အခြေအနေများနှင့် အပေးအယူများ
Vol. 64 Ch. 889
ကျန့်မိသားစုသည် ရှန့်လော့လမ်း၏ မြောက်ပိုင်း၌ တည်ရှိသော မြေကွက်တွင် နေထိုင်၏။ ပတ်ဝန်းကျင်တွင် အိမ်ယာအစုအဝေးများ ရှိသော်လည်း အကုန်လုံး တန်ဖိုးကြီးမြေကွက်များ ဖြစ်ကြသည်။ ကျန့်မိသားစုပိုင်မြေသည် တန်ဖိုးကြီးဗီလာကြီးနှစ်ခုအကြားရှိ ဆယ်ဧကကျော် ဧရိယာကို စိုးမိုးထား၏။ ၎င်း၏ဂိတ်ဝကြီးမှာ အနီရောင်ခြယ်မှုန်းခံထားရပြီး မြင့်မားသော ကျောက်တံတိုင်းကြီးက ခြံတစ်ဝင်းလုံးကို သိုင်းပတ်ထားရာ အလွန်ရှိန်စဖွယ်ကောင်းသော တန်ဖိုးကြီးစံအိမ်၏အငွေ့အသက်များအား ပေးနေတော့သည်။
“ငါ သွားတော့မယ်”
ကျန့်မိသားစုအိမ်၏ အပေါက်ဝတွင် ထန်ယွင်သဲ့တစ်ယောက် အတန်ငယ်မျက်နှာအရုပ်ဆိုးနေသည်။ သူက သူ့ကို အပြင်လိုက်ပို့ပေးသည့် လူအား ခေါင်းညိတ်ပြပြီးနောက် ကားထဲ ခပ်သုတ်သုတ်ဝင်ကာ ဒရိုင်ဘာအား မောင်းစေလိုက်သည်။
ရှေးမနှောင်းမှာပင် အော်ဒီကားနှစ်စီးက အဝေးသို့ မောင်းသွားတော့သည်။
ဤအချိန်တွင် ကျန့်မိသားစု၏နေအိမ်ရှေ့၌ လူနှစ်ယောက် ပေါ်လာသည်။ တစ်ယောက်က အဘိုးအိုဖြစ်ကာ တစ်ယောက်ကတော့ ငယ်သည်။ သူတို့နှစ်ယောက်လုံးသည် ဒေါင်မြင့်ကြ၏။ အနက်ရောင်လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်က အလိုမကျသောမျက်လုံးများဖြင့် ကားနှစ်စီးထွက်သွားသည်ကို ကြည့်နေသည်။ ထို့နောက် သူက အထင်သေးစွာ ပြောလေသည်။ “အိမ်ရာထဲ နှစ်ပေါင်းများစွာ လဲနေခဲ့တဲ့ ထန်မိသားစုရဲ့အမှိုက်က ကျွန်တော်တို့ကျန့်မိသားစုဆီကို လာပြီး မောက်မာပြရဲရတယ်လို့ ဟမ်။ အကောင်းနဲ့အဆိုးကို အမှန်တကယ် မခွဲခြားတတ်ဘူးပဲ။ ထန်မိသားစုသာ သူ့နောက်မှာ မရှိရင် ကျွန်တော် သူ့ကို သေချာပေါက် သတ်ပစ်လိုက်တယ်”
ကျောနောက်လက်ပစ်ထားသော အဘိုးအိုက ခေါင်းခါကာ ပြောသည်။ “ကျန်းအာ ဒီထန်ယွင်သဲ့က ထန်မိသားစုရဲ့အကာအကွယ်ကို အားကိုးနေတဲ့ အမှိုက်ဆိုတာ မှန်တယ်။ ဒါပေမဲ့ သူ့မိသားစုက ပေကျင်းမှာ ဒိတ်ဒိတ်ကြဲမိသားစုတစ်စုဆိုတော့ သူ့ကံက မဆိုးလှဘူး။ ငါတို့ ကျန့်မိသားစုတောင် သူတို့ကို သွားယှဉ်လို့မရဘူး။ အသက်ငယ်ငယ်လေးနဲ့ နိုင်ငံရေးထဲမပါတာတောင် ခမ်းနားသောထန်လုပ်ငန်းစုကို ထူထောင်နိုင်ခဲ့တဲ့ သူ့သား ရှိသေးတယ်။ သူ့ကိုတော့ ငါတို့ နည်းနည်းလေးမှ အထင်သေးလို့မရဘူး”
