← Chapters

ဖွတ်မရ ဓားမ,ဆုံး

Vol. 64 Ch. 888

ဖွတ်မရ ဓားမ,ဆုံး

Vol. 64 Ch. 888

ဆံပင်ငွေရောင်နှင့်လူငယ်မှာ အတန်ငယ် စိတ်သက်သာရာရသွားသည်။ သူ၏ အမှောင်နတ်ဆရာမျိုးနွယ်စုတွင် မျိုးနွယ်ဝင်အရေအတွက်သည် ခမ်းနားကြီးကျယ်ခဲ့သောအတိတ်တစ်ချိန်တုန်းကလို မများပြားတော့သော်လည်း အမှောင်မှော်အတတ်၌ အကျွမ်းကျင်ဆုံးရာဂဏန်းမျှ‌တော့ ကျန်သေးလေသည်။ အထူးစစ်သားများပင်လျှင် သူတို့အတွက် ကြောက်စရာမဟုတ်ပေ။

သို့သော် ဘေးကင်းလုံခြုံရေးအတွက် ဆံပင်ငွေရောင်နှင့်လူငယ်က ဖုန်းထပ်‌ခေါ်လိုက်သေးပြီး ဤတစ်ခေါက်တွင် တစ်ဖက်မှ ဖုန်းခေါ်ဖို့ အတော်ကြာလေသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ငါတို့ နည်းနည်းပါးပါး ထပ်ဆွေးနွေးလို့ ရနိုင်မလား မစ္စတာ”

“ငါတို့ ဆွေးနွေးစရာလိုသေးတယ်ထင်လား” ထန်ရှုက ဟက်ခနဲတစ်ချက်ရယ်ကာ မေးသည်။ “ငါ့လူအယောက်နှစ်ဆယ်၊ အကုန်လုံးကျင့်ကြံသူတွေ အခု သူတို့ ထိုင်းကို ရောက်နေကြပြီ။ မင်းရဲ့ အမှောင်နတ်ဆရာမျိုးနွယ်စုမြေမှာ နောက်နာရီအနည်းငယ်အတွင်း ပေါ်လာကြလိမ့်မယ်။ မင်းတို့မျိုးနွယ်စု တဖြုတ်ဖြုတ်သေပြီး သွေးချောင်းစီးဖို့ကိုသာ မျှော်လင့်ထားလိုက်တော့။ ဒါပေမဲ့ ငါ မင်းကို တစ်ခုတော့ ပြောဦးမယ်။ မင်း အခု မြောက်ပိုင်းရွှေဗိမာန်ထဲမှာဆိုရင် အောက်ကို တစ်ချက်လောက် ကြည့်လိုက်”

ဆံပင်ငွေရောင်နှင့်လူငယ်သည် အောက်သို့ ငုံ့ကြည့်လိုက်ရာ အနက်ရောင် SUV ကားလေးစီး ဗိမာန်၏အပြင်၌ ပါကင်ထိုးထားသည်ကို တွေ့လိုက်ရ၍ အံ့အားသင့်သွား၏။ ဗလတောင့်တောင့်လူဆယ်ယောက်က SUV များအရှေ့၌ ရပ်နေစဉ် ခပ်ချောချောလူငယ်တစ်ယောက်က ဖုန်းတစ်လုံးကို ကိုင်၍ အဆောက်အဦးရှိရာသို့ လက်လှမ်းပြနေလေသည်။

“မင်း ငါတို့ကို ဘယ်လိုတွေ့သွားတာလဲ” ဆံပင်ငွေရောင်နှင့်လူငယ်က တုန်ရီနေသောအသံဖြင့် မေးသည်။

“မင်းနဲ့ နောက်ဆုံးတစ်ခေါက် စကားပြောတုန်းက ပြောဖို့ မေးသွားတယ်” ထန်ရှုက ခပ်ဟဟရယ်ကာ ပြောလေသည်။ “ငါက ကျင့်ကြံသူတစ်ယောက်တင်မဟုတ်ဘူး။ တရုတ်စွမ်းရည်အသုံးပြုသူအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ။ ဖုန်းလေးတစ်ချက်ခေါ်လိုက်တာနဲ့ တရုတ်မှာရှိတဲ့ သတင်းကွန်ရက်တစ်ခုလုံးကို ငါ့အတွက် အသုံးချနိုင်တယ်။ မကာအိုက တရုတ်ပိုင်နက်ဆိုတော့ မင်း ငါ့ကို ခေါ်လိုက်တဲ့အချိန်မှာ မင်း တည်နေရာကို ငါ ဖော်ထုတ်နိုင်တာပေါ့ကွာ”

