ဆင်တစ်ကောင်ကို မြိုချင်သည့်မြွေအလား လောဘကြီးခြင်း
Vol. 64 Ch. 883
ထန်ရှု၏မျက်လုံးများက ၀င်းလက်သွားပြီး သူက ထပ်မံပြော၏။ “နောက်ထပ် ဖြစ်နိုင်ချေတစ်ခုအတွက်လည်း ပြင်ဆင်ထား။ သူ့ရဲ့ဖုန်းကို ခြေရာခံထားချေ။ ငါတစ်ယောက်ယောက်ကို စုံစမ်းပေးဖို့ အကူအညီတောင်းမယ့်အချိန်မှာ သူရဲ့တည်နေရာကို ရအောင်ရှာထား။ သူက ပြည်မမှာ ဆိုရင်တောင် ငါတို့လူတွေ သူ့ကို ရှာနိုင်ဖို့ မျှော်လင့်တယ်”
“နားလည်ပါပြီ” ဟောင်လဲ့က ပြန်ဖြေပြီးနောက် ချက်ချင်း ဖုန်းချသွားတော့သည်။
ထန်ရှုသည် အေးဆေးတည်ငြိမ်စွာ ထိုင်နေသော်လည်း သူ၏နှလုံးသားထဲတွင် အသတ်အဖြတ်စိတ်ဆန္ဒများက မုန်တိုင်းထန်နေ၏။ သူသည် သူ့ကို လာရောက်အကျပ်ကိုင်ခြင်း လှည့်စားခြင်းများကို ဘယ်တုန်းကမှ မကြိုက်မနှစ်သက်ခဲ့ချေ။ တစ်ဖက်လူမှာ လောဘကြီးလွန်း၏။ သူသာ ထိုလူကို ရှာတွေ့ပါက ထိုလူ၏လုပ်ရပ်အတွက် သေချာပေါက် နောင်တရအောင် ပညာရပေးရမည်ဟု စိတ်ပိုင်းဖြတ်ထားလေသည်။
“ကျောက်စိမ်းရုပ်အတွက် ဒီလောက်လုပ်ဖို့ လိုလို့လား” မု၀မ်ရင်က တူကို ချ၍ သိလိုစိတ်ပြင်းပျစွာ မေး၏။
ထန်ရှုက ခေါင်းညိတ်သည်။ “အင်း ငါတို့ ကျောက်စိမ်းကြွက်ရုပ်ရဲ့ အစအနကို ရထားပေမယ့် ပိုင်ရှင်က အရမ်းလောဘကြီးလွန်းတယ်။ ဈေးကို ထပ်ခါထပ်ခါ တိုးနေတာက ငါ့သည်းခံနိုင်တဲ့ အတိုင်းအတာကို ကျော်သွားပြီ”
မု၀မ်ရင်က ခေါင်းညိတ်၍ ဘာမှမပြောတော့ချေ။ ထန်ရှုသည် ပြောရဆိုရလွယ်ကူသူဖြစ်ကြောင်း သူမ ကောင်းကောင်းသိ၏။ အခြားတစ်ဖက်က အလွန်အကျူးဖြစ်မနေသရွေ့ သူ ဤမျှ ဒေါသထွက်မည်မဟုတ်ပေ။
ပေကျင်း။
၎င်းသည် ကွန်ကရစ်နံရံများဖြင့် ပြည့်နှက်နေသည့် ကြွယ်၀ချမ်းသာသော မြို့တစ်မြို့ဖြစ်ချေသည်။ တောင်ဘက်မြို့ပတ်လမ်း၏ အပြင်ဘက်တွင် အစောင့်အဖွဲ့လေးဖွဲ့က ၂၄ နာရီစောင့်ကြပ်နေသည့် အိမ်ရာတစ်ခု ရှိသည်။ ထိုအစောင့်များသာမက ပတ်၀န်းကျင်တစ်ခုလုံးတွင် စီစီတီဗွီကင်မရာများကိုပါ တပ်ဆင်ထားလေရာ သုံးဖက်မြင်စောင့်ကြည့်ကွန်ရက်တစ်ခုအလား ဖြစ်ပေါ်နေတော့သည်။
