← Chapters

သင်္ဘာတစ်စင်း

Vol. 34 Ch. 465

သင်္ဘာတစ်စင်း

Vol. 34 Ch. 465

“ရည်ရွယ်ချက်”

ထိုစကားလုံးကို ကြားသည်နှင့် ပိုင်ယွင်ဟန်တို့ နှစ်ယောက်၏ အမူအရာများက ပြောင်းလဲ သွားကာ တဖျပ်ဖျပ် တောက်ပသည့် မျက်လုံးများဖြင့် မိုးကုပ်စက်ဝိုင်းကို လှမ်းကြည့်လိုက်ကြသည်။ တစ်ချိန်တည်း၌ သူတို့ နှစ်ယောက်မှာ ထူးဆန်းသော နည်းလမ်း တစ်ခုဖြင့် ချိတ်ဆက်သွားကြပုံ ရကာ ခွန်အားများ ပိုမို မြင့်တက် လာကြ၏။

လျဲ့ယုနှင့် လီယင်ကူးတို့မှာ ထိုမြင်ကွင်းကို ကြည့်ကာ ပြုံးလိုက်မိကြသည်။ အပြင်ပန်းတွင် ရန်သူများ သဖွယ် တစောင်းမဲမဲ ဖြစ်နေသည့်တိုင် သူတို့ နှစ်ယောက်မှာ ပူးပေါင်း တိုက်ခိုက်မှုတွင် အလွန် ထူးချွန်သည့် တွဲဖက်များ ဖြစ်သည်။ ပြောရလျှင် သူတို့ နှစ်ယောက်၏ ဆက်ဆံရေးက ထိုထက် ပိုမို ပေသည်။

လျဲ့ယုက လီယင်ကူး အနားသို့ ကပ်ကာ ဝိညာဥ်အာရုံဖြင့် ဆက်သွယ်ရင်း မေးလိုက်၏။

“သူတို့ နှစ်ယောက်က တကယ်ကြီး တွဲနေတာလား..”

ထိုသတင်းကို ဟုန်ချွင်းဟွာထံမှ ကြားကြားချင်း သူမ မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရသည်။ ပိုင်ယွင်ဟန်နှင့် ကျူးကျွင်းတို့မှာ တစ်ယောက်က နတ်ဆိုး တစ်ယောက်က လူသား ဖြစ်နေသည့် အပြင် နှစ်ယောက်စလုံးက ယောက်ျားကြီးများ ဖြစ်ကြပေသည်။

“အမှန်ပဲ...”

လီယွင်ကူးက အသာအယာ ပြုံးလိုက်ရင်း လက်ထဲရှိ သံလိုက်အိမ်မြှောင်လို ပစ္စည်းလေးကို ငုံ့ကြည့်လိုက်၏။ ထို့နောက် သူမက ဝိညာဥ်အင်အားကို ဖြည်းညင်းစွာပင် ထည့်သွင်းလိုက်ရင်း အထဲရှိ ဝိညာဥ် ဝင်္ကပါကို အသက်သွင်း လိုက်သည်။

“လီယင်ကူး... အခြေအနေ ဘယ်လိုလဲ...”

ဟုန်ချွင်းဟွာက မေးလိုက်လေသည်။

"ပြီးခါနီးပြီ... သိပ်မလိုတော့ဘူး”

လီယွင်ကူးက ပြန်ဖြေလိုက်သည်။ သံလိုက်အိမ်မြှောင်မှာ အာဏာရှင်များကို သူမတို့ ရှာဖွေသည့် နည်းလမ်း တစ်ခု ဖြစ်သည်။

