ဗာကီရီများ
Vol. 34 Ch. 464
“ငါလက်ခံတယ်...”
အံ့အားသင့်စွာပင်... ပထမဆုံး လက်ခံလိုက်သူက ရှောင်ပင်းပင် ဖြစ်သည်။ ဟုန်ရုမှာ ရှောင်ပင်း၏ စကားကြောင့် အံ့အားသင့်သွားကာ လှည့်ကြည့်လိုက်၏။
“နင် လက်ခံမယ် ဆိုရင် ငါလည်း လက်ခံမယ်... ဒါပေမဲ့ နင်က...”
ဟုန်ရုမှာ ဘာဆက်ပြောရမှန်း မသိအောင် ဖြစ်သွားကာ စကားကို တစ်ပိုင်းတစ်စနှင့် ရပ်တန့်လိုက်သည်။ ရှောင်ပင်းက အသာအယာပင် ခေါင်းခါလိုက်ရင်း ဟုန်ရု၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
“ငါကိုယ်တိုင် အဲဒီလို လုပ်ချင်တာပါ”
သူမက ထိုရွေးချယ်မှုကို ဟုန်ရုအတွက် ချည်းပဲ ပြုလုပ်ခဲ့ခြင်း မဟုတ်ချေ။ သူမ ကိုယ်တိုင် အတွက်လည်း ပါဝင်ပေသည်။ ယောက်ျားများ အပေါ် လိင်စိတ် တိမ်းညွှန်မှု မရှိသည့်တိုင် သူမ ကလေးများ လိုချင်သည်။ ထိုအတွက် တစ်နေ့နေ့တွင် ယောက်ျားတစ်ယောက် ရှာဖွေဖို့လည်း သူမ စဥ်းစားထားပြီး ဖြစ်သည်။ ဝေ့ဝူယင်မှာ ကလေးများ၏ ဖခင် ဖြစ်ရန် သံသယ ရှိစရာ မလိုအောင်ပင် သင့်တော်သူ တစ်ယောက် ဖြစ်သည်။
ဟုန်ရုမှာ မည်ကဲ့သို့ ပြောရမှန်း မသိသော်လည်း ရှောင်ပင်း၏ စိတ်ဆန္ဒများကို နားလည်ပေသည်။ ထို့အပြင် သူမတွင်လည်း ဝေ့ဝူယင်နှင့် ပတ်သက်၍ ခံစားချက် အချို့ ရှိပေသည်။ နှစ်ယောက်စလုံးအတွက် ပိုမို ကောင်းမွန်သည့် လမ်းကြောင်း တစ်ခု ဖြစ်ရာ သူမ မည်ကဲ့သို့ ငြင်းဆန်နိုင်ပါမည်နည်း။
“ကျွန်မတို့ နှစ်ယောက် ဆန္ဒရှိပါတယ်...”
သူတို့ နှစ်ယောက်က တစ်ယောက်လက်ကို တစ်ယောက်ဆွဲရင်း အခြားလူများနှင့် အတူ ရပ်လိုက်ကြတော့၏။ နောက်ဆုံး၌ အခန်အတွင်းတွင် ရွေးချယ်မှု ပြုလုပ်ရန် လိုအပ်သူ ဟူ၍ လုံထျန်းယု တစ်ယောက်သာ ကျန်ရှိပေတော့သည်။
ထိုအခိုက်၌ မိန်းကလေး၏ စိတ်များက ရှုပ်ထွေးပွေလီနေသည်။ သို့သော်လည်း လုံထျန်းယုမှာ သူမ ဘာဖြစ်ချင်သည်ကို ရှင်းလင်းစွာ သိထားပြီး ဖြစ်သည်။ သူမက အာဏာရှင် အဖွဲ့သား တစ်ယောက် မဟုတ်သလို ဝေ့ဝူယင်၏ မိန်းကလေးလည်း မဟုတ်ချေ။ လုံချန်နှင့် ပတ်သက်ပြီး သူတို့ အကြားတွင် ရန်ငြိုးများပင် ရှိပေသေးသည်။
ထို့အပြင်... ယနေ့ အချိန်အထိ ဝေ့ဝူယင်၏ မည်သည့် ထောက်ပံ့မှုကိုမှ သူမ မယူခဲ့ရသေးချေ။ ဤနေရာတွင် လာရောက်နေထိုင်ခဲ့သည် ဆိုသည်ကလည်း ရှန်းလင်နှင့် နာ့ရှင်းရီတို့ကြောင့်သာ ဖြစ်သည်။ ထိုထက် ပိုမို၍ ပြောရလျှင်... သူမက ယောက်ျားတစ်ယောက်ကို သတ်သတ်မှတ်မှတ် လက်ထပ်လိုသူ ဖြစ်သည်။ တစ်သက်လုံး ချစ်သူဘဝမျိုးဖြင့် နေသွားချင်သူ မဟုတ်ချေ။
