ပြောင်းလဲမှုများ
Vol. 34 Ch. 469
အဖြစ်အပျက်များကို ဖော်ပြရသည်က ကြာမြင့်လှသည့်တိုင် အမှန်တကယ်တွင် သေမျိုး မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် အားလုံး ဖြစ်ပျက် သွားခဲ့ခြင်း ဖြစ်သည်။
ဟုန်ချွင်းဟွာတို့ လေးယောက်စလုံးမှာ မျက်နှာများ ဖြူရော်ကြ၏။ စွမ်းအင်များစွာ ကုန်ခမ်းမှုကြောင့် သူတို့မှာ မောဟိုက်၍ပင် နေကြသည်။ သူတို့လည်း သူတို့အားလုံး၏ မျက်နှာထက်တွင် ချိုမြိန်သည့် အပြုံး တစ်ခုစီ ရှိနေကြ၏။
အလင်းပြန်ခြင်း အဆင့်...
အလင်းပြန်ခြင်း အဆင့်များမှာ ပေါ့သေးသေး မဟုတ်သည့် ကြယ်တာရာ အမြုတေ အဆင့်ငါး ကျင့်ကြံသူများ ဖြစ်သည်။
အနန္တ ဧကရာဇ်ဂိုဏ်းတွင် ဆိုလျှင် သူတို့မှာ ကြီးကျယ် ခမ်းနားသော အာဏာနှင့် အတူ တောင်ထွတ် တစ်ခုချင်းစီကို စိုးမိုးနိုင်သည့် မဟာ အင်ပါယာ အဆင့် ရှိသူများ ဖြစ်ကြသည်။ ပုံမှန်အခြေအနေများတွင် ဆိုလျှင် ထိုကျင့်ကြံသူများမှာ ဟင်းလင်းပြင် ပဲ့တင်သံ အဆင့် ဒါဇင်ချီကိုပင် လွယ်ကူစွာ သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။
သို့သော်လည်း ယခုတွင်တော့ ပူးပေါင်း လုပ်ဆောင်မှုနှင့် အတူ သူတို့ လေးယောက်မှာ အသေအပျောက် မရှိပါပဲ အလင်းပြန်ခြင်း အဆင့် တစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်လေသည်။ ထိုအရာက ကျေနပ်စရာ ကောင်းလွန်းလှပေသည်။
ကျင့်ကြံခြင်း လောကတွင် ကျင့်ကြံခြင်း အဆင့် တစ်ဆင့်မြင့်တိုင်း ကွာဟချက်များက မယုံကြည်နိုင်အောင် ကြီးမားသွားလေ့ ရှိသည်။ ဤသည်က ကျင့်ကြံခြင်း အဆင့် ပိုမြင့်လေလေ၊ ပိုဖိနှိပ်ခံရလေလေ ဖြစ်သည့် ဆုတ်ယုတ်မှု ရာသီ ဖြစ်နေသည်မှာ ကံကောင်းလှသည်။ မဟုတ်လျှင် ထိုဓားပြခေါင်းဆောင်ကို သတ်ဖြတ်ရသည်က ယခုလောက် လွယ်ကူလိမ့်မည် မဟုတ်ချေ။
ဝေ့ဝူယင် ပင်လျှင် အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက် ဖြစ်နေသည့်တိုင် တိုက်ခိုက်ရေး စမ်းသပ်ပွဲ၌ ကြယ်တာရာ အမြုတေ အဆင့်ခုနစ် တစ်ယောက်၏ ကန့်သတ်ခံထားရသည့် လောကနယ်မြေ အတွင်း မဝင်ရောက် ရဲခဲ့ချေ။ အကယ်၍ သူတို့သာ ကန့်သတ်မခံရပဲ မန်နာ၊ စွမ်းအင်နှင့် အမတေများကို အပြည့်အဝ အသုံးပြု၍ တိုက်ခိုက်ခွင့် ရပါက ကမ္ဘာများ၊ ဂြိုဟ်များပင် အမှုန်များ အဖြစ် ပြောင်းလဲ သွားရလိမ့်မည် ဖြစ်လေသည်။
ထို့နည်းတူစွာပင် အလင်းပြန်ခြင်း အဆင့်များမှာလည်း မန်နာ ပြတ်လတ်မှုကြောင့် အင်အား၏ စုစုပေါင်း ၇၀ ရာခိုင်နှုန်းခန့်ကိုသာ အသုံးပြု နိုင်ကြရာ များစွာသော ကန့်သတ်ချက်များ ရှိပေသည်။
ဘာပဲဖြစ်ဖြစ် သူတို့ အောင်ပွဲခံနိုင်ခဲ့ပေသည်။ ကျူးကျွင်းက ဖုကျွဲရီချန်း၏ အလောင်းနားသို့ လျှောက်သွားကာ ငုံ့ကြည့်လိုက်၏။
“တကယ်စကားများတဲ့ကောင်... ခုတော့ ဘယ်ဘဝ ရောက်သွားပြီလဲ...”
