← Chapters

တိုက်ခိုက်မှု

Vol. 34 Ch. 466

တိုက်ခိုက်မှု

Vol. 34 Ch. 466

ကျောက်တုံးများမှာ မူလက မွဲခြောက်ခြောက်နှင့် မီးခိုးရောင်များ ဖြစ်ကြသော်လည်း ဝင်္ကပါ တစ်ခု အဖြစ် ချိတ်ဆက်သွားပြီးနောက်တွင် ၎င်းတို့၏ အရောင်များက စတင် ပြောင်းလဲ လာကြသည်။ ထူထပ် သိပ်သည်းသော မြူခိုးများမှာ ကျောက်တုံးများမှ ပျံ့လွင့်လာကာ မကြာခင်မှာပင် လှေတစ်ခုလုံးကို ဖုံးအုပ် သွာခဲ့တော့၏။

ဝှစ်...

ဟုန်ချွင်းဟွာက ခုန်ပျံကာ လှေ၏ အပြင်ဘက်သို့ ထွက်လိုက်၏။ အခြားလူများမှာလည်း သူမ နောက်မှ လိုက်ပါလာကြကာ လျဲ့ယုတစ်ယောက်သာလျှင် လှေပေါ်၌ ကျန်ရစ်ခဲ့သည်။

လှေမှာ ညင်သာစွာ တစ်ချက် တုန်ရီသွားကာ ဖြည်းညင်းစွာပင် ဘေးဥပဒ် ပင်လယ်၏ ခရမ်းရောင် ရေများအတွင်း နစ်ဝင်သွား၏။ ကျောက်တုံးရှစ်ခုမှ ထွက်ပေါ်နေသည့် မြူခိုးများမှာ အလင်းနံရံများ သဖွယ်ဖြင့် ကာဆီးထားကာ လှေထဲကို ရေများ ဝင်မလာစေရန် တားဆီးထားလေသည်။

လျဲ့ယုမှာ တဖြည်းဖြည်း နစ်ဝင်နေသည့် လှေပေါ်မှ နေ၍ အခြားလူများ ထွက်ခွာသွားသည်ကို စိုးရိမ်ပူပန်စွာပင် ကြည့်နေခဲ့၏။ လုံချန်အား ကယ်တင်လိုသည့် ဆန္ဒက မီးတောက် တစ်ခု သဖွယ် သူမ၏ ရင်ကို ကျွမ်းလောင် နေခဲ့သည့်တိုင် ကံမကောင်းစွာပင် သူမ၏ ကျင့်ကြံခြင်း အဆင့်က နိမ့်ကျလွန်းလှသည်။ ယခုအချိန်တွင် သူမ အတတ်နိုင်ဆုံး အရာက လုံချန်နှင့် ဟုန်ချွင်းဟွာတို့ အဖွဲ့ ဘေးကင်းအောင် ဆုတောင်းပေးဖို့ပင် ဖြစ်လေသည်။

“ခေါင်းဆောင်... ပစ်မှတ်က မြူခိုးတွေထဲမှာ ဝင်ပုန်းနေတယ်... သူတို့ကို အာရုံခံလို့ မရတော့ဘူး”

သင်္ဘောဦးတွင် ရပ်နေသည့် ကင်းထောက်က သတင်းပို့လိုက်၏။ သူမက အမျိုးသမီး ကျင့်ကြံသူ တစ်ယောက် ဖြစ်ကာ ကြယ်တာရာ အမြုတေ အဆင့်သုံး ဝိညာဥ်အဆင်းတု အဆင့်တွင်သာ ရှိပေသည်။ သို့သော်လည်း သူမ၏ ဝိညာဥ်အာရုံနှင့် ခြေရာခံ အစီအရင်များက သင်္ဘောပေါ်၌ အထက်မြက်ဆုံး ဖြစ်လေရာ ထိုနေရာနှင့် အလွန်အမင်း သင့်တော်ပေသည်။

သူတို့၏ ခေါင်းဆောင်မှာ လူနာတစ်ယောက်လို ဖြူရော်ရော် အသားအရေကို ပိုင်ဆိုင်ထားသည့် ခပ်ပိန်ပိန် လူကြီး တစ်ယောက် ဖြစ်သည်။ သူ့နမည်က ဖုကျွဲရီချန်း ဖြစ်ကာ ယခုနှစ်မှ စတင်၍ သစ်ပင်ဖြူ ဓားပြ အဖွဲ့၏ ခေါင်းဆောင် ရာထူးကို ရရှိထားသူ ဖြစ်၏။ သူက ပိုင်ဟွင်ဟန်နှင့် ကျူးကျွင်းတို့ ရည်ညွှန်းသည့် အလင်းပြန်ခြင်း အဆင့် ကျင့်ကြံသူပင် ဖြစ်လေသည်။

“သူတို့က ထွက်ပြေးသွားတာလား...”

