← Chapters

သတိရှိခြင်း

Vol. 64 Ch. 884

သတိရှိခြင်း

Vol. 64 Ch. 884

ဂူယရှောင်ရွှဲ့အား ဆက်သွယ်ပြီးနောက် ထန်ရှုသည် မကာအို၌ နေရာချထားသော ထာ၀ရခန်းမအဖွဲ့၀င်များ ရှိကြောင်း သိခဲ့ရ၏။ အတိအကျပြောရလျှင် မကာအို၌ ထာ၀ရခန်းမ၏အခွဲတစ်ခု ဖွင့်ရန် လောလောလတ်လတ် စေလွှတ်ထားသူများဖြစ်ပြီး လုံခြုံရေးတင်းကြပ်မှုကား အတော်လေး နာမည်ကြီးပေသည်။

ဟူကျစ်ဝူသည် မကာအိုထာ၀ရခန်းမ၏‌အ‌ထွေထွေမန်နေဂျာသာမက ထိုနေရာရှိ သတင်းကွန်ရက်ကိုလည်း တာ၀န်ယူထားသူဖြစ်သည်။ သူသည် အသက်သုံးဆယ်စွန်းစွန်းသာ ရှိသေးသော်လည်း ကြေးစားလူသတ်သမားလောကတွင် ကျယ်ပြောသော ခြေရာလက်ရာများ ရှိပေသည်။ သူ့ကို အပြင်ပန်းကြည့်ပါက အားနည်းသော စာပေသမားတစ်ယောက်ဟု ‌ထင်‌ရနိုင်သော်လည်း သူသည် လူတစ်ယောက်ကို မျက်တောင်တစ်ချက်မခတ်ဘဲ အသာလေး သတ်ပစ်နိုင်သူဖြစ်၏။

“အားဂျင် ဆေးပင်တွေကိစ္စ ဘယ်လိုအခြေအနေရှိလဲ”

ဟူကျစ်၀ူသည် ယခုတွင် ထာ၀ရခန်းမဌာနခွဲ၏ရုံးခန်းထဲတွင် ရှိနေသည်။ သူက သူ့အနောက်ရှိ လူငယ်ကို ကျောပေးလျက် ပြတင်းပေါက်ရှေ့တွင် ရပ်ကာ အရယ်အပြုံးမရှိ ခပ်တည်တည် မေး၏။

လူငယ်မှာ ၂၇ နှစ်၀န်းကျင်ခန့်ရှိပြီး မျက်နှာမှာ မျောက်ရုပ်နှင့်ဆင်သည်။ သူ၏မျက်၀န်းများကတော့ ထက်မြတ်မှုတို့ဖြင့် တလက်လက် တောက်ပနေ၏။ ဟူကျစ်ဝူ၏မေးခွန်းကို ကြားသည်နှင့် သူက ခေါင်းညိတ်၍ ဖြေသည်။ “ကျွန်တော် မန်နေဂျာညွှန်ကြားတဲ့အတိုင်း ငွေတွေအားလုံး သုံးခဲ့ပါတယ်။ အခုခေတ်မှာ ဆေးပင်တွေက အရမ်းဈေးကြီးနေလို့ တချို့တစ်၀က်ပဲ ဝယ်လို့ရခဲ့ပါတယ်”

ဟူကျစ်၀ူက ခေါင်းညိတ်၏။ “ဘယ်လောက်ပဲနည်းပါစေ။ ရှိတဲ့ဟာတွေကို ငါ့ကိုသာပေး။ ငါ အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့်ကို မြန်မြန် တက်နိုင်အောင် ကျန်းမန်ကျွန်းကို ‌ပို့ပြီး ဆေးဖော်ခိုင်းရမယ်”

“ဟုတ်ကဲ့” လူငယ်က အလျင်အမြန် ခေါင်းညိတ်၏။

တူ...တူ....တူ...