လုံထျန်းယု နှုတ်ခမ်းကို ကိုက်လိုက်ရင်း အခန်းအတွင်းမှ လှည့်ထွက်လာခဲ့၏။ မကြာခင်မှာပင် သုံးမိနစ် ပြည့်သွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်၏ ပုံရိပ်ယောင်က ပင့်သက်တစ်ချက် ရှိုက်ရင်း တံခါးဝကို လှမ်းကြည့်လိုက်၏။
“သူက အရမ်းငယ်သေးတော့ ဒီအတွက် အဆင်သင့် မဖြစ်သေးတာ နေမှာပါ”
“ ... “
လူတိုင်းမှာ ဆွံ့အ သွားကြသည်။ သူတို့က ဝေ့ဝူယင် ဤနေရာတွင် အမှန်တကယ် ရှိနေသည်ဟုပင် ကျိန်းသေကြီး ခံစားနေရသည်။ မဟုတ်လျှင် လုံထျန်းယု ထွက်ခွာသွားသည်ကို သူ မည်ကဲ့သို့ သိနေပါမည်နည်း။
“သူက တကယ်ပုံရိပ်ယောင်ပါ”
စုမေ့က အားလုံးကို သတိပေးလိုက်၏။
“ဆိုတော့ကာ စုမေ့ကာ ထည့်တွက်ရင် စုစုပေါင်း ဆယ်ယောက် ကျန်သေးတယ်ပေါ့... ဒီအရေအတွက်က ငါတို့ အစီအစဥ်ကို အစပျိုးဖို့ လုံလောက်ပါတယ်”
ဝေ့ဝူယင်က အားလုံးကို တစ်ချက် ဝှေ့ကြည့်ရင်း ပြောလိုက်လေသည်။ ယခုတစ်ကြိမ်တွင်တော့ စုမေ့ပါ အံ့အားသင့် သွားခဲ့၏။ သူမက ဝမ်မင်ယာနှင့် ဝူပိုင်ကျိုးတို့ကို ကိုယ်ပိုင် ဆုံးဖြတ်ချက်နှင့် ခေါ်ဆောင် ထားခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင်က မည်ကဲ့သို့ ဆယ်ယောက်ဆိုတာ သိနေရသနည်း။
ရွှယ်ရီဖေးမှာ ဘေးနားမှ နေ၍ ဝေ့ဝူယင်၏ ရင်ဘတ်ကို ထိကြည့်လိုက်၏။ ချက်ချင်းပင် ပုံရိပ်ယောင်က မြူမှုများ အဖြစ် လွင့်ပြယ်သွားကာ လက် နောက်သို့ ပြန်လည် ဆုတ်လိုက်မှ ပြန်လည် ဖွဲ့စည်းလာ၏။ သူက အမှန်တကယ်ကို ပုံရိပ်ယောင် ဖြစ်သည်။
“ကဲ... စလိုက်ကြရအောင်... မင်းတို့ ပထမဆုံး သိထားသင့်တာက ငါက မင်းတို့ ထင်နေသလိုမျိုး မဟုတ်ဘူး”
ဝေ့ဝူယင် စကားစလိုက်သည်နှင့် မိန်းကလေးများမှာ စိတ်ဝင်စား သွားကြ၏။ သူက ဘာကို ဆိုလိုသနည်း။ တစ်ခဏမျှ ရပ်လိုက်ပြီးနောက် ဝေ့ဝူယင်က စကားဆက်လိုက်လေည်။
“ငါက အဂ္ဂိရတ် အင်ပါယာ တစ်ယောက် မဟုတ်ဘူး... သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်ပဲ... ငါ အဲဒီ အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ နှစ်နှစ်ကျော် သုံးနှစ်နီးပါး ရှိနေပြီ”
စုမေ့မှ လွဲ၍ အခြားလူများ အတွက် ဝေ့ဝူယင်၏ စကားလုံးများက ဗုံးတစ်လုံး သဖွယ်ပင်။ သူတို့မှာ နားကြားမှားနေသလိုပင် ခံစားလိုက်ရ၏။ သေမျိုးအဂ္ဂိရတ် အာဏာရှင်... ဒဏ္ဍာရီများ အရဆိုလျှင် ၎င်းက ထာဝရ ဧကရာဇ် ရောက်ရှိခဲ့သော အဆင့် ဖြစ်သည်။ ဝေ့ဝူယင်က ထိုကဲ့သို့ အဆင့်မျိုးကိုပင် ရောက်ရှိနေခဲ့သည်လား။
