တိုက်ခိုက်မှု (၂)
Vol. 34 Ch. 467
“သင်္ဘောပေါ်ကနေ ထွက်မပြေးကြနဲ့... သင်္ဘောဦးနဲ့ ပဲ့မှာ ဝင်္ကပါ တစ်ခု ရှိသေးတယ်”
တစ်ယောက်ပြီး တစ်ယောက် သေဆုံးနေသည့် သင်္ဘောသားများကို ကြည့်ရင်း ဖုကျွဲရီချန်းမှာ တည်ငြိမ်မှုများ စတင် ပျောက်ဆုံးလာခဲ့၏။
သူတို့ ယခု ရင်ဆိုင်နေရသည့် ရန်သူများမှာ အလွန် ရက်စက်လှသလို နည်းဗျူဟာ အရာတွင်လည်း အလွန် အကွက် စေ့လွန်းလှသည်။ ဤပုံစံအတိုင်းသာ ဆက်သွားနေပါက ရန်သူကို အကောင်အထည် မမြင်ရခင်မှာပင် သူတို့၏ အင်အား တစ်ဝက်ခန့်မှာ ဆုံးရှုံးသွားရတော့မည် ဖြစ်သည်။
“ခွေးမသားတွေ...”
ဖုကျွဲက ခက်ထန်စွာ အော်ဆဲလိုက်ရင်း ကောင်းကင်သို့ ပျံတက်ကာ ရန်သူကို ရှာဖွေရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူ မြင်မြင်ရသမျှက ရုပ်ပျက်ဆင်းပျက်ဖြင့် သေဆုံးနေသည့် သင်္ဘောသားများ၏ အလောင်းများ သာလျှင် ဖြစ်ပေသည်။
“ဘုန်း...”
သူ ဆက်လက် ရှာဖွေရန် ဟန်ပြင်လိုက်စဥ်မှာပင် ကြယ်တာရာ အင်အားလှိုင်း တစ်ခုမှာ နောက်ဖက်ဆီ တိုးဝင် လာ၏။ ဖုကျွဲ၏ မျက်လုံးများက ရုတ်ချည်း ကျဥ်းမြောင်းသွားကာ လက်ထဲရှိ ဆေဘာဖြင့် နောက်ပြန်လှဲ့ရင်း ထက်ပိုင်းပိုင်း ပစ်လိုက်၏။ ဆေဘာအလင်းမှာ မြူထုထဲသို့ တိုးဝင်လာသည်။
“အား...”
သေခြင်းတရားနှင့် နာကျည်းမှုများ ပြည့်နှက်နေသည့် အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာ၏။
ဖုကျွဲ၏ မျက်လုံးများက လင်းလက်သွားကာ ချက်ချင်းပင် အသံကြားရာ နေရာကို ပျံသန်းသွား လိုက်သည်။ သို့သော်လည်း တွေ့မြင်လိုက်ရသည်က သူ့လက်အောက်ငယ်သား တစ်ယောက်သာ ဖြစ်ပေသည်။ ထိုပုဂ္ဂိုလ်မှာ ခန္ဓာကိုယ် ထက်ပိုင်းပြတ်နေကာ သေခါနီး ဆန့်ငင်ဆန့်ငင်ဖြင့် အကြောဆွဲနေလေ၏။
“သောက်ရူး ခွေးမသား... ကိုယ့်အန္တရာယ်ကို ကြည့်မရှောင်ဘူး”
ဖုကျွဲက ဒေါသတကြီးဖြင့် တွံတွေးတစ်ချက် ထွေးလိုက်၏။
ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း....
