ထူးဆန်းသော စန်းယွန်းလီ
Vol. 34 Ch. 472
လုံချန်နှင့် လျဲ့ယုတို့မှာ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ရင်း လှေထက်မှ ဆင်းသက်သွားကြပြီ ဖြစ်သည်။
ကျူးကျွင်းက တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် ပုံရိပ်များကို ကြည့်ရင်း ဟုန်ချွင်းဟွာ အနားသို့ လျှောက်လာခဲ့၏။
“ဗိုလ်ချုပ်ဟုန်... ဘာလို့ သူ့ကို ဒီအတိုင်း ထွက်သွားခွင့် ပေးလိုက်တာလဲ... သူ ကျန်းကွေ့ကို သတ်ခဲ့တယ် ဆိုတာက ရှင်းနေတာပဲ... တကယ်လို့ မသတ်ခဲ့ဘူး ဆိုရင်တောင် တစ်နည်းနည်း ပါဝင် ပတ်သက်နေမှာ သေချာတယ်”
စကားဝိုင်းကို တစ်ခွန်း တစ်ပါဒမှ ဝင်ရောက် မပြောခဲ့သည့်တိုင် အားလုံးကို သူကြားပြီး ဖြစ်လေသည်။ ဟုန်ချွင်းဟွာမှာ တည်ငြိမ်နေသည့်ပုံ ပေါ်သည့်တိုင် အမှန်တကယ်တမ်းတွင် သူ့မျက်လုံးများမှာ ဒေါသအလင်းများနှင့် ပြည့်နှက်နေလေ၏။
“အရှင်ဝေ့က စုမေ့ကို တစ်ခါ မှာခဲ့ဖူးတယ်... ဘာအကြောင်းနဲ့ပဲ ဖြစ်ဖြစ် လုံချန်ကို ဘယ်တော့မှ သတ်ဖို့ မကြိုးစားမိစေနဲ့ တဲ့... အဲဒီလို လုပ်မိရင် တစ်နည်းနည်းနဲ့ ကိုယ်ပဲ ပြန်အသတ်ခံရဖို့ များတယ်တဲ့... ငါကိုယ်တိုင်လည်း မင်းတို့လို လုံချန်ကို သတ်ချင်နေတာပဲ... ဒါပေမဲ့ အရှင်ဝေ့က မလိုအပ်ပဲနဲ့ အဲဒီလို မှာမှာ မဟုတ်ဘူးဆိုတာ ငါ ယုံတယ်”
ပိုင်ယွင်ဟန်မှာ မျက်မှောင်ကြုတ်ကာ ကျူးကျွဲ နံဘေးသို့ လျှောက်လာခဲ့၏။
“ဒါဆိုလည်း ငါတို့ သူ့ကို မကူညီခဲ့သင့်ဘူး”
“အားလုံးက ငါးဆယ် ငါးဆယ်ပဲ... ဘယ်သူ့ကိုမှ ကူညီခဲ့တာ မဟုတ်ဘူး”
လီယွင်ကူးက ဝင်ရောက် ပြောဆိုလိုက်သည်။ လုံချန်အား သည်အတိုင်း လွှတ်ပေးလိုက်ခြင်း အပေါ် သူမ သဘောမကျသည့်တိုင် ဟုန်ချွင်းဟွာ၏ ဆုံးဖြတ်ချက်ကိုတော့ သူမ ယုံကြည်ပေသည်။
သေချာပြန်စဥ်းစားကြည့်လျှင် ဂိုဏ်းသား အချင်းချင်း သတ်ဖြတ်သည့် အထောက်အထားများ ရှင်းလင်းစွာ ထွက်ပေါ်နေသည့်တိုင် လုံချန်ထံတွင် မည်သည့် ကြောက်လန့်မှုမျိုးကိုမှ သူမ မတွေ့ရချေ။ ထိုမဟာမင်းသားကို ကြည့်ရသည်က ထိုကပ်ဘေးမှ တစ်နည်းနည်းဖြင့် လွတ်မြောက်ရန် ယုံကြည်ချက် ရှိနေပုံ ရသည်။ ထိုခံစားချက်က သူမကို မသက်မသာ ဖြစ်စေ၏။
“ငါတို့ အခြားလူတွေကို ဆက်ပြီး ရှာလိုက်ရအောင်...”
