← Chapters

ပြင်ပ ဝင်ရောက်လာမှုများ

Vol. 34 Ch. 475

ပြင်ပ ဝင်ရောက်လာမှုများ

Vol. 34 Ch. 475

လူအိုကြီးမှာ ဝေ့ဝူယင်မှာ ဝေ့ဝူယင်ကို စိတ်ဝင်တစားဖြင့် ကြည့်နေခဲ့၏။ မက်မွန်သီးခြောက်များကို တစ်ခုပြီး တစ်ခု အနီရောင် အရည်ထဲ နှစ်ကာ မြိန်ရည်ရှက်ရည် စားနေသည့် ထိုလူငယ်ကို ကြည့်ရင်း သူ့ အမူအရာက အနည်းငယ် ထူးဆန်းလာသည်။

“ဒီကလေးက တကယ့်ကို မွန်းစတားပဲ”

တစ်ခဏကြာပြီးနောက် လူအိုကြီးက စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်သည်။ ၎င်းတို့က သာမန် မက်မွန်းသီးခြောက်များ မဟုတ်ပဲ ကြယ်တာရာ မက်မွန်ခြောက်နှင့် မီးတောက် ငရုပ်ရည်များ ဖြစ်သည်။ ၎င်းတို့အား စားသောက်ဖို့က လောကသခင်များ အတွက်ပင် ခက်ခဲလှပေသည်။

“အရသာ အတော်ရှိတယ်...”

ဝေ့ဝူယင်က စိတ်လိုလက်ရပင် ချီးမွမ်းလိုက်၏။ ထိုသစ်သီးများထဲမှာ အလွန်အမင်း အဖိုး ထိုက်တန်ကာ မူလ အမတေများကို ထိန်းသိမ်းထားကြောင်း သူသိပေသည်။ သူ ထိုအရာများကို မြိုချလိုက်တိုင်း ဧဒင်မှာ အလျှင်အမြန်ပင် သန့်စင်ကာ သိမ်မွေ့သော စွမ်းအင်များ အသွင်သို့ ပြောင်းလဲပေးသည်။ သူ ထိုသစ်သီးများမှ မြိုးမြိုးမြက်မြက်ပင် အကျိုးအမြတ်များ ရရှိနေသော ယင်းတို့မှာ အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန် အလုံးတစ်ထောင်ကို စားသုံးရသည်ထက်ပင် ပိုမို၍ ကောင်းမွန်ပေသည်။

ဝေ့ဝူယင်မှာ ခန္ဓာကိုယ် ကျင့်ကြံခြင်း၏ အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များကိုပင် လွယ်လွယ်ကူကူ စုပ်ယူနိုင်ကာ ထိုသစ်သားများလောက်က ပြောစရာ မရှိချေ။ အကယ်၍ သာမန် အာကာသ ပဲ့တင်သံ အဆင့် ကျင့်ကြံသူများသာ ထိုသစ်သီးများကို စားပါက ချက်ချင်းပင် ခန္ဓာကိုယ်ဆဲလ်များ ယိုယွင်းကာ သေအံ့မူးမူး ဖြစ်သွားကြလိမ့်မည် ဖြစ်သည်။

“ခု ဘာတွေ ဖြစ်သွားလဲ ဆိုတာ မင်း သိချင်နေမယ် ဟုတ်တယ်မလား”

လူအိုကြီးက ကောင်းကင်ရှိ အလင်းမျက်နှာပြင်များကို ညွှန်ပြရင်း ပြောလိုက်၏။

“ ... “

ဝေ့ဝူယင်က သစ်သီးခြောက် တစ်ခုကို ပါးစပ်ထဲ ပစ်ထည့်ရင်း လူအိုကြီးကို ကြည့်လိုက်သည်။ သူ၏ ပုံစံက အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေပုံပင်။

“ဒီတော့ကာ ပြင်ပနယ်မြေသားတွေ ပိုများလာတယ်ပေါ့... သူတို့ အားလုံးမှာ ခင်ဗျားလို ကိုယ်ရံတော်တွေ ရှိနေကြတာလား”

“ ... “

လူအိုကြီးမှာ ကြောင်အသွားကာ ဝေ့ဝူယင်ကို လှည့်ကြည့်လိုက်၏။ တစ်ခဏအတွင်းမှာပင် သူက ထိုမျှ မြန်မြန်ဆန်ဆန် ကောက်ချက် ချလိုက်နိုင်သည်လား။