“အဘိုးကလည်းဗျာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး သူများတွေကို ချီးကျူးနေစရာမလိုပါဘူး” ကျန့်ကျန်းက ခနဲ့သည်။ “ဒါ့အပြင် ကျွန်တော်တို့ ကျန့်မိသားစုလည်း အမွေအနှစ်တွေ ရှိလို့ မခေပါဘူးဗျ။ အားကိုးလို့ရတဲ့ မဟာမိတ်ဖက်နှစ်ဖွဲ့လည်း ရှိထားတယ်။ ထန်မိသားစုက ပေကျင်းမှာ ဘီလူးတစ်ကောင်ဖြစ်နေရင်တောင်မှ ကျွန်တော်တို့ကို ဘာလုပ်နိုင်မှာမလို့လဲ။ သူတို့ကြောင့် ကျွန်တော် စိတ်တိုတယ်။ ဒီက သူတို့လက်ရုံးတွေအားလုံးကို ကျွန်တော် ရှင်းပစ်မယ်။ သူတို့သားကတော့ အဲဒီကုမ္ပဏီသေးသေးလေးနဲ့ သိပ်အံဩစရာကောင်းတယ်လို့ အဘိုး တကယ်ထင်နေတာလား။ ကျွန်တော် နည်းနည်းလောက် ငြိမ်နေပြီးရင် သူ့ရဲ့ ခမ်းနားသောထန်လုပ်ငန်းစုကို အကဲခတ်ကြည့်မယ်။ တကယ်ပဲ ရွှေဥ ဥပေးနိုင်တဲ့ ကြက်တစ်ကောင်သာဆိုရင် ကျွန်တော် သူ့ဆီက လုပစ်မယ်”
“အဲဒီလောက် စိတ်လိုက်မာန်ပါ မလုပ်တာကောင်းမယ် ကျန်းအာ” အဘိုးအိုက မျက်လုံးများကို မှေးကျဉ်း၍ ခေါင်းခါကာ ဆက်ပြောသည်။ “ငါတို့ ထန်မိသားစုကို မကြောက်ပေမယ့် အခုတော့ သူတို့နဲ့ မယှဉ်နိုင်သေးဘူး။ ထန်မိသားစု ယောင်မိသားစုကို ဖျက်စီးနိုင်ခဲ့တဲ့အချက်က သူတို့မှာ လူမသိတဲ့အင်အားတွေ ရှိတယ်ဆိုတဲ့ သက်သေပဲ။ ငါတို့ပြိုင်ဘက်ကို နားလည်မှ တိုက်ပွဲတွေကို အနိုင်ယူနိုင်မှာ မင်းလည်း သိသားပဲ။ မဟုတ်ရင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်မယ်”
“ကျွန်တော် သေချာ စဉ်းစားပြီးပါပြီ အဘိုး” ကျန့်ကျန်းက ဖြေသည်။
အဘိုးအိုက ခေါင်းညိတ်ကာ ပြောသည်။ “မင်း ခုတုကို ဒီည သွားတွေ့ချည်။ ဘယ်အချိန် ဘာလုပ်မယ် သူ့ကို ပြောလိုက်။ အဲဒီဆိပ်ကမ်းနှစ်ခုကို တတ်နိုင်သမျှမြန်မြန် လုမှဖြစ်မယ်။ အဲ့ဒါမှ သွင်းကုန်၊ထွက်ကုန်တွေ တင်ပို့ဖို့အဆင်ပြေမှာ”