“လီးပဲ” ဆံပင်ငွေရောင်နှင့်လူငယ်က ဖုန်းချ၍ ချက်ချင်း ထွက်ပြေးရန် ပြင်ရင်း ဆဲသည်။

“ဒီလောက်အလျင်စလို ဖုန်းချစရာမလိုပါဘူး။ ငါသာ မင်းဆိုရင် ထွက်ပြေးမယ့်အစား ဘယ်လိုအသက်ရှင်ရမလဲ တွေးမှာ” ထန်ရှုက ပြောသည်။ “ငါ့ကို ယုံ၊ ၁၂ ရာသီကျောက်စိမ်းရုပ်တွေကို ဝယ်ဖို့ အမေရိကန်ဒေါ်လာဘီလီယံ၊ နှစ်ဘီလီယံလောက် သုံးနိုင်တဲ့ ငါ့အစွမ်းအစနဲ့ဆိုရင် မင်းအပါအဝင် အမှောင်နတ်ဆရာမျိုးနွယ်ဝင်တွေကို ဖမ်းဖို့ ဒေါ်လာတစ်သန်း၊ နှစ်သန်းသုံးရတာ တန်တာပေါ့ကွာ။ ငါ ဒေါ်လာနည်းနည်းပါးပါး သုံးလိုက်ရင် ဒီကမ္ဘာပေါ်မှာ မင်းပုန်းနိုင်တဲ့မြေ ရှိတယ်ထင်လား”

“မင်းက တကယ် တရုတ်လူမျိုးကျင့်ကြံသူတစ်ယောက်ဆိုရင် အမှောင်နတ်ဆရာမျိုးနွယ်ဝင်အားလုံးကို အကြင်နာတရားခေါင်းပါးစွာနဲ့ သုတ်သင်နိုင်တဲ့ အစွမ်းအစရှိမှာပဲ” ဆံပင်ငွေရောင်နှင့်လူငယ်က လေးနက်စွာ ပြောသည်။ “ဒါပေမဲ့ ငါလည်း မင်းကို တစ်ခုပြောနိုင်တယ်.... မင်း ငါ့ရဲ့ အမှောင်နတ်ဆရာမျိုးနွယ်ဝင်တစ်ယောက်ယောက်ကို ထိရဲရင် အဲဒီကျောက်စိမ်းကြွက်ရုပ်ကို ဘယ်တော့မှ မရစေရဘူး”

ထို့နောက် သူသည် ဖုန်းချ၍ ကျောက်စိမ်းကြွက်ရုပ်ကို ပိန်ပိန်သွယ်သွယ် အမျိုးသမီးဆီ ကမ်းပေးလိုက်၏။ သူက လေးနက်စွာ ပြောသည်။ “ဒါကို ယူပြီး မကာအိုကနေ တတ်နိုင်သမျှ လွတ်အောင်ပြေး။ လုံခြုံတဲ့နောက်တစ်နေရာဆီ သွားပြီး ငါ့ကို အဲဒီမှာ‌စောင့်နေ။ ဒီမှာ ငါ သေသွားရင် ကျောက်စိမ်းကြွက်ရုပ်ကို ပစိဖိတ်သမုဒ္ဒရာထဲ လွှင့်ပစ်လိုက်”

“ကျွန်မ မသွားချင်ဘူး သခင်လေး” ပိန်ပိန်သွယ်သွယ် အမျိုးသမီးက ပြောသည်။

“ငါ့ကို မသေစေချင်ရင် ငါ ပြောတဲ့အတိုင်းလုပ်” လူငယ်က မာမာထန်ထန် ပြောသည်။ “သူက ကျောက်စိမ်းကြွက်ရုပ်ကို လိုချင်နေတာ။ အဲဒါ ငါတို့လက်ထဲမှာ မရှိသရွေ့ ငါ့ကို သတ်မှာမဟုတ်ဘူး။ မြန်မြန် ဒီနေရာက ထွက်ပြေးဖို့ လမ်းရှာပြီး သူတို့ကို ရှောင်သွားတော့”