သို့သော်လည်း ဘေးဥပဒ် ပင်လယ်ကို ဝင်ရောက်ပြီးနောက်တွင် ပတ်ဝန်းကျင် အခြေအနေကြောင့် ၎င်း၏ ဝင်္ကပါများက ပုံစံ ပျက်ရွင်းလုနီးပါး အထိ ဖြစ်သွားခဲ့သည်။ လီယွင်ကူးမှာ ထိုဝင်္ကပါများကို လပေါင်းများစွာ တိုင်အောင် ပြင်ဆင်နေခဲ့ကာ ယခုဆိုလျှင် ပြီးလုနီးပါး အထိ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဟုန်ချွင်းဟွာက ခေါင်းညိတ်လိုက်၏။ လီယွင်ကူးမှာ ပန်းပဲပညာနှင့် ဝင်္ကပါ ပညာ နှစ်ရပ်စလုံးတွင် ထူးချွန်သည့် ဖန်တီးခြင်း ပညာရှင် တစ်ယောက် ဖြစ်သည်။ သူမ၏ ပါရမီကို ဝေ့ဝူယင် ကိုယ်တိုင်ကပင် တကူးတက ချီးကျူး ပြောဆိုခဲ့ဖူးသည်။ ပန်းပဲ ပညာရှင် တစ်ယောက် အနေဖြင့် သူမက လက်နက်များ၊ ပစ္စည်းများကို ဖန်တီးနိုင်စွမ်း ရှိသလို၊ ဝင်္ကပါ ပညာရှင် တစ်ယောက် အနေဖြင့်လည်း ဝင်္ကပါများ၊ အစီအရင်များကို တည်ဆောက်နိုင်စွမ်း ရှိပေသည်။

လွန်ခဲ့သည့် လများ အတွင်း အာဏာရှင် အဖွဲ့သား တစ်ယောက်ချင်းစီတိုင်းမှာ ကျင့်စဥ် သို့မဟုတ် အစီအရင် လမ်းစဥ်များတွင် အလွန် ပါရမီ ပါကြသည်ကို ကြည့်ကာ လျဲ့ယု အံ့အားသင့်ခဲ့ရသည်။ လီယွင်ကူးမှာ ဖန်တီးခြင်း ပညာရှင် တစ်ယောက် ဆိုသည့်တိုင် အခြားတစ်ဖက်၌ အလွန် အစွမ်းထက်သည့် ဟင်းလင်းပြင် ပဲ့တင်သံ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သို့သော်လည်း သူမကတော့ နှစ်နှစ် ကြာမြင့်ပြီးသည့်တိုင် ကျင့်ကြံခြင်း အဆင့် တစ်ဆင့်သာ တက်ကာ ယခုမှ ကောင်းကင် အုပ်စိုးသူ အဆင့်တွင်သာ ရှိနေပေသေးသည်။

“တစ်ခုခု ချဥ်းကပ်လာနေတယ်...”

ပိုင်ယွင်ဟန်နင့် ကျုူကျွင်းတို့က တစ်ပြိုင်နက်တည်းပင် ပြောလိုက်၏။ သူတို့က လက်ဟန်ချိပ်စည်းများကို အဆက်မပြတ် ထုတ်ဖော်လိုက်ရာ သူတို့၏ မျက်လုံးများမှာ ဝိညာဥ်အလင်းများဖြင့် ပိုမို တောက်ပလာလေသည်။

“အဲဒါက သင်္ဘောကြီး တစ်စင်းပဲ... ကြည့်ရတာ သူတို့က ငါတို့ဆီကို တည့်တည့် ဦးတည်နေတယ်”

သူတို့ နှစ်ယောက်က နောက်တစ်ကြိမ် တစ်ပြိုင်နက်တည်း ပြောလိုက်ပြန်၏။ ရှင်းလင်းစွာပင် သူတို့ နှစ်ယောက်၏ ဝိညာဥ် စွမ်းအင်များမှာ အမှားအယွင်း တစ်ခုတစ်လေပင် မရှိပဲ နက်ရှိုင်းစွာ ချိတ်ဆက်နေပေသည်။

ဟုန်ချွင်းဟွာက မျက်မှောင်ကြုတ်ကာ မိုးကုပ်စက်ဝိုင်းအောက်တွင် တဖြည်းဖြည်း ပေါ်လွင်လာသည့် အပြာရောင် သင်္ဘောကြီးကို လေ့လာလိုက်သည်။ထိုသင်္ဘောကြီးမှာ အလွန် ကြီးမားလှကာ အကြမ်းဖျဥ်းအားဖြင့် လူတစ်ထောင်ခန့်ကို သယ်ဆောင်ထားသည့်ပုံ ပေါ်ပေသည်။

“‌ရေနေ အယ်ဗန်တွေလား...”

