ပြန်လည် တွေ့ဆုံခြင်း
Vol. 34 Ch. 474
အလင်းမျက်နှာပြင် သုံးခုမှာ ကောင်းကင်တွင် ထွန်းလင်းနေကာ မတူညီသည့် တော်ဝင် ကလေးငယ်များ၏ ပုံရိပ်များကို ပြသနေ၏။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး တစ်ခုလုံးရှိ လူများမှာ ခေါင်းများကို မော့ကာ ရင်တစ်ခုလုံး တုန်ရီစွာဖြင့် ထိုမြင်ကွင်းကို ငေးကြည့်နေခဲ့သည်။
ပထမဆုံး တော်ဝင် ကလေးငယ်က တော်ဝင်သားတော် တစ်ယောက် ဖြစ်သည်။ သူက အလွန်ချောမောသာ မီးခိုးရောင် မျက်လုံးများနှင့် နဖူးထက်၌ ကိုးရောင်ခြယ် အမှတ်တစ်ခုကို ပိုင်ဆိုင်ထားပေသည်။ မြင့်မြတ် ထည်ဝါသည့် အရှိန်အဝါ တစ်မျိုးနှင့် အတူ သူက ဧကရာဇ်တစ်ပါး အလား ထင်ရပေသည်။ ထိုလူငယ်ကတော့ လုံချန်ပင် ဖြစ်လေသည်။
အလင်းမျက်နှာပြင်မှာ လုံချန်၏ နောက်ရှိ ပုံရိပ်ကိုပါ ထင်ရှားစွာ ပြသထား၏။ ထိုအရာက ရှင်းလင်း ကြည်လင်သည့် ကောင်းကင်နှင့် သိမ်မွေ့ ညင်သာစွာ တိုက်ခတ်နေသည့် လေထုတို့ ဖြစ်လေရာ လေပြည် လွင်ပြင် ဖြစ်ကြောင်း သိသာလှပေသည်။
ဒုတိယမြောက် တော်ဝင် ကလေးငယ်မှာလည်း တော်ဝင်သားတော် တစ်ယောက်ပင် ဖြစ်လေသည်။ သူက လင်းမင်ကဲ့သို့ပင် ရုပ်ရည် ချောမောကာ အလွန်ပြင်းထန်သည့် အရှိန်အဝါ တစ်မျိုးကို ပိုင်ဆိုင်ထားပေသည်။ သူ့တွင် ရှည်လျားသည့် ပြောင်လက်တောက်ပနေသည့် အစိမ်းရောင် ဆံပင်ရှည်များ ရှိပေသည်။ စည်းကြိုးတစ်ခုဖြင့် နောက်မှ စီးနှောင်ထားသည့်တိုင် ထိုဆံပင်ရှည်များမှာ တင်ပါးအုပ်သည် အထိ ရောက်ရှိ နေသည်။
တစ်ချိန်တည်း၌ သူ၏ အပြာရောင် မျက်လုံးများက အဆုံးမဲ့ ခံစားချက်များကို ပုံဖော်ထားဟန် ရကာ နှုတ်ခမ်းထက်တွင် ဘယ်ဆီဘယ်ဝယ်မှန်း မသိရသည့် အပြုံးတစ်ခုကို ဆင်မြန်းထား၏။ သူ၏ ညာဘက် နားရွက်တွင်တော့ ထူးဆန်းသော သင်္ကေတများ ရေးခြယ်ထားသည့် နားကွင်းသုံးကွင်းကို ဖောက်ကာ ဆွဲထားပေသည်။
သူက ခရမ်းရောင် ရေထုကြီးကို နောက်ခံထား၍ ရပ်နေလေရာ ထိုအရာက ဘေးဥပဒ် ပင်လယ် ဖြစ်ကြောင်း သိသာလှပေသည်။
နောက်ဆုံး တော်ဝင် ကလေးငယ်ကတော့ တော်ဝင် သမီးတော် တစ်ပါးပင် ဖြစ်သည်။ သူမ၏ ရုပ်ရည်က အလွန်အမင်း သာမန်ဆန်ကာ အနက်ရောင် ဆံပင်၊ အညိုရောင် မျက်လုံးတို့ကို ပိုင်ဆိုင်ထားသည်။ မည်သည့် ဆွဲဆောင်မှုမှ မရှိသည့်တိုင် သူမက အခြားလူ နှစ်ယောက် ကဲ့သို့ပင် နားမလည်နိုင်သည့် ခံစားချက် တစ်မျိုးကို ပေးစွမ်းနိုင်စွမ်း ရှိသည်။ သူမ၏ ဆံပင်များက တိုတိုနှင့် လှိုင်းတွန့် သဏ္ဌာန် ဖြစ်ကာ နဖူးထက်တွင် တွဲခို ယှက်နွယ် နေကြပေသည်။
ထိုအချင်းအရာမှ လွဲ၍ သူမ၏အညိုရောင် မျက်လုံးများမှာ လျှို့ဝှက် ဆန်းကြယ်ကာ အလှမ်း မမှီနိုင်သည့် ခံစားချက် တစ်မျိုးအား သယ်ဆောင်ထားသည်။ ကောင်းကင်နှင့် မြေကြီးတို့မှာ သူမကို ခစားနေရသည့် အလား အမှန်တရားတိုကို ပေါ်လွင်အောင် ဖော်ဆောင်နေ၏။ သူမ၏ နောက်တွင်တော့ လောင်မြိုက်နေသည့် ကောင်းကင်နှင့် တဖွဲဖွဲ ကြွေလွင့်နေသည့် ပြာများကို တွေ့မြင်နိုင်ရာ ထိုအရာက မီးတောက် ကောင်းကင်ဒေသ ဖြစ်ကြောင်း သိရှိနိုင်ပေသည်။
“ဒါတွေက အမှန်တွေလား...”
