လုံချန်နှင့် ဟုန်ချွင်းဟွာ
Vol. 34 Ch. 471
“အဲဒီနောက်မှတော့ ဝေ့ဝူယင်က အားလုံးကို ပရမ်းပတာ ဖြစ်အောင် လုပ်ပစ်လိုက်တော့တာပဲ”
နောက်ဆုံးစကားသို့ အရောက်၌ လုံချန်၏ လေသံက အနည်းငယ် တင်းမာသွား၏။
“အစွမ်းထက် ကျင့်ကြံသူတွေ အများကြီး ဘေးဥပဒ် ပင်လယ်ကို ရောက်လာကြတယ်... ပင်လယ်ဓားပြတွေ ဆိုလည်း မနည်းမနောပဲ... ဘယ်သူ့ကိုမှ ယုံကြည်လို့ မရခဲ့ဘူး... လမ်းတစ်လျှောက်မှာ ငါတို့ ရန်သူတွေ အများကြီးနဲ့ တိုက်ခိုက်ခဲ့တယ်... သူတို့ကို ကျော်ဖြတ်ခဲ့ရတယ်... ခြေကုန်လက်ပမ်းကျပြီး လုံးဝ မလှုပ်နိုင်လုနီးပါး ဖြစ်ခဲ့ရတဲ့ အထိပဲ...”
“အဲဒီလိုနဲ့ နောက်ဆုံးမှာ ကျန်းဟွေ့ အကြီးအကျယ် ဒဏ်ရာ ရသွားခဲ့တယ်... အခြေအနေ မဟန်တော့မှန်း သိတာနဲ့ သူက ဝိညာဥ်အမှတ်အသား အချို့ကို ငါ့ဆီ လွှဲပြောင်းပေးခဲ့ပြီး အဲဒီအထဲမှာ ပါဝင်တဲ့ သတင်းစကားကို သူ့မိသားစုဆီ ရောက်အောင် ပို့ပေးဖို့ အသေချာ မှာခဲ့တယ်... ဒါကြောင့် ဒီအမှတ်အသားက ငါ့ဆီကို ရောက်နေရတာပဲ”
လုံချန်က သူ၏ စကားကို တိုးညှင်းစွာ အဆုံးသတ်လိုက်၏။ ဝမ်းနည်းမှု အငွေ့အသက်များနှင့် အတူ သူ၏ မျက်လုံးများက ရီဝေ အုံ့မှိုင်းနေပေသည်။
“ ... “
ဟုန်ချွင်းဟွာက မျက်မှောင်ကြုတ်လိုက်၏။ လုံချန်၏ ပုံပြင်တစ်ခုလုံးကို သူမ မယုံသော်လည်း သေချာသည့် အချက် နှစ်ချက်ကိုတော့ သူမ ကောက်ချက်ချနိုင်ပေသည်။ ပထမတစ်ချက် လုံချန်မှာ ကျန်းကွေ့နှင့် တွေ့ဆုံခဲ့သည်။ ဒုတိယ တစ်ချက်... လုံချန်ထံတွင် ရှိနေသည့် အာဏာရှင် အမှတ်အသားက ကျန်းကွေ့ ပိုင်ဆိုင်ခဲ့သည့် အရာ ဖြစ်သည်။
“ဒါနဲ့ မင်းက ဘယ်လိုလုပ်ပြီး သုံ့ပန်းဖြစ်ားရတာလဲ...”
သူမက စဥ်းစားရင်း ထပ်မံ မေးလိုက်၏။ လုံချန်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားကာ ဟုန်ချွင်းဟွာကို ကြည့်လိုက်သည်။ သူ့အား ကယ်တင်ခဲ့သည် ဆိုသည့်တိုင် ထိုမေးခွန်းက အတော်လေး ဘောင်ကျော်နေပြီ ဖြစ်သည်။
"အဲဒါက မင်းတို့ကိစ္စ မဟုတ်ဘူး”
“ ... “
ဟုန်ချွင်းဟွာမှာ မျက်မှောင်ကြုတ် သွား၏။ သို့သော်လည်း သူမက စိတ်ကို ပြန်ထိန်းကာ မထိုက်တန်ဟု တွေးလိုက်သည်။ လုံချန် ဘာဖြစ်ဖြစ် သူမ ဂရုစိုက်စရာ မလိုချေ။ သူမက သက်ဆိုင်သည်ကိုသာ ဆက်ပြောရန် ဆုံးဖြတ်လိုက်၏။
“အဲဒီ ဝိညာဥ် အမှတ်အသား ငါ့ကိုပြ...”
