← Chapters

ကြောင်နှင့်ကြွက်ကစားပွဲ

Vol. 64 Ch. 887

ကြောင်နှင့်ကြွက်ကစားပွဲ

Vol. 64 Ch. 887

မကာအိုမြို့၊ ပေ့၀မ်ရပ်ကွက်ရှိ

ရှီပန်လမ်းသည် နာမည်ကြီးလမ်းမတစ်ခုဖြစ်၏။ ၎င်းသည် ဈေး၀ယ်သူများ၏သုခဘုံဖြစ်ပြီး ပင်လယ်ကမ်းရိုးတန်းတလျှောက် မော်တော်ကားလမ်းနှင့်လည်း နီးချေသည်။ အလည်လာသူများ ကမ္ဘာလှည့်ခရီးသည်များမှာ ဤနေရာသည် အလည်ပတ်သင့်ဆုံး နေရာတစ်ခုဖြစ်ကြောင်း ကောင်းကောင်းသိကြ၏။

“ပျော်နေလား ကိုယ့်လူ”

ယွဲ့ခိုင်က အော်ဒီတစ်စီးကို မော်တော်ကားလမ်းပေါ်တွင် အရှိန်အဟုန်ဖြင့် မောင်းနှင်နေသည်။ ကားအတွင်း၌ ဟဲဗီးမက်တယ်သီချင်းများဖွင့်ထားပြီး သူက ပျော်ရွှင်မြူးထူးနေသော မျက်နှာထားဖြင့် ခရီးသည်ခုံတွင် ထိုင်နေသော ဟူချင်းစုန့်ကို အော်ပြောလိုက်၏။

ဟူချင်းစုန့်၏အကြည့်များက မနီး‌မဝေးရှိ ကမ်းခြေပေါ်တွင် ဘီကီနီများဖြင့် သွားလာနေသော မိန်းကလေးများပေါ်တွင် ကျရောက်နေလေသည်။ သူ၏မျက်လုံးများက မီး၀င်းပနေသော မီးသီးနှစ်လုံးကဲ့သို့ ပြူးကျယ်နေ၏။ အထူးသဖြင့် အရှိန်အဟုန်ဖြင့် မောင်းနှင်နေသော မော်တော်ဘုတ်များကို တွေ့လိုက်ရသည့်အခါတွင် ဖြစ်သည်။ သူ့မှာ ၎င်းတို့ကို မောင်းနှင်၍ ‌ပင်လယ်ပြင်တွင် လွတ်လွတ်လပ်လပ် သွားလာလိုစိတ်များ တဖွားဖွား ပေါ်လာ၏။

“မိုက်တယ်....စောက်ရမ်းမိုက်တယ်ကွာ”

ယွဲ့ခိုင်က ကျယ်လောင်စွာရယ်၍ အော်ပြော၏။ “ခဏလေးပဲထပ်စောင့်။ မင်းရဲ့ သူငယ်ချင်းကောင်းက မင်းကို ကမ်းခြေကို ခေါ်သွားပေးမှာ။ ခပ်ဟော့ဟော့ ကောင်မလေးတွေရှိတဲ့နေရာကို ငါသိထားတယ်။ မင်းမှာ ငွေသာရှိရင် သူတို့ကို ပေးပြီး မင်းသားလေးလို ပြုစုခိုင်းလို့ရတယ်ကွ”

“ချီးပဲ....”

ဟူချင်းစုန့်၏မျက်နှာအမူအရာမှာ ရုတ်တရက် အေးစက်သွား၏။ ထို့နောက် သူက ပြုံးဖြီးနေသော ယွဲ့ခိုင်ကိုကြည့်၍ ကူကယ်ရာမဲ့စွာ ပြောလေသည်။ “ငါတို့မှာ ပိုက်ဆံရှိလို့လားကွ။ လခွမ်း။ ဒီလိုနေရာကောင်းမျိုးသာ ရှိမှန်းသိရင် မနေ့က ခွေးသူတောင်းစား‌တွေနဲ့ ကာစီနိုမှာ ပြိုင်မလောင်းခဲ့ပါဘူး။ ငါ ယွမ် ၁၀၀,၀၀၀ တောင် ‌လောင်းခဲ့တာသိလား။ ၁၀၀,၀၀၀ တောင်ကွ။ သေချာခြစ်ကုတ်စုထားတာကနေ ၈၀,၀၀၀ တောင် ရှုံးသွားတယ်။ ငါတော့ ခွေးဖြစ်ပြီ။ နောက်နှစ်၀က်စာ ကျူရှင်လစာရော၊ အသုံးစရိတ်ရော မရှိတော့ဘူး”