ဟုန်ချွင်းဟွာက မသေချာ မရေရာဟန်ဖြင့်  မေးလိုက်၏။ အပြာရောင် သင်္ဘောများမှာ ရေနေအယ်ဗန် မျိုးနွယ်တို့၏ ထင်ရှားသော အမှတ်လက္ခဏာ တစ်ခု ဖြစ်သော်လည်း တစ်ခုခု ထူးဆန်းနေသလို သူမ ခံစားနေရသည်။

“အဲဒါက လူသားတွေပဲ... နောက်ပြီး မဟာမင်းသားလည်း လှေပေါ်မှာ ရှိနေတယ်”

ပိုင်ယွင်ဟန်က သုန်မှုန်သည့် အမူအရာဖြင့် ပြောလိုက်လေသည်။

"မဟာမင်းသား ဟုတ်လား... လုံချန်လား”

လီယွင်ကူးက စိတ်ဝင်စားသွားကာ မိုးကုပ်စက်ဝိုင်းအောက်ရှိ သေးငယ်သည့် အစက်အပျောက်လေးကို လှမ်းမျှော် ကြည့်လိုက်သည်။

"လုံချန်...”

ထိုနာမည်ကို ကြားသည်နှင့် လျဲ့ယု၏ နီလာရောင် မျက်ဝန်းများမှာ အဆုံးမဲ့ ပျော်ရွှင်မှုများနှင့် ပြည့်နှက်လာကာ တဖျပ်ဖျပ် တောက်ပသွား၏။ သူမက ချက်ချင်းပင် လှေဦးထိပ်ကို ပြေးကာ ချဥ်းကပ်လာသည့် အပြာရောင် သင်္ဘောကြီးကို ကြည့်လိုက်သည်။ ထိုအခိုက်၌ မျှော်လင့်ချက် အလင်းတို့က သူမ၏ ရင်တစ်ခုလုံးကို သိမ်းပိုက် စိုးမိုးထားလေ၏။

သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မတွေ့ခဲ့ရသည်မှာ နှစ်နှစ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုကာလများ အတွင်း နေ့ရာညပါ သူမ သူ့ကို တောင်းတခဲ့ရသည်။ သူ ဘယ်ဆီဘယ်ဝယ် ‌ရောက်နေပြီလဲ မှန်းရွယ် ခဲ့ရသည်။

ဟုန်ချွင်းဟွာမှာ တည်ငြိမ်စွာပင် ရှိနေဆဲ ဖြစ်၏။ သူမက ခေါင်းတစ်ချက် ညိတ်လိုက်ရင်း ပိုင်ယွင်ဟန်တို့ကို အမိန့်ပေး လိုက်သည်။

“အသေးစိတ် ထပ်ပြေပါဦး...”

ပိုင်ယွင်ဟန်က ခေါင်းတစ်ချက် ညိတ်ကာ အပြာရောင် သင်္ဘောကြီးကို မျှော်ကြည့်လိုက်၏။

“သူက သင်္ဘောပေါ်မှာ ရှိတဲ့ အကျဥ်းထောင် တစ်ခုထဲမှာ ပိတ်မိနေတာ... ကြည့်ရတာ သူ့ကို စွမ်းအင် ကူးပြောင်းခြင်း အစီအရင် တစ်ခုနဲ့ မွမ်းမံနေတဲ့ပုံ ရတယ်... ကျုပ် ဝိညာဥ်အာရုံကို အချုပ်ခန်းထဲထိ ထိုးဖောက်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ဘူး... အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်က သတိထားမိပြီး ချက်ချင်း တိုက်ခိုက်လာတယ်... ဒါပေမဲ့ အဲဒါက လုံချန် ဆိုတာတော့ သေချာတယ်... မမှားနိုင်ဘူး”

