ကျေးဇူးပဲ
Vol. 34 Ch. 476
“ကျွန်တော့်ကြောင့်... ဟုတ်လား”
ဝေ့ဝူယင်က မျက်ပြူးဆန်ပြာဖြင့် မေးလိုက်၏။ လူအိုကြီးက ခေါင်းညိတ် လိုက်သည်။
“ဟုတ်တယ် မင်းကြောင့်ပဲ... မင်းက ဒြပ်စင်တိုကင် သုံးခုကို ယူပြီး တစ်လောကလုံးကို ဖရိုဖရဲ ဖြစ်အောင် လုပ်ပစ်လိုက်တာလေ... နောက်ပြီး အားလုံးကို ဖိတ်ခေါ်ပြီး မဟာမြေကြီး ရတနာသိုက်ထဲမှာ ဘာရှိလဲ ဆိုတာပါ မြင်ခွင့် ပေးလိုက်သေးတယ်မလား”
စကားအဆုံး၌ သူက တော်ဝင်ကလန်ဟု ခေါ်သည့် လူများ မည်သို့မည်ပုံ အဆုံးသတ်သွားသည်ကို ပြန်လည် တွေးမိကာ နောက်တစ်ကြိမ် ရယ်မောလိုက်သည်။
“ ... “
ဝေ့ဝူယင်မှာ အမှန်တကယ်ပင် အံ့အားသင့်နေခဲ့၏။ သူ၏ မျက်ခုံးများက တစ်ခုနှင့် တစ်ခု ထိစပ်လု မတတ် ဖြစ်သွားကာ မျက်လုံးများမှာ ကျဥ်းမြောင်းသွားသည်။
“သောက်ချီးမှပဲ...”
ထိုကိစ္စနှင့် ပတ်သက်၍ သူပြောနိုင်သမျှ အကုန်က ထိုစကားလုံးပင် ဖြစ်လေသည်။ မဟာမြေကြီး ရတနာသိုက် ဘယ်သူမှ မသိအောင် သိမ်းပိုက်နိုင်ခဲ့သည်ဟု လွန်ခဲ့သည့် နှစ်နှစ်လုံးလုံး သူ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိနေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ထိုပြင်ပနယ်မြေသားတို့မှာ သေမျိုး အကန့်အသတ်ကို ကျော်လွန်သည့် ကျင့်ကြံခြင်း အခြေခံများကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြသည်။ သူတို့၏ လျှို့ဝှက် နည်းလမ်းများကို မည်သူက သိနိုင်မည်နည်း။ သေချာတစ်ခုကတော့ မဟာမြေကြီး ရတနာသိုက်ထဲတွင် သူ လုပ်ခဲ့သည့် အရာများကို သူတို့ တွေ့မြင် သွားကြခြင်းပင် ဖြစ်သည်။
“ဟုတ်ပါ့... တကယ့်ကို သောက်ချီးပဲ...”