ယွဲ့ခိုင်က စတီယာရင်ကို ခပ်မာမာ ရိုက်ချလိုက်၏။ သူက သိပ်ဂရုစိုက်ဟန်မရှိသော မျက်နှာအမူအရာဖြင့် ပြောသည်။ “အေးဆေးပါ့ ငါ့ကောင်ရာ။ ငါ့မှာ ပိုက်ဆံရှိပါတယ်။ ‌ဘိုးတော်ဆီကလည်း ထပ်တောင်းလို့ရတယ်။ မပေးရင်လည်းကွာ ကားရောင်းပြီးပြန်မယ်။ ပြီးတော့ ငါတို့အတွက် ဒီအားလပ်ရက်က ရခဲတယ်ကွ။ ပျော်စရာတွေအများကြီးရှိတဲ့ မကာအိုကိုတောင် ရောက်နေပြီပဲ။ သေချာပျော်မသွားရင် ငါတို့ ဘယ်ပီသတော့မလဲကွ”

“ဟုတ်တယ်” ဟူချင်းစုန့်က သူ၏စိတ်ဓာတ်ကျဖွယ်အ‌တွေးများကို မေ့ထားလိုက်ပြီး ခပ်လောလော ဆို၏။ “မြန်မြန်လေး မောင်းစမ်းပါကွာ။ ငါ စော်လေးတွေကို တွေ့ဖို့ မစောင့်နိုင်တော့ဘူး”

“တဏှာရူးကောင်”

“မင်းကရော ဘာထူးလို့လဲ ချီးထုပ်ကောင်...”

“ဟား...ဟား...ဟား”

ရှီပန်လမ်းရှိ အထပ် ၂၀ ထက် မြင့်မားသော အဆောက်အဦးထဲတွင် ‌ငွေရောင်ဆံပင်နှင့်လူငယ်က အပြင်ရှိ မြင်ကွင်းကို ခက်ထန်တင်းမာနေသော မျက်နှာအမူအရာဖြင့် ကြည့်နေလေသည်။ အသတ်အဖြတ်စိတ်ဆန္ဒများက ရံဖန်ရံခါ သူ့မျက်လုံးများတွင် ပေါ်လာတတ်၏။

“သခင်လေး ကျွန်မတို့ သတင်းရလာပါပြီ။ အကြီးဆုံးသခင်လေးက အမှောင်မှော်ဆရာအိုင်လိုနဲ့ ပဋိပက္ခဖြစ်နေပါတယ်တဲ့။ ပြီးတော့ နှစ်ဖက်လုံးက အကြိတ်အနယ်ယှဉ်ပြိုင်ပြီးတော့ တိတ်တဆိတ် တိုက်ခိုက်နေကြလို့ ထိုင်းကနေ ထွက်မလာခဲ့ပါဘူးတဲ့” ပိန်ပိန်သွယ်သွယ်အမျိုးသမီးက စာရွက်အချို့ကို သူ့အား ပေးရင်း ပြောလေသည်။

လူငယ်က မျက်မှောင်ကြုတ်၍ လှန်လှောဖတ်ကြည့်လိုက်သည်။ သူက နားမလည်နိုင်သော ပုံစံဖြင့် ရေရွတ်၏။ “ငါ့အစ်ကိုရဲ့လူတွေမဟုတ်ဘူးဆိုရင် ဘယ်သူတွေများလဲ”

ပိန်ပိန်သွယ်သွယ်အမျိုးသမီး၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး သူမက ရုတ်တရက် ဖြတ်ပြောသည်။ “သူတို့က ခမ်းနားသောကံကြမ္မာ ကျောက်မျက်ရတနာလုပ်ငန်းရဲ့လူတွေများလား သခင်လေး”

