လှေငယ်ပေါ်တွင်
Vol. 34 Ch. 470
“အရှင်ဝေ့က ဘာအစီအစဥ်ဆွဲနေတယ်လို့ မင်းတို့ ထင်ကြလဲ...”
ကျူးကျွင်းက လုံချန်၏ သတိလစ် မေ့မြောနေသည့် ခန္ဓာကိုယ်ကို ပခုံးထက်တွင် ထမ်းကာ မူလ လှေပေါ်သို့ ပေါ့ပေါ့ပါးပါး သယ်ဆောင်လာရင်း မေးလိုက်၏။
“မသိဘူး... ဘာပဲဖြစ်ဖြစ် သူလိုအပ်ရင်တော့ ငါတို့ကို ခေါ်မှာပါ”
ပိုင်ယွင်ဟန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။ လီယွင်ကူးက ပင်လယ်ဓားပြများထံမှ သူမ စုဆောင်း ရရှိလာည့် အဖိုးတန် ရတနာများ ထည့်သွင်းထားသော ဟင်းလင်းပြင် လက်စွပ်ကလေးကို တယုတယ ကိုင်ကာ ပျက်သုဥ်းခြင်း နယ်မြေ တည်ရှိရာ အရပ်မျက်နှာကို လှမ်းမျှော် ကြည့်လိုက်၏။
“အရှင်ဝေ့သာ ဆန္ဒရှိရင် ဒီကုန်းမြေတိုက်ကြီးပေါ်မှာ ရှိတဲ့ ဘယ်နေရာကို မဆို အလွယ်လေး သိမ်းပိုက်နိုင်တယ်... သူ ဘာစီစဥ်နေတယ် ဆိုတာ ငါတို့ မတွေးသင့်ဘူး... ခုချိန်မှာ ငါတို့ ကိုယ့်အကြောင်း ကိုယ်စဥ်းစားတာက အကောင်းဆုံးပဲ”
သူမ၏ ဖူးဖူးရွရွ နှုတ်ခမ်လေးများထက်တွင် လေးစားမှုတို့ ပြည့်နှက်နေသည့် အပြုံးလေးတစ်ခုက လှပစွာ ပွင့်ဖူးနေပေသည်။
“ ... “
ဟုန်ချွင်းဟွာမှာ တိတ်ဆိတ်နေ၏။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးပေါ် ရက်စက် ကြမ်းကြုတ်မှုများနှင့် တိုက်ပွဲများ အကြောင်းကို ပြန်လည် တွေးတောရင်း သူမ၏ စိတ်များက အနည်းငယ် လေးလံနေသည်။ ဤနေရာရှိ လူများမှာ မကြာခင် လွတ်လပ်ခွင့်များ ရရှိကာ အပြင်လောကကို ခြေဆန့်နိုင်လိမ့်မည်ဟု သူမ ခံစားမိနေခဲ့သည်။
အဘယ်ကြောင့် ထိုကဲ့သို့ ထူးထူးဆန်းဆန်း ခံစားရသနည်း။ သူမက ကောင်းကင် နိမိတ်ဖတ် ပညာရှင် တစ်ယောက် မဟုတ်သလို ရှေ့ဖြစ်ဟောသူ တစ်ယောက်လည်း မဟုတ်ပါချေ။ သို့သော်လည်း ဝေ့ဝူယင် ပြုလုပ်နေသည့် အရာများကို ကြည့်ပါက သူ့ရည်ရွယ်ချက်ကို ရှင်းလင်းစွာ တွေ့မြင်နိုင်ပေသည်။ သူက အလွန်ဆိုးရွားလှသည့် အရာတစ်ခု အတွက် ပြင်ဆင်နေခြင်း ဖြစ်သည်။
လုံချန် ပါလာသည်ကို တွေ့သည်နှင့် ချက်ချင်းပင် လျဲ့ယုမှာ ကျွင်းကျူးထံသို့ ပြေးလာခဲ့၏။ ထို့နောက် ပခုံးထက်မှ မချရသေးခင်မှာပင် သူမက သူ့ကို လွမ်းဆွတ်စွာ ကြည့်လိုက်ရင်း မျက်နှာလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
“လုံချန်...”