စိတ်ပျက်လက်ပျက်ဖြင့် ကျူးကျင်းက ခေါင်းအား ခါလိုက်သည်။ ပုံမှန်အတိုင်းဆိုလျှင် ပိုင်ယွင်ဟန်မှာ ကျူးကျွင်းနှင့် သဘောထား ကွဲလွဲသည့် စကားများ ပြောလိမ့်မည် ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်တော့ မပြောချေ။ ထို့အစား သူက ကျူးကျွင်း၏ နံဘေးသို့ လျှောက်သွားကာ မေးလိုက်၏။
“မင်း အဆင်ပြေရဲ့လား...”
ထိုယောက်ျားကြီး၏ လေသံက စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေပေသည်။ ကျူးကျွင်းမှာ အံ့အားသင့်သွား၏။ သူက နှာခေါင်းကို ကိုင်ကြည့်လိုက်ရာ သွေးများထွက်နေသည်ကို တွေ့လိုက်ရသည်။ ကြည့်ရသည်က နတ်ဆိုး စွမ်းအင်များ အလွန်အကျွံ အသုံးပြုလိုက်ခြင်း၏ ဆိုးကျိုး ဖြစ်ပေလိမ့်မည်။
ပိုင်ယွင်ဟန်၏ စိုးရိမ်နေသည့် မျက်လုံးများကို ကြည့်ရင်း ကျူးကျွင်းမှာ နှလုံးသား တစ်ခုလုံး နွေးထွေး သွားခဲ့၏။
“ငါ ဘာမှမဖြစ်ဘူး...”
သူက အသာအယာ ပြုံးရင်း နူးညံ့စွာ ပြန်ဖြေလိုက်၏။ ထို့နောက် ပိုင်ယွင်ဟန်၏ ရှေ့တွင်ပင် လက်ကိုင်ပုဝါ တစ်ခုကို ထုတ်ယူကာ နှာခေါင်းမှ သွေးစများကို သန့်စင်လိုက်သည်။
“အဲဒီလောက် ကြယ်တာရာ အင်အားတွေ သုံးဖို့ မလိုပါဘူး”
ပိုင်ယွင်ဟန်က ညင်သာစွာ ကြိမ်းမောင်းလိုက်၏။ ထိုမျှ နတ်ဆိုးအင်အားများ ပါဝင်နေသည့် မြှားကို လေးညို့တွင် ဆွဲခဲ့ရလိမ့်မည်ဟု ထင်မှတ် မထားခြင်းကြောင့် သူ၏ မျက်နှာကလည်း အနည်းငယ် ဖြူရော် နေ၏။ သူ၏ လက်ချောင်းလေးများ ပင်လျှင် မသိမသာ တုန်ရီနေ၏။
ကျူးကျွင်းမှာ ပိုင်ယွင်ဟန်ကို ဘုကလန့်ပြောကာ ပြန်လည် စနောက်ချင်လာသော်လည်း သူ့ စိုးရိမ်မှုကို ခံစားမိရာ ငြိမ်သက်၍သာ နေလိုက်၏။
ဟုန်ချွင်းဟွာမှာ လူကြမ်းကြီး နှစ်ယောက်၏ တစ်ယောက်ကို တစ်ယောက် ကြင်နာနေမှုကို ပါးစပ် အဟောင်းသားဖြင့် ကြည့်ရင်း ဘာပြောရမှန်း မသိတော့ချေ။ သို့သော်လည်း ထိုမြင်ကွင်းက အသစ်အဆန်းတော့ မဟုတ်ပါချေ။ အနန္တ ဧကရာဇ်ဂိုဏ်းတွင် တိုက်ပွဲများစွာ အတူဆင်နွှဲခဲ့ကတည်းက သူတို့ နှစ်ယောက် အကြောင်းကို သူမ သိနေခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်း၌ လီယွင်ကူးကတော့ အလောင်းများထံမှ ပစ္စည်းများကို ချွတ်ယူနေခဲ့ပြီ ဖြစ်သည်။ သူမ၏ မျက်လုံးများက လောဘအလင်းများဖြင့် တလက်လက် တောက်ပနေကာ ထိုအတွေ့အကြုံမျိုးကို သေချာ လေ့ကျင့်ထားပုံ ပေါ်လေသည်။ တစ်ခါတစ်ရံ၌ လက်စွပ်ထဲမှ ပစ္စည်းများကို စစ်ဆေးရင်း သူမမှာ ထထရယ်နေတတ်သေး၏။
ဟုန်ချွင်းဟွာက တစ်ယောက်တစ်မျိုး မတူညီသည့် အာဏာရှင် အဖွဲ့သား သုံးယောက်ကို ကြည့်ရင်း အသာအယာ ပြုံးလိုက်၏။
“မင်းတို့ သုံးယောက် အသက်ရှင်နေသေးတဲ့ လူတွေကို ရှာပြီး လက်စသတ်လိုက်ကြ... အဖမ်းခံထားရတဲ့ လူတွေ ကိစ္စကို ငါ ကိုင်တွယ်လိုက်မယ်”
ညင်သာစွာ အမိန့်ပေးလိုက်ပြီးနောက် သူမက လှေကားများ တစ်လျှောက် ဆင်းကာ သင်္ဘောဝမ်းဗိုက် အတွင်း ဝင်ရောက် သွားတော့သည်။
လီယွင်ကူးမှာ ပစ္စည်းများကို ဆက်လက် ရှာဖွေနေ၏။ မကြာခင်မှာပင် သတိလစ် မေ့မြောနေပုံ ရသည့် ဓားပြ တစ်ယောက်ကို သူမ တွေ့လိုက်ရသည်။ သူမက အေးစက်စက် ပြုံးလိုက်ရင်း အပြာရောင် ဓားတစ်စင်းကို ဆွဲထုတ်လိုက်၏။ ထို့နောက် သူမက ထိုဓားဖြင့် ဓားပြတစ်ယောက်၏ ခေါင်းထဲ ထိုးစိုက်လိုက်သည်။ သူမ၏ လုပ်ဆောင်ချက် တစ်ခုချင်းစီက ချောမွေ့ကာ အလွန် ကျင့်သားရနေပုံ ပေါ်သည်။
မကြာခင်မှာပင် ပိုင်ယွင်ဟန်နှင့် ကျူးကျွင်းတို့မှာလည်း အကြည်စိုက်နေကြရာမှ ရုန်းထွက်လာကြကာ လီယွင်ကူးနှင့် ပူးပေါင်းလိုက်ကြတော့၏။
...
ဖျပ်... ဖျပ်...
ဟုန်ချွင်းဟွာမှာ သံလိုက်အိမ်မြှောင် တစ်ခုကို ကိုင်ရင်း လှေကားတစ်လျှောက် ဆင်းလာခဲ့၏။ သံလိုက်အိမ်မြှောင် ဒိုင်ခွက်အတွင်းရှိ လက်တံတစ်ခုက ပြင်းထန်စွာပင် တုန်ရီကာ တိကျသေချာသော နေရာတစ်ခုကို ညွှန်ပြနေသည်။ မကြာခင်မှာပင် သူမ အရှေ့၌ သတ္တုတံခါး တစ်ခု ပိတ်နေသည်ကို ဟုန်ချွင်းဟွာ တွေ့လိုက်ရ၏။ သူမက ပြင်းထန်စွာ ကန်လိုက်လေရာ ထိုသတ္တု တံခါးမှာ ပတ္တာများ ပြုတ်ကာ အပေါ်သို့ လွင့်ပျံ သွားလေသည်။
ဝင်ပေါက်ကို ဖြတ်သန်းလိုက်သည်နှင့် ထိုနေရာတွင် စွမ်းအင်ကူးပြောင်းခြင်း အစီအရင်နှင့် ချိတ်ဆက်နေသည့် လူသား ကျင့်ကြံသူ များစွာကို တွေ့လိုက်ရ၏။
ဟူး... ဟူး...