ငွေရောင်ဆံပင်နှင့်လူငယ်က သူမဘက် လှည့်၍ အထင်သေးစွာ ပြော၏။ “ကျောက်မျက်ရတနာကုပ္မဏီလေးတစ်ခုက ခွန်အားကြီး ကျွမ်းကျင်သူတွေ ပိုင်လိမ့်မယ်လို့ ထင်နေတာလား”

“ကျွန်မအထင်တော့ အရာအားလုံး ဖြစ်နိုင်တယ်။ သူတို့ ခမ်းနားသောကံကြမ္မာ‌ ကျောက်မျက်ရတနာလုပ်ငန်းရဲ့ လူတွေမဟုတ်ရင်တောင် သူတို့ငှားထားတဲ့လူတွေ ဖြစ်နိုင်တယ်” ပိန်ပိန်သွယ်သွယ်အမျိုးသမီးက ပြောသည်။ “သခင်လေး ကျွန်မတို့ ဒီကုမ္ပဏီကို စုံစမ်းတုန်းက သူတို့ရဲ့ပိုင်ဆိုင်မှုက ဆယ်ဘီလီယံအောက်ပဲ ရှိခဲ့တာမလား။ သူတို့မှာ လူငှားဖို့ ငွေရှိရင်တောင် ကျောက်စိမ်းရုပ်တွေ ၀ယ်ဖို့ ငွေ‌တွေက ဘယ်ကရတာလဲ။ သူတို ဆယ်ရုပ်လုံး၀ယ်မယ်ဆိုရင် ကုန်ကျငွေစုစုပေါင်းက သူတို့ရဲ့ပိုင်ဆိုင်မှုစုစုပေါင်းနဲ့ ညီမျှမနေဘူးလား”

ဆံပင်ငွေရောင်နှင့်လူငယ်၏ မျက်နှာအမူအရာမှာ အတန်ငယ် ပြောင်းလဲသွားပြီး သူက လေးပင်စွာ ပြော၏။ “မင်း ပြောချင်တာ....ခမ်းနားသောကံကြမ္မာ ကျောက်မျက်ရတနာလုပ်ငန်းမှာ လျှို့ဝှက်ချက်တွေ ရှိပြီးတော့ ကျောက်စိမ်းရုပ်တွေကို ၀ယ်တာ သူတို့ကိုယ်တိုင်မဟုတ်ဘူးဆိုတဲ့ သဘောလား”

“အဲ့ဒီလိုထင်တယ်။ မဟုတ်ရင် ခမ်းနားသောကံကြမ္မာ ကျောက်မျက်ရတနာလုပ်ငန်းက ကျောက်စိမ်းရုပ်တွေကို ၀ယ်ဖို့အတွက်နဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုအားလုံး အကုန်ခံမှာမဟုတ်ဘူး” ပိန်ပိန်သွယ်သွယ်အမျိုးသမီးက ပြောသည်။ “‌တစ်ယောက်ယောက်က အငှားဝယ်ခိုင်းတာ ဖြစ်နိုင်တယ်။ အတိုချုံးပြောရရင် ၀ယ်တဲ့လူက တခြားတစ်ယောက်ပဲ”

ငွေရောင်ဆံပင်နှင့်လူငယ်မှာ ခေါင်းနပန်းကြီးသွား၏။ ထိုအတိုင်းသာဆိုလျှင် သူတော့ ဒုက္ခလှလှ တွေ့လေပြီ။ ကျောက်စိမ်းရုပ်များကို ဒေါ်လာဘီလီယံနှင့်ချီပေး၍ ၀ယ်သူများသည် နောက်ခံအင်အားတောင့်တင်းသူများသာ ဖြစ်လိမ့်မည်မဟုတ်ပါလော။

ထိုအခိုက်အတန့်တွင် ကြမ်းပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်နေသော အနက်ရောင်၀တ်ရုံနှင့်အဘိုးကြီးတစ်ယောက်က လူငယ်အနားသို့ ပျံလာ၍ ပြောသည်။ “ကျုပ် တစ်ခု သတိပေးစရာရှိတယ် သခင်လေး”