အိမ်ရာ၏အလယ်တွင်ကား သုံးမီတာအမြင့်ရှိနံရံများဖြင့် သာမန်သုံးထပ်အဆောက်အဦးတစ်ခုပင်။ အပြင်လူများအတွက်တော့ ၎င်းသည် အိမ်ရာ၏စံမံခန့်ခွဲရေးရုံးဌာနဖြစ်သော်လည်း စွမ်းရည်အသုံးပြုသူအဖွဲ့အစည်းအတွက်မူ ၎င်းသည် ဒြပ်စင်ပညာရှင်များသာ ၀င်ရောက်နိုင်သည့် ထူးခြားဆန်းကြယ်သော နေရာတစ်ခုဖြစ်ချေသည်။
မြေအောက် လေးထပ်တွင်။
ရေမိန်းကလေးသည် ဂြိုဟ်တုဖုန်းတစ်လုံးကို ဟိုဟိုသည်သည် နှိပ်ရင်း လေ့ကျင့်ရေးအခန်းအပြင်တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေ၏။ သူမသည် တံခါးဘဲလ်ကို နှိပ်ခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမှ မရှိချေ။ သွမ့်မုလင်းသည် အခန်းအတွင်း၌ လေ့ကျင့်နေပြီး ထွက်မလာသေးပေ။
“ရေမိန်းကလေး နင် ဒီမှာ ဘာလုပ်နေတာလဲ”
လျှပ်စီးမိန်းကလေးက လက်ဖက်ရည်တစ်ခွက်ကို ကိုင်၍ အေးအေးလူလူ လျှောက်လာကာ မေး၏။ သူမ၏မျက်နှာမှာတော့ အတန်ငယ်ဖြူလျော့နေသည်။ သူမ၏အနက်ရောင် သားရေလေ့ကျင့်ရေး၀တ်စုံမှာ ချွေးများကြောင့် သူမကိုယ်တွင် ကပ်နေရာ ခန္ဓာကိုယ်ကောက်ကြောင်းကို အထင်းသား ပေါ်နေစေ၏။
“ထန်ရှု အခုလေးတင် ဖုန်းခေါ်ထားတယ်။ ခေါင်းဆောင်ကို မေးစရာရှိလို့တဲ့” ရေမိန်းကလေးက ခပ်ယဲ့ယဲ့ပြုံး၍ ဖြေသည်။ “ငါ ဘဲလ်ကို နှိပ်ထားပေမယ့် ဘာမှ ပြန်မဖြေဘူး”
“သူ လေ့ကျင့်နေရင် နားကြပ်တပ်ထားတတ်တယ်ဆိုတာ မေ့သွားတယ်လို့ မပြောနဲ့နော်” လျှပ်စီးမိန်းကလေးက ပြုံး၍ ပြော၏။ “ဘာပဲဖြစ်ဖြစ် နင်ရောက်နေတယ်ဆိုတာ သူ့ကို သိစေချင်ရင် ဘဲလ်ကို ဆက်တိုက် နှိပ်နှရလိမ့်မယ်။ ပြီးတော့ သူက ဆယ်မိနစ်တစ်ခါတော့ နားကြပ်ကို ချွတ်တယ်”
ရေမိန်းကလေးမှာ တခဏ ကြောင်သွားပြီးနောက် ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
တခဏကြာသော် သံမဏိတံခါးကြီးဖွင့်သွားပြီး ချွေးများ စိုရွှဲနေသော သွမ့်မုလငိး ထွက်လာ၏။ သူက ဆံပင်စိုများကို အဖြူရောင်ကိုယ်သုတ်ပဝါတစ်တည်ဖြင့် သုတ်လျက် မေးသည်။ “ဘာကိစ္စလဲ”