မျက်နှာ တစ်ခုလုံး ချောင်ကျကာ အတော်လေး ပိန်သွားသည့် ချစ်ရသူ၏ ရုပ်သွင်လေးကို တရှိုက်မက်မက် ကြည့်ရင်း လျဲ့ယု၏ မျက်ဝန်းတို့မှာ မျက်ရည်စများဖြင့် တွဲလွဲခိုလာခဲ့၏။
“ကဲကဲ... မင်း ဒီလောက် အလွမ်းသယ်ချင်နေရင်လည်း သူ့ကို ခေါ်သွားတော့...”
ကျူးကျွင်းက စိတ်မရှည်တော့ဟန်ဖြင့် လုံချန်ကို ပခုံးထက်မှ ပစ်ချလိုက်၏။ လျဲ့ယုက ထိတ်လန့်သွားကာ ကြယ်တာရာ အင်အားဖြင့် လုံချန်၏ ခန္ဓာကိုယ်ကို လှမ်းဆွဲလိုက်၏။ လုံချန် ဘာမှ ထိခိုက်မသွားကြောင်း သေချာသွားသော အခါတွင်မှ သူမက ကျူးကျွင်းကို စူးစူးရဲရဲ လှည့်ကြည့် လိုက်၏။
“သူက ရှင်တို့ရဲ့ မဟာမင်းသားနော်... ဒီလို ဆက်ဆံလို့ ရမလား”
ကျူးကျွင်းက ပခုံးတွန့်ပြလိုက်သည်။
“ဒီမှာ မိန်းကလေး... သူက အသုံးမကျလို့တောင် အဖမ်းခံရပြီး လူသားရေစစ် အနေနဲ့ အသုံးခံနေရတာလေ... ဘယ်လိုမှ ငါတို့ဂိုဏ်းရဲ့ မဟာမင်းသား ဖြစ်ဖို့ မထိုက်တန်ဘူး... ငါသာ သူ့နေရာမှာသာ ဆိုရင် အဖမ်းမခံပဲ တိုက်ပွဲမှာတင် ကိုယ့်ကိုယ်ကို သတ်သေ ပစ်လိုက်မှာ”
ပိုင်ယွင်ဟန်က ထောက်ခံဟန်နှင့် ခေါင်းညိတ်လိုက်၏။
“အမှန်ပဲ... ဂိုဏ်းသာ အဲဒီအကြောင်း သိသွားရင် သူ မဟာမင်းသား ရာထူးကို ပြန်ရုတ်သိမ်း ခံရမှာ သေချာတယ်... အခြားလူတွေသာ ကြားရင် ငါတို့ဂိုဏ်း အရှက်ကွဲပြီ”
“ရှင်... ရှင်တို့...”
ကျူးကျွင်းနှင့် ပိုင်ယွင်ဟန်တို့၏ အတိုင်ဖောက်ဖောက် ညီညီ စကားများကြောင့် လျဲ့ယု၏ မျက်နှာက ဖြူရော် သွား၏။
“အား... ကျွတ်... ကျွတ်... ”
ထိုအခိုက်တွင် လုံချန်ထံမှ ညည်းသံတစ်ခု ခပ်သဲ့သဲ့ ထွက်ပေါ်လာသည်။
“နောက်ဆုံးတော့ အဖြေရတော့မှာပေါ့”
ဟုန်ချွင်းဟွာမှာ အဝေးတစ်နေရာကို ငေးမောနေရာမှ ပြန်လည် လှည့်လာရင်း ရေရွတ် လိုက်လေတော့သည်။
...
“ဂွပ်... ဂွပ်... ဂွပ်...”