“ဟုတ်ကဲ့အဘိုး”
.***
မကာအို၊ ထန်ရှားရပ်ကွက် ကျွန်းဥယျာဉ်နန်းတော်
အေ-၀၅၈ ဗီလာ
ထန်ယွင်သဲ့သည် ဗီလာထဲ ဝင်ဝင်ချင်း သူကို လာ နှုတ်ဆက်သော ချန်အန်းဟူကို တွေ့လိုက်ရ၏။ သူက ဒေါပွနေသောအမူအရာဖြင့် ခေါင်းခါကာ ပြောသည်။ “သူတို့တွေက အပေါ်ယံတော့ သိပ်ရိုကျိုးကြတာ။ ဒါပေမဲ့ ကျန့်မိသားစုရဲ့ခေါင်းဆောင်ကိုတော့ ငါ မတွေ့ခဲ့ရဘူး။ ငါ့ကို ဧည့်ခံဖို့ ဘာမဟုတ်တဲ့လူတစ်ယောက်ကိုပဲ လွှတ်လိုက်တယ်လေ။ အလိမ္မာနည်းနဲ့ ချက်ကောင်းကို ထိုးလိုက်တာပေါ့ကွာ”
ချန်အန်းဟူက အတန်ကြာတိတ်ဆိတ်နေပြီးနောက် ခပ်ယဲ့ယဲ့ပြုံးသည်။ “အလုပ်မဖြစ်ရင်တော့ ငါတို့အနေနဲ့ သူတို့ကို အဲဒီဆိပ်ကမ်းနှစ်ခု ပေးလိုက်ဖို့ပဲ ရှိတော့မယ်။ ငါတို့အတွက် နစ်နာတယ်ဆိုပေမယ့် ကျန့်တွေရဲ့ မြေလှန်ခံရတာထက်စာရင် တော်ပါသေးတယ်”
“ငါတို့ သူတို့ကို အဲဒီဆိပ်ကမ်းနှစ်ခု မပေးရင်တောင်မှ သူတို့ ဘယ်တော့မှ ငါတို့ကို မြေလှန်နိုင်မှာမဟုတ်ဘူး။ စောင့်ကြည့်နေလိုက်၊ ငါ့သားက မကာအိုကို တိုက်တိုက်ဆိုင်ဆိုင် ရောက်နေတယ်။ သူ့ဆီ နည်းလမ်းလှမ်းမေးလိုက်မယ်”
“ဟုတ်သားပဲ ထန်ရှုက မကာအိုကို ဘာလာလုပ်တာလဲ။ ငါ့ကို လူတစ်ချို့ ရှာပေးဖို့လည်း တောင်းဆိုသေးတယ်။ သူတို့က ဘယ်သူတွေလဲ သူတို့နောက်ခံက ဘာလဲ” ချန်အန်းဟူက မေးသည်။
“ထန်ရှုက ၁၂ ရာသီကျောက်စိမ်းရုပ်တွေကို ရှာနေတာ။ ဒါပေမဲ့ ရောင်းတဲ့သူက လောဘတက်ပြီး မတန်မဆတွေ တောင်းလို့ သူကိုယ်တိုင် ရောက်လာတာပဲ” ထန်ယွင်သဲ့က ရှင်းပြသည်။ “သူ မင်းကို ရှာခိုင်းတဲ့သူက ကျောက်စိမ်းရုပ်ကို ပိုင်ထားတဲ့သူပေါ့”
“၁၂ ရာသီကျောက်စိမ်းရုပ်တွေတဲ့လား” ချန်အန်းဟူမှာ အံ့အားသင့်သွားသည်။ “ဟိုတလောက ရုတ်ရုတ်သဲသဲဖြစ်သွားစေတဲ့ အရုပ်တွေလား။ ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းက စျေးကြီးပေးဝယ်သွားတဲ့ဟာတွေလေ”
