← Chapters

ကျွန်တော်က စုန်းပြူးပါပဲ

Vol. 64 Ch. 886

ကျွန်တော်က စုန်းပြူးပါပဲ

Vol. 64 Ch. 886

“ဖုံးကွယ်နေစရာမလိုတော့ဘူး” ထန်ရှုက နှာတစ်ချက်မှုတ်၍ ပြောသည်။ “အမှောင်နတ်ဆရာမျိုးနွယ်စုက တစ်ချိန်တုန်းက ရွှေထီးဆောင်းခဲ့ပေမယ့် အခု ကြွက်သိုက်ထဲမှာ ပုန်းနေစရာမလိုတော့ဘူးမဟုတ်လား။ အဲ့ဒီလူ‌တွေကို ထွက်လာခိုင်းလိုက်။ မဟုတ်ရင် လူသတ်တော့မှ ကျုပ်အဆိုးမဆိုနဲ့”

ခေါင်းဆောင်က မျက်မှောင်ကြုတ်၍ သူ့အနောက်ရှိ သက်လတ်ပိုင်းလူအား စကားလှည့်ပြော၏။ ထိုသက်လတ်ပိုင်းလူက အိမ်ထဲ ပြေး၀င်သွားသည်။ ထို့နောက် သူက ထန်ရှုဘက် ပြန်လှည့်လာ၍ ထူးမခြားနားလေသံဖြင့် ပြော၏။  “မင်းပြောတာ ငါ နားမလည်ဘူး။ ဒါပေမယ့် ဒီနေရာက ငါတို့စိုက်ပျိုးရေးသမားတွေ အလုပ်လုပ်တဲ့နေရာ။ မင်းတို့ လာပြီး နှောင့်ယှက်လို့ရတဲ့နေရာမဟုတ်ဘူး”

“ဟက်...” ထန်ရှုက နှာတစ်ချက်မှုတ်ပြီးနောက် မိုအားဝူနှင့်ကျန်လူများအား ယာတောအိမ်ကို ဝိုင်း၀န်းရန် အမူအရာပြလိုက်သည်။ သူကတော့ အလောတကြီး မလှုပ်ရှားဘဲ တိတ်တဆိတ် စောင့်ကြည့်နေ၏။

မိနစ်အနည်းငယ်ကြာပြီးနောက် ထွက်ခွာသွားသော သက်လတ်ပိုင်းလူမှာ ပျာယာခတ်နေသော မျက်နှာအမူအရာဖြင့် အိမ်ထဲမှ ပြေးထွက်လာ၏။ သူက ခေါင်းဆောင်အရှေ့သို့ ရောက်သောအခါ ရပ်၍ ပြောသည်။ “အစ်ကိုကြီး အထဲမှာ ဘယ်သူမှ မရှိတော့ဘူး”

“ဘာ” ခေါင်းဆောင်မှာ မယုံကြည်နိုင်စွာဖြင့် ကြောင်အသွားပြီး သူက အလျင်အမြန် ပြော၏။ “ဘယ်သူမှမရှိဘူးလို့ ပြောလိုက်တာလား။ ငါတို့သူဌေးနဲ့ သူရဲ့ဧည့်သည်‌‌တွေကရော”

“မသိဘူး။ ဒါပေမယ့် အထဲမှာ တကယ်ကို ဘယ်သူမှမရှိတော့တာ” သက်လတ်ပိုင်းလူက ခေါင်းခါရမ်းသည်။

အနီးတွင် ရပ်နေသော ထန်ရှု၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး သူက ဩရှရှလေသံဖြင့် အော်လိုက်၏။ “အကုန်လုံးကို ဖမ်းလိုက်ကြ”