“ကွေ့ဝိုက် မနေတော့ပဲ ငါ တိုက်ရိုက်ပဲ ပြောတော့မယ်... တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကူညီဖို့နဲ့ ဖေးမဖို့ အတွက်မင်းတို့ ဆယ်ယောက်လုံး ပါဝင်တဲ့ အထူးတပ်ဖွဲ့ တစ်ခု ငါ ဖွဲ့ဖို့ ရည်ရွယ်ထားတယ်... ငါ မင်းတို့ တစ်ယောက်ချင်းစီကို ဒီမျိုးဆက်ရဲ့ အထူးချွန်ဆုံး ကျင့်ကြံသူတွေ ဖြစ်လာအောင် ငါ့မှာ ရှိသမျှ အရာအားလုံးကို ရင်းနှီးပြီး ထောက်ပံ့ပေးမယ်... နောင်တစ်ချိန်မှာ မင်းတို့က ဒီကြယ်တာရာ နယ်မြေကိုတောင် ကာကွယ်ပေးနိုင်လိမ့်မယ်”
နာ့ရှင်းရီ၊ လင်းကျိရန်၊ ဟုန်ရုတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ ကြယ်တာရာ နယ်မြေ၏ အထူးချွန်ဆုံး ကျင့်ကြံသူတွေ ဖြစ်လာအောင် ဆိုသော စကားလုံးက အလွန် ဆွဲဆောင်မှု ရှိလှသည်။ သူတို့က တစ်နေ့တွင် မဟာ ဧကရာဇ် ဝူယု၊ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့၊ အထွတ်အမြတ် အယ်ဗန် ဧကရီတို့လိုမျိုး ဖြစ်လာမည်လား။
ဝေ့ဝူယင်က စကားကို ခဏမျှ ရပ်ကာ နာ့ရှင်းရီဘက်ကို မျက်နှာမူလိုက်၏။
“နာ့ရှင်းရီ... မင်းသာ ဆန္ဒရှိမယ် ဆိုရင် မင်းကို ဇနီးမယား အဖြစ် လက်ခံပေးမယ် လို့ ငါ ကတိပေးထားတယ်... အဲဒီ ကတိစကားကို ငါပြန်ပြီး ရုတ်သိမ်းမှာ မဟုတ်ဘူး... ဒါပေမဲ့ ငါ့ရဲ့ ဇနီးမယား တစ်ယောက် အနေနဲ့ မင်းကိုယ်မင်း သက်သေပြဖို့ အခြားလူတွေထက် အများကြီး ပိုပြီး ကြိုးစားဖို့တော့ လိုအပ်လိမ့်မယ်... ငါ ပိုင်ဆိုင်သမျှ အရာအားလုံးကို ကာကွယ်နိုင်စွမ်း မင်းမှာ ရှိရမယ်... ဘာကြောင့်လဲ ဆိုတော့ ယောက်ျား ပိုင်ဆိုင်တာ မှန်သမျှကို မိန်းမလည်း ပိုင်ဆိုင်မှာ မလို့ပဲ... မင်း ဒါကို နားလည်ဖို့ မျှော်လင့်ပါတယ်”
နာ့ရှင်းရမှာ ကျင့်ကြံခြင်း အခြေခံ ပျက်စီးကာ အားနည်းနေဆဲ ဖြစ်သည်။ လွန်ခဲ့သည့် တစ်နှစ်အတွင်း သူမ ကိုယ့်ကိုယ်ကို စိတ်ပျက် အားငယ်နေခဲ့ကာ ဝေ့ဝူယင် မည်ကဲ့သို့ သဘောထားသည်ကိုပင် သူမ နားမလည်နိုင်ချေ။ သို့သော်လည်း ယခု ဝေ့ဝူယင်၏ စကားလုံးများက သူမကိုပင် ကြက်သီးထ စေခဲ့သည်။ ဘာပဲရင်းနှီးရ ရင်းနှီးရ ဝေ့ဝူယင် ဇနီးမယား ဖြစ်ဖို့ ထိုက်တန်အောင် အစွမ်းကုန် ကြိုးစားမည်ဟု သူမ စိတ်ထဲမှ ကြိတ်ကာ ကတိပေးလိုက်မိ၏။
ဝေ့ဝူယင်က သူ့အကြည့်ကို နာ့ရှင်းရီထံမှ နေ၍ အားလုံးဆီသို့ ပြန်လည် ပို့လွှတ်လိုက်သည်။