ဖုကျွဲရီချန်းက မျက်မှောင်ကြုတ်လိုက်၏။ မြူခိုးများမှာ ပတ်ဝန်းကျင် တစ်မိုင်ခန့် အထိကို ဖြန့်ကျက် ဖုံးအုပ်နေလေရာ ထိုအတွင်း မည်သည့် အရာများ ဖြစ်ပျက်နေသည်ကို မတွေ့မမြင်နိုင်ချေ။ ပို၍ ထူးဆန်းသည်က ထိုမြူခိုးမှာ ဝိညာဥ်အာရုံကိုပင် တားဆီးနိုင်ခြင်း ဖြစ်လေသည်။

“ကိုယ့်လူတို့... တိုက်ပွဲအတွက် ပြင်ဆင်ထားကြ...”

ဖုကျွဲရီချန်းက ဂရုမစိုက်ဟန်နှင့် အမိန့်ပေးလိုက်၏။ ထွက်ပဲပြေးပြေး၊ ပြန်ပဲ ခုခံခုခံ သူတို့ကတော့ လုပ်စရာရှိသည့် အရာကို လုပ်ရမည် ဖြစ်သည်။

ဖုကျွဲရီချန်းမှာ မပိုင်လျှင် ခြင်တောင် မရိုက်သည့် လူစားမျိုး ဖြစ်သည်။ ခပ်ဝေးဝေးကပင် ထိုလှေကို သူ သေချာ စစ်ဆေးခဲ့ပြီး ဖြစ်သည်။ ထိုအထဲတွင် ကျင့်ကြံသူ ငါးယောက်သာ ပါဝင်ကာ ထိုအထဲမှ လေးယောက်သာလျှင် ကြယ်တာရာ အမြုတေ အဆင့်လေး အာကာသ ပဲ့တင်သံ အဆင့်တွင် ရှိသည်။ ကျန်တစ်ယောက်မှာ ဘာမှ အသုံး မဝင်သည့် ပမွှား ကောင်းကင်အုပ်စိုးသူလေးသာ ဖြစ်သည်။

“သူတို့ ဘယ်နေရာမှာလဲ ထပ်ရှာကြည့်စမ်း...”

ဖုကျွဲရီချန်းက အမိန့်ပေးလိုက်၏။ ကင်းထောက်မိန်းကလေးက ခေါင်းတစ်ချက် ညိတ်လိုက်ကာ မြူခိုးများဘက်ကို ပြန်လည် လှည့်လိုက်ရင်း ဝိညာဥ်အာရုံကို နောက်တစ်ကြိမ် မြူခိုးများထဲသို့ ပို့လွှတ် လိုက်သည်။ မြူခိုးအတွင်းပိုင်းသို့ စိမ့်ဝင်လာသည်နှင့် အမျှ သူမ၏ မျက်လုံးများမှာ ဝိညာဥ်အလင်းများဖြင့် ပိုမို တောက်ပလာ၏။ ထိုအရာက တစ်မိုင်အကွာအဝေးသာ ဖြစ်သည့်တိုင် သူမမှာ ရှိသမျှ စွမ်းအင် အကုန်လုံးကို အသုံးပြုနေခဲ့ရပြီ ဖြစ်လေသည်။

ရုတ်တရက် ကင်းထောက်မိန်းကလေးမှာ ရွေ့လျားနေသည့် တစ်စုံတစ်ရာကို သတိထားမိသွား၏။ သူမက ပျော်ရွှင်စွာဖြင့် နောက်သို့ လှည့်ရင်း အော်ဟစ်လိုက်သည်။

“သူတို့ မြူတွေထဲမှာ ရှိနေ...”

သူမ၏ စကားအဆုံးမသတ်ခင်မှာပင် စူးစူးရှရှ အသံတစ်ခုနှင့် အတူ မြှားတစ်စင်းမှာ မြူခိုးများထဲမှ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ဖြတ်သန်းလွင့်ပျံလာ၏။ ချက်ချင်းပင် လတ်ဆတ်သော သွေးရနံ့များ ပျံ့နှံ့လာကာ ကင်းထောက် မိန်းကလေး၏ ပုံရိပ်က ခရမ်းရောင် ရေထုထဲသို့  ထိုးစိုက် ပြုတ်ကျသွားသည်။

"..."