ရုတ်တရက် လျှပ်စီးတမျှ မြန်‌ဆန်သော အရိပ်အချို့က ရှေ့သို့ ပြေးထွက်လာသည်။ ၎င်းတို့က အလွန်မြန်ဆန်ပြီး သူတို့၏လှုပ်ရှားမှုများက ရက်စက်ခက်ထန်၏။ ဆယ်စက္ကန့်အချိန်အတွင်း လူသန်ကြီးဒါဇင်ကျော်မှာ မြေပေါ်မှောက်ကျသွားကြလေသည်။ ထရပ်ရန်ကြိုးစားသော တချို့သူများ၏ခြေထောက်များမှာ ကျိုးကြေကုန်ကြ၏။

ထန်ရှုက မျက်နှာအမူအရာမှာ မှိုင်းအုံ့နေပြီး သူက သူ၏စိတ်၀ိညာဥ်အာရုံကို တခဏအတွင်း ယာတောအိမ်တစ်ခုလုံးကို လွှမ်းခြုံစေလိုက်၏။ နေရာတစ်လုံးတွင် အမှန်တကယ် မည်သူမှမရှိသဖြင့် သူ့မှာ ပို၍ ဒေါသူပုန်ထသွားတော့သည်။

“ဟူကျစ်ဝူ”

မယုံသင်္ကာဖြစ်နေသော အကြည့်များဖြင့် ဟူကျစ်ဝူက ထန်ရှုအရှေ့သို့‌ တရောသောပါး ရောက်လာကာ မေးလိုက်သည်။ “ခေါ်ပါသလား သူဌေး”

“သူတို့ ဘယ်မှာလဲ။ ကျုပ် ပြောထားတဲ့အတိုင်း စောင့်ကြည့်နေခဲ့တာ ဟုတ်ရဲ့လား” ထန်ရှုက အေးစက်ခက်ထန်နေသော မျက်နှာအမူအရာဖြင့် ကျယ်လောင်စွာ မေး၏။

“သူတို့ အထဲမှာ သေချာရှိပါတယ် သူဌေး” ဟူကျစ်ဝူက အလျင်အမြန် ပြောသည်။ “ကျွန်တော်တို့ စရောက်တည်းက ဘယ်သူမှ ထွက်မသွားဘူးဆိုတာ အာမခံပါတယ်”

အားဂျင်ကလည်း အနားရောက်လာ၍ အလောတကြီး ပြော၏။ “ကပ္ပတိန်ဟူပြောတာ အမှန်ပါပဲ။ ကျွန်တော်တို့ ယာတောကနေ ထွက်ပြေးနိုင်တဲ့ လမ်းကြောင်းမှန်သမျှမှာ စောင့်ကြည့်နေခဲ့တာပါ။ သူတို့ ပျံနိုင်ရင်တောင်မှ ကျွန်တော်တို့ မျက်စိအောက်ကနေ ထွက်ပြေးနိုင်မှာမဟုတ်ပါဘူး”

ထန်ရှု၏မျက်ခုံးများက ပို၍ ‌တွန့်ချိုးသွား၏။ ထိုလူနှစ်ယောက်၏အစီအရင်ခံမှုအတိုင်း ထိုလူများမှာ ယာတောအိမ်ထဲမှ အမှန်တကယ် ရှိနေသေးသည်လော။ သို့ထိတိုင် သူ၏စိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးလေပြီ။ အပြင်၌ အရိုက်အနှက်ခံနေရသော လူများမှလွဲ၍ အတွင်းမှ မည်သူမှ မရှိချေ။ အရိပ်‌အယောင်ပင် မမြင်ရ။ မဟုတ်မှ...ဤယာတောအိမ်ထဲ၌ လျှို့ဝှက်အခန်းတစ်ခု ရှိနေသည်လော။

