တစ်နည်းမဟုတ်တစ်နည်း
Vol. 64 Ch. 885
“ငါတို့က မကာအိုကို အခုမှ ရောက်ဖူးတာ။ ဒီက အခြေအနေတွေနဲ့ မရင်းနှီးဘူး” အဘိုးအိုက ခေါင်းခါ၍ ပြောသည်။ “ဒီနယ်မြေ တရုတ်လက်အောက်ကို ရောက်ပြီးကတည်းက မကာအိုမှာ သံသယဖြစ်စရာလူတွေ အများကြီး ပေါ်လာကြတာ။ ဒါကြောင့် အန္တရာယ်ဖြစ်လာနိုင်တဲ့ကိစ္စတွေ မရှိအောင်လို့ အမြန်ဆုံး လှုပ်ရှားရမယ်”
ပိန်ပိန်သွယ်သွယ်အမျိုးသမီးက သူ့စကားများကို စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ ထို့နောက် အိပ်ခန်း၏တံခါးရှေ့၌ ရပ်၍ အော်လိုက်၏။ “သခင်လေး ကျွန်မတို့ အခု ထွက်သွားရပါတော့မယ်”
ငွေရောင်ဆံပင်နှင့်လူငယ်က မျက်လုံးများကို ဒေါသတကြီး ဖွင့်လိုက်ပြီး ချက်ချင်း ကုတင်ပေါ်မှ ထကာ အ၀တ်၀တ်လိုက်၏။ သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော မိန်းမလှလေးနှစ်ယောက်ကို လှည့်ပင်မကြည့်ချေ။ ထို့နောက် တံခါးဖွင့်၍ထွက်လာပြီး ချက်ချင်း မေးတော့သည်။ “ဘာဖြစ်တာလဲ။ ဘာလို့ ညကြီးမိုးချုပ် ထွက်ခွာရမှာလဲ”
“မယုံသင်္ကာစရာလူတွေက ဟိုတယ်နားမှာ တဝဲလည်လည် လျှောက်သွားနေလို့။ သူတို့ရဲ့ရည်ရွယ်ချက်ကိုတော့ မသိရသေးပါဘူး” ပိန်ပိန်သွယ်သွယ်အမျိုးသမီးက ပြောသည်။ “ဒါပေမဲ့ သူတို့က တကယ် ကျွန်မတို့ကို စောင့်ကြည့်နေတာဆိုရင် ခမ်းနားသောကံကြမ္မာ ကျောက်မျက်ရတနာလုပ်ငန်းက လူတွေဟုတ်ရင်ဟုတ် မဟုတ်ရင် သခင်လေးအစ်ကိုကြီးရဲ့လူတွေ ဖြစ်နိုင်ပါတယ်”
“ဖုန်းလေး တစ်ခါ၊ နှစ်ခါ ဆက်လိုက်ရုံနဲ့ ငါတို့ရဲ့တည်နေရာကို သိနိုင်တဲ့ အားကောင်းတဲ့သတင်းကွန်ရက်က ခမ်းနားသောကံကြမ္မာ ကျောက်မျက်ရတနာလုပ်ငန်းမှာ မရှိသေးဘူး” ငွေရောင်ဆံပင်နှင့်လူငယ်က အေးစက်စက်နှာမှုတ်၍ ပြောသည်။ “ကြည့်ရတာ ငါ့ရဲ့အစ်ကိုတော်က လှုပ်ရှားဖို့ အဆင်သင့်ဖြစ်နေတဲ့ပုံပဲ။ ကောင်းပြီ။ လုပ်ကြ ဒီနေရာက ထွက်သွားစို့”
မိနစ်အနည်းငယ်ကြာသော် လူခုနစ်ယောက်သည် ဟိုတယ်မှထွက်သွားသော်လည်း ပုံမှန်နည်းဖြင့် မဟုတ်ချေ။ ထိုအစား သူတို့က ဟိုတယ်၏လူသူကင်းသော ချောင်ကျကျတစ်နေရာသို့ တိတ်တဆိတ်သွားကာ ၂၄ ထပ်မှ ခုန်ချ၍ အနောက်ဘက်ဥယျာဉ်ထဲ ၀င်ရောက်ပျောက်ကွယ်သွားသည်။ သူတို့ထွက်သွားပြီး မိနစ်၀က်ခန့်ကြာသော် ဝိုးတဝါးပုံရိပ်တစ်ခုပေါ်လာပြီး သူတို့နောက်မှ ခြေရာခံလိုက်သွား၏။