စားပွဲစားပွဲပေါ်ရှိ ဖုန်းနှစ်လုံးထဲမှတစ်လုံးက ရုတ်တရက် ထမြည်လာ၏။

ဟူကျစ်ဝူမှာ ခဏ ငေးကြောင်သွားသော်လည်း သူ၏မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူ့တွင် ဖုန်းနှစ်လုံးရှိ၏။ တစ်လုံးကို ကိုယ်ရေးကိုယ်တာကိစ္စများတွင် အသုံးပြုပြီး ယခုမြည်နေသည့်တစ်လုံးမှာ ထာ၀ရခန်းမထံမှ အလုပ်ကိစ္စများအတွက် ဖြစ်သည်။ ထိုဖုန်းမြည်လာတိုင်း သူ့အတွက် အရေးကြီးတာ၀န်တစ်ခု ရှိစမြဲပင်။

သူက ဖုန်းကိုင်လိုက်ပြီးနောက် ခပ်ဩဩ အသံဖြင့် ပြော၏။ “ဟူကျစ်ဝူ ပြောနေပါတယ်”

“ကျုပ်က ထန်ရှုပါ” ဖုန်းထဲမှ ထန်ရှု၏အသံ ထွက်ပေါ်လာသည်။

ထိုအသံကို ကြားသည်နှင့် ဟူကျစ်ဝူ၏မျက်နှာအမူအရာမှာ ရိုသေကျိုးနွံသွားပြီး သူက လေးစားစွာ ပြော၏။ “ကျွန်တော့်ကို အလိုရှိပါလို့လား သူဌေး”

“ဟုတ်တယ်။ ခင်ဗျားက မကာအိုမှာမလား။ အဲ့ဒါဆိုရင် ကျုပ် ခင်ဗျားကို လုပ်ပေးစေချင်တာလေး တစ်ခုရှိတယ်” ထန်ရှုက ပြောသည်။

“ကျေးဇူးပြုပြီး ပြောပါ သူဌေး” ဟူကျစ်ဝူက ရိုသေစွာ ပြော၏။

ထန်ရှုက ကျိုးကြောင်းအစုံအလင် ပြောပြပြီးနောက် ခပ်ဩဩလေသံဖြင့် အဆုံးသတ်သည်။ “လူတချို့ခေါ်သွားပြီး ကွန်ရတ်ဟိုတယ်က အခြေအနေကို စောင့်ကြည့်ခိုင်းထားစေချင်တယ်။ ဟိုတယ်ကို ဘယ်သူတွေ ၀င်ထွက်နေတယ်ဆိုတာပေါ့။ ပြီးတော့ ကျုပ်တို့ ထာ၀ရခန်းမရုံးချုပ်ကလူတွေလည်း မြန်နိုင်သမျှအမြန်ဆုံး လာကြလိမ့်မယ်။ ခင်ဗျား ကျွန်းတစ်ခုလုံးရဲ့ လမ်းကြောင်းအ၀င်အထွက်တွေကို စီစဉ်နေတဲ့အချိန် သူတို့ကိုလည်း ကူညီပေးစေချင်တယ်။ ကျုပ်တို့ တစ်ဖက်လူရဲ့ သရုပ်မှန်ကို သိရပြီဆိုတာနဲ့ သူတို့နဲ့ခင်ဗျားက လှုပ်ရှားရလိမ့်မယ်။ သူတို့ နေရာပြောင်းမသွားအောင် သေချာစောင့်ကြည့်ပါ”

“နားလည်ပါပြီ။ ကျွန်တော် ချက်ချင်း စီစဉ်လိုက်ပါ့မယ်”

ဟူကျစ်ဝူသည် ဤကိစ္စ၏အရေးကြီးမှုကို သဘောပေါက်လိုက်သဖြင့် တည်ကြည်လေးနက်စွာ ဖြေလေသည်။ သူက ဖုန်းချပြီးနောက် ချက်ချင်း လူငယ်အား ခပ်ဩဩလေသံဖြင့် လှမ်းပြော၏။ “အားဂျင် ဆေးပင်ကိစ္စကို ခဏထားလိုက်ဦး။ အခု ငါတို့ လုပ်ရမယ့် အရေးကြီးကိစ္စတစ်ခု ရှိလာပြီ”

“အခုဖုန်းခေါ်ခဲ့တဲ့လူက မန်နေဂျာလားဗျ” အားဂျင်က မေး၏။

“အေး။ သူကိုယ်တိုင် တာ၀န်ပေးတာဆိုတော့ ငါတို့ အဘက်ဘက်က ပြည့်စုံနေအောင်လုပ်မှဖြစ်မယ်” ဟူကျစ်ဝူက ခေါင်းညိတ်၍ ပြော၏။ “ဒါကြောင့် မင်းအခုချက်ချင်း ငါတို့ရဲ့လုံခြုံရေးအဖွဲ့တွေကို လူစု.....”

