← Chapters

လက်ခံကြခြင်း

Vol. 34 Ch. 463

လက်ခံကြခြင်း

Vol. 34 Ch. 463

ဝေ့ဝူယင်က အခန်းအတွင်း ရှိနေသည့် မိန်းကလေးများကို တစ်ချက် ဝှေ့ကြည့်ကာ လေးနက်သော လေသံဖြင့် ဆက်ပြောလိုက်လေ၏။

“လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က အရမ်းကို မှောင်မိုက်ပြီး ဆိုးရွားတဲ့ အပြစ်သား လေထုတစ်ခု ငါတို့ရဲ့ ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို လွှမ်းမိုးသွားသလို ငါ ခံစားခဲ့ရတယ်... အဲဒါက အဆုံးသတ် တစ်ခု နီးကပ်လာသလို အရမ်းကို ကြောက်စရာ ကောင်းတယ်... ဘာရဲ့ အဆုံးသတ်လဲ... ဒီကြယ်တာရာ နယ်မြေရဲ့ အဆုံးသတ်လား... ဒီမှာနေထိုင်တဲ့ သက်ရှိတွေရဲ့ အဆုံးသတ်လား... ငြိမ်းချမ်းရေးရဲ့ အဆုံးသတ်လား... ဒါမှမဟုတ် အရာအားလုံး  ဖြစ်တည်မှု အားလုံးရဲ့ အဆုံးသတ်လား... ငါ ကိုယ်တိုင်လည်း မသိဘူး... ဒါပေမဲ့ သေချာတာ တစ်ခုက အဲဒါက လာနေပြီ”

“ဂိတ်တံခါးရဲ့ တစ်ဖက်မှာ ငါတို့ ရှင်သန်ဖို့ အတွက် လိုအပ်တဲ့ အရာတစ်ခုခု ရှိနေတယ်လို့  ငါ ခံစားရတယ်... အဲဒါက ဘာလဲဆိုတာတော့ ငါ ကိုယ်တိုင်လည်း မသေချာဘူး... ဒါပေမဲ့ ဘာပဲ ရောက်လာ‌ရောက်လာ ဂိတ်တံခါး တစ်ဖက်မှာ ရှိနေတဲ့ အရာက တားဆီးဖို့ အထောက်အပံ့ တစ်ခု ဖြစ်နေလိမ့်မယ် ဆိုတာ သေချာတယ်”

ဝေ့ဝူယင်၏ လေသံနှင့် စကားလုံးများက မိန်းကလေး ဆယ်ယောက်လုံး၏ နှလုံးသားများကို မွမ်းကြပ် သွားစေ၏။ စုမေ့ကတော့ တည်ငြိမ်စွာပင် ရှိနေဆဲ ဖြစ်သည်။ ထိုအကြောင်းအရာကို လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက သူမ ဝေ့ဝူယင်ထံမှ သိရှိပြီး ဖြစ်သည်။

“ငါတို့ရဲ့ အနေနဲ့ အစီအစဥ် တစ်ခုတည်းကို ဘယ်တော့မှ အားကိုးလို့ မဖြစ်ဘူး... ကြုံလာသမျှကို ရင်ဆိုင်ဖို့ အတွက် ငါတို့မှာ အာဏာရှင်တွေ ရှိတယ် ဆိုပေမဲ့ အဲဒါက မလုံလောက်ဘူး... အဲဒါကပဲ ဒီပုံရိပ်ယောင်ကို ချန်ထားခဲ့တဲ့ အကြောင်း ဆိုလည်း ဟုတ်တယ်... ဒီနေရာကို ရောက်နေတဲ့ မင်းတို့ တစ်ဦးတစ်ယောက်ချင်းစီက အရမ်းကို ထူးချွန်တဲ့ အမျိုးသမီး ကျင့်ကြံသူတွေပါ... မယုံမရှိနဲ့... မင်းတို့ထဲမှာ သုံးလွှာ ကြယ်တာရာ နယ်မြေရဲ့ အကန့်အသတ်ထက် ကျော်လွန်တဲ့ ပါရမီကို ပိုင်ဆိုင်ထားကြတဲ့ လူတွေတောင် ပါတယ်... ကံမကောင်းစွာနဲ့ ကိုယ့်အရည်အချင်းကို အပြည့်အဝ မထုတ်ဖော်နိုင်ကြသေးတာပဲ ရှိတယ်”