“ဘာများလဲ” လူငယ်က မျက်မှောင်ကြုတ်၍ မေး၏။

“တရုတ်ရဲ့သမိုင်းရာဇ၀င်က နက်နဲပြီးတော့ ကြောက်စရာကောင်းတဲ့ အင်အားစုတွေအများကြီးကို မွေးထုတ်ပေးနိုင်ခဲ့တယ်” အနက်ရောင်၀တ်ရုံနှင့် အဘိုးအိုက ပြောသည်။ “အနောက်တိုင်းက တရုတ်ဟာ ထူးခြားဆန်းကြယ်တယ်လို့ ပြောကြပေမယ့် ကျုပ် ဒီနိုင်ငံအကြောင်း ကောင်းကောင်းသိတယ်။ ဖြစ်နိုင်ရင် မလိုအပ်ဘဲ တရုတ်အင်အားစုကို ရန်သွားမစတာ ကောင်းလိမ့်မယ်။ မဟုတ်ရင် ကျုပ်တို့ ဒုက္ခအကြီးအကျယ်ရောက်လိမ့်မယ်”

“အသေးစိတ်ပြောပြပါ” ဆံပင်ငွေရောင်နှင့်လူငယ်က ပြော၏။

“တရုတ်က မိသားစုအတော်များများက အင်အားကြီးကြတယ်။ တချို့ဆိုရင် နက်နဲလွန်းတဲ့ ‌သမိုင်းကြောင်းတွေ၊ အမွေအနှစ်တွေကို ပိုင်ဆိုင်ထားကြတာ” အနက်ရောင်၀တ်အဘိုးအိုက ပြော၏။ “ပြီးတော့ ကျုပ် သိရသလောက် တရုတ်ပြည်က သိုင်းပညာကျင့်‌တဲ့သူတွေရဲ့ စံပြဖြစ်ခဲ့ဖူးတယ်။ ‌တရုတ်မှာ ကျောင်းတွေ၊ ဂိုဏ်းတွေ အများကြီး ရှိခဲ့ဖူးပေမယ့် အထူးဆန်းဆုံးနဲ့ ကြောက်စရာအကောင်းဆုံးကတော့ ကျင့်ကြံသူတွေဦးဆောင်တဲ့ဂိုဏ်းပဲ။ သူတို့က ခရူးဆိတ်ခေတ်တုန်းက အနောက်တိုင်းရဲ့အမှောင်ကမ္ဘာကျူးကျော်မှုကို ကာကွယ်ခဲ့တာ”

“ကျင့်ကြံသူတွေလား” ‌ငွေရောင်ဆံပင်နှင့်လူငယ်မှာ ထိုသို့လူမျိုးများ တရုတ်နိုင်ငံအတွင်းတွင် ရှိကြောင်း ကြားဖူးခဲ့၏။ သို့သော် ဒဏ္ဍာရီထဲတွင်သာ တည်ရှိသည့် ယုံတမ်းစကားများဟု ထင်ခဲ့ဖူးသည်။ တကယ်တည်ရှိနေလိမ့်မည်ဟု မထင်ခဲ့ချေ။

“ဟုတ်တယ်။ သူတို့က တာအိုကျင့်ကြံသူတွေပဲ” အနက်ရောင်၀တ်အဘိုးအိုက အတည်ပြု၏။ “ကမ္ဘာအင်အားကြီးအဖွဲ့အစည်း သုံးခုမှာ တရုတ်နိုင်ငံအတွင်း ခြေချရဲတဲ့ လူလက်တစ်ဆုပ်စာပဲရှိတယ်ဆိုတာ သခင်လေးသိပါတယ်။ အကြောင်းအရင်းတစ်ခုက တရုတ်စွမ်းရည်အသုံးပြုသူအဖွဲ့အစည်းမှာ စွမ်းရည်အသုံးပြုသူတွေ အများကြီးရှိလို့။ နောက်တစ်ခုကတော့ ကျင့်ကြံသူတွေကို ကြောက်လို့ပဲ။ နိုင်ငံထဲမှာ ပုန်းနေတဲ့ အင်အားကြီးနဂါးတွေ၊ ကျားတွေ ရှိတယ်လို့ ပြောလို့ရတယ်”