စီတက မေးလိုက်၏။ သူမ၏ မျက်လုံးများက ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပေသည်။ သူမတို့မှာ တော်ဝင် ကလေးငယ် တစ်ပါး မွေးဖွားလာအောင် နှစ်ထောင်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည်။ သို့သော်လည်း ယခုတွင်တော့ တစ်ပြိုင်နက်တည်းပင် သုံးယောက်တိတိ မွေးဖွား လာခဲ့ပြီ ဖြစ်သည်။ မည်သည့် အရာများ ဖြစ်ပျက်ကုန်သနည်း။
ဝေ့ဝူယင်မှာ စီတ၏ သွေးသွယ်သော ခါးလေးကို ကိုင်ရင်း သူမ ထိတ်လန့်တုန်ရီနေသည်ကို ခံစားနေမိ၏။ သူက သူမကို ရင်ခွင်အတွင်း ဆွဲသွင်းကာ စိတ်တည်ငြိမ်သွားအောင် ကူညီပေးလိုက်သည်။ မကြာခင်မှာပင် စီတ၏ ဒုန်းစိုင်းနေသော နှလုံးခုံသံများက တဖြည်းဖြည်း ပြန်လည် နှေးကွေးသွား၏။ သူမက ဝေ့ဝူယင်ကို မော့ကြည့်လိုက်ရာ နွေးထွေးစွာ ကြည့်နေသည့် ငွေရောင် မျက်လုံးတစ်စုံကို တွေ့မြင် လိုက်ရသည်။ ယုံကြည်ချက် ခိုင်မြဲမှုနှင့် တည်ငြိမ်မှုတို့က ထိုမျက်လုံးများထဲတွင် ရောင်ပြန်ဟပ် နေလေရာ သူမမှာ စိတ်သက်သာရာ ရသွားခဲ့၏။
စီတ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ပြန်လည် ထိန်းသိမ်းနိုင်ပြီး နောက်တွင် ဝေ့ဝူယင်က ပြောလိုက်လေသည်။
“တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတာတွေတော့ ဖြစ်နေပြီ... ဒီလောက် တိုက်ဆိုင်ပုံကို ထောက်ရင် ကြိုတင်ချထားတဲ့ အစီအစဥ် တစ်ခုတောင် ဖြစ်နေနိုင်တယ်... ငါ သိထားသလောက် ဆိုရင် မင်းတို့ နယ်မြေရဲ့ ဘုရားကျောင်းတွေက ကိုယ်ပိုင် အမှတ်လက္ခဏာတွေနဲ့ ကွဲပြားတဲ့ ဘာသာရေး စည်းမျဥ်းတွေကို ပိုင်ဆိုင်ထားကြတာ မလား... ခု ဘယ်လိုလုပ်ပြီး နတ်ဘုရား ပူဇော်ပွဲ အခမ်းအနားကို တစ်နေ့တည်းမှာ တိုက်တိုက်ဆိုင်ဆိုင် ကျင်းပရတာလဲ”
စီတမှာ ပြန်လည် တည်ငြိမ်နေပြီ ဖြစ်လေရာ အခြေအနေများ၏ မူမမှန်မှုကို သဘောပေါက် လိုက်ပေသည်။ ဝေ့ဝူယင် ပြောသည့် အတိုင်းပင် လွန်ခဲ့သည့်နှစ် ထောင်ပေါင်းများစွာ ကတည်းက အစွန်းလေးဖက် နယ်မြေသားများမှာ ကွဲပြားသည့် ဘာသာရေး စည်းမျဥ်းများနှင့် လည်ပတ်ခဲ့ကြသည်။ သူတို့က ဆုတ်ယုတ်မှု ရာသီတွင် တော်ဝင် အခမ်းအနားများကို ကျင်းပလေ့ ရှိကြသည် ဆိုသော်လည်း ထိုအရာက တစ်နေ့တည်းတွင်တော့ မဟုတ်ချေ။
“ ... “
ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားသည့် အလား စီတက၏ မျက်လုံးများက ကျဥ်းမြောင်း သွား၏။ သူမက ဝေ့ဝူယင်ဘက်ကို လှည့်ရင်း လေးနက်သည့် လေသံဖြင့် ပြောလိုက်သည်။
“အရှင်ဝေ့... ဒီစည်းမျဥ်းတွေမှာ ခြွင်းချက် တစ်ခုတော့ ရှိပါတယ်...”