“အဲဒီ အရည်အချင်းတွေကို ထုတ်ဖော်ဖို့၊ ငါတို့ ကြယ်တာရာ နယ်မြေဆီကို လာနေတဲ့ အန္တရာယ်တွေကို ရင်ဆိုင်ဖို့၊ နောက်ပြီး အသက်တွေ ဆက်ပြီး ရှင်သန်ဖို့ အတွက် ပြင်းထန်တဲ့ အစီအစဥ်တွေ ငါတို့မှာ ရှိနေဖို့ လိုအပ်တယ်... နောက်ပြီး အဲဒီ အစီအစဥ်တွေကလည်း မင်းတို့လို မိန်းကလေးတွေနဲ့ပဲ သင့်တယ်”

မိန်းကလေးများမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ မထုတ်ဖော်နိုင်သေးတဲ့ အရည်အချင်းတွေ... နောက်ပြီး မိန်းကလေးတွေနဲ့ပဲ သင့်တော်တဲ့ အစီအစဥ်။

“ဒါပေမဲ့ ရှင်းရှင်းလင်းလင်း သိထားဖို့ တစ်ခုက ငါ မင်းတို့ကို အတင်းအကြပ် ခိုင်းမှာ မဟုတ်ဘူး... နောက်ပြီး ဒီအစီအစဥ်မှာ မိန်းကလေး တစ်မျိုးပဲ ပါဝင်ခွင့် ရမယ်... အဲဒီ လိုအပ်ချက်က ငါ့ရဲ့ မိန်းမ ဖြစ်နေဖို့ပဲ... ငါက သူတော်စင် တစ်ယောက် မဟုတ်ဘူး ဆိုတာ မင်းတို့ သိပါတယ်... နောက်ပြီး သေချာတာ တစ်ခုက နောက် ဘယ်တော့မှလည်း ဖြစ်လာမှာ မဟုတ်ဘူး... ငါက ငါနဲ့ ပတ်သက်ဖို့ မရှိတဲ့ မိန်းမ တစ်ယောက် အတွက် ဘယ်တော့မှ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘူး”

“စုမေ့... အရေးကြီးတာတွေ ဆက်မပြောခင် ငါတို့ အဖွဲ့ထဲ ဝင်ဖို့ ဆန္ဒမရှိတဲ့ လူတွေကို အခန်းထဲက ထွက်သွားခိုင်းလိုက်ပါ... ငါ သုံးမိနစ် အချိန်ပေးမယ်”

ဝေ့ဝူယင်၏ အသံက ရပ်တန့်သွား၏။ ထို့နောက် သူက မျက်လုံးများကို ဖြည်းညင်းစွာပင် မှိတ်လိုက်ကာ မတ်တပ်ရပ်လျှက်ပင် စောင့်ဆိုင်း နေလိုက်သည်။

" ... “

တိတ်ဆိတ်မှုက အခန်းကို လွှမ်းခြုံသွား၏။ မိန်းကလေးများမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ နှလုံးသားများက မတိုင်းတာနိုင်လောက်သည့် ပမာဏ တစ်ခုအထိ တင်းကြပ် နေကြသည်။ သုံးလွှာ ကြယ်တာရာ နယ်မြေမှာ မကြာခင် အဆုံးသတ်သွားနိုင်ကြောင်း သူမတို့ ခုလေးတင် သိရှိခဲ့ရသည်။ ဝေ့ဝူယင်က ထိုကပ်ဘေးကို ရင်ဆိုင်ရန် အတွက် သူတို့နှင့် အတူ အစီအစဥ် တစ်ခုကို ပြုလုပ်လိုသည်။ ထိုအစီအစဥ်အတွင်း ပါဝင်ရန် လိုအပ်ချက် တစ်ခုသာ ရှိပြီး ထိုအရာက သူ့ မိန်းမ ဖြစ်နေဖို့ပင် ဖြစ်သည်။

“ငါ နေမယ်...”