ရေမိန်းကလေးက ချက်ချင်း ဂြိုဟ်တုဖုန်းကို ပေး၍ ပြော၏။ “ထန်ရှု ဖုန်းခေါ်ခဲ့ပါတယ်။ ခေါင်းဆောင်နဲ့ စကားပြောချင်လို့ပါတဲ့။ ခေါင်းဆောင်ရဲ့အကူအညီလိုတဲ့ ကိစ္စတစ်ခုရှိတယ်လို့ ပြောပါတယ်”
ထန်ရှုလား
သွမ့်မုလင်းက ဖုန်းကို ယူလိုက်ရာ စခရင်ပေါ်ရှိ ဖုန်းနံပါတ်တစ်ခုအား တွေ့လိုက်၏။ သူက ၎င်းနံပါတ်ကို နှိပ်၍ဖုန်းခေါ်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် အခြားတစ်ဖက်မှ ဖုန်းကိုင်၏။ “ထန်ရှု မင်း ငါ့ကို ရှာသလား”
“စီနီယာသွမ့်မု ကျွန်တော် အကူအညီလေးတစ်ခုလိုလို့”
“ပြောလေ”
စကားပြောနေကြစဉ်အတွင်း သွမ့်မုလင်း၏မျက်နှာအမူအရာမှာ ပိုပို၍ ထူးဆန်းလာ၏။ ထို့နောက် သူက ကြားဖြတ်ပြောသည်။ “လက်စသတ်တော့ ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းရဲ့သူဌေးက မင်းဖြစ်နေတာပဲ။ ပြီးတော့ ကျောက်၏စိမ်းရုပ်တွေအတွက် ဒေါ်လာဘီလီယံချီပေး၀ယ်ပြီး အုတ်အုတ်ကျွက်ကျွက် ဖြစ်စေတဲ့ တရားခံကလည်း မင်းကိုး။ အဲ့ဒီ ကျောက်စိမ်းရုပ်တွေက ဘာတွေတုန်းကွ။ ဒီလောက် အချိန်ကုန် ငွေကုန်ခံပြီး အားစိုက်ရလောက်အောင် တန်ဖိုးရှိလို့လား”
“အင်း ကျောက်စိမ်းရုပ်တွေက သာမန်လူတွေအပေါ် သက်ရောက်မှုမရှိသလို စီနီယာတို့လို စွမ်းရည်အသုံးပြုသူတွေအတွက်လည်း အသုံးမ၀င်ပြန်ဘူး။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ပေါ့သေးသေးမဟုတ်ဘူးဗျ” ထန်ရှုက ရှင်းပြသည်။ “စီနီယာ ကျင့်ကြံသူတွေဆိုတာကို ကြားဖူးတယ်မလား။ ကျင့်ကြံလမ်းစဉ်မှာ လျှောက်လှမ်းနေတဲ့ ကျွန်တော်တို့ ကျင့်ကြံသူတွေက ဝေးဝေးရောက်လေ အဆင့်တက်ဖို့ ခက်ခဲလေပဲ။ ဒါကြောင့် ကျွန်တော် အဲ့ဒီကျောက်စိမ်းရုပ်တွေကို အသုံးချဖို့ လိုတယ်။ ကျွန်တော် အဲ့ဒီအရုပ်တွေထဲက နက်နဲသိမ်မွေ့တဲ့ နိယာမတွေကို လေ့လာပြီး မြန်နိုင်သမျှမြန်မြန် အဆင့်တက်မှဖြစ်မယ်”