ထိုသို့ ကောက်ချက်ချမိပြီးနောက် ထန်ရှုက သူ၏စိတ်ဝိညာဉ်အာရုံကို ထပ်မံဖြန့်ကျက်၍ အခန်းရှိ‌ ‌‌ချောင်ကြိုချောင်ကြား‌ နေရာမကျန် ရှာဖွေတော့သည်။ နောက်ဆုံးတွင် အမှိုက်များစုပုံနေသော  အခန်းတစ်ခန်းသို့ သူ၏စိတ်ဝိညာဉ်အာရုံ ရောက်ရှိသွားသောအခါ  မကောင်းသော ခံစားချက်တစ်ခုကို ‌ခံစားလိုက်ရ၏။  တခဏကြာသော် ထန်ရှုသည် အခန်းတွင်း၌ ပေါ်လာ၏။ သူက လက်သီးတစ်ချက် ထိုးသွင်း၍ ရှေ့ရှိ နံရံအား အပေါက်တစ်ပေါက် ဖြစ်ပေါ်သွားစေသည်။

“ဘယ်သူမှမရှိဘူး။ ဒါပေမယ့် ကြိုးတစ်ချောင်းတော့ ရှိတယ်သူဌေး” မိုအားဝူက ရှေ့တက်၍ တခဏ စစ်ဆေးကြည့်ပြီးနောက် အလျင်အမြန် အစီအရင်ခံ၏။

ထန်ရှုက အသာအယာ ခေါင်းညိတ်လိုက်ပြီး သူ၀င်နိုင်သည့်အတိုင်းအတာအထိ နံရံကို ထပ်မံ ထိုး၍ ဖျက်ဆီးလိုက်သည်။ ထို့နောက် သူက ကြိုးကိုကိုင်လျက် ဆင်းသွားပြီး ‌မြေအောက်လမ်း၌ အလျင်အမြန် လျှောက်သွားလေသည်။ သူ၏စိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်နေသော်လည်း အတွင်း၌ မည်သည့်အန္တရာယ်ကိုမှ မတွေ့ရချေ။

“အလင်းပြန်နေတယ်။ ဒါက လျှို့ဝှက်အခန်း မဟုတ်ဘူး....ဟုတ်တယ်...ဒါဆို ဒါက မြေအောက်လမ်းပဲ ဖြစ်ရမယ်”

“အမှောင်နတ်ဆရာက လူတွေက ဒီကနေ ထွက်ပြေးသွားလား။ အဲ့ဒီလိုသာဆို ဟူကျစ်ဝူတို့ သူတို့ကို သတိမထားမိတာ မထူးဆန်းပါဘူး။ ဒါပေမယ့် ဒီနေရာက ယာတောအိမ်လေးလေ။ ဘယ်လိုလုပ် မြေအောက်လမ်းရှိနေရတာလဲ။ ဒါက ‌အမှောင်နတ်ဆရာမိသားစုရဲ့ လျှို့ဝှက်စခန်းလား”

အပေါက်တစ်ခု။

ထန်ရှုသည် ‌‌အရှေ့ရှိ မှောင်မည်းနေသော မြေအောက်မြစ်တစ်ခုကို ကြည့်လိုက်၏။ နေရာမှာ အတော်လေး ကျယ်သော်လည်း မြစ်မှာ သိပ်မကျယ်ချေ။ သို့ထိတိုင် ရေစီးနှုန်းကတော့ အတော်လေး မြန်၏။ မြေပြင်ရှိ အပေါက်မှတဆင့် အပေါ်မှ ကျရောက်လာသော အလင်းရောင်ကို မြင်နေရချေသည်။

“သူဌေး အရှေ့မှာ ထွက်ပေါက်တစ်ခု ရှိပါတယ်။ ဒီမြစ်က တိုပေမယ့် တစ်မီတာလောက်တော့ ရှည်တယ်။ အပြင်က မြစ်ကြီးနဲ့လည်း ဆက်နေပါတယ်” မိုအားဝူက ကြိုတင်စစ်‌ဆေးကြည့်ပြီးနောက် အစီအရင်ခံ၏။

ထန်ရှုနောက်ရှိ ဟူကျစ်ဝူ၏မျက်နှာအမူအရာမှာတော့ ခါးသီးခက်ထန်နေလေသည်။ ဤယာတောအိမ်လေး၌ ‌လျှို့ဝှက်မြေအောက်လမ်းရှိနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ထိုလူများမှာ ထွက်မပြေးနိုင်ဟုသာ ယုံကြည်ထားခဲ့ပြီး ‌တိတ်တဆိတ် လွတ်မြောက်သွားလိမ့်မည်ဟု တွေးပင်တွေးမထားမိခဲ့ပေ။