ထိုအခိုက်၌ သူမ၏ အလင်းမဲ့နေသည့် မျက်လုံးများက တိမ်မြုပ်နေသည့် မှတ်ဉာဏ်များကို ပြန်လည် ဖော်ထုတ်နေသလို ရီဝေဝေ မြူခိုးများဖြင့် ပြည့်နှက် နေပေသည်။
“ဘာခြွင်းချက်လဲ...”
ဝေ့ဝူယင်က စိတ်ဝင်တစားနှင့် မေးလိုက်၏။ ပျက်သုဥ်းခြင်း နယ်မြေ ဘုရားကျောင်း အတွင်းရှိ စာအုပ်ပေါင်း များစွာကို ထုံလိုကြေရေလိုနှောက် ဖတ်ရှုခဲ့ပြီးသည့်တိုင် တင်းကြပ်သည့် ဘာသာရေး စည်းမျဥ်းများနှင့် ပတ်သက်သည့် ခြွင်းချက် အကြောင်းကို သူ မတွေ့ဖူးချေ။
စုမေ့က မှတ်ဉာဏ်များကို ကြိုးစားကာ ပြန်လည် တူးဆွလိုက်ရင်း ဝေ့ဝူယင်ကို ရှင်းပြလိုက်သည်။
“အဲဒီ စည်းမျဥ်းက နည်းနည်းတော့ ထူးဆန်းတယ်... ဆုတ်ယုတ်မှု ရာသီမှာ တော်ဝင် ကလေးငယ် တစ်ယောက် ပေါ်လာတဲ့ အခါမှာ အဲဒီ စည်းမျဥ်းက အသက်ဝင်လာတာ... အဲဒါက တော်ဝင် အခမ်းအနား လုပ်စရာ မလိုပဲ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ရွေးချယ်ခံတွေကို စမ်းသပ်ပွဲဝင်ဖို့ လက်ခံတာပဲ... တော်ဝင် သားတော် အဲဒီ အကြောင်းကို မသိတာက ဒြပ်စင် တော်ဝင်မြေတွေရဲ့ ဆန်းကြယ် ကျောက်တိုင်တွေမှာပဲ ရေးထိုးထားတာ မလို့ပဲ”
“ဆန်းကြယ် ကျောက်တိုင်...”
ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ တစ်ခါမှ မတွေ့မမြင်ဖူးသည့်တိုင် အစွန်းလေးဖက် လောကနယ်မြေတွင် ကျော်ကြားသည့် ဆန်းကြယ် ကျောက်တိုင်များ အကြောင်းကို ကြားဖူးသည်။ ဘာသာရေး ပူဇော်ပွဲ အခမ်းအနားများတွင် အသုံးပြုသည့် ထူးဆန်းသော ရွတ်ဖတ်သံများကို ရှေးလူများမှာ ထိုဆန်းကြယ် ကျောက်တိုင်များက သင်ယူထားကြခြင်း ဟု ဆိုကြသည်။
စီတက ခေါင်းကို နောက်တစ်ကြိမ် မော့လိုက်ရင်း ကောင်းကင်ရှိ တော်ဝင် ကလေးငယ် သုံးယောက်၏ ပုံရိပ်များကို မော့ကြည့်လိုက်၏။
“ဒါပေမဲ့ တစ်ချိန်တည်းမှာ တော်ဝင် ကလေးငယ် သုံးယောက် ပေါ်ထွက်လာတာတော့...”