“ဟမ်” မိနစ်၀က်ခန့်ကြာသော်ပုံရိပိသည် ဥယျာဉ်ထောင့်၌ တုံ့ခနဲ ရပ်သွားသည်။ အတိအကျပြောရလျှင် အနက်ရောင်မြူများက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားပြီး သူ၏လမ်းကို ပိတ်ထားလိုက်ခြင်းဖြစ်၏။
“သူတို့က အမှောင်နတ်ဆရာမျိုးနွယ်စုကလား”
သစ်ပင်ထိပ်တွင် ရပ်နေသော ဟူကျစ်ဝူ၏မျက်လုံးများတွင် စိုးရိမ်စိတ်များ ဖြတ်ပြေးသွား၏။ ဤအနက်ရောင်မြူများ အလုပ်လုပ်ပုံကို သူကောင်းကောင်းသိပေသည်။ သူ ဤမြူများကို အလောတကြီး ဖြတ်သွားလိုက်ပါက အတွင်း၌ လမ်းပျောက်သွားပေလိမ့်မည်။ သို့သော် သူ့သူဌေး ချမှတ်ပေးထားသည့် တာ၀န်ကိုလည်း လက်မလျှော့နိုင်ချေ။
ဟူကျစ်ဝူက ဖုန်းကိုထုတ်၍ စာပို့သော အက်ပ်ထဲ ၀င်လိုက်သည်။ သူက ချက်ချင်း အမိန့်ပေး၏။ “အားဂျင်၊ အားထုန် သူတို့ ဟိုတယ်က ထွက်လာပြီး မင်းတို့ရှိတဲ့နေရာကို ဦးတည်နေတယ်။ သူတို့ကို စောင့်ကြည့်ထား။ ငါ အမြန်ဆုံး လိုက်လာခဲ့မယ်။ သူတို့က အမှောင်နတ်ဆရာမျိုးနွယ်စုကဆိုတော့ မင်းတို့ တည်နေရာကို ငါ့ကိုအမြဲအသိပေးထား”
“နားလည်ပါပြီ” တစ်ဖက်မှ ရိုးရိုးရှင်းရှင်းသာ ပြန်ဖြေ၏။
ဟူကျစ်ဝူက ထန်ရှု၏ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။ တစ်ဖက်မှ ဖုန်းကို ချက်ချင်း ကိုင်သဖြင့် သူက ထန်ရှု မည်သည်မှ မပြောရသေးခင် ချက်ချင်း ပြောလေသည်။ “အစီအရင်ခံစရာ အခြေအနေတစ်ခုရှိလို့ပါ သူဌေး”
“ပြော” ဖုန်းထဲမှ ထန်ရှု၏အသံအား ကြားရနိုင်၏။
“ကျွန်တော်တို့ သူဌေးရဲ့အမိန့်အတိုင်း ကွန်ရတ်ဟိုတယ်ကို စောင်ကြည့်နေတာ လူ ခုနစ်ယောက်အဖွဲ့က စောစောကလေးတင် ထွက်သွားပါတယ်” ဟူကျစ်ဝူက တင်ပြသည်။ “သူတို့လမ်းကြောင်းကို ရှာတွေ့ပေမယ့် အနက်ရောင်မြူတွေနဲ့ ဖုံးခံထားရပါတယ်။ သူတို့က အမှောင်နတ်ဆရာမျိုးနွယ်စုက ဖြစ်နိုင်ပါတယ်”
“အဲ့ဒီအမှောင်နတ်ဆရာမျိုးနွယ်စုအကြောင်း ကျွန်တော်တို့ ထာ၀ရခန်းမရဲ့မှတ်တမ်းတွေထဲမှာ ရှိပါတယ်” ဟူကျစ်ဝူက ပြောသည်။ “သူတို့က ထိုင်းမှာ အခြေစိုက်တာဆိုပေမယ့် အရှေ့တောင်အာရှက တခြားနိုင်ငံတွေအထိ လွှမ်းမိုးမှုရှိပါတယ်။ ဒီအမှောင်နတ်ဆရာမျိုးနွယ်က အမှောင်မှော်အတတ်အမွေအနှစ်ရှိတယ်လို့လည်း ပြောကြတယ်။ အနောက်တိုင်းက အောက်လမ်းပညာလိုပေါ့ အရမ်းတော့လည်းမတူဘူး။ အမှောင်နတ်ဆရာမျိုးနွယ်စုက အရှေ့တောင်အာရှရဲ့ ထိပ်တန်းကျွမ်းကျင်သူတွေထဲမှာလည်း ပါပါတယ်”