“အားလုံး ကျွန်တော့်အမှားတွေပါ သူဌေး”

ဟူကျစ်ဝူမှာ အတော်လေး စိတ်ပျက်လက်ပျက် ‌‌ဖြစ်နေ၏။ ပထမဆုံး‌ ပေးအပ်သော တာ၀န်ကို ကမောက်ကမ ဖြစ်စေခဲ့လေပြီ။

“ခင်ဗျားအပြစ် မဟုတ်ဘူး။ ကျုပ် ဒီကိစ္စမှာ ခင်ဗျားကို အပြစ်ဖို့လို့မရဘူး” ထန်ရှုက ခေါင်းခါရမ်း၍ ပြောသည်။ “ဘယ်သူကမှ ဒီမှာ မြေအောက်လမ်းရှိနေလိမ့်မယ်လို့ ထင်ထားမှာ မဟုတ်ဘူး။ စောင့်ကြည့်နေခဲ့တဲ့လူက ကျုပ်ဆိုရင်လည်း သတိထားမိမှာမဟုတ်ဘူး။ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။ သူတို့ မကာအိုထဲမှာဆိုရင် ကျုပ်တို့ ရှာလို့ရသေးတယ်။ သွားစို့။ ကျုပ်တို့လူတွေကို နေဖို့နေရာ စီစဉ်ပေးပါဦး”

“ဟုတ်ကဲ့ နားလည်ပါပြီ”

သို့ထိတိုင် ဟူကျစ်ဝူစိတ်ထဲရှိ မိမိကိုယ်ကို အပြစ်တင်စိတ်မှာ ပို၍ ကြီးမားလာ၏။ ယခုတွင် ထန်ရှု သူ့ကို အပြစ်တင်၍ ဒဏ်ပေးလိုက်ခြင်းက သူ၏ခံစားချက်ကို ပိုမိုကောင်းမွန်စေပေလိမ့်မည်။

နောက်တစ်နေ့ မနက်စောစောအချိန်တွင် ထန်ရှုသည် အိပ်နေရာမှ နိုးလာပြီး အချိန်ကို ကြည့်လိုက်၏။ ခုနစ်နာရီခွဲနေပြီဖြစ်သဖြင့် ရေချိုးလိုက်သည်။ ထို့နောက် ဖုန်းကိုဖွင့်၍ သူ့အဖေဖြစ်သူ ထန်ယွင်သဲ့ကို ဖုန်း‌ခေါ်လိုက်လေသည်။

“ဟေ့ ရှုအာ။ ကျားသားမိုးကြိုး ဖုန်းတွေဘာတွေ ခေါ်လို့ပါလား။ တစ်ခုခု ဖြစ်လို့လား” ထန်ယွင်သဲ့၏အံ့အားသင့်နေသော အသံက ဖုန်းထဲမှ ထွက်ပေါ်လာ၏။

“အင်း ကျွန်တော် အကူအညီတောင်းစရာတစ်ခုရှိလို့ အဖေ” ထန်ရှုက အသံမှာ အတန်ငယ် ထူးဆန်းနေချေသည်။

“ဟမ်။ အဖေလည်း မင်းဆီက အကူအညီတောင်းစရာ ရှိတယ် သားရဲ့” ထန်ယွင်သဲ့က တဟားဟားရယ်၍ ပြောလေသည်။ “သားဘက်က စပြီး အကူအညီတောင်းလိမ့်မယ်လို့တော့ ထင်မထားဘူး။ ပြောပါဦး ‌သား ‌မဖြေရှင်းနိုင်တဲ့ကိစ္စက ဘာများလဲ”