လုံချန်က အနည်းငယ် ကြောင်အသွားကာ ဟုန်ချွင်းဟွာကို စိုက်ကြည့်လိုက်သည်။
“ဘာလို့လဲ...”
ဟုန်ချွင်းဟွာက မျက်မှောင်ကြုတ် လိုက်သည်။
“ဘာလို့လဲ ဆိုတော့ ကျန်းကွေ့က ငါ့လက်အောက်ကလူ မလို့ပဲ.. သူ ချန်ခဲ့တဲ့ သတင်းစကားကို ငါ ကျန်းမိသားစုဆီ ပို့ပေးမယ်... နင် ကြားထဲက စိတ်ပူပေးစရာ မလိုဘူး”
ထို့နောက် သူမက ဆန့်ထုတ်လိုက်ကာ လုံချန်ထံမှ ဝိညာဥ် အမှတ်အသားကို ရယူရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း လုံချန်က နောက်ကို ဆုတ်လိုက်သည်။
“ကျန်းကွေ့က သူရဲ့ နောက်ဆုံး ဆန္ဒကို ငါ့ကို ပေးထားတာ... မင်းကို ပေးတာ မဟုတ်ဘူး... ဒီသတင်းစကားကို သူ့မိသားစုဆီ ငါကိုယ်တိုင် သွားပေးမယ်... ငါ ဘယ်သူ့ကိုမှ မယုံဘူး”
ထိုအခိုက်၌ လုံချန်၏ မျက်လုံးများက သံမဏိကဲ့သို့ သန္နိဋ္ဌာန်ချထားဟန် ရလေသည်။ ဟုန်ချွင်းဟွာက လုံချန်၏ အနက်ရောင် မျက်လုံးများကို စူးစိုက်ကြည့်ကာ တစ်ချက် ပြုံးလိုက်၏။ သံသယ ဖြစ်စရာတော့ ကောင်းနေပြီ ဖြစ်လေသည်။ သူမက တည်ငြိမ်စွာပင် ခေါင်းတစ်ချက် ညိတ်လိုက်၏။
“မင်းက ဘယ်သူ့ကိုမှ မယုံဘူးပေါ့... ရတယ်လေ... ငါ အဲဒီ အမှတ်အသားကို မင်းဆီက မယူဘူး... ဒါပေမဲ့ အဲဒါက ဘာလဲ ဆိုတာကိုတော့ ငါ စစ်ဆေးကြည့်မယ်... တကယ်လို့ မင်း မတော်တဆ သေသွားရင် ငါ အဲဒီ တာဝန်ကို ဆက်ယူလို့ ရတာပေါ့”
သို့သော်လည်း... လုံချန်က ထိုတောင်းဆိုမှုကိုပါ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သည်။
“စစ်ဆေးကြည့်မယ် ဟုတ်လား... အဲဒီ အမှာစကားကို မင်း တစ်ခုခု လုပ်မပစ်ဘူးလို့ ငါ မျက်လုံးမှိတ်ပြီး မယုံနိုင်ဘူး... နောက်ပြီး သူက အာဏာရှင် အဖွဲ့ထဲမှာ သူ့ ရန်သူတွေ ရှိနေတယ်လို့ ပြောဖူးတယ်”
လုံချန်၏ လေသံက အလွန် ယုတ္တိဆန်ကာ ရန်သူများပင်လျှင် သူ့ကို ယုံကြည်သွားနိုင်ပေသည်။ ဟုန်ချွင်းဟွာက တစ်ဒင်္ဂမျှ မျက်မှောင်ကြုတ်နေ၏။ ထို့နောက် သူမက လက်သုံးချောင်း ထောက်လိုက်ရင်း...