မကာအိုမြို့ဆိပ်ကမ်းတွင်။

ခရီးသည်သင်္ဘောတစ်စီးသည် ဖြည်းဖြည်းချင်း ကမ်းကပ်လာပြီး ခရီးသည်အားလုံး သင်္ဘောပေါ်မှ ဆင်းသွားသောအခါ ထန်ယွင်သဲ့သည် အနက်ရောင်အနောက်တိုင်း၀တ်စုံများ ၀တ်ဆင်ထားသည့် သက်တော်စောင့်လေးဦး ကာကွယ်ပေးထားသော သက်လတ်ပိုင်းလူတစ်ဦးကို ‌ကမ်းစပ်တွင် တွေ့လိုက်ရသည်။

“အန်း၀ူ”

ထန်ယွင်သဲ့က ပြုံး၍ ထိုလူကို နှုတ်ဆက်ရန် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်။ သူနှင့်ထိုသက်လတ်ပိုင်းလူက တစ်ယောက်ကိုတစ်ယောက် ဖက်လိုက်ကြ၏။ ဤတစ်ကြိမ်မှာ ကိုမာမှနိုးလာချိန်မှစ၍ ထန်ယွင်သဲ့အတွက် သူ၏ရဲဘော်ရဲဘက်များနှင့် တွေ့ရသည့် ဒုတိယအကြိမ်ဖြစ်လေသည်။

“မင်း နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ ယွင်သဲ့” ချန်အန်းဟူက စိတ်လှုပ်ရှားစွာ ပြော၏။

“မင်းရဲ့အဆက်အသွယ်ရတာနဲ့ ချက်ချင်း လာခဲ့လိုက်တာပဲ။ စိတ်မပူပါနဲ့။ ငါ ဒီတစ်ခါလာတာ မင်းရဲ့ပြဿနာကို ဖြေရှင်းပေးဖို့ပါ” ထန်ယွင်သဲ့က ပြုံး၍ ပြော၏။

“ငါ စိတ်ပူနေတာ အဲ့ဒါပဲ ယွင်သဲ့။ ဒီတစ်ခါတော့ မင်း ဖြေရှင်းပေးမှရမယ်ထင်တယ်” ချန်အန်းဟူက ခါးသက်သက် ပြုံးလိုက်၏။ “ငါပြောခဲ့တဲ့ တစ်ဖက်လူက နောက်ခံအင်အားကောင်းတယ်။ သူတို့ကို ထောက်ကန်ပေးထားတဲ့လူက နိုင်ငံခြားက ကျွမ်းကျင်သူတွေနဲ့‌ ထောက်ပံ့ပေးနေတဲ့ ‌ကျန့်မိသားစုပဲ။ ငါ သူတို့ကို ဆက်ထိန်းမထားနိုင်တော့ဘူး”

ထန်ယွင်သဲ့က သူ၏ပခုံးကို ပုတ်၍ ပြော၏။ “ငါ ဒီတစ်ခါ လူအများကြီး ခေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က တခြားလူတွေ သတိထားမိမှာစိုးလို့ တခြားနည်းလမ်းတွေနဲ့ ရောက်နေနှင့်ပြီ။ ကဲ သွားကြမလား။ ငါ ‌သင်္ဘောပေါ်က ဆင်းလာတုန်းက အနီးတစ်ဝိုက်မှာ မသင်္ကာစရာကောင်းတဲ့လူတွေကို သတိထားမိလို့”

ချန်အန်းဟူ၏မျက်နှာအမူအရာအှာ အနည်းငယ်ပြောင်းလဲသွားပြီး သူက ခေါင်းညိတ်၍ ပြော၏။ “သွားစို့”

တစ်နာရီကြာသော် ထန်းရှအိမ်ရာ၀န်းရှိ ကျွန်းနန်းတော်ဥယျာဉ်တွင်။

ထိုနေရာသည် မကာအိုတစ်မြို့လုံးတွင် အဆင့်မြင့်ဆုံး၊ အကောင်းမွန်ဆုံး အိမ်ရာ၀န်းတစ်ခုဖြစ်ပြီး ၎င်း၌  ချမ်းသာကြွယ်၀၍ နာမည်ကြီးသူများသာ နေထိုင်ကြလေသည်။ အိမ်ရာ၀န်း၌ ဗီလာပေါင်း ၁၀၀ ‌ရှိပြီး ဗီလာတစ်ခုနှင့်တစ်ခုသည် အတော်လေးဝေး၍ အလွန်ဆိတ်ငြိမ်ကာ အနှောက်အယှက် ကင်း၏။