သွမ့်မုလင်းက ချက်ချင်း သဘောပေါက်သွားပြီး ခေါင်းညိတ်၏။ “ငါ ကြားဖူးတယ်။ ဟုတ်ပြီ ငါ ကတိပေးတယ်။ အခုချက်ချင်း သတင်းအချက်အလက်ဌာနခေါင်းဆောင်ကို ဆက်သွယ်ပေးမယ်။ ငါတို့နိုင်ငံထဲမှာ ရှိနေသရွေ့ လူတစ်ယောက်က ရှာလို့ရပါတယ်။ ဒါပေမဲ့ အဲ့ဒီလူက နိုင်ငံရပ်ခြားမှာဆိုရင်တော့ အထက်က ခွင့်ပြုချက်တောင်းရလိမ့်မယ်။ သူတို့ခွင့်ပြုရင်တော့ ပြည်ပအတွက် ကြယ်တာရာသတင်းအချက်အလက်စနစ်ကို သုံးလို့တယ်”
“ကျေးဇူးတင်ပါတယ် စီနီယာသွမ့်မု။ ကျွန်တော် သတင်းကောင်းစောင့်နေပါ့မယ်ဗျာ” ထန်ရှုက ကျေးဇူးတင်စကားဆိုပြီးနောက် ချက်ချင်း ဖုန်းချသွားတော့သည်။
သွမ့်မုလင်းက ဖုန်းအား ရေမိန်းကလေးထံ ပစ်ပေးပြီးနောက် အမိန့်များ တရစပ် ပေးတော့သည်။
မကာအိုမြို့။
ကွန်ရတ်ဟိုတယ်၊ ၂၄ ထပ်ရှိ သမ္မတအခန်းတစ်ခန်းတွင် အနက်ရောင်၀တ်ရုံများ ၀တ်ဆင်ထားသော အဘိုးကြီးငါးယောက်က စက်ဝိုင်းပုံဝိုင်းလျက် ထိုင်နေကြသည်။ သူတို့၏ခန္ဓာကိုယ်များမှ ရက်စက်ယုတ်မာသည် အရှိန်အဝါများ ထွက်ပေါ်နေချေသည်။ သူတို့အလယ်၌ကား နီရဲတောက်ပနေသည့် ကျောက်စိမ်းကြွက်ရုပ် တင်ထားသော တစ်မီတာအ၀န်းရှိ စားပွဲဝိုင်းတစ်လုံးရှိ၏။ ၎င်းအရုပ်ကား ချော်ရည်ပူများအလာူ မီးပြင်းနီနေကာ မှုန်ဝါးဝါး တောာက်ပနေ၏။
သူတို့နှင့်မနီးမဝေး နံရံထောင့်တွင် ကပ်ထားသော ဆိုဖာတွင်ကား အဖြူရောင်ဆံပင်ရှည်ရှည်များဖြင့် လူငယ်တစ်ယောက်သည် ဝိုင်ခွက်တစ်ခွက်ကို လက်ထဲတွင် ဝှေ့ကာ ပျင်းရိပျင်းတွဲ ထိုင်နေသည်။ သူအရှေ့ရှိ စားပွဲပေါ်တွင်တော့ ဖုန်းဆယ်လုံးရှိကာ နှစ်လုံးကို ဆင်းကတ်များနှင့် ဘက်ထရီများ ဖြုတ်ထားလေသည်။
“သခင်လေး တစ်ဖက်ကလူက ဒေါ်လာ ၁ ဘီလီယံ ပေးပါ့မလား”
ချောမောလှပြီး သပ်ရပ်စွာ ၀တ်ဆင်ထားသည့် ပိန်ပိန်သွယ်သွယ် ၂၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးက ငွေရောင်ဆံပင်နှင့်လူငယ်၏နောက်တွင် ရပ်နေ၏။ သူမ၏မျက်လုံးများက တောက်ပနေပြီး အတွေးနက်နေသော အမူအရာဖြင့် ခပ်ဖွဖွ မေးလေသည်။