“အဲဒီလို လုပ်ဖို့ အတွက် ငါ လျှို့ဝှက် အဖွဲ့တစ်ခု တည်ထောင်ဖို့ ရည်မှန်းထားတယ်... အာဏာရှင် အဖွဲ့က မိန်းကလေးတွေနဲ့ ငါ့မိန်းမတွေချည်းပဲ ပါဝင်တဲ့ လျှို့ဝှက် အဖွဲ့အစည်းပေါ့... အဲဒီ အဖွဲ့ထဲမှာ ပါမယ့် တစ်ယောက်ချင်းစီက အနာဂတ်ကို သိမ်းပိုက်နိုင်ရမယ်... နောင်တစ်ချိန်မှာ ငါ ပျောက်ကွယ်သွားခဲ့မယ်၊ သေသွားခဲ့မယ် ဆိုရင်တောင်မှပေါ့”
ဝေ့ဝူယင်က ခဏမျှ ရပ်ကာ အားလုံးကို တစ်ချက် ဝှေ့ကြည့်လိုက်၏။ အမွေခံ အပြစ်သား တစ်ယောက် အနေဖြင့် သူက ငရဲ၏ အလွန် ကြောက်မက်ဖွယ် ကောင်းသော ကပ်ဘေး ဆယ့်ရှစ်ခုကို ရင်ဆိုင်ရမည့်သူ ဖြစ်သည်။ သေခြင်းတရားက သူ့ဦးခေါင်းထက်၌ ရစ်ဝဲနေကာ အချိန်မရွေး ကျရောက်လာနိုင်သည်။ အကယ်၍ သူသာ လမ်းခုလတ်တွင် ကျဆုံးကာ သေဆုံးသွားခဲ့ပါက ချစ်ခင်ရသူများနှင့် အမွေအနှစ်များကို လုံခြုံ စိတ်ချစွာ ထားရစ်ခဲ့လိုသည်။ ထိုပြဿနာကို ဖြေရှင်းရန် အတွက် သူ ဤအစီအစဥ်ကို ဆွဲခဲ့ခြင်းပင် ဖြစ်လေသည်။
“ဒီနေ့ကစပြီး မင်တို့က ငါ့ရဲ့ ဗာကီရီတွေပဲ...”
(ဗာရီကီ = စတင်ဒီနေဗီးယား ဒဏ္ဍာရီထဲက မိန်းမသူရဲကောင်း)
...
“ပထမ ဗိုလ်ချုပ်... ကျုပ်တို့ အရှင်ဝေ့ကို သွားမတွေ့သင့်ဘူး ဆိုတာ သေချာရဲ့လား...”
လည်ပင်းနှင့် ရင်ဘတ်တို့တွင် သစ်ရွက်ကြောများလို အမှတ်အသားများကို ပိုင်ဆိုင်ထားသည့် နတ်ဆိုး တစ်ယောက်က မေးလိုက်သည်။ သူက ကတုံးပြောင်ပြောင်နှင့် ဖြစ်ကာ လက်တစ်ဖက် တစ်ချက်တွင် ခန္ဓာကိုယ် နှစ်ဆ နီပါး ကြီးမားသည့် စစ်တူကြီးများကို ကိုင်ဆောင်ထား၏။
“ရူးနေတာလား သောက်ကတုံးရဲ့... ဘာလို့ သွားတွေ့ရမှာလဲ... အတွေ့အကြုံနဲ့ ကျွမ်းကျင်မှု ဆိုတာက ကိုယ်တိုင် လေ့ကျင့်ယူရတာ... နေရာတိုင်းမှာ အရှင်ဝေ့ကိုပဲ အားကိုးနေလို့ ရမလား”
ဟင်းလင်းပြင် လက်စွပ် တစ်ရာနီးပါးကို လည်ပင်းတွင် ဆွဲကြိုးလုပ်၍ ဆွဲထားသည့် ယောက်ျားကြီး တစ်ယောက်က ငေါက်လိုက်၏။ သူ့လည်ပင်းတွင် ဆွဲထားသည့် လက်စွပ်များထဲမှ အချို့မှာ ကြက်သီးထဖွယ် ကောင်းအောင်ပင် မူလ ပိုင်ရှင်များ၏ ရောင်စုံ သွေးများဖြင့် စိုစွတ်နေဆဲ ဖြစ်လေသည်။
"ဟမ့်... ငါက အားကိုးမယ် ပြောနေလို့လား အရူးရဲ့... ဘာလုပ်ရမယ် ဆိုတာ သူ့ဆီက အမိန့်ယူဖို့ ပြောနေတာ... ငါတို့ ဒီကို ရောက်နေတာ နှစ်နှစ်လောက် ရှိပြီ... ဒီအတိုင်း ယောင်ချာချာနဲ့ ဆက်ပြီး လမ်းပျောက်နေမယ့် အစား အရှင်ဝေ့ ဘာဖြစ်စေချင်တယ် ဆိုတာ သိရင် ပိုမကောင်းဘူးလား... သောက်ဦးနှောက် မရှိတဲ့ကောင်”
ကတုံးပြောင်ပြောင်နှင့် နတ်ဆိုးက နှာခေါင်းရှုံ့ရင်း ပြန်လည် အော်ငေါက် လိုက်သည်။
“မင်းကများ တစ်ပြန်တည်း...”