အငမ်းမရ ရေသောက်သံ တစ်ခုမှာ အဆက်မပြတ် ထွက်ပေါ်လာ၏။ အနက်ရောင် ဆံပင်၊ ခြောက်သွေ့သွေ့ အသားအရေနှင့် အေးစက်စက် မျက်လုံးများကို ပိုင်ဆိုင်ထားသည့် လူငယ်လေး တစ်ယောက်မှာ အဆင့်ခုနစ် ဆေးရည် ပုလင်းတစ်ခုကို သည်အတိုင်း မော့ကာ သောက်သုံးနေခြင်းပင် ဖြစ်သည်။ ထိုလူငယ်လေးမှာ ဟုန်ချွင်းဟွာ၏ လှေပေါ်တွင် ရှိနေသည့် လုံချန်မှ လွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။
ပိုင်ယွင်ဟန်နှင့် ကျူးကျွင်းတို့မှာ ထိုမြင်ကွင်းကို လှေတစ်နေရာတွင် ထိုင်ရင်း ကြည့်နေခဲ့၏။ လီယွင်ကူးကတော့ အဆိပ်ဖြေ ဝင်္ကပါ တစ်ခုကို တည်ဆောက်ကာ လုံချန်၏ ခန္ဓာကိုယ်ထဲမှ အဆိပ်အတောက်များ ပြင်ပသို့ ထွက်ခွာသွားစေရန် ကူညီပေးနေသည်။
လျဲ့ယုကတော့ လုံချန်၏ နံဘေးတွင် ထိုင်ကာ လက်ကလေးကို ဆုပ်ကိုင်ထား၏။ လုံချန်၏ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း သူမ၏ ရွှန်းလဲ့လဲ့ မျက်ဝန်းလေးများက ပျော်ရွှင်မှု၊ ချစ်မြတ်နိုးမှု အငွေ့အသက်တို့နှင့် တဖျပ်ဖျပ် တောက်ပနေပေသည်။
ကျူးကျွင်းနှင် ပိုင်ယွင်ဟန်တို့က လုံချန် မဟာမင်းသား ရာထူးကို ဆုံးရှုံးသွားနိုင်သည် ဟု ပြောကြသည့်တိုင် သူမကတော့ မယုံကြည်ချေ။ လုံချန်မှာ အနန္တ ဧကရာဇ်ဂိုဏ်း တည်ထောင်သူ ဝူယု ကိုယ်တိုင် ရွေးချယ်ကာ မြေတောင်မြှောက်ပေးထားသည့် သူ ဖြစ်သည်။ မည်သည့်နည်းလမ်းနှင့်မှ ထိုရာထူးကို ဆုံးရှုံးစရာ အကြောင်း မရှိချေ။
အမှန်အတိုင်း ဝန်ခံရပါက လုံချန်နှင့် တစ်ချိန်လုံး နီးကပ်စွာ ရှိနေခဲ့သည့်တိုင် သူမ ထိုအကြောင်းများကို မကြာသေးခင်ကမှ သိခဲ့ရခြင်း ဖြစ်သည်။ အထူးသဖြင့်... နာ့ရှင်းရီနှင့် အခြားလူများ ထွက်ခွာသွားပြီးနောက်တွင် သူတို့ နှစ်ယောက်၏ ဆက်ဆံရေးက အလွန် နီးကပ်လာခဲ့သည်။ လုံချန်မှာ သူမ အပေါ် အလွန် ယုံကြည်လာကာ သူ့လျှို့ဝှက်ချက် မှန်သမျှကို ပြောပြခဲ့ခြင်း ဖြစ်သည်။
ဟုန်ချွင်းဟွာက လက်ပိုက်ရင်း လုံချန်ကို စောင့်ကြည့်နေ၏။ ထိုလူငယ် စောစောက သောက်လိုက်သည့် ဆေးရည်မှာလည်း သူမ ပေးအပ်ထားခြင်း ဖြစ်ကာ လီယွင်ကူးကို အဆိပ်အတောက်ဖြေ ဝင်္ကပါ တစ်ခုဖြင့် ကူညီပေးရန် အမိန့်ပေးခဲ့သူကလည်း သူမပင် ဖြစ်သည်။ အခြေအနေ အရပ်ရပ်က တည်ငြိမ်သွားပြီ ဖြစ်ရာ လောစရာ မလိုပါချေ။
အချိန်များက တဖြည်းဖြည်း ရွေ့လျာနေကာ မကြာခင်မှာပင် အချိန်သုံးနာရီ ပြည့်သွား၏။
“ကျေးဇူးတင်ပါတယ်...”