လူအိုကြီးက ဒူးကို ရိုက်လိုက်၏။ ဝေ့ဝူယင် ဒေါသထွက်နေသည်ကို မြင်တွေ့ရသည်က အနည်းငယ် ပျော်စရာ ကောင်းသည်ဟု သူ တွေးလိုက်မိသည်။
“အဲဒီအကြောင်းကို နတ်ဆိုးလေးတွေ ပြန်ကြားတဲ့ အခါမှာ သူတို့ တုန့်ပြန်ခဲ့ကြတယ် လို့ မင်းထင်လဲ... ပထမတော့ သူတို့က မင်းကို တိုက်ခိုက်ချင်ခဲ့တယ်... ဒါပေမဲ့ ငါတို့ရဲ့ တာဝန်က သူတို့ကို ကာကွယ်ပေးဖို့ သက်သက်ပဲ... အောင်မြင်မှုတွေ ရအောင် လိုက်ပြီး ကူညီပေးဖို့ မဟုတ်ဘူး... တကယ်လို့ လှုပ်ရှားချင်တယ် ဆိုရင် ကိုယ့်ဘာသာ လှုပ်ရှားကြဖို့ ငါတို့ သူတို့ကို ပြောခဲ့တယ်... အကျိုးဆက်တွေ ဖြစ်လာရင်လည်း ကိုယ့်ဘာသာ ခံပေါ့... တကယ်လို့ မင်းဘက်ကနေ လောကသခင်တွေနဲ့ အချိန်သခင်တွေကို ကာကွယ်ပေးဖို့ အမိန့်ပေးစေခိုင်းမယ် ဆိုရင် ငါတို့ ဘာမှ ဝင်နှောက်ယှက်မှာ မဟုတ်ဘူး”
"ဒါပေမဲ့ တော်ဝင် အခမ်းအနားမှာ မင်းပြသခဲ့တဲ့ ရလဒ်တွေက အတော်လေး ကြောက်စရာ ကောင်းနေခဲ့တယ်လေ... ဟဟ... ဒါကြောင့် သူတို့က မင်းကို တိုက်ခိုက်မယ့် အစား နည်းလမ်း တစ်ခုကိုပဲ ရွေးချယ် ခဲ့ကြတော့တယ်... အဲဒါက အထိပ်အထိပ် ဒြပ်စင် ရည်ရွယ်ချက် တစ်မျိုးစီကို နားလည်အောင် လုပ်ပြီး တော်ဝင် အခမ်းအနားတွေ ဝင်ယှဥ်ပြိုင်ဖို့ပေါ့... အဲ... ဒါပေမဲ့ ဟိုမီးခိုးရောင် မျက်လုံးတွေနဲ့ လူငယ်ကတော့ ငါတို့ အထဲက မဟုတ်ဘူး... သူ ဘယ်နေရာကနေ လာတယ်... ဘယ်သူဖြစ်တယ် ဆိုတာတောင် ငါတို့ မသိရဘူး... ဒါပေမဲ့ အဲဒီလူငယ်က ဟိုနတ်ဆိုးမလေးကို ပြိုင်ပွဲကနေ ကန်ထုတ်ပစ်လိုက်တယ်လေ... ဘယ်လောက် ကံဆိုးလိုက်လဲ”
လူအိုကြီးက သက်ပြင်းတစ်ချက် ချလိုက်၏။ မိန်းမငယ်လေးမှာ တော်ဝင် အခမ်းအနား နှစ်ခုကို ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကာ နှစ်ကြိမ်လုံး ရှုံးနိမ့်ခဲ့ရသည်။ ထိုအရာက သူမအတွက်တော့ စိတ်ဒဏ်ရာ တစ်ခု ဖြစ်နေမည်မှာ သေချာလှပေသည်။
လင်းမင်ထံတွင် မိန်းမငယ်လေး ရှုံးနိမ့်သွားခြင်း အပေါ် ဝေ့ဝူယင်ကတော့ အံ့အားသင့်ခြင်း မရှိပါချေ။ မည်သို့ပင် ဆိုစေ...ထိုလူငယ်လေးမှာ ကောင်းချီးခံ တစ်ယောက် ဖြစ်သည်။ လုံလောက်သည့် ကမ္မတန်ဖိုးများ ရှိနေသေး သရွေ့ အစဥ်အမြဲ ရန်သူများကို တစ်နည်းနည်းဖြင့် သူ အနိုင်ရရှိနေဦးမည် ဖြစ်သည်။
“ဒါပေမဲ့ ဒီပြိုင်ပွဲက ဒြပ်စင်တိုကင်တွေကို စုဆောင်းဖို့ မလား...”