“ကျွန်မ.....” ပိန်ပိန်သွယ်သွယ် အမျိုးသမီးသည် ‌အောက်နှုတ်ခမ်းကို ဖိကိုက်၍ စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် ခေါင်းညိတ်ကာ အပြင်ပြေးထွက်သွားတော့သည်။ အမှောင်နတ်ဆရာမျိုးနွယ်စုတစ်စုလုံးတွင် သူမသည် အပုန်းအတော်ဆုံးဖြစ်ပြီး အမှောင်နယ်မြေကို ကျွမ်းကျင်သည့် တစ်ယောက်တည်းသောလူအဖြစ် သတ်မှတ်၍ရ၏။

သို့သော် သူမသည် စိတ်ဝိညာဉ်အာရုံဖြင့် စတုရန်းမီတာပေါင်းများစွာကို လွှမ်းခြုံနိုင်သော ထန်ရှုနှင့် ဆုံတွေ့သွားလေသည်။ သူက အဆောက်အဦး၏ လေးထပ်မြောက်ရှိ ကော်ရစ်တာသို့ ဖျတ်ခနဲ ရောက်လာခဲ့ကာ သူမလမ်းကို ပိတ်လိုက်၏။

“တောင်ပံတွေပေါက်နေရင်တောင်မှ မင်း ပြေးလွတ်မှာမဟုတ်ဘူး။ အခု မင်းအခြေအနေက အဲ့ဒါပဲ” ထန်ရှုက အမျိုးသမီးကို ပြုံးကြည့်ရင်း လက်ပိုက်ကာ ပြောသည်။

ပိန်ပိန်သွယ်သွယ်အမျိုးသမီးသည် အထင်သေးစွာဖြင့် အမှောင်စွမ်းအားကို ထုတ်လွှတ်လိုက်၏။ ‌ကော်ရစ်တာမှာ ချက်ချင်းဆိုသလို အနက်ရောင်မြူများဖြင့် ဖုံးလွှမ်းခံလိုက်ရပြီး သူမက အနီးဆုံးအခန်းထဲ ဖျတ်ခနဲ ဝင်လိုက်သည်။

“ထွက်ပြေးချင်သေးတယ်ပေ့ါလေ ဟမ်”

သူမ ပြတင်းပေါက်အနား ရောက်သွားသည့်အချိန်မှာပင် လက်ကြီးတစ်ဖက်သည် သံခွများသဖွယ် သူမ၏လည်ပင်းကို ဆုပ်ကိုင်လိုက်၏။ သူမမျက်နှာပေါ်ရှိ အထင်သေးသောအမူအရာမှာ ချက်ချင်း တောင့်တင်းသွားလေသည်။

ထန်ရှုက သူမလက်ထဲမှ အနီရောင်‌ကျောက်စိမ်းကြွက်ရုပ်ကို ထုတ်ကာ ပြုံးသည်။ ထို့နောက် သူသည် သူမလည်ပင်းကို ဆုပ်ကိုင်လျက် အပြင်ထွက်လာ၏။

မိနစ်အနည်းငယ်ကြာသော်....

ဒုန်း

တံခါးမှာ ကန်ဖွင့်ခံလိုက်ရရာ ဆံပင်ငွေရောင်နှင့်လူငယ်နှင့် အခန်းထဲရှိ အနက်ဝတ်အဘိုးအိုငါးယောက်အပြင် ဒုတိယအိမ်မှ ဤနေရာသို့ ထွက်ပြေးလာနိုင်ခဲ့သော သက်လတ်ပိုင်းလူတို့မှာ ချက်ချင်း မျက်စိမျက်နှာပျက်သွားကြတော့သည်။