သဲလွန်စအချို့ ရှိသည် ဆိုသော်လည်း တော်ဝင် ကလေးငယ်များမှာ ပြင်ပနယ်မြေသားများ ဖြစ်ကြောင်း တိုက်ရိုက်ကြီး ပြောနိုင်သည့် မည်သည့် သက်သေ အထောက်အထားမှ မရှိချေ။ သူတို့မှာ ဒေသခံ အဖွဲ့များ၏ စနစ်တကျ ပြုစု ပျိုးထောင်ပေးမှုဖြင့် တော်ဝင် ကလေးငယ် တစ်ယောက် ဖြစ်လာရန် စောင့်မျှော်နေသည့် ပါရမီရှင်များလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

“ငါ ရှင်းပြဖို့ လိုသေးလား... ဒါမှမဟုတ် မင်း အကုန်လုံးကို သိနေပြီလား”

လူအိုကြီးက ခါသီးစွာ ပြုံးရင်း မေးလိုက်၏။ ကျင့်ကြံခြင်း အဆင့်ပေါင်းများစွာ ကွာခြားသည့်တိုင် ထိုလူငယ်လေးနှင့် တွေ့တိုင်း ရှုံးပြီးရင်း ရှုံးနေသလို သူ ခံစားနေရသည်။

“ကျေးဇူးပြုပြီး ရှင်းပြပေးပါဦး”

ဝေ့ဝူယင်မှာ နှိမ့်ချစွာပင် ပြောလိုက်၏။ ကိစ္စများကို အကြမ်းဖျဥ်း ခန့်မှန်းနိုင်ခဲ့ သော်လည်း အရာရာတိုင်းကို ခရေစေ့တွင်းကျတော့ သူ မသိပါချေ။ အကယ်၍ သူ သိပြီးသား အကြောင်းအရာများ ဆိုလျှင်ပင် နောက်တစ်ကြိမ် ထပ်မံ နားထောင်ရသည်က ဘာမှ အပန်းမကြီးပါချေ။

လူအိုကြီးက ကျေနပ်သွားဟန်နှင့် အသာအယာပင် ပြုံးလိုက်၏။

“ငါတို့ ဘယ်ကနေ စလိုက်ကြမလဲ... ပြိုင်ပွဲ ဟုတ်တယ်... ပြိုင်ပွဲအကြောင်း ပြောရရင် ဒီနေရာက မင်းတို့ ထင်နေကြသလို အစစ်အမှန် ပြိုင်ပွဲ ကွင်းပြင် မဟုတ်ဘူး... ကြိုတင်လေ့ကျင့်ပေးတဲ့ စမ်းသပ်နေရာ တစ်ခုပဲ... ပြောရရင် ဒီ‌လောကနယ်မြေကို အစစ်အမှန် ဒြပ်စင်ဂိုဏ်းက တ လေ့ကျင့်ရေး ကွင်းပြင် တစ်ခု အနေနဲ့ ထူထောင်ခဲ့တာ...”

“ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ဒီလောကနယ်မြေကို ရွှေရောင် အသက်နန်းတော် လို့‌ ခေါ်တဲ့ အဖွဲ့အစည်း တစ်ခုထံက လက်လွှဲ ဝယ်ယူ ပြီးပြီ... လေ့ကျင့်‌ရေးကွင်း တစ်ခုလို ဆက်ပြီး လည်ပတ်နေတာက လွဲရင်ပေါ့လေ”

“ဒီလောကနယ်မြေကို ရာသီလေးခု ပိုင်းထားတယ်... ခု ငါတို့ ရောက်ရှိနေတဲ့ ဆုတ်ယုတ်မှု ရာသီရယ်၊ တိုက်ပွဲတွေ သေဆုံးမှုတွေနဲ့ ပြည့်နှက်နေတဲ့ မိစ္ဆာ ရာသီရယ်... နောက် ရှင်သန်ခြင်း ရာသီနဲ့ ဒြပ်စင် ရာသီတို့ပေါ့... ဆုတ်ယုတ်မှု ရာသီမှာ လောကနယ်မြေ တစ်ခုလုံး ကန့်သတ်ခံထားရတဲ့ အတွက် ကျင့်ကြံသူတွေဟာ ကိုယ်ပိုင် ရည်ရွယ်ချက်၊ ကျင့်စဥ်တွေ အစီအရင်တွေနဲ့ ကိုယ်ပိုင် ကျင့်ကြံခြင်း ခွန်အားတွေကိုပဲ သုံးပြီး လေ့ကျင့်ကြရတယ်”