ငွေရောင်ဆံပင်နှင့်လူငယ်က မျက်လုံးမှေး၍ အေးစက်စက် ပြော၏။ “ဒါဆို ခင်ဗျားပြောချင်တာ ကျောက်စိမ်းရုပ်‌တွေကို လိုက်ရှာနေတဲ့လူက တရုတ်ကျင့်ကြံသူဖြစ်ကောင်းဖြစ်နေနိုင်တယ်ပေါ့”

“‌ဒီကျောက်စိမ်းကြွက်ရုပ်မှာ အရမ်းကြောက်စရာကောင်းတဲ့ စွမ်းအင်တစ်ခု ပါနေတယ်” အနက်ရောင်၀တ်အဘိုးအိုက ဆက်ပြော၏။ “ကျုပ်တို့ လုပ်နိုင်သမျှနည်းလမ်းအကုန်လုံးနဲ့ အဲ့ဒီစွမ်းအင်ကို စုပ်ယူဖို့ ကြိုးစားနေပေမယ့် မပြောပလောက်တဲ့ပမာဏပဲ စုပ်ယူနိုင်တယ်။ ကြည့်ရတာ တရုတ်ကျင့်ကြံသူတွေက အဲ့ဒီအကြောင်းကို သိတဲ့အတွက် လိုက်စုဆောင်းနေတာဖြစ်ရမယ်”

“ဟက်။ မနေ့က ကျုပ်တို့နေတဲ့ ဟိုတယ်ကို ရှာတွေ့သွားတာ မဆန်းပါဘူး” လူငယ်က နှာမှုတ်လိုက်သည်။ “ပုန်းနေတဲ့နေရာကို ရှာတွေ့သွားတာလဲ မထူးဆန်းဘူး။ ငွေကကောင်းတယ်ဆိုပေမယ့် ကျင့်ကြံသူတွေသာ ပက်သက်နေတယ်ဆိုရင် လက်လျှော့လိုက်တာ ကောင်းမယ်။ ဒီနေရာက ထွက်သွားပြီး ထိုင်းကိုပြန်ရမယ်”

“တကယ်ပဲ ကျင့်ကြံသူတွေသာဆိုရင် ကျုပ်တို့ဆီ ရောက်လာကြလိမ့်မယ်” အနက်ရောင်၀တ်အဘိုးအိူက ခေါင်းခါရမ်း၏။ “ကျုပ်တို့ ဓာတ်ပုံတွေတောင် သူတို့လက်ထဲ ရောက်နေလောက်ပြီ”

ဆံပင်ငွေရောင်နှင့်လူငယ် စကားပြောရန် ပါးစပ်ဟလိုက်သည့်အချိန်တွင် ပိန်ပိန်သွယ်သွယ် အမျိုးသမီးက မျက်နှာပျက်စွာဖြင့် ကြားဖြတ်ပြော၏။ “ကျွန်မတို့တော့ ဒုက္ခရောက်ပြီထင်တယ် သခင်လေး”

“ဘာဖြစ်လို့လဲ” လူငယ်က မေး၏။

သူမက ပြတင်းပေါက်မှတဆင့် မြေပြင်ကို လက်ညှိုးထိုးကာ ပြော၏။ “လွန်ခဲ့တဲ့ နှစ်ရာရီအတွင်း အထဲ၀င်လာနေတဲ့ လူတွေ တော်တော်များများ တွေ့နေရတယ်။ သူတို့ရဲ့အပြုအမူတွေက သိသာလွန်းတယ်။ တစ်ယောက်ယောက်ကို ရှာနေကြတာ။ ဒါပေမဲ့ မနေ့က ကျွန်မတို့ကို နောက်ယောင်ခံလိုက်တဲ့ မနေ့ကလူတွေလို မဟုတ်ဘူး။ သာမန်လူတွေလိုပဲ။ ဒါပေမဲ့ သူတို့ရှာနေတဲ့လူက ကျွန်မတို့ ဖြစ်နိုင်တယ်”