“ငါ ဟုန်ချွင်းဟွာ ဝိညာဥ်နဲ့ တိုင်တည်ပြီး ကျိန်ဆိုတယ်... ကျန်းကွေ့ ချန်ခဲ့တဲ့ အမှာစကားက ဘာကြီးပဲ ဖြစ်နေ ဖြစ်နေ... လုံချန်ဆီကနေ အတင်းအကြပ် ယူမှာ မဟုတ်သလို... ပြောင်းလဲ မပစ်ဘူး.. တကယ်လို့ အဲဒီ စည်းကို ချိုးဖောက်ခဲ့ရင် ကောင်းကင်ရဲ့ အပြစ်ပေးတာကို ခံရပါစေ”
ဟုန်ချွင်းဟွာ၏ ဝိညာဥ်ကျိန်ဆိုမှုကို ကြည့်ကာ လုံချန်၏ အမူအရာက အနည်းငယ် ဆိုးရွားသွားခဲ့၏။ သို့သော်လည်း သူက ဟန်မပျက်ပင် ခေါင်းကို ခါယမ်းလိုက်သည်။
“မင်း ဘယ်လို လှည့်ကွက်တွေ သုံးနေလဲ ဆိုတာ မသိနိုင်ဘူးလေ... ငါ အလောင်းအစား မလုပ်နိုင်ဘူး”
ထိုအခိုက်၌ ဘေးနားရှိ လျဲ့ယုပင်လျှင် တစ်ခုခု မှားယွင်းနေကြောင်း စတင် သတိထားမိလာခဲ့ပြီ ဖြစ်သည်။ စိုးရိမ်စိတ်များနှင့် အတူ သူမ၏ နှလုံးသားက တဒုန်းဒုန်း စတင် တုန်ရီလာခဲ့၏။ သူမက လုံချန်၏ လက်ကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင် လိုက်လေသည်။
ဟုန်ချွင်းဟွာမှာ လုံချန်၏ ငြင်းဆိုမှုကို စိတ်ထဲထားပုံ မရချေ။ သူမက အသာအယာပင် ပြုံးရင်း ပြောလိုက်လေ၏။
“ဒါဆိုရင် စောစောက နင်ပြောတဲ့ စကားတွေကို ဝိညာဥ်ကျိန်ဆိုပြ... အဲဒါဆိုရင် ငါ ဘာမှ မစစ်ဆေးပဲ နေပေးမယ်... တကယ်လို့ ဝိညာဥ်ကျိန်ဆို မပြနိုင်ဘူး ဆိုရင်တော့ နင် စောစောက ပြောတာတွေက အလိမ်အညာတွေ ချည်းပဲလို့ ငါတို့ ဘက်က သတ်မှတ်ရလိမ့်မယ်... နောက်ပြီး အာဏာရှင် အမှတ်အသား ချန်ထားခဲ့နိုင်တဲ့ အခြား နည်းလမ်းတစ်ခု ရှိသေးတယ်... အဲဒါက ဘာလဲဆိုတာ နင်သိလား”
“ ... “
လုံချန်မှာ တိတ်ဆိတ်နေ၏။ သူ၏ မျက်လုံးများက တည်ငြိမ်စွာပင် ရှိနေသေးဆဲ ဖြစ်သော်လည်း သူ့ ခန္ဓာကိုယ်ကတော့ မသိမသာ တစ်ချက် တုန်ရီသွားသည်။
ဟုန်ချွင်းဟွာ၏ လက်များက ဖြည်းညင်းစွာပင် ဓားရိုးပေါ်ကို ရောက်ရှိသွားသည်။
“အဲဒါက အာဏာရှင်တွေဟာ သူတို့ အသတ်ခံရတဲ့ အခါမှာ သဲလွန်စ အနေနဲ့ လူသတ်သမားရဲ့ ခန္ဓာကိုယ်ပေါ်မှာ အာဏာရှင် အမှတ်အသားကို ချန်ရစ်ခဲ့တာပဲ”