“အဲ့ဒီအမှောင်နတ်ဆရာမျိုးနွယ်စုက အရမ်းအားကောင်းသလား” ထန်ရှုက ခပ်ဩဩလေသံဖြင့် မေး၏။
“ဒီမျိုးနွယ်စုက စုန်းအတတ်အမွေအနှစ်ရှိခဲ့တာဆိုတော့ အရင်ဆယ်စုနှစ်တွေတည်းက အင်အားကြီးခဲ့တာ။ သူတို့ ရွှေထီးဆောင်းခဲ့တဲ့အချိန်တုန်းကဆိုရင် အင်အားကြီးတဲ့ ရန်သူတော်တွေရှိခဲ့တယ်။ ရန်သူတစ်ယောက်ကဆိုရင် ခရူးဆိတ်အဖွဲ့ချုပ်ပဲ။ အဖွဲ့နှစ်ဖွဲ့ကြားက တိုက်ပွဲဆိုရင် အကြီးအကျယ်ပဲ။ အမှောင်နတ်ဆရာမျိုးနွယ်စုတောင် အမြစ်ပြတ်သွားတော့မလို့။ ဆယ်စုနှစ်နည်းနည်းကြာသွားပြီဆိုတော့ အရင်တုန်းက ဂုဏ်ကျက်သရေတွေတော့ မရှိတော့လောက်ဘူး”
“သိပြီ” ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောသည်။ “သူတို့ကို ဆက်ပြီး နောက်ယောင်ခံလိုက်နေ။ မျက်ခြေပြတ်လို့ မဖြစ်ဘူး။ ကျုပ် ခင်ဗျားနဲ့ နှစ်နာရီအတွင်း မကာအိုမှာ တွေ့မယ်”
“နားလည်ပါပြီ” ဟူကျစ်ဝူက တည်ကြည်လေးနက်စွာ ဖြေ၏။
နှစ်နာရီကြာသော် ထန်ရှုသည် မိုအားဝူနှင့်အခြားသူတို့နှင့်အတူ မကာအိုသို့ ရောက်ရှိလာသည်။ သူ သင်္ဘောပေါ်မှ ဆင်းလာသည့်အချိန်တွင် နောက်လိုက်ငယ်သားနှစ်ယောက်က သူ့ကို လာရောက်နှုတ်ဆက်၏။
“သူဌေး” ထိုလူနှစ်ယောက်က တရိုတသေ ပြောသည်။
“အခြေအနေဘယ်လိုလဲ။ အမှောင်နတ်ဆရာ ဘယ်ရောက်သွားလဲ” ထန်ရှုက သူတို့ကို ခေါင်းညိတ်ပြပြီးနောက် မေး၏။
“သူတို့ အရှေ့နဂါးအကွေ့ဧရိယာရဲ့ အလှစိုက်ပျိုးရေးမြေထဲက ယာတောအိမ်ထဲမှာပါ” သူတို့ထဲမှ တစ်ယောက်က ဖြေ၏။ “ကပ္ပတိန်ဟူက လူတွေနဲ့ နေကာကို ဝိုင်းထားပြီးပါပြီ။ သူဌေးလာတာကို စောင့်နေတာပါ”
“အဲ့ဒီကို သွားစို့” ထန်ရှုက မေး၏။
အရှေ့နဂါးလမ်းကွေ့၊ တံငါရွာရှိ ယာတောအိမ်တစ်လုံးထဲတွင်။
မှိန်ပျပျအိမ်တွင် ငွေရောင်ဆံပင်နှင့်လူငယ်၏မျက်နှာမှာ တင်းမာနေပြီး သူ၏မျက်လုံးများမှာ စူးရှခက်ထန်နေ၏။ သူ့အနောက်၌ ပိန်ပိန်သွယ်သွယ် အမျိုးသမီးနှင့် တိတ်တဆိတ်ထိုင်နေသော အနက်ရောင်၀တ်အဘိုးအိုများမှလွဲ၍ မည်သူမှမရှိချေ။
“ကျွီ.....”