ဗီလာ အေ - ၀၅၈ တွင်။

ထန်ယွင်သဲ့နှင့် ချန်အန်းဟူတို့မှာ ဒုတိယထပ်ရှိ စာကြည့်ခန်းထဲတွင် ထိုင်နေကြ၏။ သို့သော် သူတို့နှစ်ယောက်လုံးမျက်နှာများမှာ မှိုင်းညှို့နေကြသည်။ ယခုတွင် သူတို့အရှေ့ရှိ မွှေးပျံ့သင်းကြိုင်နေသော လက်ဖက်ရည်ကပင် သူတို့၏အာရုံကို မဆွဲဆောင်နိုင်ချေ။

“ဒီက အခြေအနေအကြောင်း အသေးစိတ်ပြောပြပါ အန်းဝူ”

ချန်အန်းဟူက ခေါင်းညိတ်၍ ပြောသည်။ “ငါတို့အခု ရင်ဆိုင်နေရတဲ့ ကျန့်မိသားစုက မကာအိုတစ်ခုလုံးမှာရှိတဲ့ ကာစီနိုတွေရဲ့ ၆၀ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားတာ။ ကျန့်မိသားစုက အရင်တုန်းက လူလုံးထွက်မပြခဲ့ဘူး။ သိုသိုသိပ်သိပ်နေရင်းနဲ့ ကြီးပွားခဲ့တာပေါ့။ အခုတော့ အရမ်းထက်မြတ်ပြီးမာနကြီးတဲ့ သူတို့မိသားစု၀င်တစ်ယောက်ကြောင့် အရင်လိုမဟုတ်‌‌တော့ဘူး။ သူက ၂၈ နှစ်ပဲရှိသေးတယ်။ ဒါပေမဲ့ သူ့အဘိုးအစား ကျန့်မိသားစုမှာ ဆုံးဖြတ်အုပ်ချုပ်ရတဲ့လူ ဖြစ်နေပြီ။ ပြီးတော့ သူ တာ၀န်ယူခဲ့တဲ့ နှစ်တွေကစပြီး ကျန့်မိသားစုရဲ့လုပ်ငန်းတွေက ပြောင်းလဲလာခဲ့တယ်။ အခုဆို သူတို့ရဲ့စီးပွားရေလုပ်ငန်းက အလောင်းကစားလောကမှာတင် မဟုတ်တော့ဘူး။ အိမ်ခြံမြေ၊ ကျောက်မျက်ရတနာ၊ ကားလုပ်ငန်းတွေ‌အထိ ချဲ့ထားပြီးပြီ။ ကောလဟာလတွေအရ ကျန့်မိသားစုက အာဖရိကမှာ မိုင်းတွင်းတချို့တောင်ရှိတယ်လို့ ပြောကြတယ်”

ထန်ယွင်သဲ့၏မျက်လုံးများ မှေးကျဉ်းသွား၏။ ၎င်းက သူ့သား၏အရည်အချင်းကို သတိရမိစေသဖြင့် ဤကျန့်မိသားစုမှလူငယ်ကို မထင်မသေးရဲချေ။ ကျန့်မိသားစုမှာ အင်အားကြီးလွန်းသဖြင့် ဤကိစ္စမှာ အပေါ်ယံကြည့်ရသလောက် လွယ်ကူမည်မဟုတ်။ သူ ဤသို့ရောက်နေခြင်းကလည်း အခြားကိစ္စများနှင့် အန္တရာယ်များကို ဖြစ်ပေါ်လာနိုင်စေသည်။

“ဒါဆို ဝိညာဉ်လှုပ်ကိုင်သိုင်းပညာကျောင်းက ကျန့်မိသားစုလက်အောက်မှာပေါ့”