ချက်ချင်းပင် လှေပေါ်ရှိ လေထု၏ အခြေအနေက တင်းမာသွား၏။ ရှင်းလင်းစွာပင် လုံချန်မှာ ကျန်းကွေ့နှင့် ပတ်သက်သည့် အချို့အရာများကို ဖုံးကွယ်ထားပေသည်။ သို့သော်လည်း မဟာမင်းသား လုံချန်မှာ မိမိဂိုဏ်းမှ ဂိုဏ်းသားတစ်ယောက်ကို သတ်ဖြတ်ပစ်လိမ့်မည်ဟု သူမ ထင်မှတ် မထားခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။ ထိုအရာက ဂိုဏ်းစည်းမျဥ်းများကို တိုက်ရိုက် ဆန့်ကျင်နေသည့် အရာ ဖြစ်သည်။
အနန္တ ဧကရာဇ်ဂိုဏ်းမှာ ဂိုဏ်းသား အချင်းချင်း သတ်ဖြတ်ခြင်းကို လုံးဝ ပိတ်ပင်ထားသည်။ ထိုအရာက ဝေ့ဝူယင် အတွက်ပင် ချွင်းချက် မရှိပဲ တစ်စုံတစ်ယောက်ကို သတ်ဖြတ်လိုပါက အင်ပါယာ စိန်ခေါ်ပွဲ တစ်ခု နွှဲရန် လိုအပ်ပေသည်။ ဂိုဏ်းအတွင်းတွင် ဖြစ်စေ၊ ဂိုဏ်းပြင်ပတွင် ဖြစ်စေ... မိမိဂိုဏ်းသား တစ်ယောက်ကို ပြန်လည် သတ်မိလျှင် ကြီးလေးသော ပြစ်ဒဏ်များနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။
ဥပမာ... ကျူးဟိုင်ဆိုလျှင် အင်ပါယာ ကြိုးဝိုင်း၏ အပြင်ဘက်တွင် ဂိုဏ်းသား အချင်းချင်းကို သတ်ဖြတ်မိခြင်းကြောင့် ကျင့်ကြံခြင်း အခြေခံ ဖျက်ဆီးခံရကာ ရာစုနှစ်ချီသည် အထိ အကျဥ်းစခန်းတွင် နှိပ်စက် ခံခဲ့ရသည်။ ထို့နည်းတူစွာပင် ချင်ချူမူသည်လည်း အဆောင်တစ်ခုကို သုံးကာ ကျိကလန်သား တစ်ယောက်ကို သတ်ဖြတ်ခဲ့ခြင်းကြောင့် သေဒဏ်ပင် ကျခံခဲ့ရသည်။
ဂိုဏ်းတစ်ခု၊ အဖွဲ့အစည်း တစ်ခုထဲတွင် ရန်ငြိုးများ၊ ပဋိပက္ခများ ရှိနေတတ်သည်က သဘာဝ ဖြစ်သည်။ သို့သော်လည်း ထိုရန်ငြိုးနှင့် ပဋိပက္ခများမှာ ပါရမီများကို အမြင့်ဆုံးသို့ ဆွဲတင်နိုင်သည့် အကြောင်းရင်းများသာ ဖြစ်သင့်ပေသည်။ အကယ်၍ တစ်ယောက်နှင့် တစ်ယောက် စိတ်ရှိတိုင်းသာ သတ်ဖြတ်နေပါက ထိုဂိုဏ်း၏ အနာဂတ်က ပျက်စီး ဆုံးရှုံးခြင်းနှင့်သာ ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။
ဟုန်ချွင်းဟွာက လုံချန်၏ မျက်လုံးများကို စိုက်ကြည့်လိုက်၏။
“လုံချန်... ငါ နင့်ကို မသတ်ချင်ဘူး... သတ်ဖို့လည်း ရည်ရွယ်ချက် မရှိဘူး... ငါက ဂိုဏ်းရဲ့ စည်းမျဥ်းတွေကို အသက်နဲ့ ရင်းပြီး တန်ဖိုးထားတယ်... နင် ထွက်သွားပါ”