"ဒီရာသီက အခြားရာသီတွေနဲ့ လုံးဝ မတူဘူး... ကျင့်ကြံခြင်း အဆင့် ပိုမြင့်လေလေ ပိုဖိနှိပ်ခံရ လေလေပဲ... ပုံမှန်ဆိုရင် လောကသခင် အဆင့်တွေက အချိန်သခင်ရဲ့ ရှေ့မှာ ရပ်ဖို့တောင် အဆင့် မမှီပေမဲ့ ဒီဆုတ်ယုတ်မှု ရာသီမှာ ဆိုရင် လောကသခင် တစ်ဒါဇင်လောက် စုပေါင်းပြီး အချိန်သခင် တစ်ယောက်ကိုတောင် တိုက်ခိုက် ဖျက်ဆီးပစ်လို့ရတယ်”

“မိစ္ဆာရာသီကတော့ ရာသီလေးခုထဲမှာ အရက်စက်ဆုံး ရာသီ၊ သေဆုံးခြင်းနဲ့ သတ်ဖြတ်ခြင်းတွေ ပြည့်နေတဲ့ ရာသီပဲ... ဒီရာသီမှာ အမှီသဟဲ မရှိရင် တစ်ယောက်တည်း အသက်ရှင်သန်ဖို့ အရမ်းကို ခက်ခဲတယ်... ဒီရာသီမှာ ဆိုရင် ကျင့်ကြံသူတွေဟာ ကျင့်ကြံခြင်း အပြင် ရှုပ်ထွေးပွေလီတဲ့ နည်းဗျူဟာတွေကိုပါ လက်တွေ့ သင်ယူနိုင်ကြတယ်”

“ရှင်သန်ခြင်း ရာသီကတော့ လုံးဝကို ငြိမ်းချမ်းတဲ့ ရာသီတစ်ခုပဲ... မန်နာစွမ်းအင်တွေဟာ နေရာအနှံ့ ပြန့်ကျဲနေပြီးတော့ ဟင်းလင်းပြင် စွမ်းအင်၊ အလင်းစွမ်းအင်၊ မြေဆွဲအား စွမ်းအင် စတဲ့ စွမ်းအင်တွေဟာ ပိုမို မြူးထူး လာကြတယ်... ကျင့်ကြံသူတွေဟာ ကြယ်တာရာ အမြုတေ အဆင့်ရဲ့ လျှို့ဝှက် ဆန်းကြယ်မှုတွေကို ပိုနားလည်လာနိုင်ကြပြီးတော့ ဉာဏ်အလင်းတွေလည်း ပိုပွင့်လင်း လာကြတယ်... ပြိုင်ဘက်ကင်း ရတနာတွေ ပေါ်ထွန်းလာတတ်တာလည်း အဲဒီ အချိန်တွေမှာပဲ”

“နောက်ဆုံး ရာသီဖြစ်တဲ့ ဒြပ်စင်ရာသီကတော့ ရှင်သန်ခြင်း ရာသီနဲ့ ဆင်တူတယ်... ဒါပေမဲ့ အဲဒီ ရာသီမှာ ကျင့်ကြံသူတွေဟာ ဒြပ်စင် ရည်ရွယ်ချက်တွေကို နားလည်နိုင်စွမ်း ပိုမြင့်မားလာကြတယ်... အထူးသဖြင့် ဗဟိုနယ်မြေတွေမှာပါပေါ့... ဒါပေမဲ့ မင်းက ဘယ်လို ဒြပ်စင်မျိုးကိုမှ မကျင့်ကြံထားဘူး ဆိုရင်တော့ အဲဒါက ရှင်သန်းခြင်း ရာသီနဲ့ အတူတူပါပဲ”

ဝေ့ဝူယင်မှာ ငြိမ်သက်စွာပင် နားထောင်နေခဲ့၏။ ရာသီလေးခု အကြောင်းကို သူ အစောကတည်းကပင် သိရှိပြီး ဖြစ်သော်လည်း ၎င်းတို့၏ ရည်ရွယ်ချက်ကိုတော့ ယခုမှ နားလည်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းက ကျင့်ကြံသူများကို ဘက်ပေါင်းစုံမှ သန်မာလာအောင် မွမ်းမံပေးနေသည့် လေ့ကျင့်ရေး ကွင်းပြင် တစ်ခု ဖြစ်နေခြင်းပင်။