ဖုကျွဲရီချန်း အပါအဝင် ရာပေါင်းများစွာသော သင်္ဘောသားများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အသွားကြလေ၏။ ဘာတွေဖြစ်ကုန်သနည်း။

“ငါတို့ တိုက်ခိုက်ခံနေရပြီ...”

ဖျပ်လတ်သည့် အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက်က လျှင်မြန်စွာပင် သဘောပေါက် သွားကာ ထိတ်လန့်တကြား အော်ဟစ် သတိပေးလိုက်၏။

ဝှစ်... ဝှစ်...

ထိုအခိုက်တွင်ပင် မြူခိုးများထဲမှ မြှားနှစ်စင်း ထပ်မံ ထွက်ပေါ်လာကာ သူ့ဘေးနားရှိ ဓားပြ နှစ်ယောက်၏ ဦးခေါင်းများကို ထိမှန် သွားသည်။ တစ်စုံတစ်ရာ တုန့်ပြန်ချိန်မရခင်မှာပင် ထိုနှစ်ယောက်လုံး၏ ဦးခေါင်းများက ပေါက်ကွဲကာ အရည်များ အဖြစ် ပြန့်ကျဲ သွားတော့သည်။

အဖြစ်အပျက်များက အလွန် မြန်ဆန်းလွန်းလှသော်လည်း ဆက်တိုက် ပေါက်ကွဲသံ နှစ်ခုက ဖုကျွဲရီချန်း အတွက်တော့ အချက်ပေး သံချောင်းခေါက်သံ တစ်ခု လိုပင်။ သူက ချက်ချင်းပင် ကိုယ်ပိုင် ကြယ်တာရာ အကာအကွယ်ကို ထုတ်ဖော်ရင်း အော်ဟစ်လိုက်လေ၏။

“အကာအကွယ် ဝင်္ကပါတွေကို အသက်သွင်းလိုက်ကြဟေ့... နောက်ပြီး ကိုယ့် ကြယ်တာရာ အကာအကွယ်တွေကို ကိုယ်အားဖြည့်ထား... လေးသမားတွေ ရှိတယ်”

ဝမ်... ဝမ်...

အပြာရောင် သင်္ဘောကြီးမှာ ရောင်စုံအလင်းတန်းများဖြင့် စတင် တောက်ပလာကာ မကြာခင်မှာပင် အလင်း အကာအကွယ် တစ်ခုမှာ သင်္ဘောကြီး၏ ပတ်လည်ကို ဖုံးလွှမ်းသွားသည်။ ဝင်္ကပါ အောင်အောင်မြင်မြင်နှင့်  အသက်ဝင် သွားသောကြောင့် အားလုံးမှာ အနည်းငယ် စိတ်သက်သာရာ ရသွားကြ၏။ ပင်လယ်ကဲ့သို့ နေရာများတွင် လေးသမားများနှင့် ရင်ဆိုင်ရခြင်းက လုံးဝကို ငရဲ ဖြစ်သည်။

ဟူး... ဟူး...

သို့သော်လည်း မြူခိုးများမှာ ဆက်လက် တိုးဝင် လာနေဆဲ ဖြစ်သည်။ ၎င်းတို့က အလွန် ကြီးမားလှသည့် ထုထည်ကြီးဖြင့် သင်္ဘောကြီး တစ်စင်းလုံးကို ပတ်လည် လွှမ်းခြုံသွား၏။ ကံကောင်းထောက်မစွာပင် အလင်း အကာအကွယ် နံရံကြီးမှာ မြူခိုးများ အထဲသို့ ဝင်မလာနိုင်အောင် တားဆီးပေသည်။

အာကာသ ပဲ့တင်သံ အဆင့် သင်္ဘောသား တစ်ယောက်က ဖုကျွဲရီချန်းထံသို့ ပြေးလာကာ မေးလိုက်၏။

“ခေါင်းဆောင်ဖုကျွဲ... ကျုပ်တို့ နောက်ဆုတ်ကြမလား”

ပထမ သူတို့ ရည်ရွယ်ချက်က လှေတစ်စင်းလုံးကို အပိုင်သိမ်းကာ အထဲရှိ ကျင့်ကြံသူများကို ဖမ်းဆီးဖို့ ဖြစ်လေသည်။ သို့သော်လည်း... သူတို့ မလှုပ်ရှားရသေးခင်မှာပင် ပြန်လည် တိုက်ခိုက်ခံနေရပြီ ဖြစ်လေသည်။ ကြည့်ရသည်က ရန်သူများမှာ အတော်လေး အဆိပ်ပြင်းထန်ပုံရကာ သူတို့ ကိုယ်တိုင် အသေအပျောက် အကျအဆုံး မများပဲ လုယက် သတ်ဖြတ်နိုင်မည် မဟုတ်ကြောင်း ရှင်းလင်းနေပေသည်။