ထိုအစီအရင်မှာ မသန့်စင်ရသေးသည့် စွမ်းအင်များကို သွေးကြောများမှ တစ်ဆင့် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များ အတွင်း ဖြည့်သွင်းပေးနေ၏။ ထိုစွမ်းအင်များက သွေးကြောများ တစ်လျှောက် စီးဆင်း၍ တဖြည်းဖြည်း သန့်စင်လာကာ ထျန်းတျန်သို့ ရောက်သည်နှင့် အခြား ပြွန်တစ်ခုမှ နေ၍ ပြန်လည်ကာ အပြင်သို့ ထွက်သွား၏။ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များထဲတွင် ကျန်ရစ်ခဲ့သည်ကတော့ အညစ်အကြေးနှင့် အဆိပ်အတောက်များသာလျှင် ဖြစ်ပေသည်။
ဟုန်ချွင်းဟွာမှာ သက်ပြင်းတစ်ချက် ချရင်း လက်ထဲရှိ သံလိုက်အိမ်မြှောင်ကို ကြည့်လိုက်၏။ လက်တံ ညွှန်ပြနေသည့် ပုဂ္ဂိုလ်ကို တွေ့မြင်လိုက်ရသည်နှင့် သူမ၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက် သွားတော့သည်။
သူက လုံချန် ဖြစ်နေသည် မဟုတ်ပါလား။
…
ပင်လယ် ဓားပြသင်္ဘောမှာ တိုက်ခိုက်ခံရကာ ရာနှင့်ချီသော ဓားပြများမှာ ကျူပင်ခုတ် ကျူငုတ် မကျန်အောင် သတ်ဖြတ်ခံခဲ့၏။
အကျဥ်းခန်းများ၌ ဖမ်းဆီး ခံထားရသည့် ရေနေ အယ်ဗန် မျိုးနွယ်များကတော့ လွတ်မြောက်ခွင့် အပြင် သူတို့၏ သင်္ဘောကိုပါ ပြန်လည် ရရှိခဲ့၏။ ဟုန်ချွန်းဟွာ သူတို့ သင်္ဘောကို သူတို့ထံ ပြန်လည် ပေးအပ်ဖို့ ဆုံးဖြတ်လိုက်ရခြင်းက အပြစ်ကင်း၍ ဆိုသော အကြောင်းပြချက်ကြောင့် မဟုတ်ပါချေ။ ဘေးဥပဒ် ပင်လယ်ကို စတင် ဝင်ရောက်စဥ် ကတည်းက ခရီးစဉ် တစ်လျှောက်၌ ကူညီ ပေးခဲ့သည့် ရေနေ အယ်ဗန် မျိုးနွယ်များ ဖြစ်နေသောကြောင့် ဖြစ်ပေသည်။
တော်ဝင်ကလန် နှစ်ခုအား ဝေ့ဝူယင် သိမ်းပိုက်လိုက်ခြင်းနှင့် အတူ အစွန်းလေးဖက် ကမ္ဘာ၏ လည်ပတ်မှု ပုံစံက ပြောင်းပြန် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ လအနည်းငယ် အတွင်းမှာပင် ဗဟိုနယ်မြေများရှိ တော်ဝင် ကလန် နှစ်ခုနှင့် လက်အောက်ခံ အင်အားစုများမှာ စစ်ရှုံးကာ ဘေးဥပဒ် ပင်လယ်၊ မီးတောင် ကောင်းကင် ဒေသနှင့် လေပြည်လွင်ပြင်များသို့ နှင်ထုတ် ခံခဲ့ရသည်။