“အန်းဟူ။ ငါတို့က သေအတူရှင်မကွာဖို့ သစ္စာဆိုထားတဲ့ သွေးသောက်ညီနောင်တွေပဲ ...ငါ မင်းကို ဘာမှဖုံးကွယ်ထားမှာမဟုတ်ဘူး” ထန်ယွင်သဲ့က ပြုံးရင်း ပြောသည်။ “ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းက တကယ်တော့ ငါ့သားပိုင်တဲ့ လုပ်ငန်းတစ်စုပဲ။ တကယ်တော့ သူက မိုးထိုးနေတဲ့စျေးတွေနဲ့ အဲဒီကျောက်စိမ်းရုပ်တွေကို လိုက်ရှာဝယ်နေတဲ့ အဓိကလူ။ ဒါမဲ့ သူ ဝယ်နေတဲ့အကြောင်းအရင်းကိုတော့ ငါ မသိဘူး။ သူ့အတွက် သိပ်အသုံးဝင်ရင်တော့ အဲဒီလိုအမြဲလုပ်နေကျပဲ”
“ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းက ထန်ရှုရဲ့လုပ်ငန်းလား” ချန်အန်းဟူမှာ အံ့အားသင့်သွားသည်။ “ဘယ်လိုလုပ်ဖြစ်နိုင်တာတုန်း။ အဲဒီကုမ္ပဏီက ဟောင်ကောင်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်ကျက်စားနေခဲ့တာလေ။ လွန်ခဲ့တဲ့ဆယ်စုနှစ်ကစပြီး အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တာဆိုပေမယ့် သူ့ရဲ့ပိုင်ဆိုင်မှုက ယွမ်ဆယ်ဘီလီယံတော့ ရှိလောက်မယ်မထင်ဘူးနော်။ ပြီးတော့ မင့်သားက အသက်ဘယ်လောက်ရှိသေးလို့လဲ။ ဒါကြီးက...”
“အန်းဟူ မင်းမသိတာတွေ အများကြီးရှိသေးတယ်” ထန်ယွင်သဲ့က အားတင်းပြုံးကာ ပြောသည်။ “ငါလည်း မသိဘူး။ ဒါပေမဲ့ မကြာခင်တော့ သူ့အကြောင်း မင်းနည်းနည်းပါးပါး သိလာလောက်မှာပါ”
“ဘာတွေရှိသေးလို့လဲ” ချန်အန်းဟူက စပ်စပ်စုစုမေးသည်။
“နောက်မှပြောကြရအောင်ကွာ” ထန်ယွင်သဲ့သည် လျှို့ဝှက်စွာ ပြုံးကာ ပြော၏။ “အချိန်ကျရင် မင်း သိလာမှာပါ”
ဆယ်မိနစ်ကြာသော် သက်လတ်ပိုင်းလူတစ်ယောက်က ပထမအထပ်ပေါ်ရှိ ခန်းမထဲသို့ ခပ်သွက်သွက် လျှောက်လာသည်။ သူသည် ချန်အန်းဟူကို ကြည့်ကာ ပြော၏။ “ဧည့်သည်လာတယ် သူဌေး။ သူက မစ္စတာထန်ရဲ့သား ထန်ရှုလို့ ပြောတယ်”
ချန်အန်းဟူက ငေါက်ခနဲ ထရပ်ကာ ပြုံးသည်။ “သွားခေါ်ကြရအောင်”
ထန်ယွင်သဲ့က လက်ခါလိုက်သည်။ “မင်းလူတွေကိုသာ ခေါ်လိုက်ခိုင်းပါ။ အန်းဟူရယ် ငါတို့ကိုယ်တိုင် ထွက်ခေါ်စရာမလိုပါဘူး”
“အာ” ချန်အန်းဟူသည် တွေးပြီးနောက် ပြောလိုက်၏။ “မင်း ဒီလိုပြောမှတော့ ထန်ရှုကို ဝင်လာခိုင်းလိုက်”