ထိုအခိုက်တွင်ပင် ဆက်တိုက် ပေါက်ကွဲသံ ငါးချက်ကို သူ ကြားလိုက်ရ၏။ သွားမကြည့်ပါပဲ သူ့လူ ငါးယောက် ထပ်မံ သေဆုံးသွားပြီ ဖြစ်ကြောင်း သူ သိလိုက်ပေသည်။
ထိုအခိုက်တွင်ပင် မြူများ လျော့ပါးစ ပြုလာသည်ကို သူ တွေ့လိုက်ရ၏။ သို့သော်လည်း ထိုအရာက တဒင်္ဂမျှသာ ဖြစ်ကာ မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် ထုနှင့် ထည်နှင့် ပြန်လည် ထူထပ်လာသည်။
သို့သော်လည်း ၎င်းက ဖုကျွဲရီချန်း ကဲ့သို့ အလင်းပြန်ခြင်း အဆင့် တစ်ယောက် အတွက် မြှားများ ထွက်ပေါ်လာနေသည့် နေရာကို ခန့်မှန်းရန် လုံလောက်သော အချိန် ဖြစ်ပေသည်။
ဝှစ်...
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဖုကျွဲမှာ မူလနေရာမှ ပျောက်ကွယ်သွားကာ မြှားများ ထွက်ပေါ်လာသည့် နေရာသို့ ရောက်ရှိသွားသည်။ သို့သော်လည်း သူ့အား ဆီးကြိုနေသည်က ဗလာဟင်းလင်း လေထုတစ်ခုသာ ဖြစ်သည်။ ဖုကျွဲ၏ အမူအရာက ပြောင်းလဲ သွား၏။
ဘုန်း... ဘုန်း.... ဘုန်း...
ထိုအခိုက်တွင်ပင် နောက်နားမှ ပေါက်ကွဲသံ သုံးခုကို ကြားလိုက်ရပြန်၏။ နောက်ထပ် သူ့လူ သုံးယောက်မှာ သေဆုံးသွားခဲ့ပြန်ချေပြီ။
ဖုကျွဲကား အကြောများ ထောင်ထသည် အထိ စိတ်တိုနေခဲ့ပြီ ဖြစ်သည်။ သူက ဒေါသတကြီးဖြင့် မြူများကို ကြည့်လိုက်၏။ ၎င်းတို့က အဓိက ပြဿနာ ဖြစ်မှန်း သူသိပေသည်။
ထိုမြူများ ကြောင့်ပင် သူတို့ ဝိညာဥ်အာရုံများကို ဖြန့်ကျက်၍ မရခြင်း ဖြစ်သည်။ ဟင်းလင်းပြင် အမှတ်အသား၊ ဟင်းလင်းပြင် အကျဥ်းထောင် စသည့် စွမ်းရည်များကိုလည်း အသုံးပြု၍ မရခြင်း ဖြစ်သည်။
ဖြစ်ချင်ရာဖြစ်... ရမ်းသမ်း လျှောက်တိုက်ခိုက်နိုင်သည် ဆိုသော်လည်း ကိုယ့်လူ အချင်းချင်း ပြန်သတ်မိပါက နှစ်ခါပြန် ဆုံးရခြင်းများ ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။
“သူတို့ ဝင်္ကပါရဲ့ အမြုတေကို ရှာကြ...”
ဖုကျွဲက မျက်လုံးများကို ကျဥ်းမြောင်းရင်း ရည်ရွယ်ချက်ကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်၏။ သူက အော်ဟစ် အမိန့်ပေး လိုက်ရင်း ကိုယ်တိုင်လည်း ဝိညာဥ်အင်အားကို အကန့်အသတ်ထိ ရောက်အောင် မြှင့်တင်လိုက်သည်။ သူ၏ နည်းဗျူဟာ အပြောင်းအလဲက ကောင်းမွန်သည် ဆိုသော်လည်း ထိုဝင်္ကပါ၏ အမြုတေမှာ ဘေးဥပဒ် ပင်လယ်ထဲ နစ်မြုပ်သွားသည့် လှေထဲတွင် ရှိနေခြင်း ဖြစ်လေရာ မည်ကဲ့သို့ ရှာဖွေတွေ့မည်နည်း။
မကြာခင်မှာပင်... ဖုကျွဲရီချန်းမှာ သူ အချိန်နှင့် အင်အားများကို ဖြုန်းတီးနေကြောင်း သဘောပေါက် လာခဲ့၏။ အကျိုးဆက် အနေဖြင့် သူ့လူပေါင်းများစွာ၏ အသက်များကတော့ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ များစွာသော အလောင်းများမှာ သင်္ဘောကုန်းပတ်ပေါ်၌ ထပ်၍ပင် နေ၏။
“မင်းတို့က ဘယ်သူတွေလဲ...”