ထန်ရှုမှာတော့ အတန်ငယ် အံ့အားသင့်သွားပြီး စူးစမ်းစွာ မေး၏။ “အဖေ ကျွန်တော့် အကူအညီ ‌လိုနေတာလား။ ဘာများလဲ”

“မင်း အရင် ပြောပါကွာ” ထန်ယွင်သဲ့က ပြုံး၍ ပြော၏။

“အင်း ကျွန်တော်အခု လူတချို့ရှာဖို့ မကာအိုမှာ ရောက်‌နေတယ်” ထန်ရှုက ပြောသည်။ “ဒီမှာ အဖေ့မိတ်ဆွေတွေရှိတယ်ဆိုတာ သတိရသွားလို့။ ဒါကြောင့် သူတို့ကို ဆက်သွယ်ပြီး ကျွန်တော်တို့ကို ကူညီစေချင်တာ”

“မင်းက မကာအိုမှာလား” ထန်ယွင်သဲ့မှာ အံ့အားသင့်သွားပြီး ထပ်မံမေး၏။ “ဘယ်မှာလဲ”

“ရှယ်ရတန်ဟိုတယ်မှာ” ထန်ရှုက ဖြေသည်။

ထန်ယွင်သဲ့မှာ တခဏ တိတ်ဆိတ်သွားပြီးနောက် ထပ်မံပြော၏။ “မင်းရဲ့အခန်းနံပါတ်ကရော”

သူ့အဖေ ဘာကြောင့် အခန်းနံပါတ် မေးရသည်လဲ ထန်ရှု နားမလည်နိုင်ချေ။ သို့သော်လည်း သူက အလျင်အမြန် ပြောပြလိုက်၏။ ထို့နောက်....သူ့အဖေက ဖုန်းချသွားတော့သည်။

‘ဘာဖြစ်နေတာလည်း မသိဘူး'

ထန်ရှုက သူ၏ဖုန်းစခရင်ကို အချိန်အတော်ကြာ ငေးကြောင်လျက် မလှုပ်မယှက် ကြည့်နေခဲ့လေသည်။

မိနစ်အနည်းငယ်ကြာသော် အခန်းတံခါးခေါက်သံ ကြားလိုက်ရ၏။

ထန်ရှုမှာ ဧည့်ခန်းတွင်ထိုင်လျက် ဖုန်းပြန်ခေါ်သင့်၊ မခေါ်သင့် တွေဝေနေချေသည်။ သူက တံခါးကို မော့ကြည့်၍ မိုအားဝူအား ဖွင့်ရန် အမူအရာပြလိုက်၏။ အံ့အားသင့်ဖွယ်ကောင်းစွာဖြင့် မိုအားဝူ တံခါးဖွင့်ပြီးနောက် အခန်းတွင်းသို့ ၀င်လာသူမှာ သူ့အဖေ‌ ထန်ယွင်သဲ့ဖြစ်နေချေသည်။

“အဖေ....ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ” ထန်ရှုက မယုံနိုင်စွာ မေးလိုက်၏။

“မင်းကို ဖုန်းထဲမှာ ပြောပြခဲ့တယ်မလား” ထန်ယွင်သဲ့က ခပ်ဟဟရယ်၍ ‌ဖြေသည်။ “မကာအိုမှာ မင်းရဲ့အကူအညီလိုတဲ့ ကိစ္စလေးတွေ ရှိတယ်လို့။ ဒါပေမဲ့ မင်း ဒီကို ရောက်နေလိမ့်မယ်လို့တော့ ထင်မထားခဲ့ဘူး။ ဟုတ်ပြီ။ မင်းရှာချင်နေတဲ့လူတွေက ဘယ်သူတွေလဲ။ သူတို့ရဲ့ နောက်ခံကရော”

“သူတို့ရဲ့ သရုပ်မှန်ကိုတော့ သေချာမသိရသေးဘူး။ ဒါပေမဲ့ ထိုင်းက အမှောင်နတ်ဆရာမျိုးနွယ်စုလို့တော့ သိထားတယ်” ထန်ရှုက ပြောသည်။ “ဟုတ်သားပဲ။ ကျွန်တော့်လူတွေ မနေ့က သူတို့ဓာတ်ပုံတွေကို ရိုက်မိထားတယ်။ မကြာခင် ကျွန်တော့်ဆီ ရောက်လာလိမ့်မယ်”