ချန်အန်းဟူက ခေါင်းညိတ်၍ ပြောသည်။ “ငါ လူတချို့လွှတ်ပြီး စုံစမ်းထားတယ်။ ဝိညာဉ်လှုပ်ကိုင်သိုင်းပညာကျောင်းတင် မဟုတ်ဘူး။ မဟူရာပန်းခြံကုမ္ပဏီကလည်း ကျန့်မိသားစုအုပ်ချုပ်နေတာပဲ။ အဲ့ဒီကုမ္ပဏီက လုံခြုံရေးအစောင့် ၁၀၀၀ နီးပါးနဲ့ မကာအိုမှာ အကြီးဆုံး လုံခြုံရေးကုမ္ပဏီပဲ။ ပြီးတော့ ငါ့စုံစမ်းချက်အရ အဲ့ဒီလုံခြုံရေးအစောင့်တွေက သာမန်မဟုတ်ဘူး။ တချို့ရဲ့နောက်ခံတွေဆိုရင် အတော်လေးကျယ်ပြန့်ကြတယ်”

ထန်ယွင်သဲ့မှာ မိနစ်အနည်းငယ်မျှ တိတ်ဆိတ်သွား၏။ စီးကရက်တစ်လိပ်ကို သောက်ပြီးနောက် သူက ပြောသည်။ “ ဆိပ်ကမ်းနှစ်ခုက အမြဲတမ်း ငါတို့ရဲ့အမြတ်ဆုံး စီးပွားရေးလုပ်ငန်းဖြစ်ခဲ့တယ်။ ပြီးတော့ အဲ့ဒီနေရာက ကုန်စည်ပို့ဆောင်ရေးတွေကလည်း အရေးပါတယ်။ အင်အားသုံးပြီး ငါတို့ဆီက အတင်းအကြပ် လုယူဖို့ဆိုတာ ကျန့်မိသားစုအတွက်  မဖြစ်နိုင်ဘူး။ မနက်ဖြန်ကျရင် အဲ့ဒီ ကျန့်မိသားစုရဲ့ ရူးလောက်စရာပါရမီရှင်ကို သွားတွေ့တာပေါ့။ သူက တကယ်ပဲ အင်အားကြီးတယ်ဆိုရင် ငါ အပြင်အကူအညီတောင်းမှရမယ်”

“အပြင်ကအကူအညီဟုတ်လား” ချန်အန်းဟူမှာ ကြောင်အသွားပြီး မေးမြန်း၏။ “မင်း ဘာကို ‌ဆိုလိုချင်တာလဲ”

“ငါတို့ကို ကူညီဖို့ လူရှာရမှာပေါ့ ဘာဖြစ်ရမလဲ” ထန်ယွင်သဲ့က ခပ်တင်းတင်း ပြုံး၍ ပြောသည်။

ချန်အန်းဟူမှာ ချက်ချင်း သဘောပေါက်သွားပြီး ခေါင်းညိတ်၍ ပြော၏။ “ထန်မိသားစုသာဆိုရင် ကျန့်မိသားစုကို အနိုင်ယူနိုင်မှာပဲ။ ဆိပ်ကမ်းနှစ်ခုအတွက်နဲ့ မင်းတို့မိသားစုကို အတိုက်အခံ မလုပ်လောက်ဘူးလို့ ငါ ထင်တယ်”

“ဟင့်အင်း ငါ့မိသားစုမဟုတ်ဘူး” ထန်ယွင်သဲ့က ခေါင်းခါရမ်း၍ ပြောသည်။ “ငါရှာနေတဲ့လူက ငါ့သားပဲ”

ချန်အန်းဟူမှာ ငေးကြောင်လျက် ငိုရခက်၊ ရယ်ရခက် ဖြစ်သွားတော့သည်။ “မင်းရဲ့သားဆီကနေ အကူအညီတောင်းမလို့လား ယွင်သဲ့။ နောက်နေတာ မဟုတ်ပါဘူးနော်။ သူက ပြည်မမှာ စီးပွားရေးအောင်မြင်နေပေမယ့် သူ့ရဲ့အဆက်အသွယ်တွေက မကာအိုအထိ ရောက်နိုင်လို့လား”

“ငါ့သားအကြောင်း ငါ ကောင်းကောင်းသိတယ်” ထန်ယွင်သဲ့က ပြောသည်။ “ငါတို့ ပြဿနာကို မဖြေရှင်းနိုင်ရင်တောင် သူကတော့ အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မယ်”