ဝေ့ဝူယင်က စိတ်ပျက်လက်ပျက် ပုံစံဖြင့် မေးလိုက်၏။ ထိပ်သီးပါရမီရှင်ဟု ခေါ်သည့် ထိုလူငယ်များနှင့် သူ မတိုက်ခိုက်လိုချေ။ ထိုအရာက သူတို့ကို ကြောက်ရွံ့၍ မဟုတ်ပဲ သူတို့နောက်ရှိ ကာကွယ်သူများကို ရင်မဆိုင်ချင်သောကြောင့်သာ ဖြစ်သည်။ လူအိုကြီးပင် ယခုလောက် အစွမ်းထက်နေလျှင် အခြားလူများမှာလည်း သူ့တန်းတူ ကြောက်စရာ ကောင်းလိမ့်မည် ဖြစ်သည်။
လူအိုကြီးမှာ ဝေ့ဝူယင် တွေးတောနေသည့် အရာကို ချက်ချင်းပင် တန်းကာ သိလိုက်၏။
“မစိုးရိမ်နဲ့... မင်း သူတို့ကို ကျင့်ကြံခြင်း ဖျက်ဆီးဖို့နဲ့ သတ်ဖို့ ရည်ရွယ်ချက် မရှိသရွေ့ အဲဒီ လူအိုကြီးတွေက ဘာမှ ဝင်စွက်ဖက်မှာ မဟုတ်ဘူး... ဒါက မင်းတို့ရဲ့ ပြိုင်ပွဲပဲ... တကယ်လို့ မင်းသာ ဆန္ဒရှိမယ် ဆိုရင် ဒြပ်စင် တိုကင်တွေကို ထိုက်ထိုက်တန်တန် ရောင်းလို့လည်း ရသေးတယ်... အဲဒါဆိုရင် သူတို့နဲ့ ဆက်ဆံရေးကောင်း တစ်ခုပါ တည်ဆောက်နိုင်လိမ့်မယ်”
လူအိုကြီးမှာ ပြောသာ ပြောလိုက်ရသော်လည်း ထိုစကားက သိပ်မလိုအပ်ဟု ခံစားလိုက်ရသည်။ ဝေ့ဝူယင်၏ နောက်ခံက ထိုလူငယ်များထက် အဆပေါင်းများစွာ ပိုမို မြင့်မားနိုင်သည်။ မဟုတ်လျှင် သူက ကျင့်ကြံသက် ရှစ်နှစ်တည်းနှင့် မည်ကဲ့သို့ ဝိညာဥ်အင်အား ၃၉၃၀၀ ကို ပိုင်ဆိုင်နိုင်ပါမည်နည်း။ ဝေ့ဝူယင်နှင့် ခင်မင် ရင်းနှီးအောင်ပင် သူတို့ဘက်မှ ပြန်လည် ကြိုးပမ်းသင့်ပေသည်။
ကာကွယ်သူများ၏ ရည်ရွယ်ချက်နှင့် သဘောထားကို နားလည်သွားပြီ ဖြစ်ရာ ဝေ့ဝူယင်မှာ စိတ်သက်သာရာ ရသွား၏။ သို့သော်လည်း လင်းမင်မှာ အကြီးမားဆုံး အတားအဆီး တစ်ခု အဖြစ် ဆက်လက် တည်ရှိနေသေးဆဲ ဖြစ်သည်။ အနှေးနှင့် အမြန်ဆိုသလို သူက အခြား တော်ဝင် ကလေးငယ် နှစ်ယောက်ထံမှ ဒြပ်စင် တိုကင်များကို သိမ်းဆည်းပေလိမ့်မည်။ ထို့နောက်တွင် သူ့အတွက် ယူဆောင်လာပေးလိမ့်မည် ဖြစ်သည်။ ယခု သူ လုပ်ရန် လိုအပ်သမျှက လင်းမင် ရောက်အလာကို စောင့်ဆိုင်းနေရန်ပင်။
ဝေ့ဝူယင်က အတွေးစများကို ခပ်မြန်မြန်ပင် အဆုံးသတ်ရင်း လူအိုကြီးဘက်သို့ လှည့်လိုက်၏။
“ကျုပ်မှာ မေးစရာ တစ်ခု ရှိသေးတယ်... အဲဒါကို ကျုပ် သိချင်နေတာ ကြာပြီ... ဒီလောကနယ်မြေရဲ့ ဒေသခံတွေက ဘာလို့ မူလဒြပ်စင် ရည်ရွယ်ချက်ကို ကမ္ဘာဦး အမတေ မရှိပဲ နားလည်နိုင်တာလဲ”
“အိုး...”