“ဒါဆို ဓာတ်ပုံရှိရင် ရှာရမခက်ပါဘူး” ထန်ယွင်သဲ့က ခေါင်းညိတ်၏။

“ဒီလူတွေက သာမန်အရပ်သားတွေမဟုတ်ဘူး။ အဖေ။ ကျွန်တော် ဒီအမှောင်နတ်ဆရာမျိုးနွယ်စုကို သိတယ်။ သူတို့က ထူးဆန်းတဲ့ မှော်အတတ်ကို အမွေရထားတဲ့ ထူးခြားတဲ့လူတွေ” ထန်ရှုက သတိကြီးစွာ ပြောသည်။ “အဖေ တခြားလူတွေကို တာ၀န်ပေးမယ်ဆိုရင် သူတို့ သတိမထားမိအောင် သေချာဂရုစိုက်ခိုင်းရလိမ့်မယ်။ သူတို့လှုပ်ရှားလာရင် အဖေ့လူတွေကို အချိန်မရွေးသတ်ပစ်နိုင်တာမလို့”

“မင်း ဒီလိုလူတွေနဲ့ ဘယ်လို ပက်သက်မိတာလဲ ရှုအာ” ထန်ယွင်သဲ့က မျက်မှောင်ကြုတ်၍ မေး၏။

“ပြောင်းပြန်ပဲ အဖေ။ သူတို့က ကျွန်တော့်ကို ရန်စတာ” ထန်ရှုက ပြောသည်။ “ဒေါ်လာတွေအများကြီးပေးပြီး ကျောက်စိမ်းရုပ်တွေ ဝယ်စုနေတဲ့ လူအကြောင်း အဖေကြားပြီးပြီမလား”

“အင်း ကြားပြီးပြီ” ထန်ယွင်သဲ့က ခေါင်းညိတ်၍ ပြော၏။ “ဘယ်မိသားစုက ဆန်ကုန်မြေလေးက အဲ့ဒီကျောက်စိမ်းရုပ်တွေကို လိုက်စုနေတာလဲ မသိပါဘူးကွာ။ တစ်ရုပ်ကို ဒေါ်လာသန်း ၁၀၀ ပေးပြီး ၀ယ်တယ်‌တဲ့။ ဆယ်ရုပ်ဆိုရင် ၁ ဘီလီယံဖြစ်နေပြီ။ ပိုက်ဆံရှိတယ်ဆိုရင်တောင် ဒီလိုမဖြုန်းသင့်.....”

သူ၏သား မည်မျှ အနေခက်နေသည်ကို သတိထားမိသဖြင့် သူ၏ဗျစ်တောက်ဗျစ်တောက် ပြောဆိုနေမှုမှာ ရပ်သွား၏။ သူ၏နှလုံးသားထဲတွင် မယုံနိုင်မှုများအပြည့်ဖြင့် သူက‌ မေးလိုက်သည်။ “ရှု...ရှုအာ...မင်းက အဲ့ဒီဆန်ကုန်မြေလေးစုန်းပြူးတော့ မဟုတ်ဘူးမလား”

အဟွတ်...အဟွတ်...

ထန်ရှုမှာ သွေးအန်မတတ်ဖြစ်သွားပြီး ခံစားချက်ကင်းမဲ့စွာ ခြောက်ကပ်ကပ် ရယ်လိုက်၏။ “အင်း ကျွန်တော်က အဲ့ဒီ ဆန်ကုန်မြေလေးစုန်းပြူးကောင်ပါပဲ အဖေ....”

ထန်ယွင်သဲ့မှာ ကြောင်အသွားတော့သည်။ တစ်ပြည်လုံး အုံးအုံးကျွက်ကျွက် ဖြစ်သွားစေသည့် စုန်းပြူးကောင်မှာ သူ၏အဖိုးတန်သားလေး ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ချေ။

ဤသည်ကား....