“မဖြစ်နိုင်ဘူး” လူငယ်က အေးစက်စက် ပြော၏။ “ဒီလူတွေက တရုတ်မှာအင်အားကြီးတယ်ဆိုရင်တောင် သူတို့ရဲ့ အာဏာက မကာအိုအထိ မရောက်လာနိုင်ဘူးလေ”

“မဟုတ်ဘူး။ ရောက်လာဖို့ အရမ်းလွယ်တယ်” ပိန်ပိန်သွယ်သွယ်အမျိုးသမီးက ခေါင်းခါရမ်း၍ ပြော၏။ “မကာအိုက အခု တရုတ်ပိုင်နက် ဖြစ်သွားပြီလေ”

ဆံပင်ငွေရောင်နှင့်လူငယ်က တခဏ စဉ်းစားပြီးနောက် ချက်ချင်း ဟောင်လဲ့ကို ဖုန်းခေါ်လိုက်သည်။ သို့သော် သူ၏ဖုန်းကို ကိုင်သူကား ယောက်ျားလေးတစ်ယောက် ဖြစ်နေ၏။

“ကဲ...ကဲ...ဖုန်းခေါ်လာလို့ ဝမ်းသာပါတယ်”

ဆံပင်ငွေရောင်နှင့်လူငယ်မှာ မျက်နှာပျက်သွားပြီး သူက လေးပင်စွာ မေးလိုက်၏။ “မင်းက ဘယ်သူလဲ”

“ငါ ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက မင်း။ ရာရာစစ လောဘကြီးရဲတဲ့ အမှောင်နတ်ဆရာမျိုးနွယ်၀င်။ မင်းသိလား ဒီမှာ ငါ့လူတွေ နည်းနည်းပဲရှိပြီး မကာအိုက ငါ့ပိုင်နက်မဟုတ်တာ ‌မင်း ကျေးဇူးတင်သင့်တယ်။ မဟုတ်ရင် အခုအချိန် ငါ့ရှေ့မှာ ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းဆိုနေရလိမ့်မယ်”

လူငယ်မှာ ရင်တဒိန်းဒိန်း ခုန်လာ၏။ တစ်ဖက်မှ သူ၏သရုပ်မှန်ကို သိရှိနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ “မင်းက ဘယ်သူလဲ”

“စိတ်မပူပါနဲ့ ကိုယ့်လူရာ။ မင်းက ကြောင်နဲ့ကြွက်လို ကစားချင်နေတော့ ငါက ဖြည့်ဆည်းပေးရမှာပေါ့” ထန်ရှုက ပြောသည်။ “အမှောင်နတ်ဆရာမျိုးနွယ်စုတဲ့လား။ ဟားဟား....အင်း မင်းကို ငါ တစ်ခု ပြောပြမယ်။ ထိုင်းမှာ ဒီ‌ညနေကုန်ရင်  အဲ့ဒီနာမည်နဲ့မျိုးနွယ်စု မရှိစေရတော့ဘူး။ မင်းလို ခေါင်းတောင်မဖော်ရဲဘဲ အမြှီးကုပ်ပြီး ပြေးသွားတဲ့ကောင်ကတော့ ‌ခွေးလေခွေးလွင့်တစ်ကောင်ဖြစ်လာမှာပေါ့။ အင်း ငါချထားတဲ့ ထောင်ချောက်တွေ၊ ငါ့ရဲ့လူတွေကို ရှောင်တိမ်းပြီး မင်း ထွက်ပြေးလို့တော့ ရနိုင်ပါသေးတယ်”

ငွေရောင်ဆံပင်နှင့်လူငယ်၏ သူငယ်အိမ်များ ကျုံ့၀င်သွားပြီး သူက ဟိန်းဟောက်လိုက်၏။ “မင်းက တရုတ်ကျင့်ကြံသူလား”