ဖုကျွဲရီချန်းက အော်ဟစ်ရင်း အလင်းပြန်ခြင်း အဆင့် အရှိန်အဝါဖြင့် မြူများကို တွန်းဖယ်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း မအောင်မြင်ပါချေ။ သူ၏ ကြယ်တာရာ အကာအကွယ် တစ်ခုသာလျှင် မြူများကို တွန်းဖယ် ထားနိုင်စွမ်း ရှိ၏။ ဖုကျွဲမှာ သူ့ ကြယ်တာရာ အကာအကွယ်ကို သင်္ဘောတစ်ခုလုံးဆီသို့ ဖြန့်ကျက်ရန် စဥ်းစားလိုက်သေးသော်လည်း ထိုအကြံကို ချက်ချင်းပင် ပယ်ချလိုက်သည်။
နေရာအကွာအဝေး ပိုမို ကျယ်ပြန့်လေလေ ကြယ်တာရာ အကာအကွယ်၏ စွမ်းရည်က လျော့ကျ သွားလေလေ ဖြစ်သည်။ လက်အောက်ငယ်သားများ၏ အသက်ကို သူ စိုးရိမ်သည့်တိုင် သူ့ အသက်ထက်တော့ ဘယ်အရာမှ ပို၍ အရေးမကြီးပါချေ။
“ဗိုလ်ချုပ်... အလုပ်ပြီးပြီ...”
ထိုအခိုက်တွင်ပင် မိန်းကလေး အသံတစ်ခု ထွက်ပေါ်လာ၏။
“ ... “
ဖုကျွဲရီချန်းမှာ ထိုအသံက သူ တစ်ခါမှ မကြားဖူးသည့် လူတစ်ယောက်၏ အသံဖြစ်ကြောင်း သိရှိလိုက်သည်။ သူ၏ မျက်လုံးများက ထက်ရှသော အလင်းတန်းများဖြင့် ပြည့်နှက်သွားကာ ဆေဘာကို တင်းတင်း ဆုပ်ကိုင် လိုက်၏။
ဟူး... ဟူး...
ကြယ်တာရာ အင်အားက ဓားရိုးတစ်လျှောက် စီးဆင်းသွားသည်နှင့် ဆေဘာသွားမှာ စိမ်းဖန့်ဖန်ရောင် အလင်းစတို့ဖြင့် တောက်ပလာလေသည်။ ထိုမိန်းမက မည်သူ ဖြစ်စေကာမူ တွေ့သည်နှင့် အပိုင်းပိုင်းဖြတ်ကာ သတ်ပစ်ဖို့ ဖုကျွဲ စိတ်ထဲမှ ကျိန်ဆိုထားပြီး ဖြစ်လေသည်။
ဟူး... ဟူး...
ထိုအခိုက်တွင်ပင် မြူများမှာ စတင်ကာ လျော့ပါးလာကို သူ တွေ့လိုက်ရသည်။ မကြာခင်မှာပင် မြင်ကွင်းတစ်ခုလုံးက လုံးဝ ရှင်းလင်းသွားသည်။ ပတ်ဝန်းကျင်ကို ကြည့်ရင်း ဖုကျွဲ၏ မျက်လုံးများက သွေးရောင် အလင်းတန်းများဖြင့် ပြင်းထန်စွာ ကျွမ်းလောင် သွားခဲ့လေတော့၏။
သင်္ဘောကုန်းပတ် တစ်ခုလုံးမှာ သင်္ဘောသားများ၏ အလောင်းများ၊ သွေးများဖြင့် ပြည့်နှက် ပြန့်ကျဲ နေ၏။ အချို့မှာ ကိုယ်တစ်ပိုင်း ပြတ်နေကြကာ အချို့မှာလည်း ဦးနှောက်များ ပြန့်ကျဲကာ လဲပြိုနေကြသည်။ အချို့ နေရာများတွင် ဆိုလျှင် အရိုးစများနှင့် ခြေပြတ်လက်ပြတ်များကိုပင် တွေရ၏။
“ဘာလို့လဲ...”