ရွှယ်ရီဖေးက မတုန့်မဆိုင်းပင် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပြောလိုက်သည်။ ဝေ့ဝူယင်၏ ကိုယ်လုပ်တောင် တစ်ယောက် အနေဖြင့် သူမနှင့် ထိုကြမ္မာမှာ အ‌စောကတည်းကပင် တွဲချည်ထားပြီး ဖြစ်သည်။ ဝေ့ဝူယင်က ကိုယ့်သဘောနှင့်ကိုယ် ဆုံးဖြတ်ဖို့ ခွင့်ပြုထားသည့်တိုင် သူမက ထိုကြမ္မာကို လိုလိုလားလားကြီး လက်ခံလိုသူ ဖြစ်သည်။

ရွှယ်ရီဖေးက ဆက်လက် ရှေ့သို့ လျှောက်လှမ်းသွားကာ ဝေ့ဝူယင်၏ ပုံရိပ်ယောင် နံဘေးတွင် ရပ်လိုက်သည်။ ထို့နောက် သူမက နောက်သို့ ပြန်လှည့်ကာ အခြား မိန်းကလေးများကို မျက်နှာမူ လိုက်လေသည်။

စုမေ့က ရွှယ်ရီဖေးကို ကြည့်ကာ ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။ ထို့နောက် သူမက အခြား မိန်းကလေးများကို ကြည့်လိုက်ရင်း တာဝန်ရှိသည့် လေသံဖြင့် ပြောလိုက်သည်။

“ဆန္ဒရှိတဲ့ လူတွေ ဒီကို လာပြီး ရပ်ကြပါ... ဆန္ဒ မရှိတဲ့လူတွေကတော့ သဘောအတိုင်း ထွက်သွားနိုင်ပါတယ်”

ထို့နောက် သူမက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ တံခါးမကြီးမှာ ဖြည်းညင်းစွာပင် ပွင့်ဟ သွား၏။

“ဒီကိစ္စက မေးနေစရာတောင် မလိုဘူး”

နယ်လာရှားက အသာအယာပင် ပြုံးလိုက်ရင်း ရှည်လျား သွယ်လျသော ခြေထောက်များပင် ရွှယ်ရီဖေး၏ နံဘေးသို့ လာရောက်ကာ ရပ်လိုက်သည်။ သူမက နှလုံးသားနှင့် ခန္ဓာကိုယ်ကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် ဝေ့ဝူယင်ကို ပေးထားပြီးသား ဖြစ်သည်။ သူမ ဆန္ဒ ရှိ၊ မရှိက မေးခွန်းတစ်ခုပင် မဟုတ်ချေ။

ရှန်းလင်မှာလည်း တုန့်ဆိုင်းခြင်း မရှိချေ။ ဝေ့ဝူယင်ဆိုသော လူငယ်လေးမှာ ကောင်းကင် ဧကရာဇ်ဘဝမှ နေ၍ အာရုဏ်ဦး ဧကရာဇ် တစ်ပါး ဖြစ်လာသည့်တိုင် သူမကို စွန့်ပယ်ခဲ့သူ မဟုတ်လေရာ သူမ ဘက်ကလည်း စွန့်ခွာစရာ အကြောင်း မရှိပါချေ။ မတုန့်မဆိုင်းနှင့် ရှေ့သို့ တိုးရန် ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် လက်တစ်ဖက်မှာ သူမ၏ လက်ကို တင်းကြပ်စွာဖြင့် လာရောက် ဆုပ်ကိုင်လေ၏။