“ဒီကျောက်စိမ်းရုပ်တွေမှာ စွမ်းအင်တွေအများကြီးပါတယ်။ ဒီကမ္ဘာပေါ်မှာ တစ်ရုပ်တည်းရှိတယ်ပဲထင်တာ။ နောက်ထပ် ၁၂ ရုပ် ရှိနေလိမ့်မယ်လို့ မျှော်လင့်မထားဘူး” ငွေရောင်ဆံပင်နှင့်လူငယ်က ပြုံးရင်း ပြော၏။ “ခမ်းနားသောကံကြမ္မာ ကျောက်မျက်ရတနာလုပ်ငန်းရဲ့သူဌေးက ဒီကျောက်စိမ်းရုပ်တွေထဲမှ ဘာတွေပါလဲ သိနေတယ်ဖြစ်မယ်။ ဒါကြောင့် ဒီအရုပ်တွေကို ရှာတွေ့ဖို့ ဆုကြေးငွေတွေအများကြီး ပေးနေတာပဲ။ ဘာလို့ ၁၂ ရုပ်လုံး ရှာနေရတာလဲဆိုတာတော့ မပြောတတ်ပေမယ့် အဲ့ဒီလူအတွက် အတော်အသုံး၀င်မယ်ဆိုတာတာ့ သေချာတယ်”
“သူတို့က အဲ့ဒီအရုပ်တွေကို မရှာနိုင်ဘူး။ ဒါကြောင့် အခု ရှာတွေ့သမျှကို ငွေအများကြီး ပေး၀ယ်နေတာပဲ” ပိန်ပိန်သွယ်သွယ်အမျိုးသမီးက ခပ်ဖွဖွ ပြောသည်။
“ဒါဆို နောက်အစီအစဉ်ကရော။ သခင်လေးက အခု ရှန်ဟိုင်းကိုသွားပြီး သူတို့ရထားတဲ့ ကျောက်စိမ်းရုပ်တွေကို လုယူမလို့လား”
ဆံပင်ငွေရောင်ဖြင့်လူငယ်က သူမအား လက်ညှိုးကွေးပြလိုက်ရာ ပိန်ပိန်သွယ်သွယ်အမျိုးသမီးက ကျက်သရေရှိစွာ သူ့အနားလျှောက်လာသည်။ ထို့နောက် သူ့ဘေးတွင် ထိုင်၍ သူ၏ပေါင်ကို ခေါင်းအုံး၏။ ထို့နောက် လူငယ်က သူမ၏နူးညံ့ပျော့ပျောင်းသော ဆံနွယ်ရှည်များကို ပွတ်သပ်လိုက်သည်။ သို့သော် သူ၏မျက်လုံးများကတော့ ငေးမောနေပြီး ဂရုစိုက်ဟန်မရှိချေ။ “အခုလား။ လောစရာမလိုပါဘူး။ သူတို့မှာ ကျောက်စိမ်းရုပ်က ခြောက်ရုပ်ပဲရှိသေးတာ။ များများ ရှာတွေ့တာကို စောင့်ပြီးမှ ဓားပြတိုက်ရမယ်”
“ဒါပေမဲ့ သခင်လေး ဘာလို့ သူတို့ဆီက ငွေတောင်းရသလဲတော့ နားမလည်ဘူး။ ကျွန်မတို့ ငွေမလိုဘူးမဟုတ်လား” ပိန်ပိန်သွယ်သွယ်အမျိုးသမီးက မေးသည်။
“ဘယ်သူက ငွေမလိုဘူးလို့ပြောလိုက်တာတုန်း။ အခု ငါတို့မှာ ငွေသားနည်းနေတာ” လူငယ်က ခပ်ဟဟရယ်၍ ပြော၏။ “ငါ အဲ့ဒီကြေးစားတပ်ဖွဲ့ကို ရမှဖြစ်မယ်။ စရံငွေနည်းနည်းတော့ အရင်ပေးထားပေမယ့် ဒေါ်လာ ၁ ဘီလီယံသာရရင် အခုလောလောဆယ် ငွေကြေးအခက်အခဲကို ဖြေရှင်းနိုင်ပြီ။ ရေအောက်ဒုံးကျည်နှစ်ခုတောင် ရနိုင်တယ်”