ဟုန်ချွင်းဟွာ လေလံသည့် လေပူတစ်ချက်ကို မှုတ်လိုက်ရင်း အာရုံများကို ပြန်လည် စုစည်းလိုက်၏။
"စထွက်ကြမယ်ဟေ့...”
…
အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးပေါ်ရှိ ပရမ်းပတာ အခြေအနေများမှာ လျော့ကျသွားခြင်း မရှိပဲ ဆုတ်ယုတ်မှု ရာသီ ကုန်ဆုံးခါနီးလာသည်နှင့် အမျှ သာ၍ပင် တိုးလာနေခဲ့၏။
တစ်ချိန်တည်း၌ မီးတောက်ကောင်းကင်ဒေသ၊ ဘေးဥပဒ် ပင်လယ်နှင့် လေပြည်လွင်ပြင်တို့တွင် နေထိုင်ကြသည့် လူများ၏ စိုးရိမ် ထိတ်လန့်မှုများမှာ အရှိန်အဟုန်နှင့် မြင့်တက်နေခဲ့သည်။ မကြာခင်မှာပင် မိစ္ဆာတို့၏ ရာသီက ဆင်းသက်လာတော့မည် ဖြစ်လေရာ အန္တရာယ်များမှာ မိုးသီးမိုးပေါက်များလို ကျဆင်း လာတော့မည် ဖြစ်လေသည်။
ယခုနှစ် မိစ္ဆာရာသီတွင် မဟာမြေကြီး တော်ဝင်မင်းသား ပေါ်ထွန်းလာခြင်းနှင့် အတူ ပျက်သုဥ်းခြင်း ဒေသရှိ မိစ္ဆာများမှာ နယ်မြေသစ်များကို ရှာဖွေရတော့မည် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဗဟိုနယ်မြေ နှစ်ခုမှ အေးခဲခြင်း မိစ္ဆာများနှင့် မိုးကြိုးမိစ္ဆာများမှာလည်း ထိုကဲ့သို့ပင် အစွန်းလေးဖက် နယ်မြေများကို ကျူးကျော် ဝင်ရောက်ခဲ့ကြဖူးသည်။
နေရာလွတ် နည်းပါးခြင်း၊ မိစ္ဆာများ ပိုမို များပြားလာခြင်းနှင့် အတူ ယခုနှစ် ရင်ဆိုင်ရမည့် ကပ်ဘေးက ယခင်နှစ်များထက် ပိုမို များပြားမည်မှာ သေချာလှသည်။
နယ်မြေသုံးခုတွင် အမျိုးမျိုးသော ပြင်ဆင်မှုများ ပြုလုပ်နေကြချိန်တွင် ဗဟိုနယ်မြေ၌ ဖြစ်ပွားနေသည့် ပဋိပက္ခများကလည်း နည်းနည်းမှ လျော့ကျခြင်း မရှိချေ။ နေ့စဥ်နေ့တိုင်း၌ ထောင်နှင့်ချီသည့် လောကသားကောင် များမှာ အဖိုးတန်မြေများကို လုယက်ရင်း သေဆုံးနေကြရ၏။ ထိုဒေသတွင် မိစ္ဆာရာသီကို မရောက်သေးသည့်တိုင် နေ့စဥ်နေ့တိုင်း သွေးမိုးများ ရွာသွန်းနေခဲ့ချေသည်။
တစ်ချိန်တည်း၌ အယ်ဗန်နှင့် လူသားမျိုးနွယ် ခေါင်းဆောင်များမှာ ထိပ်တိုက်တွေ့၍ အဖြေရှာရန် စီစဥ် နေကြကာ ပြင်းထန်သော ပဋိပက္ခများ အဆုံးသတ်သွားဖို့ မျှော်လင့်နေကြသည်။ မျက်နှာစုံညီ အစည်းအဝေးကို စီစဥ်နေစဥ်တွင် ကာလအတွင်း သူတို့က ယာယီ တိုက်ခိုက်မှု ရပ်ဆဲရေး ကြေညာချက် တစ်ခုကို ထုတ်ပြန်ခဲ့ကြသည်။ ထိပ်သီး အစည်းအဝေး ပြုလုပ်ရန် ပိုမို နီးကပ်လာသည်နှင့် အမျှ နေ့ရက်များမှာ အရင်ကနှင့် စာလျှင် ပို၍ ငြိမ်းချမ်း လာကြ၏။