ကြယ်တာရာ သခင်များ ကင်းမဲ့ခြင်းနှင့် အတူ လက်နက်ချကာ ပြုသမျှ နုခံရုံမှ လွဲ၍ သူတို့တွင် အခြား ရွေးချယ်စရာ မရှိခဲ့ချေ။ ထို့အပြင် မကြာခင်မှာပင် မိစ္ဆာတို့၏ ရာသီက ကျရောက်လာတော့မည် ဖြစ်ရာ ကြမ်းတမ်းခက်ထန်သည့် လောကဓံကို ပထမဆုံး အကြိမ် ရင်ဆိုင်ရတော့မည် ဖြစ်လေသည်။
အရေးပါ အရာရောက်သည့် သွေးမျိုးဆက်များ ပိုင်ဆိုင်ထားသည့် အယ်ဗန်မျိုးနွယ်များကတော့ ဗဟိုနယ်မြေ နှစ်ခုနှင့် ပျက်သုဥ်းခြင်း နယ်မြေများကို စတင်ကာ ရွှေ့ပြောင်းနေကြပြီ ဖြစ်လေသည်။ အလွန် အန္တရာယ်များလွန်းလှသည့် ပတ်ဝန်းကျင်တွင် မနေလိုခြင်းနှင့် အတူ ကွဲပြား ခြားနားသော အတွေ့အကြုံသစ်များ အတွက် အိမ်အသစ်ကို သူတို့ ရှာဖွေနေကြပေသည်။
တစ်ချိန်တည်း၌ ပြည်နှင်ဒဏ်ခံခဲ့ရသော အင်အားစုများကတော့ နယ်မြေသစ်များတွင် အင်အားစုများကို ပြန်လည် ထူထောင်ရန် ကြိုးပမ်းနေကြသည်။ ထို့အပြင် သွေးတိုးစမ်းလိုသည့် အချောင်သမားများ၏ အန္တရာယ်ကိုလည်း သူတို့ ရင်ဆိုင်ရသေးသည်။ မိစ္ဆာရာသီ မရောက်သေးသည့်တိုင် သူတို့မှာ နေ့စဥ်နှင့် အမျှ တိုက်ပွဲများ ကြားတွင် ရုန်းကန်နေရကာ များစွာသော ဆုံးရှုံးမှုများ ဖြစ်ပေါ်နေပေသည်။ ဘေးဥပဒ် ပင်လယ်တွင် ပင်လယ်ဓားပြ အဖွဲ့များ တိုးပွားလာရခြင်းမှာ ထိုဖြစ်စဥ်၏ အကျိုးဆက် တစ်ရပ်ပင် ဖြစ်လေသည်။
ယခုသင်္ဘောထက်၌ ဖမ်းဆီးခံရသည့် ရေနေ အယ်ဗန်မျိုးနွယ်များမှာ ပျက်သုဥ်းခြင်းနယ်မြေများနှင့် ဗဟိုနယ်မြေများကို ရွှေ့ပြောင်းရန် သံယောဇဥ် မဖြတ်နိုင်သူများ ဖြစ်ကြသည်။ သူတို့က မွေးရပ်မြေတွင်ပင် လုံခြုံ ဘေးကင်းစွာ ဆက်လက် နေထိုင်နိုင်ဖို့ အတွက် တော်ဝင် ကလေးငယ် တစ်ယောက် ထွက်ပေါ်လာစေရန် နတ်ဘုရားများထံတွင် ဆုပန်နေကြသည်။ သို့မှသာ ပျော်ပျော်ရွှင်ရွှင်နှင့် မွေးရပ်မြေတွင် ခေါင်းချသည် အထိ သူတို့ နေထိုင်နိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း တိုက်ပွဲများနှင့် ပဋိပက္ခများက ဆက်လက် ဖြစ်ပွားနေရာ လူဦးရေနှင့် ထိပ်တန်း ကျင့်ကြံသူ ဦးရေက သိသိသာသာ လျော့ကျနေပေသည်။