ဖုကျွဲရီချန်းက စကားပြောလာသူကို တစ်ချက် လှမ်းကြည့်လိုက်၏။ ထို့နောက် သင်္ဘောတစ်ခုလုံးကို ဝါးမျိုစ ပြုနေသည့် မြူခိုးများကို မော့ကြည့်ရင်း လေးပင်စွာ ခေါင်းခါလိုက်လေသည်။

“သိပ်နောက်ကျသွားပြီ...”

သူ၏ စကားလုံးများက အနာဂတ် ဖြစ်ရပ်တစ်ခု အတွက် ကြိုတင် နိမိတ် လက္ခဏာ ပြနေသည့် အလား ပတ်ပတ်လည်ရှိ မြူခိုးများမှာ စတင် တုန်ရီလာလေသည်။ သင်္ဘောသား အားလုံးမှာ ထိတ်လန့်တကြားဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်မိ၏။

“ဘာတွေဖြစ်နေတာလဲ...”

ထိုအခိုက်တွင်ပင် သင်္ဘောထက်ရှိ ဝင်္ကပါများ၏ လည်ပတ်မှုက တဖြည်းဖြည်း နှေးကွေးလာသည်ကို သူတို့ သတိထားမိလိုက်ကြသည်။

“ထူးဆန်းတဲ့ စွမ်းအင် တစ်ခုက ငါတို့ရဲ့ အကာအကွယ် ဝင်္ကပါတွေကို နှောက်ယှက်နေတယ်... ညီနောင်တို့... ရန်သူက အချိန်မရွေး သင်္ဘောပေါ် ရောက်လာနိုင်တယ် တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြ”

ဖုကျွဲရီချန်းက အော်ဟစ် အမိန့်ပေးလိုက်ရင်း ဆေဘာဓား တစ်စင်းကို ထုတ်ယူလိုက်သည်။ သတ်ဖြတ်မှု အလင်းတန်းနှင့် အတူ အလင်းပြန်ခြင်း အဆင့် အော်ရာက သူ့ခန္ဓာကိုယ် တစ်လျှောက် ပေါက်ကွဲ ထွက်ပေါ်လာသည်။

မကြာခင်မှာပင် ဝင်္ကပါလည်ပတ်မှုမှာ လုံးဝ ရပ်တန့် သွားကာ အလင်း နံရံများက ပြိုကျသွားတော့၏။ ဆက်တိုက်ဆိုသလိုပင် မြူခိုးများမှာ သင်္ဘောများ အတွင်း တိုးဝင်လာ၏။ ပေါ့လျော့သော သင်္ဘောသား အချို့မှာ အကာအကွယ်များကို ဖော်ထုတ် မထားကြရာ မြူခိုးများမှာ အလွယ်တကူပင် အောက်စီဂျင် ကဲ့သို့ အသက်ရှူ လမ်းကြောင်းမှ တစ်ဆင့် ခန္ဓာကိုယ် အတွင်း တိုးဝင် သွားလေ၏။

သူတို့က လန့်ဖျန့်သွားကာ ချက်ချင်းပင် ကြယ်တာရာ အင်အားများကို ထုတ်ဖော်ရင်း တွန်းထုတ်ရန် ဟန်ပြင် လိုက်ကြသည်။ သို့သော်လည်း ထိုကဲ့သို့ မပြုလုပ်နိုင်ခင်မှာပင် သူတို့၏ လည်ချောင်းများမှာ သံရည်ပူများ စီးဝင်လာမှုကို ခံရသကဲ့သို့ ပူလောင် လာလေ၏။ လည်ချောင်းများကို ဆုပ်ကိုင်ကာ အော်ဟစ် အကူအညီတောင်းလိုက်ကြသော်လည်း ပေါ့လျော့မှုက သူတို့ကို အနိုင်ယူသွားခဲ့ပြီ ဖြစ်လေသည်။ တစ်ခဏအတွင်းမှာပင် သူတို့မှာ တစ်ကိုယ်လုံး ပြာနှမ်း လာကြကာ သင်္ဘော ကုန်းပတ်ပေါ် အလျှိုလျှို လဲကျသွားတော့သည်။