ချန်အန်းဟူမှာ ‌ခေါင်းခါ၍ ခပ်ယဲ့ယဲ့သာ ပြုံးလိုက်နိုင်သည်။ သူသည် ထန်ရှုအကြောင်း ထန်ယွင်သဲ့ထံမှ ကြားခဲ့ဖူး၏။ ထန်ရှုသည် အသက်ငယ်ငယ်ဖြင့် ခမ်းနားသော ထန်လုပ်ငန်းစုအား တည်ထောင်ခဲ့သည်။ သူ့ကုမ္ပဏီမှာ တရုတ်ပြည်တွင် အလျင်အမြန် တိုးတက်နေပြီး ကုမ္ပဏီကြီးများကိုပင် လိုက်မှီနေပြီဖြစ်သည်။ သို့ထိတိုင် ထန်မိသားစု၏အကူအညီမပါဘဲ ထန်ရှုတစ်ယောက်တည်းဖြင့် မကာအိုသို့ ‌နေရာချဲ့နိုင်မည်မဟုတ်ချေ။

ညဉ့်နက်အချိန် ကွန်ရတ်ဟိုတယ်၌။

၂၄ ထပ်ရှိ သမ္မတအခန်းထဲတွင် ဆံပင်ငွေရောင်နှင့်လူငယ်သည် ဆံပင်ရွှေရောင်နှင့်နိုင်ငံခြားသူနှစ်ဦးကို ဖက်ကာ အိပ်နေချေသည်။ အနီးတွင် အနက်ရောင်၀တ်ရုံများဖြင့် အဘိုးကြီးငါးယောက်က ဘုန်းကြီးများတရားထိုင်နေသကဲ့သို့ စားပွဲဝိုင်းတစ်ခုကို ဝိုင်း၍ တင်ပျဉ်ခွေထိုင်နေကြ၏။

ပြောင်းလဲသွားသည်ကား စောစောက စားပွဲပေါ်တွင် ရှိနေခဲ့သည့်‌ ကျောက်စိမ်းကြွက်ရုပ်သည် ယခု မရှိတော့ချေ။

ပိန်ပိန်သွယ်သွယ်အမျိုးသမီးကတော့ ပြတင်းပေါက်ရှေ့တွင် ရပ်ကာ မှန်ဘီလူးတစ်ခုဖြင့် ဟိုတယ်ပတ်၀န်းကျင်ရှိ အခြေအနေအား အကဲခတ်နေ၏။ သူမ အကဲခတ်နေသည်မှာ ဆယ်မိနစ်ကျော်ကြာပြီဖြစ်ပြီး လူအချို့က မယုံသင်္ကာစရာဖြစ်ကြောင်း တပ်အပ်ပြောနိုင်သည်။

“ကစ်တီ အရာအားလုံးကို မယုံသင်္ကာဖြစ်နေရင် မင်းပဲ ပင်ပန်းလိမ့်မယ်။ မင်း ဘေးကင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းက အနားယူတာပဲ။ အခုအချိန်ကြီးမှာ အပြင်ကို စောင့်ကြည့်နေမယ့်အစား အခန်းထဲသွားပြီး ကျင့်ကြံနေသင့်တယ်” တင်ပျဉ်ခွေထိုင်နေသော အဘိုးကြီးတစ်ယောက်က ရုတ်တရက် မျက်လုံးတစ်ဖက်ဖွင့်၍ ပြော၏။

ပိန်ပိန်သွယ်သွယ်အမျိုးသမီးက မှန်ဘီလူးကိုချ၍ လှည့်လာ၏။ ထို့နောက် သူမက ပြောသည်။ “ကျွန်မ ဘယ်လောက်ပဲ သန်မာပါစေ အန္တရာယ်ကို ကြိုမသိနိုင်ရင် သခင်လေးကို ကာကွယ်မပေးနိုင်ဘူး။ ပြီးတော့ ဒီမှာ ရှင်တို့တွေလည်း ရှိနေတာ။ ကျွန်မက အားနည်းကောင်းအားနည်းပေမယ့် အန္တရာယ်ကိုသာ ကြိုသိထားရင် ရှင်တို့ အချိန်မီ ခုခံနိုင်အောင် သတိပေးလို့ရတယ်လေ”