မကြာခင် ထန်ရှုသည် မိုအားဝူနှင့်အတူ အခန်းထဲ ဝင်လာကာ ဆိုဖာ၌ ထိုင်နေသည့် သူ့အဖေကို မြင်သွား၏။ ယခုထိ ချန်အန်းဟူနှင့် မသိကျွမ်းသေးသည့်အတွက် ပြုံးကာ ပြောလိုက်သည်။ “အဖေ ဒါက အဖေ ခဏခဏပြောတဲ့ ဦးလေးချန်လား”
ချန်အန်းဟူသည် ထန်ရှုကို အတန်ငယ်အကဲခတ်ပြီးနောက် ထရပ်လိုက်၏။ “ကြည့်စမ်း ဘယ်လောက်အစွမ်းအစရှိလိုက်တဲ့ လူငယ်လဲ။ ချောလည်းချော၊ ဉာဏ်လည်းကောင်း၊ ပညာလည်း ရှိ။ အစ်ကိုကြီးယွင်သဲ့ရဲ့သားလို့ ခေါ်ထိုက်ပါပေတယ်။ ဟုတ်တယ် ငါက မင်းအဖေရဲ့သွေးသောက်ညီအစ်ကို ချန်အန်းဟူပဲ”
“နေကောင်းကျန်းမာပါစ ဦးလေးချန်။ အဖေက နိုးလာကတည်းက ဦးလေးအကြောင်း ခဏခဏ ပြောနေတာ။ အခုလို ဒီနေ့တွေ့ရတာ သိပ်ဝမ်းသာစရာပဲ။ ပြီးတော့ အမှောင်နတ်ဆရာမျိုးနွယ်စုကို ကူရှာပေးလို့လည်း ကျေးဇူးတင်ပါတယ်”
ချန်အန်းဟူက လက်ခါကာ ပြောသည်။ “အသေးအဖွဲပါကွာ”
တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ပြီးနောက် သူတို့သည် ထိုင်လိုက်ကြပြီး ထန်ရှုသည် ပြသနာအကြောင်းရင်းကို နားထောင်နေ၏။ မကာအိုတွင် ကျန့်မိသားစုအကြောင်း တစ်ခါမှမကြားခဲ့ဖူးသော်လည်း ပေကျင်းရှိ ကျောက်မိသားစုထံမှ သူတို့အကြောင်းတချို့ ကြားဖူးလေသည်။ သူ့ကြောင့်သာမဟုတ်လျှင် ထန်မိသားစုက သူတို့ထက် အတန်ငယ် နိမ့်ကျနေခဲ့မည်မဟုတ်ပါလော။
“ဒါဆို လက်ရှိပြဿနာနဲ့ပတ်သက်နေတဲ့ အဓိကတစ်ယောက်က ထိုင်းက ခုတုဆိုတဲ့ လူပေါ့”
“ဟုတ်တယ် ခုတုက ထိုင်းက။ သူက တကယ့်ခေါင်းဆောင်မဟုတ်ဘဲ သူ့အနောက်မှာ အကောင်ကြီးကြီးတစ်ယောက် ရှိသေးတယ်လို့ ကြားထားတယ်” ချန်အန်းဟူက ခေါင်းညိတ်၍ ရှင်းပြသည်။ “ထိုင်းက မိတ်ဆွေတချို့ကို ငါ ဆက်သွယ်ပေမယ့် သူတို့လည်း ခုတုအားကိုးနေတဲ့ အကောင်ကြီးကြီးက ဘယ်သူမှန်း မသိကြသေးဘူး”
ထန်ရှုက ဖုန်းထုတ်၍ နံပါတ်တစ်ခုကို ဆက်လိုက်သည်။ တစ်ဖက်မှ ဖုန်းကိုင်သော် သူက ပြောသည်။ “မင်းအကူညီလိုနေတဲ့ ပြဿနာတချို့ ရှိတယ်။ ထန်ရှားရပ်ကွက်က ကျွန်းဥယျာဉ်နန်းတော်ထဲမှာ ငါ မင်းကို စောင့်နေမယ်...”