ရှန်းလင် ဘေးကို လှည့်ကြည့်လိုက်ရာ တပည့်ဖြစ်သူ လုံထျန်းယုကို မြင်လိုက်ရလေသည်။ သူမ၏ ခရမ်းရောင် မျက်လုံးလေးများမှာ စိုးရိမ်မှု အလင်းတန်းများဖြင့် ပြည့်နှက် နေခဲ့လေ၏။

“ဆရာ... သူက အရမ်းကို အရေးကြီးတဲ့ အစီအစဥ်လို့ ပြောတယ်... လုံခြုံဖို့ မသေချာဘူး”

လုံထျန်းယု အတွက် ရှန်းလင်မှာ ဆရာ တစ်ယောက် ဆိုသည်ထက် အမေတစ်ယောက်လိုပင် ဖြစ်သည်။ ဘဝမှာ တစ်ခါမှ မရှိခဲ့ဖူးသည့် မိသားစု ဘဝလေးကို ထိုအမျိုးသမီးကပင် ယူဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ရှန်းလင်က လုံထျန်းယုအတွက် လုံချန်နှင့် တန်းတူ အရေးပါသည်။

လုံချန်... လုံချန် အကြောင်း တွေးမိသည်နှင့် လုံထျန်းယု၏ မျက်လုံးများက ချစ်ခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်သွား၏။ နာ့ရှင်းရီအား ရည်ရွယ်ချက် ရှိရှိ ကာကွယ်မပေးခဲ့သည့် လုပ်ရပ် အပေါ် သူမ မည်ကဲ့သို့ ခံစားရမည်မှန်း မသိသည့်တိုင် ဘာပဲဖြစ်ဖြစ်... လုံချန်က သူမ၏ အကိုကြီး ဖြစ်နေသေးဆဲ ဖြစ်သည်။ သူမ၏ ဘဝကို သေဆုံးခြင်းနှင့် အထီးကျန်ခြင်းများ ပြည့်နှက်နေသည့် အမှောင်တောနက်ထဲမှ ကယ်တင်လာခဲ့သူ ဖြစ်သည်။

ရှန်းလင်မှာ လုံထျန်းယု၏ စိုးရိမ်ပေးမှုကြောင့် နှလုံးသား တစ်ခုလုံး နွေးထွေးသွား၏။ သူမက မိန်းကလေး၏ ဆံနွယ်စလေများကို တယုတယ ပွတ်သပ်ရင်း နားရွက်နောက်သို့ ပို့ပေးလိုက်သည်။

“ငါ သူ့ကို ယုံကြည်တယ်... သူက ငါတို့ကို နာကျင်အောင် လုပ်မှာ မဟုတ်ဘူး”

ဆရာဖြစ်သူ၏ ယုံကြည်ချက်များ ပြည့်နှက်နေသည့် စကားကြောင့် လုံထျန်းယုက နှုတ်ခမ်းလေးကို ညင်သာစွာ ကိုက်လိုက်၏။ ထို့နောက် သူမက ဖြည်းညင်းစွာပင် ရှန်းလင်၏ လက်ကို လွှတ်ပေးလိုက်သည်။

ရှန်းလင်က ညင်သာစွာ ပြုံးလိုက်ရင်း လုံထျန်းယု၏ လှပသည့် မျက်နှာလေးကို လက်ဖဝါးဖြင့် အသာအယာ ပွတ်သပ်လိုက်သည်။

“ငါ အဆင်ပြေမှာပါ...”

