တောင်များအထဲက တောင်
Vol. 112 Ch. 1561
မန်ဟိုနှင့် ရှုချင်သည် တောင်ပင်လယ်လိပ်ပြာ၏ကမ္ဘာတစ်ခွင် ခရီးနှင်ရင်း မိတ်ဆွေသူငယ်ချင်းများဆီ အလည်သွားနေကြ၏။ မိတ်ဆွေသူငယ်ချင်းများနှင့် ဆုံတွေ့သည့်အခါ သူတို့ ငိုကြသည်၊ သက်ပြင်းချကြသည်။ သို့သော်လည်း အတိတ်တုန်းကအတိုင်း လည်ပင်းဖက်ပေါင်းဖို့ရန်မှာ မဖြစ်နိုင်တော့ပေ။ မန်ဟို၏အဆင့်အတန်းက ယခင်နှင့် လားလားမျှမတူတော့သည့်အတွက် သူတို့အား အတန်ငယ်ဝေးကွားသကဲ့သို့ ခံစားရစေလေသည်။
နောက်ဆုံးတော့ မန်ဟိုနှင့်ရှုချင်မှာ ဖန်ယုနှင့် စွန်းဟိုက်ဆီ အလည်ရောက်လာခဲ့သည်။ မန်ဟိုသည် စွန်းဟိုက်၏ မာန်တက်နေသောအမူအရာကို မြင်လျှင် ချောင်းဟန့်ကာ ခေါ်လိုက်၏။ “နေကောင်းလား ဟိုက်ကလေး”
ထိုစကားလုံးများက စွန်းဟိုက်၏ ဂုဏ်ယူမာန်တက်နေသောအမူအရာအား အီးမှန်သကဲ့သို့ မဲ့သွားစေပြီး သူ့မျက်နှာအပေါ်တွင် ဖားနေသောအမူအရာ ပေါ်လာသည်။
စွန်းဟိုက်ကို အပြစ်တင်၍မရပေ။ ထိုနှစ်များတုန်းက မန်ဟို၏ရက်စက်ကြမ်းကြုတ်မှုနှင့် အောင်မြင်မှုက စွန်းဟိုက်ကို စိတ်ဒဏ်ရာရစေခဲ့လေသည်။ သူ့ခေါင်းပေါ်၌ ဆံပင်တစ်မွှေးမှ ရှိမနေခြင်းက သက်သေပင်ဖြစ်သည်။ သူတို့နှစ်ယောက် ပထမဆုံးတွေ့တုန်းက မန်ဟိုသည် သူ့ကို ဆံပင်မှတရွတ်တိုက် ဆွဲခေါ်သွားခဲ့သည်မဟုတ်ပါလော။ နှစ်ပေါင်းမည်မျှကြာကြာ စွန်းဟိုက်မှာ ထိုအကြောင်းတွေးမိတိုင်း ကြောက်ဒူးမတုန်လာဘဲ မနေပေ။
စွန်းဟိုက်သည် ယောက်ဖဖြစ်သူအရှေ့တွင် ဟန်ကိုယ့်ဖို့နေချင်သော်လည်း ကြောက်စိတ်က သူ့ကို မျက်နှာသာမပေးချေ။
သူ ဣန္ဒြေပြန်မဆည်နိုင်ခင် ဖန်ယုက သူ့ကို မျက်စောင်းထိုး၍ လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်ရာ စွန်းဟိုက်ခမျာ အိမ်အပြင်သို့ လွင့်ထွက်သွားတော့သည်။ စွန်းဟိုက်သည် ဤသို့အရိုက်နှက်ခံရသည်နှင့် အသားကျနေပြီဖြစ်သလို၊ သူ့ကလေးများအတွက်လည်း မစိမ်းတော့ပေ။
စွန်းဟိုက်မှာ ပါးတစ်ဖက်လုံး ချက်ချင်း ယောင်ကိုင်းလာသည့်တိုင် တဟားဟား အော်ရယ်နေသည်။ စောစောက မာန်တက်နေသောလူမှာ သူမဟုတ်သည့်အလားပင်။ ဤသည်က သူ အစစ်ဖြစ်လေသည်။ သူသည် မန်ဟိုနှင့် ရယ်ရယ်မောမော စကားပြောရင်း စနောက်နေသည့်တိုင် မန်ဟိုမှာ မအောင့်အည်းနိုင်ဘဲ နောက်တစ်ကြိမ် ခေါ်မိလိုက်၏။ “ဟိုက်ကလေး...”