ဖုကျွဲရီချန်းက အံကို တင်းတင်းကြိတ်ရင်း ဓားရိုးကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ နေရာ အနှံ့ ပြန့်ကျဲနေသည့် သေခြင်းတရားနှင့် တစ်ဖက်သတ် ရှုံးနိမ့်မှုတို့ကို ကြည့်ရင်း သူ အဆုံးမဲ့ နာကျည်းမှုတို့ကို ခံစားနေရ၏။ သူ၏ ပိန်ပါးသော ခန္ဓာကိုယ်လေးမှာ တဆတ်ဆတ် တုန်ရီနေကာ လဲပြိုကျလုနီးပါးပင် ဖြစ်နေခဲ့သည်။
“ငါ မပြောဘူးလား သူက သောက်ပေါကောင်ပါလို့...”
မထီမဲ့မြင်မှုများ ပြည့်နှက်နေသည့် လှောင်ပြောင်သံ တစ်ခု ထွက်ပေါ်လာ၏။
“အာရုံစိုက်ထားစမ်...”
အမိန့်ပေးသံ တစ်ခုက ဆက်တိုက် ထွက်ပေါ်လာကာ ပထမ စကားပြောသူကို မာန်မဲ လိုက်သည်။ မည်သို့ပင် ဆိုစေကာမူ... ဖုကျွဲရီချန်းမှာ အလင်းပြန်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်နေသေးဆဲ ဖြစ်သည်။ မိမိထက် ကျင့်ကြံခြင်း အဆင့် မြင့်မားသည့် ရန်သူအား အထင်အမြင်သေးခြင်းက ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းနှင့် အတူတူပင် ဖြစ်သည်။ ဟုန်ချွင်းဟွာမှာ ထိုသဘောတရားကို နားလည်သည်။
နောက်ဆုံး၌ ဖုကျွဲရီချန်းမှာ သူ့ လက်အောက်ငယ်သား ဓားပြများအား သတ်ဖြတ်သွားခဲ့သည့် ရန်သူများအား မြင်တွေ့ နိုင်ခဲ့ပြီ ဖြစ်သည်။ လှောင်ပြောင်ခံနေရသည့်တိုင် သူက နှုတ်လှန်မထိုးပဲ ထိုလူများကိုသာ သေချာစွာ ကြည့်လိုက်၏။
ပထမဆုံး တစ်ယောက်က ရဲရင့် တည်ကြည်သည့် မျက်ဝန်းများကို ပိုင်ဆိုင်ထားသည့် မိန်းမငယ် တစ်ယောက် ဖြစ်သည်။ သူမက အလွန် လှပသော်လည်း တစ်ချိန်တည်း၌ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များနှင့် ပြည့်နှက် နေသည်။ တင်စားရပါက သူမမှာ အဆိပ်ပြင်းသည့် လိပ်ပြာတစ်ကောင်ပင် ဖြစ်လေသည်။ သို့သော်လည်း သူမ၏ ကျင့်ကြံခြင်း အဆင့်က အာကာသ ပဲ့တင်သံ အဆင့်တွင်သာ ရှိပြီး သူ့ထက် နိမ့်ကျ ပေသည်။
စောစောက သူ့အား လှောင်ပြောင်ခဲ့သည့် တစ်ယောက်ကတော့ စစ်တူကြီး နှစ်ခုကို ကိုင်ဆိုင်ထားသည့် ကတုံးကြီး ဖြစ်သည်။ ပုံမှန် မြင်တွေ့နေကျ ရုပ်သွင်များနှင့် ကွာခြားနေသည့် ထိုသက်ရှိကို ကြည့်ရင်း ပုကျွဲရီချန်းမှာ အနည်းငယ် အံ့အားသင့် သွား၏။ သို့သော်လည်း ရုပ်ရည်နှင့် ခန္ဓာကိုယ် ဖွဲ့စည်းမှုဆိုင်ရာများကို ပြောင်းလဲပေးနိုင်သည့် ကျင့်ကြံခြင်း နည်းလမ်းပေါင်းများစွာ ရှိကြောင်း သူ သိရှိထားပြီး ဖြစ်သည်။