တံခါပွင့်လာပြီး ပိန်လှီလှီ သက်လတ်ပိုင်းလူတစ်ယောက် ၀င်လာပြီးနောက် တံခါးကို ပြန်ပိတ်လိုက်၏။ ထို့နောက် သူက ခပ်တိုးတိုး အစီရင်ခံလေသည်။ “သခင်လေး ကျွန်တော်တို့ အဲ့ဒီလူတွေကို စုံစမ်းပြီးပါပြီ။ လယ်ယာတစ်ဝိုက်မှာ နေရာဖြန့်ယူထားတဲ့ လူခြောက်ယောက်ရှိပါတယ်။ ဒါပေမဲ့....”
“ကြောက်သလို ရွံ့သလိုနဲ့ စကားဆက်မပြောတဲ့လူတွေကို ငါ စောက်ရမ်းမုန်းတယ်။ မြန်မြန် ပြောစမ်း” လူငယ်က အေးစက်စက် ပြောသည်။
“နားလည်ပါပြီ” ပိန်လှီလှီ သက်လတ်ပိုင်းလူက ဆက်ပြော၏။ “ဒါပေမယ့် သူတို့က ခြောက်ယောက်ထက် ပိုရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြီးတော့ သူတို့ရဲ့အပြုအမူနဲ့ နေရာယူထားပုံတွေအရ ကျွမ်းကျင်သူတွေ ဖြစ်ပါလိမ့်မယ်။ အနည်းဆုံး သိုင်းပညာရှင်တွေနဲ့ အဆင့်တူပါလိမ့်မယ်”
ဆံပင်ငွေရောင်နှင့်လူငယ်၏ သူငယ်အိမ်များ ကျုံ့၀င်သွားပြီး သူက မယုံနိုင်စွာ ဖြတ်ပြော၏။ “သိုင်းပညာရှင်နဲ့ ယှဉ်နိုင်တဲ့ ကျွမ်းကျင်သူတွေ။ ပြီးတော့ ခြောက်ယောက်တင် မကလောက်ဘူး ဟုတ်လား”
“ဟုတ်ကဲ့” သက်လတ်ပိုင်းလူက ခေါင်းညိတ်၍ ပြော၏။ “သူတို့က အရမ်းမြန်ပြီး သတိရှိပါတယ်။ ကျွန်တော်တို့လူတွေကို ကင်းလှည့်ဖို့ တမင်တကာ လွှတ်ခဲ့ပေမယ့် အသာလေး ရှောင်သွားကြတယ်။ သူတို့ နေရာက ကင်းလှည့်အဖွဲ့လည်း ပြန်လာရော ဘာမှမလုပ်ဘဲ တိတ်တဆိတ် ပြန်ပေါ်လာကြတယ်”
ဆံပင်ငွေရောင်နှင့်လူငယ်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ လေးလေးပင်ပင် ပြော၏။ “ငါ့ရဲ့အစ်ကိုတော်က ငါ့ကို တော်တော်လေး ဂရုစိုက်နေတာပေါ့လေ။ ငါ့ အမှောင်မှော်အတတ်သိမြင်မှုကို အမွေရတာလေးအတွက်နဲ့ ကျွမ်းကျင်သူအများကြီးကို ငွေပေးငှားရတယ်လို့။ ဟက်....ငါ မင်းကို လွန်ခဲ့တဲ့ရှစ်နှစ်က အသိအမြင်တွေ ဝေမျှပြီး မင်း သန်မာနေလိမ့်မယ်လို့ သူ ထင်ထားမှာ မဟုတ်ဘူး။ သိုင်းပညာရှင်တွေနဲ့ ယှဉ်နိုင်တဲ့ ကျွမ်းကျင်သူခြောက်ယောက်မကလို့ အယောက်ခြောက်ဆယ်ဆိုရင်တောင် မင်း သူတို့ကို ရှင်းပစ်နိုင်တယ်”
“ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ သခင်လေး” ပိန်ပိန်သွယ်သွယ် အမျိုးသမီးက အလျင်အမြန် မေးသည်။ “အခုသွားပြီး သတ်ကြမလား”
ဆံပင်ငွေရောင်နှင့်လူငယ်မှာ စက္ကန့်အတော်ကြာ တိတ်ဆိတ်သွား၏။ သူ့မျက်လုံးများထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒတို့မှာ ပျောက်ကွယ်သွားပြီး သူက ခေါင်းခါ၍ ပြောသည်။ “သူနဲ့ဆက်ဆံရေးကို လုံး၀ ဖြတ်တောက်လိုက်ဖို့ အချိန်မကျသေးဘူး။ ခမ်းနားသောကံကြမ္မာ ကျောက်မျက်ရတနာလုပ်ငန်းရဲ့လူတွေကို အရင်ရှင်းရမယ်။ အနည်းဆုံး သူတို့ဆီက ပိုက်ဆံရပြီးတော့မှ သူတို့နဲ့ စာရင်းရှင်းမယ်။ အခုတော့ ပိုပြီးဘေးကင်းတဲ့ နေရာနောက်တစ်ခုကို ရှာဖို့ ဒီက သွားကြစို့”
“သခင်လေး အပြင်မှာ ကျွန်တော်တို့လူတွေ ရှိပါသေးတယ်....သူတို့ကို ဘယ်လိုလုပ်လိုက်ရမလဲ” ပိန်လှီလှီ သက်လတ်ပိုင်းလူက အလျင်အမြန် မေး၏။ “မင်း ကျင့်ကြံပေးခဲ့တဲ့ လူတွေက မင်းရဲ့သရုပ်မှန်ကို သိသလား”
“သူတို့ မသိကြပါဘူး” သက်လတ်ပိုင်းလူက ခေါင်းခါသည်။
“ဒါဆို ဒီလူတွေကို အာရုံလွှဲဖို့ ထားခဲ့လိုက်” လူငယ်က အေးစက်စက် ပြော၏။ “မှတ်ထား။ မင်းရဲ့အသက်ကို ငါပေးခဲ့တာ။ မင်း ငါ့ကို သစ္စာရှိရမယ်။ မင်း လိမ်ရင် ဖြစ်လာမယ့်အကျိုးဆက်တွေကို သိတယ်မလား”
“ကျွန်တော် လေ့ကျင့်ပေးခဲ့တဲ့လူတွေက ကျွန်တော့်သရုပ်မှန်ကိုမသိမှန်း လုံး၀ အာမခံပါတယ်။ သူတို့က ကျွန်တော် ငွေရှာဖို့ အသုံးချခံတွေသက်သက်ပါပဲ”
“ဒါဆို ရှေ့က သွားတော့” ငွေရောင်ဆံပင်နှင့်လူငယ်က ခေါင်းညိတ်သည်။
“ကျေးဇူးပြုပြီး ကျွန်တော့်နောက်က လိုက်ခဲ့ပါ သခင်လေး” သက်လတ်ပိုင်းလူက ကတိုက်ကရိုက် ပြော၏။
သူတို့အုပ်စုသည် သက်လတ်ပိုင်းလူနောက်သို့ လိုက်ရင်း လျှို့ဝှက်တံခါးနှစ်ခုကို ဖြတ်၍ မြက်ခြောက်များ၊ အမှိုက်များထားရှိရာ အခန်းတစ်ခန်းသို့ ရောက်လာ၏။ အမှိုက်ပုံထဲမှ ကပ်ကြေးတစ်လက် တဖြည်းဖြည်း လည်လာပြီး ညစ်ပေနေသော နံရံ၌ အက်ကွဲကြောင်းတစ်ကြောင်း ပေါ်လာ၏။ ၎င်းက တဖြည်းဖြည်း ကျယ်လာပြီး နောက်ဆုံးတွင် လမ်းပေါက်တစ်ခု ဖြစ်သွားသည်။