စွန်းဟိုက် ကျောချမ်းသွားသော်လည်း ဤတစ်ခေါက် လက်သီးစာမိသွားသူကတော့ သူ မဟုတ်၊ မန်ဟိုပင်။ ဖန်မုက လက်သီးတစ်လုံး ပစ်သွင်းလိုက်၍ မန်ဟိုမှာ မရှောင်ဝံ့ပေ။ သူသည် ကျင့်ကြံခြင်းအခြေခံကို ဖိနှိပ်ရင်း လက်သီးချက်များအား ကျရောက်ခွင့်ပေးလိုက်၏။
မန်ဟိုနှင့် ရှုချင် ပြန်သောအခါ စွန်းဟိုက်က မျက်နှာတစ်ခုလုံး ညိုမဲစွဲနေလျက် သူတို့အား လိုက်ပို့သည်။ မန်ဟို့မျက်နှာလည်း စွန်းဟိုက်နှင့် မထူးခြားနားပေ။ မန်ဟိုမှာ စိတ်ကြီးသောသူ့အစ်မကြောင့် သက်ပြင်းသာချနိုင်သည်။ အခြားတစ်ဖက်တွင် ဖန်ယု၏ ရှုချင်အပေါ် ဆက်ဆံပုံကား မတူပေ။ ဖန်ယုသည် ရှုချင်၏လက်ကို ဆွဲပြီး ယောက်ျားဖြစ်သူကို ထုထောင်းရခြင်း၏အကျိုးကျေးဇူများအား ချက်ကျလက်ကျ ရှင်းပြနေ၏။ မန်ဟို့ခမျာ တုန်ရီလာတော့သည်။
နောက်ဆုံးတော့ သူက စွန်းဟိုက်ပခုံးကို ဖက်လိုက်သည်။
“ငါ မင်းကို သနားမိတယ် ယောက်ဖရာ...” သူက သက်ပြင်းချသည်။
စွန်းဟိုက်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သော်လည်း အလွန်ပျော်နေပုံပေါ်လေသည်။
“မင်း နားမလည်ပါဘူးကွာ” သူက ပြောတယ်။ “ငါကတော့ ကြိုက်တယ်။ ငါ့မိန်းမ သန်မာလေ၊ ကောင်းလေပဲ။ ကြမ်းလေ ပိုကြိုက်လေ ဟဲဟဲ” စွန်းဟိုက်က သူ့မိန်းမကို အရူးအမူးချစ်နေသောမျက်လုံးများဖြင့် ပြန်လှည့်ကြည့်သည်။
မန်ဟို့အမူအရာမှာတော့ ခွေးအကြီးလှည်းနင်းခံရသကဲ့သို့ ဖြစ်သွားသည်။ သူသည် ရှုချင်၏လက်ကို ဆွဲ၍ နှုတ်ဆက်ပြီးနောက် လေပေါ် ပျံတက်လိုက်၏။ ရှုချင်၏မျက်ဝန်းများထဲရှိ တွေးနေသောအရိပ်အယောင်ကို မြင်လျှင် မန်ဟိုမှာ ရင်ထဲထိတ်သွားတော့သည်။ ရှုချင်က သူ့ပုံစံကို ကြည့်ပြီး လက်ကလေးအုပ်ကာ ရယ်လေသည်။
ပျော်ရွှင်ရသောအချိန်များဟူသည် လျင်မြန်စွာ ကုန်ဆုံးသွားတတ်စမြဲသာ ဖြစ်၏။ တစ်လကြာသော် မန်ဟိုနှင့် ရှချင်မှာ မိတ်ဆွေအပေါင်းအသင်းအများစုဆီ အလည်သွားရောက်ခဲ့ပြီးလေပြီ။ တိုက်တိုက်ဆိုင်ဆိုင် အပြန်လမ်းတွင် ပင်လယ်တစ်စင်းပေါ်မှ ပျံသန်းသွားရ၏။ ထိုအခါ မန်ဟိုက ရုတ်တရက် ရပ်လိုက်သည်။