လီယွင်ကူး၊ ကျူးကျွင်းနှင့် ပိုင်ယွင်ဟန်တို့မှာ အံ့သြသွားကာ ဟုန်ချွင်းဟွာကို လှည့်ကြည့်လိုက်ကြသည်။ သူမက ထိုလူသတ်သမားကို သည်အတိုင်း လွှတ်ပေးလိုက်တော့မည်လား။ ယခုအချိန်တွင် လုံချန်မှာ အားအနည်းဆုံး အခြေအနေ တစ်ခုတွင် ရှိနေကာ ဝင်္ကပါများ၏ ပတ်လည် ဝန်းရံမှုကို ခံထားရသူ ဖြစ်သည်။ အကယ်၍ သူတို့သာ ဆန္ဒ ရှိပါက သူ့ကို အလွယ်တကူ ဖမ်းဆီးနိုင်ပေသည်။
“ဒါပေမဲ့ လျဲ့ယုကိုတော့ ငါတို့နဲ့ အတူ ထားခဲ့ဖို့ အကြံပေးချင်တယ်... အန္တရာယ်တွေနဲ့ ပြည့်နေတဲ့ ဒီလို ကမ္ဘာမျိုးမှာ သူက အတော်လေး အားနည်းတယ်... သူ့ကို နင်နဲ့ ထည့်လိုက်ရဖို့ ငါ စိတ်မချဘူး”
ဟုန်ချွင်းဟွာက ပြောလိုက်၏။ လျဲ့ယုမှာ အရှင်ဝေ့ ကိုယ်တိုင် ကယ်တင်ထားသည့် လူ ဖြစ်သည်။ ထိုမိန်းကလေး၏ လုံခြုံမှုက သူတို့ အပေါ်တွင် တာဝန်ရှိပေသည်။
“မထားခဲ့နိုင်ဘူး”
လုံချန်က တိုက်ရိုက်ပင် ငြင်းပယ်လိုက်၏။ ထိုမိန်းမမှာ ဝေ့ဝူယင်၏ လက်အောက် ငယ်သား တစ်ယောက် ဖြစ်ပြီး အတူတူ ရှိနေခြင်းကပင်လျှင် ဝေ့ဝူယင်၏ အကြံအစည် မဟုတ် ဟု မပြောနိုင်ချေ။ လျဲ့ယုမှာ သူ့နံဘေးတွင် ကျန်ရှိနေသည့် တစ်ဦးတည်းသော မိန်းကလေး ဖြစ်သည်။ သူမ ဝေ့ဝူယင်နှင့် တဖြည်းဖြည်း နီးကပ်သွားမည်ကို သူ ခွင့်မပြုနိုင်ချေ။
လျဲ့ယုက မည်ကဲ့သို့ ဆုံးဖြတ်ရမည်မှန်း မသိဟန်ဖြင့် နှုတ်ခမ်းကလေးကို ကိုက်လိုက်၏။ ဟုန်ချွင်းဟွာက မျက်မှောင်ကြုတ်ရင်း မိန်းကလေးကို ကြည့်လိုက်သည်။
“နင် သေချာ စဥ်းစား... လုံချန်က စွမ်းအင် ကူးပြောင်းသူ အဖြစ်တောင် အဖမ်းခံထားရတဲ့သူ... သူ့မှာ ဘာသင်္ဘောမှလည်း မရှိဘူး.. နောက်ပြီး အာဏာရှင် အဖွဲ့အသား တစ်ယောက်ကို သတ်ဖြတ်တယ် ဆိုတဲ့ သံသယ တရားခံ ဆိုလည်း ဟုတ်တယ်... အနည်းဆုံး ကျန်းကွေ့သေတဲ့ ကိစ္စမျာ သူ ပါဝင်ပတ်သက် နေနိုင်တယ်... အခု ငါတို့ သူ့ကို လွှတ်ပေးလိုက်တယ် ဆိုပေမဲ့ အဲဒါက လုံးလုံးလျားလျား ခွင့်လွှတ်ပေးလိုက်တာမျိုး မဟုတ်ဘူး... တကယ်လို့ သူ့မှာ အပြစ်ရှိတယ် ဆိုတာ ထင်ပေါ်ရင် ကျိန်းသေ ပေးဆပ်ရလိမ့်မယ်”