ခြောက်ကပ်ကပ်ပြုံးရင်း ထန်ရှုက ဆက်ပြော၏။ “ကျွန်တော် ပိုက်ဆံတွေအများကြီးသုံးပြီး ဒီကျောက်စိမ်းရုပ်တွေကို ဝယ်ရတဲ့အကြောင်းအရင်းရှိပါတယ် အ‌ဖေ။ ကျွန်တော်က ကျင့်ကြံသူတစ်ယောက်ဆိုတာ အဖေလည်း သိပါတယ်။ ကျွန်တော်စီစဉ်ထားတဲ့ အနာဂတ်အစီအစဉ်အတွက် ဒီကျောက်စိမ်းရုပ်တွေက အဖိုးတန်တယ်။ ကျွန်တော့်ရဲ့ကျင့်ကြံခြင်းကို အဆင့်မြှင့်ပေးနိုင်လိမ့်မယ်။ ကျွန်တော်တို့ ကျင့်ကြံသူတွေ အလိုချင်ဆုံးက အင်မော်တယ်ဖြစ်နိုင်မယ့် ကံကြမ္မာကို အရယူဖို့ပဲ။ ကျောက်စိမ်းရုပ်တွေက ကျွန်တော် အဲ့ဒီကံကြမ္မာကို ရနိုင်မယ့်အခွင့်အရေးပဲ”

ထန်ယွင်သဲ့မှာ သားဖြစ်သူ၏ဖြေရှင်းချက်ကို ကြားပြီးနောက် စိတ်အေးသွား၏။ သို့သော် သားအဖနှစ်ယောက်ကြား အနေမခက်စေလိုသဖြင့် အလျင်အမြန် စကားလမ်းကြောင်းလွှဲလိုက်သည်။ “ဒီအကြောင်း မေ့လိုက်ကြတာပေါ့ ဟုတ်ပြီလား။ အဖေ မင်းရဲ့ ကိစ္စကို သိပြီ။ ဓာတ်ပုံတွေရတာနဲ့ အကုန်လုံး စီစဉ်ပေးမယ်။ ဒါပေမဲ့ အဖေ့ရဲ့ကိစ္စကိုလည်း ဂရုစိုက်ရဦးမယ်သားရဲ့။ အဖေ့ရဲ့ ဒီကအလုပ်က နှစ်တိုင်း ယွမ် သန်းနဲ့ချီ ပေးနေတာလေ”

“ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပြပါ အဖေ” ထန်ရှုက ‌တည်ကြည်လေးနက်စွာ ပြော၏။

ထန်ယွင်သဲ့က တခဏ စဉ်းစားပြီးနောက် ရုတ်တရက် ပြောလေသည်။ “ကွာ။ ထားလိုက်ပါတော့။ အဖေပဲ ဖြေရှင်းလိုက်မယ်။ အဖေ မနိုင်တဲ့အခါကျမှ သားကို လာပြောမယ်။ သားရဲ့ကိစ္စက ပို‌အရေးကြီးတယ်ဆိုတော့ အဲ့ဒါကို အရှင်ဖြေရှင်းကြတာ‌ပေါ့”

“ဟုတ်ကဲ့” ထန်ရှုက ခေါင်းညိတ်၍ ပြော၏။ “အဖေပြောမပြချင်ရင် ကျွန်တော် မမေးတော့ပါဘူး။ ‌ကျောက်စိမ်းကြွက်ရုပ်က ကျွန်တော့်အတွက် အရမ်းအရေးကြီးတော့ ဘယ်လောက်ပဲပေးရ၊ ပေးရ ကျွန်တော်ရမှ ဖြစ်မယ်။ ဒါပေမဲ့ အဖေ ကျွန်တော့်ကို လိုအပ်ရင် အချိန်မရွေးပြောလို့ရပါတယ်”

***

All Chapters