ယောက်ျားကြီးက မခံချိ မခံသာ ဖြစ်သွား၏။ သို့သော်လည်း သူ တစ်စုံတစ်ရာ မပြောနိုင်ခင်မှာပင် ဘေးနားရှိ ဟုန်ချွင်းဟွာက နားငြီးလာဟန်နှင့် အောက်ငေါက်လိုက်သည်။
“ပိုင်ယွင်ဟန်နဲ့ ကျူးကျွင်း နင်တို့ နှစ်ယောက်လုံး ကလေးလည်း မဟုတ်ပဲ တော်ကြတော့...”
လက်ရှိ၌ သူတို့မှာ လှေတစ်စင်းထက်၌ ရှိနေကြခြင်း ဖြစ်ကာ ခရမ်းပုပ်ရောင် ရေပင်လယ်ကို ဖြတ်သန်း၍ ခရီးနှင် နေကြခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ကိုးလခန့် ကတည်းကပင် ဟုန်ချွင်းဟွာတို့ အုပ်စုမှာ အခြား မဟာမိတ်များကို ရှာဖွေရန် အတွက် လေပြည်လွင်ပြင်မှ စွန့်ခွာကာ ခရီးနှင်လာခဲ့ကြခြင်း ဖြစ်သည်။ ဟုန်ချွင်းဟွာနှင့် လျဲ့ယုတို့ အပါအဝင် လှေပေါ်တွင် လိုက်ပါလာသူ စုစုပေါင်း ငါးယောက် ရှိပြီး ကျန် သုံးယောက်ကတော့ အာဏာရှင် အဖွဲ့သားများ ဖြစ်ကြပေသည်။
ကတုံးပြောင်ပြောင် နတ်ဆိုး၏ အမည်က ကျူးကျွင်းဖြစ်ကာ ယောက်ျားကြီးကတော့ ပိုင်ယွင်ဟန် ဖြစ်သည်။ လှေပေါ်တွင် ရှိနေသည့် တတိယမြောက် အာဏာရှင်မှာ အနက်ရောင် ဆံနွယ်များကို ပိုင်ဆိုင်ထားသည့် အယ်ဗန်မျိုးနွယ် မိန်းကလေး တစ်ယောက် ဖြစ်သည်။ ကျူးကျွင်းတို့နှင့် ခြားနားစွာပင် သူမက စကားနည်းကာ အေးပုံ ပေါ်သည်။
ဟုန်ချွင်းဟွာက မိုးကုပ်စက်ဝိုင်းကို လှမ်းမျှော်ကြည့်လိုက်၏။
“အရှင်ဝေ့က ဗဟိုနယ်မြေနဲ့ ပျက်သုဥ်းခြင်း နယ်မြေတွေကို သိမ်းပိုက်ပြီး ဒြပ်စင် သုံးခု တော်ဝင် မင်းသား ဖြစ်နေပြီ... တကယ်လို့ ငါတို့ကို ဆက်သွယ်ဖို့ လိုအပ်တယ် ဆိုရင် သူ့အတွက် သိပ်ခက်ခဲလိမ့်မှာ မဟုတ်ဘူး.. သူ အစက ပြောထားတဲ့ အတိုင်း ဒါက ငါတို့ရဲ့ ခရီးစဥ်ပဲ... အရာအားလုံးက ငါတို့ အပေါ်မှာပဲ မူတည်နေလိမ့်မယ်... ဆုံးဖြတ်ချက်တွေကို ငါတို့ ကိုယ်တိုင်ပဲ ချမှတ်ရမယ်”
“နောက်ပြီးတော့ ပိုင်ယွင်ဟန်နဲ့ ကျူးကျွင်း... ငါတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ ဆိုတာ မမေ့နဲ့...”
***