ယနေ့ဆိုလျှင်... ဝေ့ဝူယင်တို့ ဂိတ်တံခါးမှ ဖြတ်၍ ဝင်ရောက်ခဲ့ကြသည်မှာ နှစ်နှစ်နှင့် နှစ်လတိုင်တိုင် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ ထိုအတောအတွင်း လူငယ် ကျင့်ကြံသူ သုံးထောင် အနက်မှ အသက်ရှင် ကျန်ရစ်နိုင်ခဲ့သည့် ပုဂ္ဂိုလ်များမှာ ကြောက်မက်ဖွယ် ကောင်းသည့် တိုးတက်မှုများကို ရရှိခဲ့ကြပေသည်။ ဂိတ်တံခါးမှ ပြန်လည် ထွက်ကာ ကြယ်တာရာ နယ်မြေကို ပြန်လည် ဝင်ရောက်သည်နှင့် သူတို့မှာ အဆင့်အတန်း အမြင့်ဆုံး ပါရမီရှင်များ အဖြစ် သတ်မှတ်ခံရရန်ပင် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
...
“အားလုံးက ပြောင်းလဲနေတာပဲ...”
လေပြည်လွင်ပြင်၌ မိန်းကလေး နှစ်ယောက်မှာ ဖြည်းညင်းစွာပင် ခရီးဆက်နေခဲ့၏။ စောစောက စကားဆိုလိုက်သူမှာ မင်ရှုဖုန်းပင် ဖြစ်ကာ သူမ၏ လေသံမှာ ခံပြင်းမှု၊ မသေချာ မရေရာမှုတို့ဖြင့် အနည်းငယ် တုန်ရီနေခဲ့ပေသည်။
ကောင်းကင် နိမိတ်ဖတ် ပညာရှင် တစ်ယောက် အနေဖြင့် ယခုနှစ်ပိုင်းတွင် အဖြစ်အပျက် များစွာကို သူမ ကြိုတင် ဟောကိန်း ထုတ်နိုင်ခဲ့သည့်တိုင် အကြောင်းအရာ အများစုက ကောင်းကင်၏ အလိုဆန္ဒကို သွေဖီကာ ဖြစ်ပျက်သွားခဲ့သည်။
“စန်းယွန်းလီ... ရှင့်ရဲ့ စာအုပ်က စိတ်ချရလို့လား...”
အချိန်ကာလ ရှည်ကြာစွာဖြတ်သန်းပြီးနောက်တွင် စန်းယွန်းလီနှင့် အနာဂတ် အဖြစ်အပျက်များကို ကြိုတင် ခန့်မှန်းနိုင်သည့် စာအုပ် တစ်အုပ်ကို ပိုင်ဆိုင်ထားကြောင်း သူမ ရှာဖွေ တွေ့ရှိခဲ့ရသည်။ သို့သော်လည်း ကံကြမ္မာချီကို မကျင့်ကြံပဲ... ထိုအသေးစိတ် အချက်အလက်များကို စန်းယွန်းလီ မည်ကဲ့သို့ ရှာဖွေ နိုင်သည်ကိုတော့ သူမလည်း မခန့်မှန်း တတ်ပါချေ။
စန်းယွန်းလီက ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူမက ခွဲခြား၍ မရနိုင်သည့် လေသံတစ်ခုဖြင့် ရေရွတ်လိုက်ကာ မြေပြင်ကို ဖနှောင့်ဖြင့် ပေါက်လိုက်သည်။
ဝှစ်...