“ခွေးသားတွေ... ကြယ်တာရာ အကာအကွယ်တွေကို အားဖြည့်ထားဖို့ ငါမပြောဘူးလား... ကျန်တဲ့ကောင်တွေ... အဲဒီမြူတွေကို မရှူမိစေနဲ့”

ဖုကျွဲရီချန်းက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ ထိုအခိုက်တွင်ပင် သူ့ လူအချို့မှာ လည်ချောင်းများကို ဆုပ်ကိုင်ကာ ထပ်မံ လဲကျသွားကြသည်။ ကြယ်တာရာ အမြုတေ အဆင့်အောက်ရှိ ကျင့်ကြံသူများမှာ ထိုမြူခိုးများအား တားဆီးနိုင်စွမ်း နည်းနည်းမျှပင် မရှိခဲ့ချေ။

“ဒီမြူခိုးတွေက ဘာတွေလဲ...”

ဘက်ပေါင်းစုံမှ တိုက်ခိုက် ဝါးမျိုနေရန် ကြိုးစားနေသည့် မြူခိုးများကို ထိတ်လန့်တကြား ကြည့်ရင်း အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက်က ရေရွတ်လိုက်သည်။ ယခုအချိန်ထိ ရန်သူ၏ အစအနကို မမြင်ရသေးချိန်တွင် သူတို့ လူပေါင်းများစွာမှာ တစ်ယောက်ပြီး တစ်ယောက် အတုံးအရုံး လဲပြိုနေခဲ့ရပြီ ဖြစ်လေသည်။

သင်္ဘောသားများမှာ ထိုမို၍ ကြောက်လန့် လာကြ၏။ သူတို့ တစ်ယောက်နှင့် တစ်ယောက် နီးကပ်စွာ ရပ်ရင်း ပတ်ဝန်းကျင်ကို လှည့်ပတ် သတိထားနေစဥ်မှာပင်...

ဝှစ်...

မြှားသုံးစင်းမှာ တစ်ပြိုင်နက်တည်း ဝင်ရောက်လာကာ ကံဆိုးသည့် ကျပန်း ကျင့်ကြံသူ သုံးဦး၏ ဦးခေါင်းများကို ထိုးဖောက် သွားလေ၏။ ထိုမြှားများမှာ အလွန် မြန်ဆန်ကာ အလွန်လည်း အစွမ်းထက်လှသည်။ ထိုမှန်ခံရသူ သုံးယောက်လုံးမှာ ကောင်းကင် အုပ်စိုးသူများ ဖြစ်ကြသည်။ သူတို့က ကြယ်တာရာ အကာအကွယ်များကို ထုတ်ဖော်ထားသည့်တိုင် အသက်များ’ ဆုံးရှုံးခဲ့ရပေသည်။

“သူတို့က အနီးကပ်ကို ရောက်နေပြီဟေ့... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြ”

ဖုကျွဲရီချန်းက အော်ဟစ်လိုက်၏။ သို့သော်လည်း မြူခိုးများက အလွန် ထူထပ်လှလေရာ သူ ကိုယ်တိုင်ပင် ဘာကိုမှ မြင်နိုင်စွမ်း မရှိပါချေ။ အချို့ သင်္ဘောသားများမှ သင်္ဘောကို စွန့်ခွာကာ သွေးရူးသွေးတန်းပင် ထွက်ပြေးရန် ကြိုးပမ်း လိုက်ကြသည်။

သို့သော်လည်း သင်္ဘောမှ ခွာသည်နှင့် တောင်ကြီးတစ်ခု ပိကျလာသကဲ့သို့ သူတို့၏ ခန္ဓာကိုယ်များမှာ အောက်သို့ ပြုတ်ကျသွားကြ၏။

ဗွမ်း... ဗွမ်း...

သင်္ဘောသားများမှာ ခြေထောက်နှင့် လက်များကို အသုံးပြုကာ ကူးခပ်ရန် ကြိုးပမ်းလိုက်ကြသော်လည်း ထိတ်လန့်ဖို့ ကောင်းစွာပင် ခရမ်းရောင် ရေပြင်နှင့် ထိတွေ့သည်နှင့် သူတို့၏ အသားများက စတင် ပဲ့ကြွေလာသည်။ ထို့နောက် စက္ကန့်ပိုင်းမျှ အတွင်းမှာပင် သူတို့၏ အဝတ်အစားနှင့် အသွေးအသားများ အားလုံးမှာ လုံးဝ တိုက်စား ခံလိုက်ရကာ အရိုးဖြူများသာလျှင် ကျန်ရှိပေတော့သည်။

***

All Chapters