“ဒီမှာ ကိုယ်တွေ့ချင်တဲ့ မိတ်ဆွေဟောင်းတစ်ယောက် ရှိတယ်” မန်ဟိုက ညစ်ကျယ်ကျယ်ရယ်လျက် ပြောလေသည်။ ရှုချင်မှာတော့ သူ ဘာပြောနေမှန်း နားမလည်။ သူက ပင်လယ်ကြီးကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “ဗျို့ ဂိုဏ်းချုပ်၊ မန်ဟို လာတွေ့တယ်”
စစချင်း ဘာမှတုံ့ပြန်မှုမရှိ။ ပင်လယ်ရေပြင်မှာ ငြိမ်သက်မြဲငြိမ်သက်နေဆဲသာ။ မန်ဟိုက တအောင့်စောင့်ပြီးနောက် အေးစက်စက် နှာမှုတ်လိုက်သည်။
နှာမှုတ်သံ ရေထဲ ဝင်ရောက်သွားသောအခါ ပင်လယ်ထဲမှ နိုင်ငံတစ်နိုင်ငံလုံးကို ကျောပေါ်တင်ထားသော လိပ်ကြီးတစ်ကောင် ထွက်လာသဖြင့် ရေပြင်များ တဖွေးဖွေးလှုပ်သွားလေသည်။ အလွန်စိတ်အနှောင့်အယှက်ဖြစ်နေသံပေါက်သော မှီခိုရာဂိုဏ်းချုပ်၏အသံ ပဲ့တင်ထပ်လာ၏။
“မန်ဟို ခွေးသူတောင်းစားလေး မင်းကိုယ်မင်း ဘာလုပ်နေတယ်ထင်လဲ ဟမ်။ ဒီလောက်မြင့်မားတဲ့ ကျင့်ကြံအဆင့်နဲ့ ငါ ဂိုဏ်းချုပ်ကို အနိုင်ကျင့်ဖို့ လာတာလား။ သောက်ကျိုးနည်း။ ဆရာကို ပြန်စော်ကားနေတဲ့ တပည့်လိုပဲ။ မင်း..မင်း .... မင်း အဲဒီတုန်းက ဂိုဏ်းချုပ် မင်းကို ဘယ်လောက်ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့တယ်ထင်လဲ။ ငါ့ရတနာတွေ အများကြီးကိုတောင်မှ မင်းဆီ ပေးခဲ့ရတာလေ” မှီခိုရာဂိုဏ်းချုပ်သည် မန်ဟို့ကို မျက်တောင်တဖျတ်ဖျတ် ခတ်လျက် ကြည့်နေ၏။ ယင်းအပြုအမူက သူ မန်ဟို့ကို တစ်ပတ်ရိုက်တော့မည့် အရိပ်အယောင်ပင်။
မန်ဟိုက မှီခိုရာဂိုဏ်းချုပ်ကို တခဏကြည့်ပြီးနောက် တစ်ခုခုပြောတော့မည့်အချိန် မှီခိုရာဂိုဏ်းချုပ်၏ကျောပေါ်ရှိ မြေထုကြီး ရွေ့သွားကာ လိပ်ခွံပေါ်ရှိ စာလုံးတချို့အား ဖော်ပြလိုက်သည်။
“...ဟို၏ လိပ်”
မန်ဟို့မျက်နှာအမူအရာမှာ တစ်မျိုးတစ်မည် ဖြစ်သွားသည်။ မှီခိုရာဂိုဏ်းချုပ်တွင်လည်း ဦးနှောက်ရှိသေးသည့်အခိုက်အတန့်များ ရှိသေး၍ မန်ဟိုမှာ မအံ့ဩမိဘဲ မနေတော့ပေ။ လောလောဆယ်တွင် မှီခိုရာဂိုဏ်းချုပ်သည် သူ့ကိုယ်သူ အင်မတန် ကျေနပ်နေပုံပေါ်သည့်တိုင် သူ့မျက်နှာက ဒေါသထွက်နေသည့်အမူအရာ ရှိနေဆဲပင်။
မန်ဟိုက သဘောကျစွာ ရယ်တော့သည်။
သူက လက်ယှက်၍ လေးနက်စွာ အရိုအသေပေးရင်း ပြောလိုက်၏။ “ဂိုဏ်းသား မန်ဟို၊ ဂိုဏ်းချုပ်ကို ဂါဝရပြုပါတယ်”