လုံချန်က လက်နှက်ဖက်ကို ယှက်ရင်း ပြောလိုက်၏။ ထိုအခိုက်၌ သူက အတော်လေး ပြန်လည် ကောင်းမွန် နေခဲ့ပြီ ဖြစ်လေရာ မူလ ချောမောမှု အငွေ့အသက် အချို့ကို ပြန်လည် ရရှိနေခဲ့ပြီ ဖြစ်သည်။
ဟုန်ချွင်းဟွာက စိတ်မပါ လက်မပါဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ ပုံစံက ထိုကျေးဇူးတင်မှုကို သိပ်ဂရုမစိုက်ပုံပင်။
“ကိစ္စမရှိပါဘူး...”
လီယွင်ကူးက အသာအသာပင် ပြုံးရင်း ဆိုလိုက်၏။ သိပ်မကြာသေးခင်ကပင် စမ်းသပ်ထားသည့် ဝင်္ကပါ အလုပ်ဖြစ်သည့် အတွက် သူမက အတော်လေး ဝမ်းသာနေပေသည်။
လုံချန်က လျဲ့ယုဘက်ကို လှည့်လိုက်၏။ ဝေ့ဝူယင်၏ နောက်လိုက်များနှင့် အဘယ်ကြောင့် ပူးပေါင်းနေရသည်ကို သူ နားမလည်သည့်တိုင် သူမ၏ ရွှန်းလဲ့လဲ့ မျက်လုံးလေးများက သူ့ကို စိတ်သက်သာရာ ရစေသည်။
“နင် ကောင်းကင် အုပ်စိုးသူ အဆင့်ကို ရောက်သွားပြီလား...”
လျဲ့ယု၏ တိုးတက်မှုကို မြင်လိုက်ရရာ လုံချန်မှာ အံ့အားသင့် သွား၏။ မိန်းကလေးက နွေးထွေးစွာ ပြုံးလိုက်ရင်း ဂုဏ်ယူစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ကဲပါလေ... နင်တို့ နှစ်ယောက် နောက်မှ အေးအေးဆေးဆေး အကြည်စိုက်ကြပါ... ခု ငါတို့ မေးတာတွေကို အရင် ဖြေပေးဦး”
ဟုန်ချွင်းဟွာက ကြားဝင်ကာ ဖြတ်ပြောလိုက်၏။
“ပထမဆုံး ငါသိချင်တာက... နင့်ဆီမှာ ဘယ်လိုလုပ်ပြီး အာဏာရှင် အမှတ်အသား ရှိနေရတာလဲ”
အာဏာရှင် အမှတ်အသား...
အာဏာရှင် အမှတ်အသားမှာ အာဏာရှင် အဖွဲ့သားများသာ ပိုင်ဆိုင်နိုင်သည့် အထူး ဝိညာဥ် အစီအရင် တစ်ခု ဖြစ်သည်။ ထိုအထဲတွင် အမှတ်ပေးစနစ် တစ်ခု ပါဝင်နေကာ တာဝန်တစ်ခုကို ပြီးမြောက်သည်နှင့် အာဏာရှင် တစ်ယောက်မှာ ထိုက်တန်သည့် အမှတ်များကို ရရှိကြသည်။ ပူးပေါင်း လုပ်ဆောင်လေလေ အမှတ် ရရှိမှုက ပိုမို များပြားလေလေ ဖြစ်သည်။ ထို့နောက်တွင် အမှတ်များကို မိမိ လိုအပ်သည့် ရင်းမြစ်များနှင့် ပြန်လည် လဲလှယ်နိုင်ပေသည်။
ထိုအရာက စုမေ့ ကိုယ်တိုင် ဖန်တီးထားသည့် ဒီဇိုင်းတစ်ခု ဖြစ်ကာ အဖွဲ့အတွင်း ပြိုင်ဆိုင်မှုနှင့် စည်းလုံးညီညွှတ်မှု ပိုမို ရရှိအောင် လှုံ့ဆော်ပေးသည့် ပုံစံတစ်မျိုးလည်း ဖြစ်ပေသည်။