“ဘာလဲ... မဖြစ်နိုင်တာ... သူက လုံချန်လေ... ဘယ်လိုလုပ်ပြီး စွမ်းအင် ကူးပြောင်းခြင်း အစီအရင်နဲ့ မွမ်းမံတာကို ခံရမှာလဲ”

လျဲ့ယုက လက်မခံသည့် မျက်ဝန်းများဖြင့် ခေါင်းခါလိုက်၏။ ဟုန်ချွင်းဟွာကတော့ ထိုအရာကို စိတ်ဝင်စားပုံ မရ‌ချေ။ သူမက တည်ငြိမ်စွာပင် ထပ်မံ မေးလိုက်သည်။

“ခေါင်းဆောင်ရဲ့ ခွန်အားကရော...”

“အလင်းပြန်ခြင်း အဆင့်တင်...”

ယခုတစ်ကြိမ်တော့ ကျူးကျွင်းက ဖြေလိုက်၏။

“လှေပေါ်မှာ ဘယ်နှစ်ယောက်လောက် ပါလဲ”

"ဖမ်းဆီးခံထားတဲ့ရတဲ့  သုံးရာလောက်နဲ့ အကြမ်းဖျဥ်း ရှစ်ရာလောက် ပါတယ်... ကောင်းကင်အုပ်စိုးသူ အဆင့်နဲ့ အထက် ကျင့်ကြံသူက ရှစ်ဆယ်လောက် ရှိမယ်... အားလုံးက လူသားတွေချည်းပဲ... အဖမ်းခံထားရတဲ့ အထဲမှာတော့ ရေနေအယ်ဗန် အချို့ ပါတယ်... ကြည့်ရတာ သူတို့ သင်္ဘောက ဓားပြတိုက် ခံထားရတဲ့ ပုံပဲ”

ပိုင်ယွင်ဟန်က နှံ့နှံ့စပ်စပ်ပင် ရှင်းပြလိုက်၏။

လျဲ့ယုက နှုတ်ခမ်းကို ကိုက်ကာ အဝေးမှ တရွေ့ရွေ့ လာနေသည့် သင်္ဘောကိုသာ လှမ်းကြည့်လိုက်၏။ လုံချန် အဖမ်းခံထားရကြောင်း သူမ လက်မခံနိုင်သည့်တိုင် ယခုအချိန်တွင် တိတ်ဆိတ်နေသည်ကသာ အကောင်းဆုံး ဖြစ်ကြောင်း သူမ သိပေသည်။ သူမတွင် သူတို့ကို ဆန့်ကျင်ပြောဆိုနိုင်သည့် စွမ်းအားနှင့် အဆင့်အတန်း မရှိပါချေ။

လီယွင်ကူးက ဟုန်ချွင်းဟွာကို ကြည့်လိုက်၏။

“ကျွန်မတို့ လှုပ်ရှားမှာလား ဗိုလ်ချုပ်ဟုန်”

“...”

ဟုန်ချွင်းဟွာက မျက်မှောင်ကြုတ်လိုက်၏။ တိုက်ခိုက်ရေး သမား ငါးရာခန့် ပါဝင်နေသည့် သင်္ဘောကို ဝင်ရောက် ဝင်ရောက်တိုက်ခိုက်ခြင်းက အကျိုးအမြတ် ဆိုသည်ထက် ဆုံးရှုံးမှုများနှင့်သာ ရင်ဆိုင်ရနိုင်သည့် အခြေအနေမျိုး ဖြစ်သည်။

သို့သော်လည်း မဟာမင်းသား လုံချန်မှာ လှေပေါ်တွင် ဖမ်းဆီးခံထားရသည်။ ထိုအရာက အနန္တ ဧကရာဇ်ဂိုဏ်း၏ မျက်နှာကို ဖျပ်ရိုက်ခံလိုက်ရခြင်းပင် ဖြစ်သည်။

"ဗိုလ်ချုပ်ဟုန်...”