ထို့နောက် သူမက နောက်သို့ လှည့်ကာ ရွှယ်ရီဖေးတို့ထံသို့ လျှောက်လှမ်း သွားခဲ့တော့၏။ သူမ ရောက်ရှိချိန်၌ လင်းကျိရန်နှင့် နာ့ရှင်းရီတို့မှလည်း ရွှယ်ရီဖေး၊ နယ်လာရှားတို့နှင့် အတူ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ ရှန်းလင် လင်းကျိရန်ကို တစ်ချက် လှမ်းကြည့်လိုက်၏။

ထိုမိန်းကလေးနှင့် ပတ်သက်၍ သူမတွင် နားမလည်နိုင်သည့် ခံစားချက် အချို့ ရှိနေပေသည်။ အမှန်အတိုင်း ဝန်ခံရလျှင် လင်းကျိရန်၏ အပြောင်းအလဲ မြန်မှုကို သူမ သဘောမကျချေ။

ဆယ်စုနှစ်ပေါင်းများစွာ လင်းကျိရန်နှင့် လုံချန်တို့ ပြီးပြည့်စုံသည့် လက်တွဲဖော်များ ဖြစ်ခဲ့သည့် အချိန်ကို သူမ ပြန်လည် အမှတ်ရနေခဲ့သေး၏။ ထိုစဥ်ကာလများက လင်းကျိရန်မှာ လုံချန်ကို အလွန် ချစ်ခဲ့သူ ဖြစ်သည်။ သူ့အတွက် ဆိုလျှင် ဘာကိုမဆို ပေးဆပ်ရန် အဆင်သင့် ရှိခဲ့သည်။ ထို့နောက်... ရုတ်ချည်းပင် သူမက သစ်စိမ်းချိုး ချိုးကာ ဝေ့ဝူယင်ထံ စိတ်ပြောင်း သွားခဲ့သည်။

သို့သော်လည်း သူမ၏ ဆုံးဖြတ်ချက်က ကျိုးကြောင်း ဆီလျော်မှု မရှိသည်တော့လည်း မဟုတ်ချေ။ လုံချန်ကြောင့် သူမ သေအံ့မူးမူး ဖြစ်ခဲ့သည်။ ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံး ပျက်စီးခဲ့ရသည်။ ထိုကဲ့သို့ ဆိုးရွားလွန်းလှသည့် ကံကြမ္မာဆိုးမျိုးမှ ကယ်တင်ပေးခဲ့သည့် ဝေ့ဝူယင် အပေါ် သူမ သဘောကျခဲ့သည်က အဓိပ္ပာယ်တော့ ရှိပေသည်။ ဘာပဲဖြစ်ဖြစ်... ရှန်းလင်က လင်းကျိရန်နှင့် အဆက်အသွယ် မလုပ်မိအောင် နေသည်။

အားလုံးထဲတွင် ရှန်းရန် သဘောအကျဆုံးက နာ့ရှင်းရီ ဖြစ်ပေသည်။ အခြားလူများနှင့် ခြားနားစွာပင်  ထိုမိန်းကလေးမှာ လုံချန်ကိုယ်တိုင်၏ စွန့်ပယ်မှု ခံခဲ့ရသူ ဖြစ်သည်။ ထို့အပြင် သူမနှင့် ဝေ့ဝူယင်တို့ အကြားတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ကတိစကားတစ်ခု ရှိခဲ့ပြီး ဖြစ်သည်။ လက်ရှိ အခြေအနေတွင် သူမက ဝေ့ဝူယင်၏ တရားဝင် ဇနီးမယား တစ်ယောက် မဖြစ်သေးသည့်တိုင် ကမ်းလှမ်းမှုကို လက်ခံရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ခန်းမအတွင်းတွင် ရွေးချယ်မှု မပြုလုပ်ရသေးသူ ဟူ၍ ဟုန်ရု၊ ရှောင်ပင်း၊ လုံထျန်းယု၊ ဝူပိုင်ကျိုးနှင့် ဝမ်မင်ယာတို့သာ ကျန်ရစ်တော့၏။ အခြားလူများနှင့် မတူညီစွာပင် သူမတို့မှာ ဝေ့ဝူယင်နှင့် ခြားနားသည့် ဆက်ဆံရေး ရှိသူများ ဖြစ်သည်။