အနက်ရောင်၀တ်ရုံနှင့်အဘိုးအိုက ခေါင်းခါ၏။ သူတို့ငါးယောက်သည် ဤကလေးမကို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ရာ သူမအကြောင်း ကောင်းကောင်းသိကြလေသည်။ သူတို့၏သခင်လေးမှာ မိန်းမလိုက်စား၍ ရှုပ်ပွေသော်လည်း သူမသည် သူ့ကို ချစ်နေမြဲသာ။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူ၏ဇနီးမယားဖြစ်လာမည်ဟုပင် ခေါင်းမာစွာ ယုံကြည်ထား၏။

ကံမကောင်းစွာဖြင့် သခင်လေးသည် ကျီးနက်မျိုးနွယ်စု၏အင်အားကို မကျော်လွန်နိုင်လျှင် သူသည် မည်သည့်မိန်းကလေးကို ချစ်ကြိုက်ခွင့်၊ လက်ထပ်ခွင့်ရမည်မဟုတ်သည်ကို သူတို့ငါးယောက်လုံး ကောင်းကောင်းသိကြ၏။

“မင်းအခန်းထဲ ပြန်ပြီး နားလိုက်တော့” အနက်ရောင်၀တ်ရုံနှင့်အဘိုးအိုက မျက်လုံးများ ပြန်မှိတ်၍ ‌ဖြည်းဖြည်းချင်း ပြောလေသည်။

“ဟင့်အင်း” ပိန်ပိန်သွယ်သွယ်အမျိုးသမီးက ခေါင်းခါရမ်း၍ ပြော၏။ “ဟိုတယ်အနားတစ်ဝိုက်မှာ မသင်္ကာစရာရှိလို့ စောင့်ကြည့်ရမယ်”

အဘိုးအိုက မျက်လုံးပြန်ဖွင့်၍ မျက်မှောင်ကြုတ်လိုက်သည်။ “ဟိုတယ်အနားမှာ မသင်္ကာစရာဟုတ်လား။ ဘာများလဲ”

ပိန်ပိန်သွယ်သွယ်အမျိုးသမီးက ပြော၏။ “လွန်ခဲ့တဲ ၁၂ မိနစ်ကျော်တည်းက မှန်ဘီလူးနဲ့ကြည့်နေတာ မသင်္ကာစရာလူတွေကို တွေ့ခဲ့တယ်။ ဆယ်မိနစ်‌လောက် ဘာမှလုပ်စရာမရှိဘဲနဲ့ ဟိုဟိုသည်သည် လျှောက်‌သွားနေတာ ခြောက်ယောက်လောက်ရှိတယ်။ သူတို့က ဟိုတယ်က ၀င်ထွက်နေတဲ့ လူအားလုံးကို စောင့်ကြည့်နော ထောက်လှမ်းအရာရှိတွေလိုပဲ။ တစ်ယောက်ဆိုရင် တစ်ခုခုကို မှတ်တမ်းတင်နေတဲ့ပုံနဲ့ ကားထဲမှာ စောင့်နေတာ”

အနက်ရောင်၀တ်ရုံနှင့် အဘိုးအိုက ထရပ်၍ ပြတင်းပေါက်အနား အလျင်အမြန် လျှောက်လာ၏။ ထို့နောက် သူက လိုက်ကာကြားမှ အပြင်သို့ ချောင်းကြည့်လိုက်သည်။ သူ၏မျက်လုံးများ ဖြတ်ခနဲ လက်သွား၏။ သူက မိနစ်အတော်ကြာ ‌တိတ်ဆိတ်စွာ စောင့်ကြည့်ပြီးနောက် ထူးမခြားနားဟန်ပန်ဖြင့် ပြော၏။ “သခင်လေးကို သွားနှိုး။ ငါတို့ အခုချက်ချင်း ထွက်ခွာမယ်”

“ဒါပေမဲ့ သခင်လေးက အိပ်နေတဲ့အချိန် လာနှောင့်ယှက်တာကို အမုန်းဆုံးနော်။ ပြီးတော့ အဲ့ဒီလူတွေရဲ့ပစ်မှတ်က ကျွန်မတို့ ဟုတ်ချင်မှဟုတ်မှာ။ နည်းနည်းလောက် ထပ်မစောင့်သင့်ဘူးလား” ပိန်ပိန်သွယ်သွယ်အမျိုးသမီးက မေး၏။

***

All Chapters