လူအိုကြီးက စကားဆက်လိုက်၏။

“ပြောရမယ်ဆိုရင် ငါတို့လို လူတွေဟာ ဒီလေ့ကျင့်ရေး ကွင်းပြင်မှာ လူငယ်တွေ အန္တရာယ် မဖြစ်စေဖို့ တာဝန်နဲ့ ရောက်လာကြတဲ့ ကာကွယ်သူတွေပဲ... အဓိကက သူတို့ရဲ့ အသက်တွေကို ဒေသခံ လောကသခင်တွေ၊ အချိန်သခင်တွေ သတ်တာ မခံရအောင် ကူညီပေးဖို့ပေါ့... အဲဒီလူငယ်တွေဟာ ရာသီစက်ဝန်း တစ်ပတ်လည်တဲ့ အထိ ဆယ်စုတစ်ခုကျော် ကြာအောင် ဒီနေရာမှာ ကျင်လည်ကြရတယ်”

“ရာသီလေးခုက ရှင်သန်ခြင်း၊ ဒြပ်စင်၊ ဆုတ်ယုတ်မှုနဲ့ မိစ္ဆာဆိုတဲ့ အစဥ်အတိုင်း လည်ပတ်နေကြတယ်... ပျမ်မျှအားဖြင့် တစ်ရာသီကို လေးနှစ်လောက် ကြာတတ်တယ်... တစ်လစွန်း တစ်လ‌လျော့လိုမျိုးတွေတော့ နည်းနည်းပါးပါး ရှိတာပေါ့... ပုံမှန်ဆိုရင် နောက်ရက်သတ္တပတ် နည်းနည်း ကြတာနဲ့ မိစ္ဆာရာသီကို ဝင်ရောက်ရမှာ... ဒီကိစ္စတွေ ဖြစ်မလာခဲ့ဘူး ဆိုရင်ပေါ့လေ”

“ခုဆိုရင် မိစ္ဆာတွေရန်ကနေ လုံခြုံတဲ့ နယ်မြေက ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ပျံ့နှံ့သွားပြီ... အဲဒီအတွက် မိစ္ဆာ ရာသီဆိုတာ ရှိတော့မှာ မဟုတ်ဘူး... ငါ့အထင် အဲဒါက ဟိုးယခင်တည်းက ချမှတ်ထားတဲ့ စည်းမျဥ်း တစ်ခု ဖြစ်လိမ့်မယ်”

လူအိုကြီးက စကားကို အဆုံးသတ်လိုက်ပြီးနောက် ကောင်းကင်ကို ဖြည်းညင်းစွာ မော့ကြည့် လိုက်လေသည်။

“အဲဒီလူငယ်တွေက ဘာလို့ ပြိုင်ပွဲအတွင်း ဝင်လာတာလဲ”

အသေးစိတ် အချက်အလက်ကို ဆက်စပ်၍ မရရာ ဝေ့ဝူယင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ ပထမ သူသိထားသလောက် ဆိုရင် ဤသည်က အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရွေးချယ်ခံများကို အကဲဖြတ်မည့် ပြိုင်ပွဲတစ်ခု ဖြစ်သည်။ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့၏ အမွေအနှစ်များကို ပိုင်ဆိုင်ထားသည့် လင်းမင်မှာ ပြိုင်ပွဲ၍ ရွေးချယ်ခံ ဖြစ်လာရန် ထိုက်တန်သည့် တစ်ဦးတည်းသော သူ ဖြစ်သည်။ ယခုတွင် အဘယ်ကြောင့် အင်အားခြင်း တူညီသည့် လူငယ်များပါ ဝင်ရောက်လာရသနည်း။

လူအိုကြီးက ရယ်မောလိုက်ရင်း ဝေ့ဝူယင်ကို တစ်ချက် စောင်းကြည့်လိုက်၏။ ထို့နောက် သူက တည့်တည့်ပင် ဝေ့ဝူယင်ကို လက်ညိုးထိုးလိုက်လေသည်။

“မင်းကြောင့်ပေါ့ကွာ...”

ဝေ့ဝူယင်က လန့်ဖျပ်သွားကာ ထခုန်မိမတတ် ဖြစ်သွားခဲ့၏။

“ကျွန်တော့်ကြောင့်... ဟုတ်လား”

***

All Chapters