“သခင်လေး ဒီကြိုးကနေ ခုန်ဆင်းကြစို့။ ကျွန်တော်တို့အောက်က ငါးမီတာမှာ မြေအောက်လမ်းတစ်ခုကို ရှိတယ်။ အဲ့ဒီလမ်းအတိုင်း သွားရင် အနားက မြစ်ရဲ့တစ်ဖက်ကမ်းကို ရောက်သွားလိမ့်မယ်” သက်လတ်ပိုင်းလူက ခပ်တိုးတိုး ပြော၏။
“သွား”
ဆံပင်ငွေရောင်နှင့်လူငယ်က ပိန်ပိန်သွယ်သွယ်အမျိုးသမီးကို အမူအရာ ပြလိုက်သည်။ သူမက ချက်ချင်း ကြိုးကိုကိုင်၍ ခုန်ဆင်းသွားတော့၏။ တခဏကြာသော် လူရှစ်ယောက်လုံး ဆင်းသွားပြီး အက်ကွဲကြောင်းမှာလည်း ပျောက်ကွယ်သွားသည်။ အပြင်လူများ မြင်ရနိုင်သည့် သဲလွန်စဟူ၍ တစ်စိုးတစ်စိမှ မရှိချေ။
ယာတော်အိမ်၏အပြင်ရှိ ဟူကျစ်ဝူမှာ မြေအောက်လမ်းတစ်ခုရှိနေလိမ့်မည်ဟု တွေးပင်မတွေးမိပေ။ သူနှင့် သူခေါ်လာသော ထာ၀ရခန်းမအဖွဲ့၀င် ဒါဇင်ကျော်မှာ တချို့လူများ ထွက်သွားပြီဖြစ်ကြောင်း သတိမထားမိကြချေ။
အချိန်များကုန်လွန်သွားပြီး အနက်ရောင်ကားလေးစီးက လေပြင်းတိုက်သကဲ့သို့ အဝေးမှ ရောက်ရှိလာ၏။ ၎င်းတို့ စိုက်ပျိုးရေးနယ်မြေ၏ဂိတ်၀တွင်ဘရပ်တန့်လိုက်သောအခါ လူဒါဇင်ကျော်က ဓားများ၊ တုတ်ချောင်းများ ကိုင်လျက် ထွက်လာကြ၏။ သူတို့၏အကြည့်များက ကျားတစ်ကောင်ကဲ့သို့ ခက်ထန်ကာ ရန်မူနေချေသည်။ အဖွဲ့ခေါင်းဆောင်က ထန်ရှုနှင့်ကားအတွင်းမှ ထွက်လာသူများအား ကျောချမ်းမတတ် အကြည့်များဖြင့် စူးစူးဝါးဝါး စိုက်ကြည့်နေ၏။
“သူဌေး”
ဟူကျစ်ဝူက အားဂျင်နှင့်အတူ ထန်ရှုရှေ့သို့ ရောက်လာပြီး နှုတ်ဆက်လိုက်သည်။
“သူတို့က ဘယ်သူတွေလဲ။ အထဲမှာ လူတွေရှိလား” ထန်ရှုက မေး၏။
“ကျွန်တော်တို့ ဒီနေရာအထိ နောက်ယောင်ခံလိုက်လာခဲ့တာပါ။ သူတို့ခုနစ်ယောက် ဒီယာတောအိမ်ထဲကို ၀င်သွားခဲ့တာ။ ကျွန်တော်တို့ ဝိုင်းထားတဲ့အချိန်ကစပြီး အခုထိ ထွက်မလာကြသေးဘူး” ဟူကျစ်ဝူက အစီအရင်ခံသည်။
ထန်ရှုက ခေါင်းညိတ်လိုက်ပြီး တစ်ဖက်ရှိ အဖွဲ့ခေါင်းဆောင်ကို ကြည့်လိုက်၏။ ထို့နောက် သူက ဩရှရှ လေသံဖြင့် ပြောလေသည်။ “အထဲက လူတွေကို ထွက်လာဖို့ ပြောလိုက်ပါ”
ထိုလူက ထန်ရှုနှင့်နောက်လိုက်များကို ခက်ထန်စွာ စိုက်ကြည့်ပြီးနောက် လေးပင်သောလေသံဖြင့် ပြန်ပြော၏။ “မင်းပြောတဲ့ “လူတွေ” ဆိုတာ ဘယ်သူတွေလဲ။ ငါ နားမလည်ဘူး”
***