“မင်း ခန့်မှန်းတာ မှန်ပေမယ့် ကံမကောင်းစွာနဲ့ ဆုတော့မရဘူးကွာ” ထန်ရှုက ခပ်ဟဟရယ်၍ ပြော၏။ “ကဲ ကံကောင်းပါစေ ဟုတ်ပြီလား။ ကြိုးစားပြီး မနက်ဖြန်အထိ အသက်ရှင်နိုင်အောင် နေပေါ့”

ထိုသို့ပြောပြီးနောက် ဖုန်းလိုင်းမှာ ပြတ်တောက်သွား၏။

ဖုန်း၏တူခနဲအသံကို ကြားပြီးနောက် ဆံပင်ငွေရောင်နှင့်လူငယ်၏မျက်နှာကြီးမှာ ရုပ်ဆိုးအကျည်းတန်သွားလေသည်။ သူ့ဘ၀တွင် တရုတ်ကျင့်ကြံသူများနှင့် ပက်သက်မိလိမ့်မည်ဟု တစ်ခါမှ ထင်မထားခဲ့သလို တစ်ဖက်လူမှာ ကျောက်စိမ်းကြွက်ရုပ်ကို လက်၀ယ်မရသေးသည့်တိုင် ဘဝင်မြင့်၍ အထက်စီးဆန်သူ‌ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ချေ။

ရုတ်တရက် သူသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပိန်ပိန်သွယ်သွယ်အမျိုးသမီးအား လှည့်ကြည့်ကာ အလျင်အမြန် ပြော၏။ “ထိုင်းလေကြောင်းနဲ့‌ရေပြင်အဖွဲ့အစည်းကို ဆက်သွယ်လိုက်။ မနေ့ကနေ ဒီနေ့ထိ ထိုင်းနိုင်ငံထဲ ဝင်လာတဲ့ တရုတ်လူမျိုးတွေရှိရင် ငါ့ကို ပြန်ပြီးအစီအရင်ခံ”

“နားလည်ပါပြီ” ပိန်ပိန်သွယ်သွယ် အမျိုးသမီးက ခေါင်းညိတ်၍‌ ဘေးတစ်နေရာ၌ ရပ်ကာ ဖုန်းခေါ်ဆိုမှုအနည်းငယ် ပြုလုပ်လိုကိ၏။

နာရီ၀က်ကြာသော် သူမထံသို့ ဖုန်းခေါ်ဆိုမှုတစ်ခု ၀င်လာ၏။ မိနစ်၀က်ခန့်စကားပြောပြီးနောက် သူမက ဖုန်းချကာ ဆံပင်ငွေရောင်နှင့်လူငယ်ဆီ လျှောက်လာ၍ ပြောလေသည်။ “ကျွန်မတို့ လူတွေ စစ်ဆေးပြီးသွားပါပြီ။ လွန်ခဲ့တဲ့သုံးနာရီက ကျင်းမန်ကျွန်းက ခရီးသည်အဖွဲ့ ထိုင်းနိုင်ငံထဲ ၀င်ရောက်လာခဲ့ပါတယ်တဲ့။ သူတို့က သာမန်ကမ္ဘာလှည့်ခရီးသည်တွေနဲ့မတူဘဲ ထူးဆန်းနေပါတယ်။ စစ်သားတွေလို၊ သက်တော်စောင့်တွေလို ပုံစံမျိုးပါတဲ့။ ပြီးတော့ သူတို့ကို တိတ်တဆိတ် နောက်ယောင်ခံလိုက်နေတဲ့ ထိုင်းလူမျိုးတချို့လည်း နောက်ယောင်ခံလိုက်ပြီး သိပ်မကြာခင်မှာပဲ မျက်ခြေပြတ်သွားပါတယ်တဲ့”

ဆံပင်ငွေရောင်နှင့်လူငယ်မှာ တုန်ရီသွားပြီး  အလျင်အမြန် မေး၏။ “လူအရေအတွက် ဘယ်လောက်ရှိလဲ”

“နည်းနည်းပါပဲ။ ၂၀ ကျော်ပဲတဲ့” ပိန်ပိန်သွယ်သွယ် အမျိုးသမီးက ဖြေသည်။

၂၀ ကျော်ပဲလား

***

All Chapters