ထိုအခိုက်တွင်ပင် မြက်ခင်းစိမ်းများကို ဖြတ်သန်း၍ လက်တစ်ချက် ဝှေ့လာ၏။ ထိုလေပြည်က လေထုထဲတွင်ပင် ဓားတစ်စင်း အသွင် ထက်ရှသွားကာ သူတို့ဆီ ဖြတ်ဝင် လာခဲ့သည်။ စန်းယွန်းလီက လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း ထိုလေထုကို အသာအသာပင် ချေဖျက်ပစ်လိုက်၏။ မင်ရှုဖုန်းမှာ စန်းယွန်းလီ အလွန် အစွမ်းထက်ကြောင်း သိရှိထားလေရာ အံ့သြခြင်း မရှိပါချေ။
“ဝေ့ဝူယင်က မဟာမြေကြီး တော်ဝင်သားတော် ဖြစ်လာရမယ့်လူ မဟုတ်ဘူး... ဗဟိုနယ်မြေ နှစ်ခုကို သိမ်းပိုက်ရမယ့် လူလည်း မဟုတ်ဘူး... ဒီလောက် ကြီးမားတဲ့ ပဋိပက္ခတွေ ဖြစ်လာဖို့ ဆိုတာ ဝေလာဝေး... ဘာတွေ ဖြစ်ကုန်တာလဲ ဆိုတာ ငါ ကိုယ်တိုင်လည်း မသိတော့ဘူး”
စန်းယွန်းလီက စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။
မင်ရှုဖုန်းက တစ်စုံတစ်ရာကို စဥ်းစားမိဟန်ဖြင့် မျက်မှောင်ကြုတ် လိုက်သည်။
“ရှင့်စာအုပ်က အဲဒီလို လုပ်ရမယ့် အခြား တစ်ယောက် ရှိနေတာလား...”
စန်းယွန်းလီက ခေါင်းညိတ်လိုက်သည်။
“အင်း... စာအုပ်ထဲမှာ ဖော်ပြထားတဲ့ အတိုင်းဆိုရင် အစစ်အမှန် ဒြပ်စင် အင်ပါယာက တော်ဝင် သားတော် ဖြစ်လာပြီး အခြား တော်ဝင် ကလန်တွေနဲ့ တိုက်ခိုက်လိမ့်မယ်... နောက်ပြီး အဲဒီ တိုက်ပွဲမှာ သူ အနိုင်ရလိမ့်မယ်... ဒြပ်စင် သုံးခုရဲ့ ပိုင်ရှင် ဖြစ်လာလိမ့်မယ်... နောက်ပြီး လူသားနဲ့ အယ်ဗန်တွေကို စုစည်းပြီး ပြင်းပြင်းထန်ထန် ပုန်ကန်လိမ့်မယ်”
သူမက မေးစေ့ကို လက်ဖြင့် ထောက်ရင်း ရှင်းပြလိုက်၏။
“ပုန်ကန်မယ်... ဘယ်လိုလဲ...”