ထိုအပြုအမူက မှီခိုရာဂိုဏ်းချုပ်၏မျက်နှာထားကို အတန်ငယ်ပျော့ပျောင်းသွားစေသည်။ သူ့မှာ အလွန်အံ့ဖွယ်ကောင်းသော ခံစားချက်ကို ခံစားလိုက်ရ၍ မျက်လုံးများလင်းလက်လာသည်သာမက အတန်ငယ်ပင် တုန်ရီသွားလေသည်။ စိတ်ထဲတွင် သူက ဤသို့ ပြောနေသည်။ “မြတ်စွာဘုရား၊ မြတ်စွာဘုရား။ သူက တန်ခိုးရှင်အဆင့်တက်သွားတာတောင်မှ ငါဂိုဏ်းချုပ်ကို ဂါဝရပြုနေတယ် ဟားဟားဟား။ ငါ ဂိုဏ်းချုပ်တော့ ဉာဏ်အကောင်းဆုံးဖြစ်ပြန်ပြီဟေး။ ခွေးသူတောင်းစားလေးက တန်ခိုးရှင်ဖြစ်ရင် ဖြစ်နေရမယ်၊ ဉာဏ်အရာမှာတော့ ငါ့ထက် အများကြီး နိမ့်ကျသေးတယ်”
စိတ်ထဲတွင် ကြိတ်၍ ဘဝင်ခွေ့နေသော်လည်း မှီခိုရာဂိုဏ်းသည် အပြင်တွင် အေးစက်စက် နှာမှုတ်လိုက်၏။ သူက ဒေါသထွက်နေသောပုံစံဆက်ဖမ်းထားရင်း ပြောသည်။ “ဘာကိစ္စနဲ့ ငါ ဂိုဏ်းချုပ်ကို ဂါဝရလာပြုတာလဲ”
“ဂိုဏ်းချုပ် ၊ တောင်ပင်လယ်လောကအသစ်မှာ ရွှမ်းဝူလိပ်တွေ မရှိပါဘူး” မန်ဟိုက ပြုံးလျက် ဆိုသည်။ “ဂိုဏ်းချုပ် နဝမတောင်ပင်လယ်မှာ ဦးဆောင်ပေးဖို့ ဂိုဏ်းသား တောင်းဆိုချင်ပါတယ်။ ကျေးဇူးပြုပြီး လောကရဲ့ တစ်ကောင်တည်းသော ရွှမ်းဝူလိပ်အနေနဲ့ တောင်ပင်လယ်အားလုံးရဲ့ ချီစီးကြောင်းကို တာဝန်ယူပေးပါ။ တခြားဘယ်လိပ်မှ ဒီလိုလုပ်နိုင်မှာမဟုတ်ပါဘူးခင်ဗျာ။ ဂိုဏ်းချုပ်တစ်ယောက်ပဲ ဒီတာဝန်ကို ထမ်းဆောင်နိုင်တဲ့ အစွမ်းအစရှိပါတယ်”
မှီခိုရာဂိုဏ်းချုပ်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ အတန်ကြာတွေးပြီးသော် သူက မေးလေသည်။ “မင်းက ငါ့ကို တောင်ပင်လယ်လောကရဲ့ ချီစီးကြောင်းလိပ် ဖြစ်လာစေချင်တယ်လား။ ငါ့ကို ထာဝရတစ်လျှောက်လုံး ဦးဆောင်စေချင်တယ်လား။ ငါ ဂိုဏ်းချုပ်က တစ်ကောင်တည်းသောလိပ်တဲ့လား။ ဒါဆို တောင်ပင်လယ်လောကရဲ့ မှော်အစွမ်းကို ကျင့်ကြံအားထုတ်ပြီး တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းရဲ့ မိစ္ဆာချုပ်နှောင်မန္တန်တွေကို ငါ ဉာဏ်အလင်းရနိုင်တော့မှာလား”
မှီခိုရာဂိုဏ်းချုပ်သည် စိတ်လှုပ်ရှားနေ၏။ ယခုဖြစ်နေသောအရာမှာ အိပ်မက်များအမှန်တကယ် ဖြစ်လာသကဲ့သို့ သူ့အတွက် မှန်းဆကြည့်၍မရလောက်အောင် အကျိုးရှိသည့်အရာပင်။
