ပတ်ရိုက်လိုက်သေးတာ။ ဟုတ်သား တိုက်ခိုက်ရေးကွင်းထဲမှာ ဆေးလိုက်ရောင်းတာ မှတ်မိသေးလား ဟားဟား။ ငါလည်း ပါတယ်။ ဒါပေမဲ့ အလေးစားစရာအကောင်းဆုံးကတော့ ... အစ်မရှုကို အပိုင်သိမ်းနိုင်ခဲ့တာပဲ”
ဖက်တီး၏ ပေါ်တင်ကြီးပြောချလိုက်မှုက ရှုချင်အား သူ့ကို မျက်စောင်းထိုးလိုက်စေပြန်သည်။ သို့သော် တခဏကြာသော် သူမလည်း ရယ်တော့သည်။ စိတ်လွတ်ကိုယ်လွတ် ရယ်နေရင်း မကြာခင် သူမမှာ မန်ဟို့ကို မှီလိုက်ရလေသည်။ ရာစုနှစ်ပေါင်းများစွာအတွင်း သူမ ယခုလို မရယ်ခဲ့ရသည်မှာ ကြာခဲ့ချေပြီ။
မန်ဟိုက သူ့သူငယ်ချင်းများကို ကြည့်၍ အောင်နိုင်သူအပြုံးဖြင့် တဟဲဟဲ ရယ်လိုက်သည်။ သူတို့ အတိတ်အကြောင်း ဆက်ပြောနေကြသည်နှင့်အမျှ ရှုချင်၏မျက်နှာလေးမှာ ရဲသထက်ရဲလာသည်။ သို့သော် အပြုံးလေးက သူမမျက်နှာထက်မှ ဘယ်တော့မှမခွာသည့်အပြင် သူမသည် အလွန်ဝမ်းသာကြည်နူးနေပုံရ၏။
အချိန်တွေ ကုန်လွန်သွားသည်။ ရယ်လိုက်မောလိုက်၊ သောက်လိုက်စားလိုက်ကြဖြင့် အတိတ်အကြောင်း ပြန်ပြောနေကြရင်း မကြာမီ ရှုချင်မှာ အတန်ငယ်ရီဝေဝေဖြစ်လာတော့သည်။ နောက်ဆုံးတော့ ဖက်တီး၊ ဝမ်ယိုချိုင်နှင့် တုန်းဟူတို့၏ မြှောက်ပေးမှုကြောင့် ရှုချင်သည် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် မန်ဟို့အား လှမ်းကြည့်၏။
မန်ဟိုက ချောင်းဟန့်ပြီးနောက် သူမကို ပွေ့ဖက်ကာ သူမနှုတ်ခမ်းဖူးလေးအား အမြတ်တနိုး၊ တရှိုက်မက်မက် နမ်းလိုက်သည်။
တုန်းဟူက သဘောကျစွာ ထရယ်ပြီး ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်သော ဝမ်ယိုချိုင်ပင် ခပ်ထေ့ထေ့မရယ်မိဘဲ မနေပေ။ ထိုစဉ် ဖက်တီးက သူ့ပေါင်သူ ဖြန်းခနဲ ချကာ ပြောသည်။ “အစ်ကိုကြီးချန်ဖန်း မရှိတာ ဆိုးလွန်းတာပဲကွာ....”
မန်ဟိုမှာ အတန်ငယ်တောင့်တင်းသွားသော်လည်း ဘာမှမပြောပေ။ ချန်ဖန်းကိစ္စအား သူတို့ကို မပြောပြဖို့ သူ စိတ်ပိုင်းဖြတ်ထား၏။ သူ့သူငယ်ချင်းများ၏ စိတ်နှလုံးသားထဲ၌ တည်ငြိမ်သော ချန်ဖန်းက များစွာကောင်းမွန်သော လူတစ်ယောက်ဖြစ်သည်မဟုတ်ပါလော။
သူတို့အားလုံး ညလုံးပေါက် စကားထိုင်ပြောနေကြပြီး ရာစုနှစ်ပေါင်းများစွာ ပခုံးပေါ် သက်ရောက်နေခဲ့သော ဖိအားများ ဖြည်းဖြည်းချင်းပေါ့ပါးလာခဲ့သည်။ မနက်သုံးနာရီဝန်းကျင်တွင် ဖက်တီးက မီးပုံ ထဖိုသည်။ ထို့နောက် တစ်ဖွဲ့လုံး ထကြပြီး သီချင်းများ ဆိုနေကြသဖြင့် ဖက်တီး၏မိန်းမများနှင့် ကလေးများစွာ အံ့အားသင့်နေကြတော့သည်။
မန်ဟို ယခုကဲ့သို့ စိတ်လွတ်ကိုယ်လွတ်မနေခဲ့ရသည်မှာ အလွန့်အလွန်ကြာခဲ့လေပြီ။ သူသည် အကြွေးစာချုပ်များကြောင်း၊ တောင်ကောင်းကင်ဂြိုဟ်အကြောင်း၊ သူ ငယ်ငယ်တုန်းက အဖြစ်အပျက်များအကြောင်း ပြောပြနေ၏။
နေထွက်လာသောအခါ အကုန်လုံး မူးနေကြလေပြီ။