ထိုပုဂ္ဂိုလ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ထူးဆန်းသော အငွေ့အသက်မှာလည်း သူ ကျင့်ကြံသည့် ကျင့်စဥ်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ရပေမည်။ သူသည်လည်းပဲ ဟင်းလင်းပြင် ပဲ့တင်သံ အဆင့် တစ်ယောက် ဖြစ်သည်။ ထူးခြားသည့် အငွေ့အသက်တို့ကြောင့် ထိုပုဂ္ဂိုလ်ကို ပထမဆုံး ရှင်းပစ်ရမည်ဟု ဖုကျွဲ စိတ်ထဲက တေးမှတ် ထားလိုက်၏။ လတ်ဆတ်သော သွေးစများနှင့် စွန်းထင်းနေသည့် တူကြီး နှစ်လက်ကို ကြည့်ရင်း ဦးခေါင်းများ ကြေမွနေသည့် အလောင်းကောင်များ၏ တရားခံက ထိုတစ်ယောက် ဖြစ်ကြောင်း သူ သိရှိလိုက်၏။
ထိုနှစ်ယောက် အပြင် သူ့နောက်ကျောဘက်၌လည်း အခြား နှစ်ယောက် ရှိနေကြောင်းကို ဖုကျွဲ ခံစားလိုက်ရ၏။ သူက နောက်သို့ လှည့်ကာ ထိုပုံရိပ် နှစ်ခုကို ကြည့်လိုက်သည်။ တစ်ယောက်က အယ်ဗန်မျိုးနွယ် မိန်းကလေး တစ်ယောက် ဖြစ်ကာ အခြားတစ်ယောက်ကတော့ လည်ပင်းတွင် ဟင်းလင်းပြင် လက်စွပ်များ ဆွဲထားသည့် လူသားတစ်ယောက် ဖြစ်သည်။ အယ်ဗန်မျိုးနွယ် မိန်းကလေးမှာ သူ ပထမဆုံး ကြားခဲ့ရသည့် အသံပိုင်ရှင် ဖြစ်ကြောင်း ဖုကျွဲ တန်းကာ သိရှိလိုက်၏။ လူသားနှင့် အယ်ဗန်တို့ ရင်းရင်းနှီးနှီး အတူတူ ရှိနေသည်ကို ကြည့်ရင်း သူ၏ မျက်လုံးများက ပြင်းထန်သော အမုန်းတရားများနှင့် ပြည့်နှက်သွား၏။
“ကြည့်ရတာ သူက ငါတို့ကို သတ်ချင်နေတဲ့ ပုံပဲနော်...”
ပိုင်ယွင်ဟန်က လေးရှည်ကို လက်ထဲတွင် ကိုင်ရင်း မျက်ခုံးကို ပင့်လိုက်၏။ သူ၏ ကျောထက်တွင် မည်သည့် မြှားကျည်တောက်မှ မရှိသော်လည်း လက်ချောင်း တစ်ခုချင်းစီတွင်တော့ ဟင်းလင်းပြင် လက်စွပ် အနည်းဆုံး သုံးခုစီခန့် ရှိနေခဲ့ပေသည်။
လီယွင်ကူး၏ မျက်လုံးများမှာ ပုံမှန် နူးညံ့သိမ်မွေ့သည့် အသွင်အပြင်နှင့် ကွာခြားစွာပင် အဆုံးမဲ့ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များနှင့် ပြည့်နှက်နေ၏။ သူမက လက်တစ်ဖက် တစ်ချက်စီတွင် စာလိပ်တစ်ခုစီကို ကိုင်ဆောင် ထားသည်။
“ငါ့အထင် သူက သတ်ချင်နေတာထက်တောင် အများကြီး ပိုလိမ့်မယ် ထင်တယ်”
သူမက ခေါင်းကိုခါရင်း ဆိုလိုက်လေ၏။
***