ဟုန်ချွင်းဟွာမှာ ထိုအရာက ဝေ့ဝူယင်၏ ရည်ရွယ်ချက် ဖြစ်ကြောင်း သိရှိပေသည်။ ပြောရလျှင် သူမ ကိုယ်တိုင်လည်း အလားတူ ပြုလုပ်ဖူးပေသည်။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးမှာ အစွမ်းထက် ကျင့်ကြံသူများနှင့် ပြည့်နှက်နေသည့် ကမ္ဘာတစ်ခု ဖြစ်သည်။ သို့သော်လည်း သူတို့၏ သုံးလွှာ ကြယ်တာရာ နယ်မြေတွင်တော့ လောကသခင် တစ်ယောက်တည်းသာ ရှိပေသည်။
အကယ်၍ ထိုကျင့်ကြံသူများသာ တစ်နည်းနည်းဖြင့် လွတ်မြောက်လာပါက သူတို့၏ ကြယ်တာရာ နယ်မြေမှာ ပြင်းထန်သည့် ကပ်ဘေးကြီး တစ်ခုနှင့် ရင်ဆိုင်သွားရလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်မှာ ခဲတစ်လုံးတည်းနှင့် ငှက်ဆယ်ကောင်ခန့်ကို ပစ်ချလိုက်ခြင်းပင် ဖြစ်သည်။ အချို့ အသက်ရှင်လျက် ချန်ထားသည့် ပင်လယ်ဓားပြများထံမှ စစ်ဆေး ရရှိသလောက် ဆိုလျှင် ဗဟိုနယ်မြေများတွင် များစွာသော အဖွဲ့ကွဲများ ပေါ်ပေါက်နေကာ လူသားနှင့် အယ်ဗန်များမှာ ပြင်းထန်စွာ တိုက်ခိုက်ရန် ရန်မူနေသည်ဟု ဆိုသည်။ အားလုံးထဲ၌ နယ်မြေခွဲဝေရေးနှင့် ပတ်သက်သည့် ပဋိပက္ခက အကြီမားဆုံး ဖြစ်ပေသည်။
သို့သော်လည်း ပျက်သုဥ်းခြင်း နယ်မြေမှာမူ တော်ဝင် မင်းသား၏ အုပ်ချုပ်မှု အောက်တွင် စည်းလုံး ညီညွှတ်ကာ ငြိမ်းချမ်းနေပေသည်။ နယ်မြေ သုံးခုမှ လူသားနှင့် အယ်ဗန် ခြောက်ဆယ် ရာခိုင်နှုန်းခန့်မှာ ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းလာနေကြသည့်တိုင် အများစုမှာ ပျက်သုဥ်းခြင်း နယ်မြေတွင်တော့ တိုက်ခိုက်ခြင်းကို ရှောင်ရှားကြပေသည်။
ယခုအချိန်၌ ဗဟိုနယ်မြေ နှစ်ခုနှင့် ပျက်သုဥ်းခြင်းနယ်မြေများမှာ ယခုအချိန်တွင် ဝေ့ဝူယင် လက်အောက်၌ တည်ရှိနေခြင်း ဖြစ်သည်။ အကယ်၍ သူ့အား မကျေမနပ် ဖြစ်အောင် လုပ်မိ၍ နှင်ထုတ်ခံရပါက သူတို့ ဘဝများမှာ ယခင်ကလိုပင် အန္တရာယ်တောထဲ ပြန်လည် ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။ နတ်ပြည်ရောက်မှ ပြန်လည် ကန်ချခံရမည်ကိုတော့ သူတို့ ကြောက်ကြပေသည်။
အစွန်းလေးဖက် လောကနယ်မြေတွင် ဖြစ်ပေါ်နေသည့် ဖရိုဖရဲ အဖြစ်အပျက်များကို ကြည့်ရင်း ဝေ့ဝူယင်က အလွန် ကြောက်စရာ ကြောက်စရာကောင်းသည်ဟု ဟုန်ချွင်းဟွာ တွေးလိုက်မိ၏။ သူက သူမတို့၏ ရန်သူ မဟုတ်ပဲ ခေါင်းဆောင် ဖြစ်နေသည်မှာ ကံကောင်းလှပေသည်။
***