စုမေ့က ဝမ်မင်ယာနှင့် ဝူပိုင်ကျိုးတို့ကို လှမ်းကြည့်ရင်း ပြောလိုက်၏။

“နင်တို့ နှစ်ယောက်စလုံးက လိုအပ်ချက်နဲ့ ကိုက်ညီတယ်... ဒီကို လာကြပါ”

ထိုမိန်းကလေး နှစ်ယောက်မှာ ဝေ့ဝူယင်၏ မိန်းမများ မဟုတ်သည့်တိုင် ဘာပဲဖြစ်ဖြစ် အားကိုးရသည့် လက်ထောက်များ ဖြစ်ပေသည်။ သူမတို့တွင် ဝေ့ဝူယင်၏ မိန်းကလေးများနှင့် တန်းညီသည့် အခွင့်အရေးများ ရှိကြပေသည်။

ဝမ်မင်ယာနှင့် ဝူပိုင်ကျိုးတို့ ပူးပေါင်းပါဝင်လာပြီးနောက်တွင် မိန်းကလေး သုံးယောက်သာ ကျန်ရှိတော့၏။ ဟုန်ရုနှင့် ရှောင်ပင်းတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ဟုန်ရု ပြန်လည် ရှင်သန်လာပြီး နောက်ပိုင်းတွင် သူတို့ နှစ်ယောက်မှာ ညီအမ အရင်းများထက်ပင် ပိုမို နီးကပ်လာခဲ့သည်။ ရွေးချယ်မှု ပြုလုပ်ရန် အတွက် သူတို့ တစ်ယောက် သဘောထားကို တစ်ယောက် လိုအပ်ပေသည်။

အတန်ကြာပြီးနောက် ဟုန်ရုက နှုတ်ခမ်းကို တင်းတင်း ကိုက်ကာ စုမေ့ဘက်ကို လှည့်လိုက်၏။ ထို့နောက် သူမက ဝေ့ဝူယင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

“ငါ...”

သူမ စကားပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် ဝေ့ဝူယင်၏ ပုံရိပ်ယောင်က တစ်စုံတစ်ရာကို သတိရသွားဟန်နှင့် လှုပ်ရှားလာလေသည်။

“ဪ ဟုတ်သားပဲ... ဟုန်ရုနဲ့ ရှောင်ပင်းတို့မှာ ဒီနေရာမှာ ရှိနေလိမ့်မယ် ထင်တယ်... မင်းတို့ ခုထိ မထွက်သွားရသေးဘူး ဆိုရင် ငါ့မှာ နည်းနည်း ပြောစရာ ရှိတယ်... အထူးသဖြင့် ရှောင်ပင်း... ငါ မင်းရဲ့ လိင်စိတ် တိမ်းညွှတ်မှုကိုလည်း သိတယ်... မင်းတို့ နှစ်ယောက် တစ်ယောက်အပေါ် တစ်ယောက် ဘယ်လို သဘောထားလဲ ဆိုတာလည်း သိတယ်... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပါ နေမလား ထွက်သွားမလား ဆိုတာ မင်းတို့ ကြိုက်သလို ဆုံးဖြတ်နိုင်တယ်... ခုအခြေအနေမှာ မင်းတို့ နှစ်ယောက်က ငါ့မိန်းမတွေ မဟုတ်သေးဘူး ဆိုပေမဲ့ မင်းတို့သာ ဆန္ဒ ရှိရင် ငါလက်ခံပေးမယ်”

ဝေ့ဝူယင်၏ စကားလုံးများက အားလုံးကို အံ့သြမှင်သက် သွားစေ၏။ သူတို့က ဟုန်ရုနှင့် ရှောင်ပင်းတို့ကို ကြည့်လိုက်ကြသည်။

“ငါ လက်ခံမယ်...”

အံ့အားသင့်စွာပင်... ပထမဆုံး လက်ခံလိုက်သူကတော့ ရှောင်ပင်းပင် ဖြစ်လေသည်။

***

All Chapters