မင်ရှုဖုန်းက မေးလိုက်၏။ ကောင်းကင် နိမိတ်ဖတ် ပညာရှင် တစ်ယောက် ဟု ဆိုသည့်တိုင် သူမ သိထားသည့် သမိုင်းကြောင်းများက စန်းယွန်းလီ သိထားသည့် အရာနှင့် ခြားနားလှပေသည်။ ထို့အပြင် သူမမှာ ကျင့်ကြံခြင်း အဆင့် နိမ့်ကျသေးသူ တစ်ယောက်ဖြစ်လေရာ ကိစ္စကြီးများကို မြင်နိုင်စွမ်း မရှိသေးပါချေ။
စန်းယွန်းလီက ဘာမှပြန်မဖြေပဲ ခေါင်းကိုသာ ခါယမ်းလိုက်၏။ အရာအားလုံးက ကောင်းကင်၏ အလိုကို ဆန့်ကျင်၍ ဖြစ်ပွားနေလေရာ အသေးစိတ် ဆက်လက် စုံစမ်း နေတော့ရော ဘာထူးဦးမှာ မလို့နည်း။
ထိုအပြောင်းအလဲက အနာဂတ်ရှိ အရာရာအား ပြောင်းလဲပစ်မည်ကို သူမ ကြောက်လန့် နေမိသည်။ ဒုတိယ အကြိမ်မြောက် ရရှိလာသည့် အခွင့်အရေးတွင် သူမ ပိုမို ကောင်းမွန်သည့် ဘဝတစ်ခုကို လိုချင်သည်။ သို့သော်လည်း ဝေ့ဝူယင်က လက်ရှိ အချိန်နှင့် လုံးဝ မသက်ဆိုင်သည့် ဇာတ်ကောင် တစ်ခုလို ရုတ်ချည်းပင် ပေါ်လွင်လာခဲ့သည်။
ထိုလူငယ်မှာ သူမကဲ့သို့ပင် အနာဂတ်မှ ပြန်လည် ရောက်ရှိလာသူ ဖြစ်နေမည်လား ဟု စန်းယွန်းလီ စိုးရိမ်စွာ တွေးလိုက်မိ၏။ မဟုတ်လျှင် သူက သမိုင်းကြောင်းများကို လုံးဝ ကွဲပြားသွားအောင် မည်ကဲ့သို့ ပြောင်းလဲ နိုင်ပါမည်နည်း။
စန်းယွန်းလီသည် ဤခရီးစဥ် တစ်လျှောက်လုံးတွင် လုပ်ဆောင်ချက်များကို အသေးအမွှား ကွဲလွဲမှုလေး တစ်ခုတစ်လေပင် မရှိအောင် သတိထားခဲ့သည်။ ကမ္ဘာ တစ်ဖက်ခြမ်းမှ လိပ်ပြာတောင်ပံခတ်မှုက အခြား ကမ္ဘာတစ်ဖက်ခြမ်းတွင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာစေနိုင်ကြောင်း သူမ သိရှိပြီး ဖြစ်သည်။
မည်မျှ သေးငယ်သည့် အဖြစ်အပျက်လေး တစ်ခု ဖြစ်စေ... ၎င်းက သမိုင်းကြောင်းကြီး တစ်ခုလုံးကို ပြောင်းလဲ ပစ်နိုင်သည့် ခွန်အား ရှိသည်။ အကယ်၍ အပြောင်းအလဲများက ဆက်တိုက်ဆိုသလို ဆက်ဖြစ်ပွားနေမည် ဆိုပါက ကောင်းကင်ဘုံ လမ်းစဥ်ကျမ်းမှာ အလဟသတ် ဖြစ်သွားရလိမ့်မည် ဖြစ်သည်။
ဝှစ်...
သူမ တွေးတောနေစဥ်မှာပင် အလွန် သေးငယ်သော ရွှေရောင် အလင်းတန်းလေး တစ်ခုမှာ သူမ၏ နဖူးတွင် ဖျပ်ခနဲ တောက်ပသွား၏။ ၎င်းက အလွန် လျှင်မြန်ကာ သတိမထားမိလောက်အောင်ပင် ဖြစ်သည်။ သို့သော်လည်း မကြာခင်မှာပင် မျက်နှာဖုံး နောက်ကွယ်ရှိ စန်းယွန်းလီ၏ သွေးရောင် မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပ လာခဲ့တော့၏။
***