ထန်ရှုနောက်မှ မိုအားဝူနှင့် ကျန်ရှိသူများ အခန်းထဲဝင်လာသည်။ ထန်ရှုသည် မဆိုစလောက်ပြုံးလျက် အခန်းးထဲရှိ လူခြောက်ယောက်အား ကြည့်ကာ ပိန်ပိန်သွယ်သွယ် အမျိုးသမီးအား ဆိုဖာအရှေ့ ပစ်ချ၍ သူမကျောပေါ် ခြေတင်လိုက်သည်။ ထို့နောက် ဆံပင်ငွေရောင်နှင့်လူငယ်ကို ကြည့်ကာ ပြော၏။ “တစ်ခါက ငါ့ကို ခြိမ်းခြောက်ခဲ့ဖူးတဲ့လူတွေကို ငါ ကိုယ်တိုင် ငရဲပို့ခဲ့တာ။ မင်းက ကျောက်စိမ်းကြွက်ရုပ်နဲ့ ငါ့ကို ခြိမ်းခြောက်တယ်... တကယ် ရဲတင်းတာပဲကွ။ အ‌ကောင်းနဲ့အဆိုးကို မင်း မခွဲခြားတတ်သေးဘူးပဲ”

ဆံပင်ငွေရောင်နှင့်လူငယ်မှာ ထန်ရှုနှင့် သူ့လူများကို ကြည့်ရင်း မျက်နှာဖြူဆုပ်သွားသည်။ ဤသည်မှာ သူ့အတွက် နောင်တရမိသည့် ပထမဆုံးအကြိမ် ဖြစ်ပေသည်။ သူသည် ပိန်ပိန်သွယ်သွယ်အမျိုးသမီး၏ ထွက်ပြေးနိုင်စွမ်းကို ကောင်းကောင်းသိသည့်တိုင် သူမမှာ ဤလူများ၏အဖမ်း ခံခဲ့ရလေပြီ။ ဤလူများသည် သူ မော်ကြည့်ရလောက်အောင် ကြောက်စရာကောင်းသည့်အစွမ်းအစများကို ပိုင်ဆိုင်ထားကြောင်း ထင်ရှားပေသည်။

“မင်းနဲ့ အပေးယူလုပ်နိုင်တဲ့ နောက်ပစ္စည်းတစ်ခုရှိသေးတယ်” ငွေရောင်ဆံပင်နှင့်လူငယ်က အသက်ပြင်းပြင်းရှူပြီးနောက် ပြောသည်။

“စိတ်ဝင်စားမိတယ်” ထန်ရှုက မထီမဲ့မြင်ရယ်ရင်း ပြောသည်။ “ပြောစမ်းပါဦး။ မင်းမှာ ဘာရှိနေတာလဲ”

“‌ကျောက်စိမ်းဝက်ရုပ်အကြောင်း” ဆံပင်ငွေရောင်နှင့်လူငယ်က တိုးတိုးပြောသည်။ “အဲ့ဒါ ဘယ်မှာလဲ ငါသိတယ်”

ကျောက်စိမ်းဝက်ရုပ်တဲ့လော

ထန်ရှုအမူအရာ အတန်ငယ်ပြောင်းလဲသွားသည်။ သူ့မျက်လုံးများသည် စူးရှလာရာ ငွေရောင်ဆံပင်နှင့်လူငယ်အား မျက်လုံးများနာကျင်လာစေသဖြင့် အလိုလိုမျက်လုံးပိတ်မိလိုက်စေသည်။

“ပြော ဒီကျောက်စိမ်းဝက်ရုပ်က ဘယ်မှာလဲ” ထန်ရှုက လေးနက်စွာ မေးသည်။

ဆံပင်ငွေရောင်နှင့်လူငယ်က မျက်လုံးဖွင့်၍ ပောသည်။ “ငါတို့ကြားက ရန်ငြိုးတွေကို လျှော်ပေးရင် ကျောက်စိမ်းဝက်ရုပ်ဘယ်မှာရှိလဲ ငါ မင်းကို ပြောပြမယ်။ ကျောက်စိမ်းကြွက်ရုပ်ကိုလည်း မင်းဆီ ပေးမယ် ဒါပေမဲ့ ငါ့အမှောင်နတ်ဆရာမျိုးနွယ်ဝင်အများစုကိုတော့ ကျောက်စိမ်းဝက်ရုပ်သတင်းနဲ့ ဝယ်ချင်တယ်”