တူ....တူ....တူ။
ရုတ်တရက် မိုဘိုင်းဖုန်းတစ်လုံးက မြည်လာ၏။
ငွေရောင်ဆံပင်နှင့်လူငယ်က ၎င်းကို ယူလိုက်ပြီး စခရင်ပေါ်ရှိ နာမည်အား ကြည့်လိုက်သည်။ သူက ပြုံး၍ ဖုန်းကိုင်လိုက်၏။ “ဘယ်လိုလဲဗျ။ ဆုံးဖြတ်ချက်ချပြီးပြီလား မန်နေဂျာဟောင်”
“ဒေါ်လာ ၁ ဘီလီယံ ပေးမယ်။ ဒါပေမဲ့ ပြင်ဆင်ဖို့ အချိန်လိုတယ်။ ရှင့်ဘက်က ပူးပေါင်းဖို့စိတ်က မရိုးသားဘူးလို့ ကျွန်မထင်နေတယ်” ဟောင်လဲ့၏ဒေါသထွက်နေသောအသံက ဖုန်းထဲမှ ထွက်ပေါ်လာသည်။
“ကျုပ်စိတ်က မရိုးဘူးပေါ့လေ” ငွေရောင်ဆံပင်နှင့်လူငယ်က ခပ်ဟဟရယ်၍ ပြော၏။ “ကျုပ် ရိုးသားတာ မရိုးသားတာက ခင်ဗျား သောက်ကိစ္စမဟုတ်ဘူး။ ကျုပ်မှာ ခင်ဗျားလိုချင်တဲ့ ကျောက်စိမ်းရုပ်ရှိတယ်။ အဲ့ဒီတော့ ကျုပ်စကား နားထောင်။ မဟုတ်ရင် ကျုပ် အခုချက်ချင်း အဲ့ဒီဟာကိုယူပြီး ပျောက်သွားရင် ခင်ဗျားတစ်သက်လုံး ကျောက်စိမ်းရုပ် ၁၂ ရုပ် အပြည့်အစုံရမှာ မဟုတ်တော့ဘူး။ ကျုပ် ခင်ဗျားကို အချိန်သုံးရက်ပေးမယ်။ အဲ့ဒီအချိန်အတောအတွင်း ငွေမမြင်ရရင် ကျုပ် ခင်ဗျားနဲ့ အဆက်အသွယ် ပြတ်ပြီသာမှတ်ပေတော့”
“နေဦး” ဟောင်လဲ့က အော်သည်။ “ကျွန်မတို့ ခမ်းနားသောကံကြမ္မာ ကျောက်မျက်ရတနာလုပ်ငန်းက ချမ်းသာတယ်။ ဒါပေမဲ့ ကျောက်စိမ်းရုပ်နှစ်ရုပ်ကို ၀ယ်တဲ့နေရာမှာ သုံးလိုက်ရတဲ့အတွက် ငွေအင်အားသိပ်မရှိသေးဘူး။ ရှင်ပေးတဲ့ သုံးရက်က နည်းလွန်းတယ်။ ကျွန်မ ငွေအင်အားစုဖို့ အချိန်နည်းနည်းလိုတယ်”
ငွေရောင်ဆံပင်ဖြင့်လူငယ်မှာ အတန်ငယ် တိတ်ဆိတ်သွားပြီးနောက် ခပ်ပြတ်ပြတ် ပြော၏။ “ငါးရက်။ နှစ်ရက်တိုးပေးမယ်။ နောက်ထပ် ညှိနှိုင်းဖို့ မကြိုးစားနဲ့တော့။ စရံငွေကို ငါးရက်အတွင်း ကျုပ်ရဲ့ဘဏ်အကောင့်ထဲ လွှဲမပေးရင် ခင်ဗျားနဲ့ကျုပ်နဲ့ကြား ဘာအပေးအယူမှမရှိဘူးလို့ မှတ်လိုက်လို့ရပြီ”