အာဏာရှင် အမှတ်အသားကို လက်ခံရရှိနိုင်မည့် တစ်ခုတည်းသော တရားဝင် နည်းလမ်းက ဘွဲ့နှင်းသဘင် အခမ်းအနားများ ပြုလုပ်ကာ ဗိုလ်ချုပ်များ၊ သို့မဟုတ် စုမေ့နှင့် ဝေ့ဝူယင် ကိုယ်တိုင်တို့က ချီးမြှင့်ကြခြင်း ဖြစ်သည်။ သေချာ တစ်ခုက သူမ ထိုအမှတ်အသားကို လုံချန်အား မပေးဖူးချေ။
“ ... “
လုံချန်က ဟုန်ချွင်းဟွာကို ကြည့်လိုက်၏။ သူ၏ အမူအရာက ရေပြင်တစ်ခုလို တည်ငြိမ်နေကာ မည်သည့် အတွေးအမြင်ကိုမှ သစ္စာဖောက်ခြင်း မရှိချေ။
လျဲ့ယုကတော့ ထိုမေးခွန်းကို ကြားသည်နှင့် အလွန် ထိတ်လန့်သွားကာ လုံချန်ကို စိုးရိမ်တကြီးနှင့် ကြည့်လိုက်၏။ ထိုအရာက အမှန်တကယ်ပဲလော။ မဖြစ်နိုင်ချေ။ လုံချန်မှာ သူ့ မဟာပြိုင်ဘက် ဝေ့ဝူယင်၏ အဖွဲ့အတွင်း ဘယ်တော့မှ ဝင်ရောက်လိမ့်မည် မဟုတ်ချေ။
လုံချန်မှာ အသာအယာပင် ပြုံးလိုက်သည်။
“ငါ့ကို မင်းတို့ အာဏာရှင် အဖွဲ့သား တစ်ယောက်က ပေးသွားတာပါ... သူ့နာမည်က ကျန်းကွေ့ တဲ့”
“ကျန်းကွေ့...”
ဟုန်ချွင်းဟွာ၏ မျက်လုံးများက လုံချန် ပြောလိုက်သည့် နာမည်ကြောင့် အနည်းငယ် ကျဥ်းမြောင်း သွား၏။ ကျန်းကွေ့မျာ အမှန်တကယ် အာဏာရှင် အဖွဲ့သား တစ်ယောက် ဖြစ်သည်။ ထို့အပြင် သူက စုမေ့ ကိုယ်တိုင် ရွေးချည်ထားသည့် ဒုတိယမြောက် ဗိုလ်ချုပ် တစ်ယောက်လည်း ဖြစ်ပေသည်။ သူက လေကြယ်တာရာ ဝိညာဥ်ကို ပိုင်ဆိုင်ထားသည့် လူသား ကျင့်ကြံသူ တစ်ယောက် ဖြစ်ကာ လှံကို အသုံးပြုပေသည်။
“ငါ ဘေးဥပဒ် ပသ်လယ်ကို စရောက်ပြီး သိပ်မကြာခင်မှာပင် ကျန်းကွေ့နဲ့ တွေ့ခဲ့တယ်... ကတောက်ကဆ အနည်းငယ် ဖြစ်ပြီး ငါတို့ နှစ်ယောက် တိုက်ခိုက်ခဲ့ကြတယ်... အဆုံးသတ်မှာ ငါနိုင်ခဲ့တယ်... ဒါပေမဲ့ သူ့ရဲ့ သမာသမတ် ရှိမှုကို လေးစားတဲ့ အနေနဲ့ ငါ သူ့အသက်ကိုချမ်းသာပေးခဲ့တယ်... နောက်ထပ် သိပ်မကြာခင်မှာပဲ ငါတို့ နှစ်ယောက် ထပ်ဆုံပြီး ဘုံရန်သူတွေကို ပူးပေါင်း တိုက်ခိုက်ခဲ့ကြတယ်... အဲဒီနောက် တစ်နှစ်လောက် ကြာအောင် ငါတို့ နှစ်ယောက် အတူတူ ခရီးထွက်ခဲ့ကြတယ်... အဲဒီနောက်မှတော့ ဝေ့ဝူယင်က အားလုံးကို ပရမ်းပတာ ဖြစ်အောင် လုပ်ပစ်လိုက်တော့တာပဲ”
***