“မင်းက မင်းမျိုးနွယ်ဝင်တစ်ဝက်ကျော်ရဲ့ အသက်တွေကိုပဲ ဝယ်လိုတာပေ့ါလေ” ထန်ရှုက မျက်မှောင်ကြုတ်လျက် ပြောသည်။ “မင်းကြည့်ရတာ ငါ့ကို အသုံးချချင်နေတဲ့ပုံပဲ”

“မဟုတ်ဘူး အဲဒီလိုမဟုတ်ဘူး” ငွေရောင်ဆံပင်နှင့်လူငယ်သည် ခေါင်းခါကာ ပြော၏။ “ငါ မင်းကို အသုံးမချပါဘူး”

“ငါ့မျက်လုံးထဲမှာ‌တော့ မင်းအသက်က အဖိုးမတန်ဘူး” ထန်ရှုက ဖြည်းဖြည်းချင်းပြောသည်။ “ငါလိုချင်တာက ၁၂ရာသီကျောက်စိမ်းရုပ်တွေပဲ။ အရိုးသားဆုံးပြောရရင် မင်းရဲ့လောဘက ငါ့ကို ဒေါသထွက်စေတယ်။ မဟုတ်ရင် ဒေါ်လာသန်းတစ်ရာနဲ့ ကျောက်စိမ်းရုပ်ကို မင်းဆီက ဝယ်မလို့ပဲ။ ကောင်းပြီ ကျောက်စိမ်းဝက်ရုပ်က ဘယ်မှာလဲပြော။ မင်း သတင်းမှန်သရွေ့ မင်းအပါအဝင် မင်းရဲ့မျိုးနွယ်ဝင်အများစုကို အသက်ချမ်းသာပေးမယ်”

ဆံပင်ငွေရောင်နှင့်လူငယ်မှာ မနည်းအားတင်းကာ ဖြေလေသည်။ “အဲဒီကျောက်စိမ်းဝက်ရုပ်က ငါ့အစ်ကိုကြီးလက်ထဲမှာ။ ငါ့မျိုးနွယ်စုကို ထိန်းချုပ်ပြီး ကျောက်စိမ်းဝက်ရုပ်ကို ယူမလို့ ငါ ပြင်ဆင်နေခဲ့တာ။ ဒါပေမဲ့ ...”

“ငါ့ကို အောင်အောင်မြင်မြင် တစ်ပတ်ရိုက်နိုင်မယ့်အစား ကျောက်စိမ်းကြွက်ရုပ်ကို ဆုံးရှုံးလိုက်ရမယ်လို့ မင်း မထင်ထားဘူးမလား” ထန်ရှုက ဝင်ပြောသည်။

“ဟုတ်တယ်” ငွေရောင်ဆံပင်နှင့်လူငယ်က ခါးသီးစွာ ပြော၏။

ထန်ရှုသည် မျက်လုံးများကို မှေးကျဉ်းကာ တစ်လုံးချင်း မေးလေသည်။ “၁၂ ရာသီကျောက်စိမ်းရုပ်က အဖိုးတန်တဲ့ပစ္စည်းဆိုတာကိုလည်း မင်း သိထားလား”

“အဲဒါက စွမ်းအင်တွေများပြားတဲ့ ပစ္စည်းတစ်ခုပဲ” လူငယ်က ခေါင်းညိတ်ကာ ပြောသည်။ “ငါ့အမှောင်နတ်ဆရာမျိုးနွယ်စုက အဲဒီအထဲကစွမ်းအင်ကို စုပ်ယူပြီး စွမ်းအားမြှင့်တင်နိုင်တယ်”

“ဘယ်လို”

ထန်ရှုသည် မယုံကြည်နိုင်သောအမူအရာဖြင့် ကြည့်နေ၏။ ကျောက်စိမ်းရုပ်အတွင်းရှိ စွမ်းအင်ကို စုပ်ယူနည်းနှင့်ပတ်သက်၍ သူ လေ့လာနေခဲ့သည်မှာ ကြာလေပြီ။ သို့ထိတိုင် အမှောင်နတ်ဆရာမျိုးနွယ်စုက သိပြိးသားတဲ့လော။