“ထပ်ပြီး ပြောရရင် သူ့မှာ အနာဂတ် မရှိတော့ဘူး... ဂိုဏ်းကို ပြန်ရောက်လို့ အာဏာရှင် တစ်ယောက်ကို သတ်ခဲ့တဲ့ အကြောင်း ထင်ရှားတာနဲ့ သူ့ရဲ့ မဟာမင်းသား ဆိုတဲ့ ရာထူးက ချက်ချင်း ဆုံးရှုံးသွားလိမ့်မယ်... နောက်ပြီး ခုချိန်မှာ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး တစ်ခုလုံးက မုန်တိုင်းကြားမှာ အလူးအလဲ ဖြစ်နေတာ... အဲဒီမုန်တိုင်းကြားမှာ သူ ဆက်ပြီး ရှင်သန်နိုင်မယ်လို့ ဘာ အာမခံချက်မှ မရှိဘူး”
“နောက်ပြီး သူနဲ့ အတူတူ ရှိနေမယ် ဆိုရင် မင်းက သူ့အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်လာမှာ သေချာတယ်... နင် သူ့ကို အဲဒီလို ဖြစ်စေချင်တာ သေချာလား”
ဟုန်ချွင်းဟွာက ဖြည်းညင်းစွာပင် လျဲ့ယုကို နားချရင်း သိမ်းသွင်းရန် ကြိုးပမ်းလိုက်၏။ လျဲ့ယုမှာ အခြား အကြောင်းအရာများကို သိပ်ဂရုမစိုက်သည့်တိုင် “လုံချန်အတွက် ဝန်ထုပ်ဝန်ပိုး” ဆိုသည့် စကားလုံးကို ကြားသည်နှင့် အမူအရာ ပြောင်းလဲသွား၏။
သို့သော်လည်း သူမ တစ်စုံတစ်ရာ ပြန်မပြောနိုင်ခင်မှာပင် သူမ၏ လက်ကို ဆွဲရင်း ထိုင်ရာမှ ထရပ်ကာ ဒေါသတကြီး ပြောလိုက်လေသည်။
“ဒီမယ်... သူက ငါ့အတွက် ဘာဝန်ထုပ်ဝန်ပိုးမှ မဟုတ်သလို သူ့အပေါ် အန္တရာယ် တစ်ခုခု ကျလာမှာကိုလည်း ငါက ခွင့်ပြုမှာ မဟုတ်ဘူး... နောက်ပြီး ငါ မဟာမင်းသား ဆက်ပြီး ဖြစ်ဖြစ်၊ မဖြစ်ဖြစ် အဲဒါက နင်တို့နဲ့ ဘာမှ မဆိုင်ဘူး”
လုံချန်၏ ပြတ်သားသည့် အပြုအမူနှင့် စကားလုံးများကြောင့် လျဲ့ယုမှာ နွေးထွေးမှုနှင့် လုံခြုံမှုများကို ခံစားလိုက်ရ၏။ သူမက လုံချန်၏ လက်ကို ပြန်လည် ဆုပ်ကိုင်ကာ ပြတ်ပြတ်သားသားပင် ခေါင်းညိတ် လိုက်သည်။
“ငါနင့်ကို ယုံတယ်...”
ဟုန်ချွင်းဟွာမှာ လျဲ့ယုကို အချိန် အကြာကြီး စိုက်ကြည့်နေမိ၏။ ထို့နောက် သူမက သက်ပြင်းတစ်ချက် ချရင်း ထွက်သွားကြတော့ ဆိုသည့် ပုံစံဖြင့် လက်တစ်ဖက်ကို ခါယမ်းလိုက်လေတော့သည်။
***