လူအိုကြီးက ဝေ့ဝူယင်၏ မေးခွန်းကို မထူးဆန်းဟန်နှင့် မျက်ခုံးပင့်လိုက်သည်။
“ဒီကုန်းမြေတိုက်ကြီးက ထူးခြားတယ်လေ... အဲဒါက ကမ္ဘာဦး အမတေရဲ့ အော်ရာကို အလိုအလျောက် ထုတ်ပေးနိုင်စွမ်း ရှိတယ်... ကျင့်ကြံသူ တစ်ယောက်က မီး၊ ရေ၊ လေ၊ မြေကြီး၊ သတ္တု၊ လျှပ်စီး၊ သစ်သား၊ ရေခဲနဲ့ ချော်ရည် စတဲ့ ဒြပ်စင် ရည်ရွယ်ချက် ကိုးမျိုးကို နားလည်နိုင်ပြီး အဲဒီထဲက တစ်ခုကို အလယ်အလတ် အဆင့် ရောက်အောင် ကျင့်ကြံနိုင်တာနဲ့ မူလဒြပ်စင် ရည်ရွယ်ချက်က အလိုအလျောက် မွေးဖွားလာလိမ့်မယ်”
“ဒါပေမဲ့ အဲဒီ ရည်ရွယ်ချက်က ယာယီပဲ... ဒီနေရာမှာ ရှိတဲ့ ဘယ်လူငယ်ကမှ အစစ်အမှန် မူလဒြပ်စင် ရည်ရွယ်ချက်ကို ပိုင်မထားဘူး... ငါ့မြေးမလေးပါ အပါအဝင်ပေါ့ကွာ... အစစ်အမှန် မူလ ဒြပ်စင် ရည်ရွယ်ချက်က နားလည်ဖို့ အရမ်းကို ခက်ခဲလွန်းတယ်... ဒီကုန်းမြေတိုက်ကြီးကနေ ထွက်သွားတာနဲ့ သူတို့ အဲဒီ ရည်ရွယ်ချက်ကို ထပ်သုံးနိုင်တော့မှာ မဟုတ်ဘူး”
ဝေ့ဝူယင်၏ မျက်လုံးများက အနည်းငယ် ပြူးကျယ်သွား၏။
“ကုန်းမြေတိုက်ကြီးကြောင့်လား...”
သူက ကောင်းကင်ဘုံ နတ်မျက်လုံးကို ထုတ်ဖော်ရင်း ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်သည်။ လူအိုကြီး ပြောသည့်အတိုင်း အမှန်တကယ်ပင် လေထုထဲ၌ ကမ္ဘာဦး အမတေ အော်ရာအချို့ ရှိနေခဲ့ပေသည်။ သို့သော်လည်း ၎င်းက အလွန်အမင်း ပါးလွှာလှကာ သတိမထားမိလောက်အောင် ဖြစ်ပေသည်။
“ဒါပေမဲ့ ဒြပ်စင်တိုကင်ကို ပိုင်ဆိုင်တာနဲ့ အဲဒီထဲက ကမ္ဘာဦး အမတေကို စုပ်ယူပြီး မူလဒြပ်စင် ရည်ရွယ်ချက်ကို ထာဝရ တည်မြဲအောင် လုပ်ဆောင်နိုင်ကြတယ်.... ဒါပေမဲ့ အရမ်းကို နည်းပါးတဲ့ ကျင့်ကြံသူတွေလောက်ပဲ အဲဒီလို လုပ်နိုင်စွမ်း ရှိကြတယ်”
လူအိုကြီးထံမှ ရှင်းပြမှုကို နားထောင်ပြီးနောက် နှစ်နှစ်တိုင်တိုင် စိတ်ထဲတွင် ရှိနေခဲ့သည့် ပဟေဠိကြီး တစ်ခု ပြေလျော့သွားသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။
“ကျေးဇူးပဲ...”
သူက ခပ်လေးလေး သက်ပြင်းတစ်ချက်ချရင်း ဆိုလိုက်လေတော့၏။
***