ထန်ရှု တိတ်ဆိတ်သွားပြီး ချက်ချင်း စိတ်ပိုင်းဖြတ်လိုက်သည်။ မည်သည့်နည်းလမ်းကို သုံးရသုံးရ၊ အမှောင်နတ်ဆရာမျိုးနွယ်စု၏ ထိန်းချုပ်နိုင်စွမ်းကို သူ ရအောင် ယူရမည်။ ထိုအတတ်က ၁၂ရာသီကျောက်စိမ်းရုပ်များမှ စွမ်းအင်ကို အမှန်တကယ် စုပ်ယူနိုင်လျှင် သူ၏ခွန်အားကို မြှင့်တင်ဖို့ ၎င်းတို့အား အသုံးချမည်။ ထိုအခါ သူ၏ကျင့်ကြံခြင်းသည်လည်း အလားတူ တိုးတက်လာနိုင်မည်။

“ဒါဆို ကျောက်စိမ်းရုပ်တွေထဲက စွမ်းအင်ကို ဘယ်လိုစုပ်ယူရမလဲ ငါ့ကို ပြောပြ။ မင်းအစ်ကိုကြီးနဲ့ သူ့လူတွေကို ရှင်းနိုင်အောင် ငါ ကူညီပေးမယ်။ မင်းကို ဒေါ်လာတစ်ဘီလီယံလည်း ပေးမယ်” ထန်ရှုက လေးနက်စွာ ပြောသည်။

ဆံပင်ငွေရောင်နှင့်လူငယ်သည် အံ့အားသင့်သွားပြီး အနက်ရောင်ဝတ်နှင့်အဘိုးအိုကို မျက်ရိပ်မျက်ကဲပြလိုက်သည်။

အနက်ရောင်ဝတ်အဘိုးအိုသည် သဘောပေါက်လိုက်၍ သူ့လက်စထဲမှ စာအုပ်တစ်အုပ်ထုတ်ကာ ထန်ရှုအား ပေးလေသည်။ “ဒါက ကျုပ်တို့ အမှောင်နတ်ဆရာမျိုးနွယ်စု မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ နတ်ဆရာဝါးမြိုခြင်းအတတ်ပါ။ ကျောက်စိမ်းရုပ်တွေထဲက စွမ်းအင်ကို ဘယ်လိုစုပ်ယူရမလဲ ဒီထဲမှာ ရေးသားထားပါတယ်”

ထန်ရှုက လက်ခံပြီး ပိန်ပိန်သွယ်သွယ် အမျိုးသမီးအား ဆောင့်ကန်လိုက်သည်။ ထို့နောက် သူသည် စာအုပ်အား နှစ်နာရီတိုင်တိုင် ဂရုတစိုက်ဖတ်နေ၏။

“နားလည်ပြီ”

ထန်ရှုသည် စိတ်လှုပ်ရှားနေမှုများကို ချုပ်တည်းကာ မိုအားဝူကို လှည့်ကြည့်၏။ “ဟောင်လဲ့ကို ဆက်သွယ်။ ဒီကလေးဆီ ဒေါ်လာတစ်ဘီလီယံလွှဲဖို့ ပြောလိုက်။ ထိုင်းကို ဝင်လာတဲ့ ငါတို့လူတွေကိုလည်း အမှောင်နတ်ဆရာမျိုးနွယ်စုကို တိုက်ခိုက်ပြီး ငါ့အမိန့်ကို စောင့်နေဖို့ အကြောင်းကြားလိုက်”

“ဟုတ်ကဲ့” မိုအားဝူက ချက်ချင်း ခေါင်းညိတ်သည်။

ထန်ရှုသည် ငွေရောင်ဆံပင်နှင့်လူငယ်ကို ကြည့်၍ လက်ညှိုးထိုးကာ မေးလေ၏။ “မင်းနာမည်က ဘာလဲ”

“စင်းလုအန်” ငွေရောင်ဆံပင်နှင့်လူငယ်က ဖြေသည်။

“နာမည်ကောင်းပဲ” ထန်ရှုက ပြုံးကာ ပြောသည်။ “ဆိုတော့ အမှောင်နတ်ဆရာမျိုးနွယ်စုမှာ မင်းအဆင့်အတန်းက ဘာလဲ”