သူသာ တောင်ပင်လယ်လောကတစ်ခုလုံး၏ တစ်ကောင်တည်းသော ရွှမ်းဝူလိပ်ဖြစ်လာပါက တစ်လောကလုံး၏ ချီစီးကြောင်းမှ အကျိုးအမြတ်များ ရရှိလိမ့်မည်။ အဆင့်အတန်းလည်း သူမတူအောင် မြင့်မားလိမ့်မည်။
“ဟုတ်ပါတယ် ဂိုဏ်းချုပ်။ ဂိုဏ်းချုပ်တစ်ယောက်ပဲ တာဝန်ကို ထမ်းဆောင်နိုင်တာပါ။ တောင်ပင်လယ်လောကဟာ မိစ္ဆာချုပ်နှောင်သူအဖွဲ့ကို ဝိညာဉ်အဖြစ်၊ ချုပ်နှောင်ခြင်းမှော်အစွမ်းကို အရိုးအဖြစ်၊ တောင်ပင်လယ်တွေကို အသားအဖြစ် ပိုင်ဆိုင်ထားပါတယ်။ ဂိုဏ်းချုပ်နဲ့ ကျုပ်ကပဲ တောင်ပင်လယ်လောကအတွင်းမှရှိတဲ့ မိစ္ဆာချုပ်နှောင်သူအဖွဲ့ဝင်တွေဆိုတော့ တခြားလူတွေ မလုပ်နိုင်မှာ စိုးရွံမိလို့ပါ” မန်ဟိုသည် မှီခိုရာဂိုဏ်းချုပ်အား ပြုံး၍ ကြည့်နေ၏။ သူ့မှာ ဂိုဏ်းချုပ်ကို အတန်ငယ်ဖားလိုက်သေးလေသည်။
တကယ်တော့ မန်ဟို့အနေဖြင့် ယခုလိုလုပ်စရာမလိုသော်လည်း မှီခိုရာဂိုဏ်းချုပ်က သူ၏မိတ်ဆွေဖြစ်သည့်အတွက် ဂိုဏ်းချုပ်ပျော်စေဖို့ ဤကဲ့သို့လုပ်ရလည်း စိတ်မကွက်ပေ။
“ဒါပေမဲ့ ငါက မိစ္ဆာချုပ်နှောင်သူအဖွဲ့ဝင်မှမဟုတ်တာလေ မဟုတ်ဘူးလား” မှီခိုရာဂိုဏ်းချုပ်သည် လွှတ်ခနဲ ပြောလိုက်မိသော်လည်း ချက်ချင်း နောင်တရသွား၍ လေသံပြောင်းလိုက်၏။ “အေးကွာ ဟုတ်ပြီ” သူက အော်သည်။ “မင်းမျက်နှာထောက်ပြီး သဘောတူလိုက်မယ်”
မန်ဟိုက ပြုံးလျက် နူးညံ့သိမ်မွေ့သောအသံဖြင့် ပြောသည်။ “ဂိုဏ်းချုပ်က ကျုပ်ရဲ့ တာအိုစောင့်ရှောက်သူဆိုမှတော့ မိစ္ဆာချုပ်နှောင်သူအဖွဲ့ဝင်တစ်ယောက်ပဲပေါ့။ အရာအားလုံးအတွက် ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်”
ထိုနေ့ာက် သူသည် ညာလက်ကို ဆန့်တန်းလိုက်ရာ တောင်ပင်လယ်လောက ပေါ်လာသည်။ သူ့လက်က မုဒြာလက်ကွက် လျင်မြန်စွာ ဖော်၍ မှီခိုရာဂိုဏ်းချုပ်အား လက်ညှိုးထိုးလိုက်၏။
“ငါ၏နာမတော်ဖြင့် မှီခိုရာဂိုဏ်းချုပ်အား တောင်ပင်လယ်လောကရဲ့ တစ်ကောင်တည်းသော ရွှမ်းဝူလိပ်ဖြစ်လာပြီး နဝမတောင်ပေါ်မှာ နေထိုင်ဖို့ ခွင့်ပြုတော်မူတယ်
“တောင်ပင်လယ်လောကမှာ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းရှိတယ်။ ဒီရွှမ်းဝူလိပ်ဟာ ငါ၏ တာအိုခိုင်မာခြင်းတောင် တာ့ချင်းတောင်ကို ကျောတွင်ထမ်းလျက် တာ့ချင်းတောင်အား တောင်များအထဲက တောင်ဖြစ်လာစေသား”