သူမက စကားကို တစ်ဝက်တစ်ပျက်ဖြင့် ရပ်လိုက်၏။ သို့သော်လည်း သူက သူမ ပြောချက်သည့် အဓိပ္ပာယ်ကို နားလည်ပေသည်။ ထိုအခိုက်တွင်ပင် အနီးအနားမှ နေ၍ အရိပ်တစ်ခု ဖြတ်ပြေးသွားသလို ဝေ့ဝူယင် ခံစားလိုက်ရ၏။
သူ မျက်မှောင်ကြုတ်လိုက်ရင်း အောက်ရှိ စီတကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူမ၏ ခါးကို ခပ်ကြမ်းကြမ်း ဆွဲလိုက်ရင်း နှုတ်ခမ်းများကို ဖြည်းညင်းစွာ နမ်းလိုက်၏။ တဖြည်းဖြည်းနှင့် စီတ၏ မျက်လုံးများက မှေးစင်းလာကာ ခန္ဓာကိုယ်များက ပျော့ပျောင်းလာသည်။ မကြာခင်မှာပင် သူမ၏ အသက်ရှူသံများက နှေးကွေးသွားကာ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်မောကျ သွားတော့၏။
စီတ၏ သတိမေ့မျောနေသည့် ခန္ဓာကိုယ်လေးကို ဝေ့ဝူယင်က ပွေ့ချီကာ ပခုံးပေါ် တင်လိုက်သည်။ ထို့နောက် သူက သူမကို ထမ်းကာ ဘုရားကျောင်း အတွင်းဘက်ရှိ သူတို့၏ အိပ်ခန်း အတွင်း ဝင်ရောက် လာခဲ့၏။ ခုတင်ထက်၌ အိကျူးလင်မှာ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်မောကျနေပေသည်။
ဝေ့ဝူယင် ညင်သာစွာ စီတကို ခုတင်ပေါ် ချလိုက်၏။ ထို့နောက် သိုးမွေးစောင် တစ်ခုဖြင့် သူတို့ နှစ်ယောက် စလုံး၏ ခန္ဓာကိုယ်များကို လွှမ်းခြုံပေးလိုက်သည်။ ခပ်ဖျော့ဖျော့ အပြုံးဖြင့် မိန်းကလေး နှစ်ယောက်ကို ကြည့်လိုက်ပြီးနောက် ဝေ့ဝူယင်၏ ခန္ဓာကိုယ်က မှုန်ဝါး ပျောက်ကွယ်သွား၏။
မကြာခင်မှာပင် ဝေ့ဝူယင်မှာ အစစ်အမှန် ပျက်သုဥ်းခြင်း အတွင်းရှိ ခုံရှည်တစ်ခု အနားတွင် ပြန်လည် ပေါ်လာခဲ့သည်။ ထိုခုံရှည်က သူနှင့် လူအိုကြီးတို့ ထိုင်ကာ စကားပြောခဲ့သည့် နေရာပင် ဖြစ်သည်။
ပထမ တစ်ကြိမ်ကလိုပင် လူအိုကြီးမှာ ထိုနေရာတွင် ရှိနေခဲ့ကာ မွက်မွန်သီးခြောက်များကို နီမြန်းမြန်း အရည်များသို့ နှစ်ကာ စားသောက်နေခဲ့၏။
“စားဦးမလား...”
လူအိုကြီးက မေးလိုက်၏။
"ဒါပေါ့ဗျာ...”
ဝေ့ဝူယင်က ပြန်ဖြေလိုက်ရင်း ခုံရှည်ပေါ် တက်ထိုင်လိုက်၏။ ထို့နောက် သူက မဆိုင်းမတွပင် လူအိုကြီး လူအိုကြီးထံမှ မက်မွန်သီးခြောက်များကို ယူကာ သူ့နည်းအတိုင်း စားသောက်လိုက်သည်။ ထိုအရာက အတော်လေး အရသာ ရှိကာ ထူးခြားဆန်းပြားသည်ကို သူ ခံစားလိုက်ရ၏။ မက်မွန်သီးခြောက်များကို နောက်ထပ် လက်တစ်ဆုပ် ထပ်မံ နှိုက်ယူလိုက်ရင်း ဝေ့ဝူယင် လူအိုကြီးကို ကြည့်လိုက်သည်။
“ခင်ဗျား ကျွန်တော့်ကို တွေ့ချင်တဲ့ ကိစ္စက...”
***