“ငါ့အဖေက အမှောင်နတ်ဆရာမျိုးနွယ်စုရဲ့ ခေါင်းဆောင်။ ငါက မျိုးနွယ်စုရဲ့ ဒုတိယသခင်လေးပဲ” ငွေရောင်ဆံပင်နှင့်လူငယ်က ဖြေသည်။

“အေး ငါ မင်းကို သတ်မလို့ပဲ။ ဒါပေမဲ့ မင်းက ကျောက်စိမ်းဝက်ရုပ် ဘယ်မှာရှိလဲ ပြောခဲ့တဲ့အပြင် ၁၂ ရာသီကျောက်စိမ်းရုပ်တွေထဲက စွမ်းအင်ကို ဘယ်လိုစုပ်ယူရမလဲဆိုတာကိုလည်း ပြောပြခဲ့တယ်။ ဒီတော့ ခြွင်းချက်အနေနဲ့ ငါ့ဆုံးဖြတ်ချက်ကို ပြောင်းပေးလိုက်မယ်” ထန်ရှုက ပြောသည်။ “အခု မင်း ရှင်းပစ်ချင်တဲ့ မင်းအစ်ကိုကြီးအကြောင်း အသေးစိတ်ပြောတော့”

“သူ့နာမည်က စင်းခေါ။ ငါ့လူတွေကို မင်းဆီ သူ့အကြောင်းအသေးစိတ်အချက်အလက်တွေ ပို့ပေးဖို့ ပြောလိုက်မယ်။ မင်း သူ့ကို မရှင်းနိုင်သရွေ့ မင်းရဲ့ ဒေါ်လာတစ်ဘီလီယံကို ငါ မယူဘူး”

“မဟုတ်ဘူး မင်း ငါ့ကို အသုံးချချင်လို့ ငါ မင်းအစ်ကိုကြီးကို ရှင်းချင်တာမဟုတ်ဘူး။ ကျောက်စိမ်းဝက်ရုပ်ကြောင့် ရှင်းချင်တာ။ မင်းအကောင့်ထဲ ဒေါ်လာတစ်ဘီလီယံ လွှဲပေးလိုက်မယ်” ထန်ရှုက ခေါင်းခါကာ ပြောသည်။ “မင်း ငါ့ကို ထိုင်းကို အခုချက်ချင်း ခေါ်သွားပေး။ ကျောက်စိမ်းဝက်ရုပ်ကို ရသရွေ့ ငါ ကတိတည်မယ်။ မရရင်တော့ အကျိုးဆက်‌တွေကို မင်း သိရလိမ့်မယ်”

“သိပါတယ်” စင်းလုအန်က ရိုရိုသေသေပြောသည်။

ထန်ရှုသည် ခေါင်းညိတ်၍ အနည်းငယ်ထပ်ပြောတော့မည့်အချိန် ကျင့်ရှီက အပြင်မှ လျှောက်ဝင်လာပြီး ထန်ရှုနားနားကပ်၍ တိုးတိုးပြောသည်။ “သူဌေးရဲ့အဖေ သူဌေးကို ရှာနေတယ်”

ထန်ရှုက မျက်ခုံးများကို ပင့်လိုက်ပြီး ဆက်သွယ်ရေးလှိုင်းများအား ဟန့်တားထားသည့် သူ၏သိုလှောင်လက်စွပ်အတွင်း၌ ဖုန်းအား ထည့်ထားမိသည်ကို သတိရလိုက်သည်။ သူက အပြင်ချက်ချင်း ထွက်ပြီး ကျင့်ရှီ၏ဖုန်းကို ယူကာ ပြောလေသည်။ “အဖေ ကျွန်တော်ကို ရှာနေတာလား”

“ဒီမှာ အဖေ့ပြဿနာနဲ့ပတ်သက်ပြီး သားအကူအညီလိုနေတယ် ရှုအာ” ထန်ယွင်သဲ့၏အသံသည် ဖုန်းထဲမှ ထွက်လာသည်။ “အချိန်ရရင် သားကိုယ်တိုင် လာတာ ပိုကောင်းတယ်။ ဒီမှာ မတော်တဆတစ်ခုခုဖြစ်လာတော့မယ် ထင်တယ်”

***

All Chapters