ဖက်တီးက မန်ဟို့ခြေသလုံးကို ဖက်ကာ သေသွားသောသူ့မိန်းမများအကြောင်း ပြောရင်း တအီးအီး ငိုနေသည်။ မန်ဟို့ကို မည်မျှလွမ်းခဲ့ရကြောင်း၊ ဟိုးတစ်ချိန်ကတည်းက ကွယ်လွန်သွားခဲ့ပြီဖြစ်သော သူ့မိဘများကို မည်မျှသတိရကြောင်း ပြောနေ၏။ နောက်ဆုံးတော့ သူက မန်ဟို အစ်မရှုနှင့် ပြန်လည်ဆုံစည်းနိုင်ခဲ့သည့်အတွက် ဝမ်းသာကြောင်း နောက်တစ်ကြိမ်ပြောပြန်သည်။
တုန်းဟူနှင့် ဝမ်ယိုချိုင်ကတော့ မျက်နှာချင်းဆိုင်ထိုင်လျက် တစ်ယောက်ကို တစ်ယောက်ကြည့်၍ ထိုးနေကြသည်။ လက်သီးတစ်ချက်ပြီးတစ်ချက် ထိုးကြပြီးနောက် နှစ်ယောက်သား ငိုပြီး တစ်ယောက်ကိုတစ်ယောက် ဖက်လိုက်ကြသည်။
“အစ်ကိုကြီးယိုချိုင်” တုန်းဟူက ငိုသည်။ “ကျွန်တော်လေ... ကျွန်တော် အဲဒီတုန်းက မှားခဲ့ပါတယ်...”
ရှုချင်သည် မန်ဟို့လက်မောင်းကို လွှတ်လိုက်လျှင် သူ ပျောက်သွားမှာ စိုးရိမ်နေသည့်အလား မန်ဟို့လက်မောင်းအား တင်းတင်းကြပ်ကြပ် ဖက်ထားသည်။ သူမမျက်နှာလေးသည် နီရဲနေပြီး ရီဝေနေသောမျက်လုံးများဖြင့် သူမ အမြတ်တနိုးတန်ဖိုးထားရသည့် ရတနာလေး၊ မန်ဟို့ကို ကြည့်နေ၏။
သူမက ရုတ်တရက် တခစ်ခစ် ရယ်လေသည်။ “ချစ်တယ် မန်ဟို...”
မန်ဟိုသည် ရှုချင် မျက်လုံးလေးများ မှေးစင်း၍ သူ့ရင်ခွင်ထဲ၌ အိပ်ပျော်သွားသည့်တိုင်အောင် ရှုချင်၏ကျောလေးအား တယုတယ ပွတ်သပ်ပေးနေ၏။ ထို့နောက် သူက သူ့သူငယ်ချင်းများကို ကြည့်ကာ ပြုံးလိုက်သည်။
ကျင့်ကြံသူများအတွက် ဆန္ဒမရှိသရွေ့ မမူးနိုင်ပေ။ သို့သော် တချို့တချို့သော အချိန်များပင် စိတ်ကို လွှတ်ချလိုက်ဖို့လည်း လိုသေးလေသည်။ မှော်အစွမ်းအရာ၌ မည်မျှပင် တန်ခိုးကြီးစေကာမူ သူတို့လည်း လူသားများပင် မဟုတ်ပါလော....
ရက်အနည်းငယ်ကြာသော် တုန်းဟူနှင့် ဝမ်ယိုချိုင် ပြန်သွားသည်။ ဖက်တီး သူတို့ကို လိုက်ပို့ပေးပြီးနောက် မန်ဟိုနှင့် ရှချင်လည်း ထွက်ခွာလာသည်။ သူတို့နှစ်ယောက် မြေပြင်များကို ဖြတ်၍ ခရီးနှင်လာကြစဉ် နတ်သားနတ်သမီးမောင်နှံသဖွယ် အလွန်လိုက်ဖက်ကြလေသည်။ သူတို့သွားတွေ့မည့် နောက်တစ်ယောက်ကတော့ လီလင်းအာပင်။
ပါရာဂွန်ပင်လယ်အိပ်မက်၏ ဆက်ခံသူ လီလင်းအာက မန်ဟို့ကို ရိုရိုသေသေ ကြိုဆိုသည်။ သူမမျက်နှာအပေါ်၌ နွေးထွေးသောအပြုံးလေးမှအပ မည်သည့်အရိပ်အယောင်မှ မရှိပေ။ သို့သော် သူ ထွက်သွားသည်ကို ကြည့်နေစဉ် သူမမှာ .... သူတို့လက်ထပ်ထိမ်းမြားခြင်းကတိအကြောင်း ပြန်တွေးမိနေသည်။
“နင် ဘဝဆက်တိုင်း ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနဲ့ နေထိုင်သွားပြီး ထာဝရထွန်းတောက်နိုင်ပါစေလို့ ငါ စိတ်ရင်းနဲ့ ဆုတောင်းပေးလိုက်ပါတယ်”
မန်ဟိုနှင့် ရှုချင်ကား မိုးကုပ်စက်ဝိုင်းတွင် တစတစ ပျောက်ကွယ်သွားတော့သည်။