လျဲ့ယုက တောင်းပန်ရန် ဟန်ပြင်လိုက်စဥ်မျာပင် လီယွင်ကူးက သူမ ပခုံးကို ထိကိုင်လိုက်၏။ ထို့နောက် ခေါင်းကို ခါပြကာ တိတ်ဆိတ်နေရန် အမူအရာ ပြလိုက်သည်။

ဟုန်ချွင်းဟွာမှာ ငြိမ်သက်စွာ ဆက်လက် စဥ်းစားနေဆဲ ဖြစ်၏။ အပြာရောင် သင်္ဘောကြီးကတော့ သူတို့ထံ ဆက်လက် ချည်းကပ်လာနေဆဲ ဖြစ်သည်။ ၎င်းအပေါ်ရှိ လူများ၏ အငွေ့အသက်များက တိုက်ပွဲတစ်ခု ပြင်ဆင် ထားသည်မှာ ရှင်းလင်းလှပေသည်။

“ ... “

ဟုန်ချွင်းဟွာက သူမ ဆုံးဖြတ်ချက်ကို ပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် နောက်နားမှ အသံတစ်ခု ထွက်ပေါ်လာ၏။

“သင်္ဘောပေါ်မှာ အာဏာရှင် တစ်ယောက် ရှိနေတယ်”

ဟုန်ချွင်းဟွာ၊ လျဲ့ယု၊ ပိုင်ယွင်ဟန်နှင့် ကျူးကျွင်းတို့ လေးယောက်မှာ လီယွင်ကူးကို လှည့်ကြည့်လိုက်ကြ၏။ လီကူးယင်မှာ သံလိုက်အိမ်မြှောင် တစ်ခုကို ကိုင်ထားကာ အနီရောင် လက်တံလေးမှာ သင်္ဘောထံကို ပြင်းထန်စွာ ညွှန်ပြနေချေသည်။

ဟုန်ချွင်းဟွာမှာ ဆက်လက် တုန့်ဆိုင်းနေခြင်း မရှိချေ။ ပင်လယ်လေတွင် မျောလွင့်နေသည့် ဆံနွယ်များနှင့် အတူ သူမက ဓားရိုးကို ဆုပ်ကိုင်လိုက်၏။

“တိုက်ခိုက်ကြမယ်”

“ကောင်းပါပြီ...”

ပိုင်ယွင်ဟန်နှင့် ကျူးကျွင်းတို့က တက်ကြွစွာဖြင့် အော်ဟစ်လိုက်၏။ သူတို့မှာ အစောကတည်းကပင် တိုက်ခိုက်ရန် စိတ်အားထက်သန်ကြသူများ ဖြစ်လေရာ ဟုန်ချွင်းဟွာ၏ အမိန့်ပေးသံက သူတို့ အတွက် သာယာသော ဂီတသံ တစ်ခုလိုပင် ဖြစ်သည်။

ထင်မှတ်မထားလောက်အောင် အံ့အားသင့်စရာ ကောင်းသည်ကတော့ လီယွင်ကူးပင် ဖြစ်လေသည်။ သူမမှာ အမြဲလိုလို တည်ငြိမ် အေးချမ်းစွာ နေတတ်သူ တစ်ယောက် ဖြစ်သော်လည်း အမိန့်သံကို ကြားကြားချင်းမှာပင် နတ်ဆိုးတစ်ယောက်လို ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ မျက်လုံးများမှာ ပြင်းထန်သော သတ်ဖြတ်လိုမှု၊ အကြမ်းဖက်လိုမှုတို့ဖြင့် တဟုန်းဟုန်း တောက်လောင်နေသည်။

“လီယွင်ကူး..”

ဟုန်ချွင်းဟွာက သင်္ဘောကို စူးစိုက်ကြည့်ရင်း အမိန့်ပေးလိုက်၏။ လီယွင်ကူးက နားလည်ဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်ကာ သိုလှောင်လက်စွပ်ထဲမှ ကျောက်တုံး ရှစ်တုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် သူမက လက်ဟန်ချိပ်စည်းများကို အဆက်မပြတ် ဖော်ထုတ်ကာ ဝိညာဥ်လှိုင်းများမှာ ထိုကျောက်တုံးများထံ ပို့လွှတ်လိုက်လေတော့၏။

***

All Chapters