“ကောင်းပြီလေ” ဟောင်လဲ့က သဘောတူသော်လည်း ဆက်ပြော၏။ “ဒါပေမယ့် ကျွန်မ ရှင့်စကားကို မယုံဘူး။ အဲ့ဒီကျောက်စိမ်းကြွက်ရုပ်ကို စစ်ဆေးပြီး ကျွန်မတို့ လိုအပ်တဲ့ဟာ ဟုတ်၊မဟုတ် စစ်ဆေးကြည့်ဖို့ လိုတယ်”
“စိတ်အေးအေးထားပါ။ ကျုပ်က ခင်ဗျားတို့ဆီက ငွေလိုချင်တဲ့အတွက် ခင်ဗျားတို့ ဆန္ဒကို ဖြည့်ဆည်းပေးမှာပါ” လူငယ် ခနဲ့၍ ပြော၏။ “ဆယ်မိနစ်စောင့်။ ဗီဒီယိုရိုက်ပြီး ပို့ပေးလိုက်မယ်”
“ကောင်းပြီ” ဟောင်လဲ့က စကားဆုံးသည်နှင့် ချက်ချင်း ဖုန်းချသွားတော့သည်။
အချိန်များ ကုန်လွန်သွားပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ရက်တာ ကုန်ဆုံးသွား၏။ ထန်ရှုသည် ရှန်ဟိုင်း၌သာ ရှိနေဆဲဖြစ်ပြီး ကျောက်စိမ်းကြွက်ရုပ်မှလွဲ၍ ကျန်အရုပ်များမှာ သတင်းအစအနပင် မသိရချေ။
သူသည် ကမ်းဇတ်လုံကွမ်ပင်လယ်အော်သို့ ချက်ချင်းသွားမည့် အစီအစဉ်ကို လက်လျှော့၍ ကျန်ကျောက်စိမ်းရုပ်ငါးရုပ်၏ သတင်းကိုသာ အေးအေးလူလူ စောင့်နေချေသည်။
တူ...တူ...တူ
ထန်ရှု သတင်းစောင့်နေရခြင်းအား အနည်းငယ် စိတ်မရှည်တော့သလို ခံစားနေရသည့်အချိန်တွင် သွမ့်မုလင်းထံမှ ဖုန်း၀င်လာ၏။ သူက ဖြေဆိုသည့်ခလုတ်ကို နှိပ်ပြီးနောက် အလျင်အမြန် မေး၏။ “စုံစမ်းတာ အခြေအနေ ဘယ်လိုရှိလဲ စီနီယာသွမ့်မု”
“မကာအို ကွန်ရတ်ဟိုတယ်က ခေါ်နေတာ” သွမ့်မုလင်းက ပြော၏။ “တခြား သတင်းတော့ မသိရသေးဘူး။ ဒါပေမဲ့ မကြာခင် သိရမှာပါ”
မကာအိုမှာလား
ထန်ရှုက သရောသောပါး ထရပ်၍ သူ၏ကုတ်အင်္ကျီကို အလျင်အမြန်၀တ်ကာ အခန်းထဲမှ အလောတကြီး ထွက်သွားတော့သည်။ သူသည် ထိုလူပုန်းနေသော နေရာအား သိရပြီဖြစ်၍ ကိုယ်တိုင် လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။
“အားဝူ မကာအိုမှာ နေရာချထားတဲ့ ငါတို့လူတွေ ရှိသလား” ထန်ရှု ကြယ်ပြာအိမ်ရာမှ ထွက်လာပြီးနောက် မေး၏။
“ကျွန်တော် မသိပါဘူး။ သူဌေးလေးကို မေးကြည့်ရပါမယ်” မိုအားဝူက ဖြေသည်။
***