“ဟုတ်ပြီ”
ဖုန်းချပြီးနောက် ထန်ရှုက ချန်အန်းဟူနှင့် သူ့အဖေကို ကြည့်ကာ ပြုံးသည်။ “ကျွန်တော်ရှာနေတဲ့ တစ်ယောက်ကလည်း ထိုင်းကဖြစ်နေတာလေ။ အဲဒီမှာ သူ့အဆက်အသွယ်တွေ ပေါတော့ နည်းနည်းပါးပါးတော့ သိနိုင်မယ်ထင်တယ်”
တစ်နာရီကြာသော် ဆံပင်ငွေရောင်နှင့်လူငယ် စင်းလုအန်သည် ပိန်ပိန်သွယ်သွယ်အမျိုးသမီးနှင့် ဝတ်ရုံနက်လူငါးယောက်ဖြင့် ရောက်လာ၏။ ထန်ရှုက သူတို့ကို အကြမ်းဖျင်းမိတ်ဆက်ပေးပြီး လူတိုင်း ထိုင်ပြီးနောက် သူက မေးလေသည်။ “ထိုင်းက ခုတုဆိုတဲ့တစ်ယောက်ကို သိလား”
“ခုတု ဘယ်ခုတုလဲ” စင်းလုအန်က အတန်ငယ်အံ့အားသင့်သွားဟန်ဖြင့် မျက်ခုံးပင့်ကာ မေးလေသည်။
“အသေးစိတ်တော့ မသိဘူး။ ဒါပေမဲ့ မကာအိုရဲ့ကျန့်မိသားစုနဲ့ အဆက်သွယ်ရှိပုံပဲ။ သူလည်း အခု ဒီမှာရှိနေတယ်” ထန်ရှုက ပြောသည်။ “အာ ဟုတ်သား ဦးလေအန်းဟူမှ သူ့ပုံရှိတယ်။ တစ်ချက်ကြည့်ရအောင်”
ချန်အန်းဟူသည် ချက်ချင်း ဖုန်းထုတ်ကာ ခုတု၏ ဓာတ်ပုံအား စင်းလုအန်ဆီ ပို့ပေးလိုက်သည်။ စင်းလုအန်သည် ပုံကို မြင်သော် မျက်နှာအမူအရာတစ်မျိုး ဖြစ်သွား၏။ “သူ့ကို သိတယ်။ နည်းနည်းတင် မဟုတ်ဘူး အများကြီးသိတယ်။ သူက ... ငါတို့အမှောင်နတ်ဆရာမျိုးနွယ်စုရဲ့ မျိုးနွယ်ဝင်တစ်ယောက်ပဲ။ တခြားနာမည်နဲ့။ ငါ့အဖေရဲ့ ညာလက်ရုံးဆိုလည်း ဟုတ်တယ်”
“ဒါဆို မကာအိုမှာ ကျန့်မိသားစုနဲ့ အလုပ်တွဲလုပ်နေတဲ့လူတွေကလည်း မင်းတို့ အမှောင်နတ်ဆရာမျိုးနွယ်စုကပေါ့” ထန်ရှုက ရှုံ့ချသည်။
စင်းလုအန်က ကပျာကယာလက်ခါကာ ပြန်ဖြေသည်။ “ဒီကိစ္စကိုတော့ ငါ မသိဘူး မစ္စတာထန်။ ခုတုက အဖေ့ရဲ့လူယုံလေ။ ငါ့ကိုဆို မျက်နှာသာပေးတာမဟုတ်ဘူး။ ငါက မကာအိုက ဒီကိစ္စတွေနဲ့ လုံးဝမပတ်သက်ဘူးနော်”
ရုတ်တရက် သူ့ဘေးရှိ ပိန်ပိန်သွယ်သွယ် အမျိုးသမီးက တိုးတိုးဝင်ပြောသည်။ “သခင်လေး ဒါ အခွင့်အရေးပဲ”
စင်းလုအန်မှာ ကြောင်သွားပြီး မျက်နှာထား အတန်ငယ်ပြောင်းလဲသွားသည်။ သူသည် သူမကို လေးနက်စွာ စိုက်ကြည့်ပြီးနောက် ထန်ရှုကို လှည့်ကြည့်ကာ ပြော၏။ “မစ္စတာထန်၊ ဒေါ်လာတစ်ဘီလီယံအတွက် ခုလုအသက်ကို ငါဝယ်ပေးရမလား”
“မင်းက ဓားငှားပြီး သူ့ကို ရှင်းချင်နေတာလား” ထန်ရှုက မေးသည်။
“အပေးအယူက မျှတတယ်ထင်တာပဲ” စင်းလုအန်က ပြောသည်။ “အမှောင်နတ်ဆရာမျိုးနွယ်စုခေါင်းဆောင်ရဲ့ နေရာရအောင် ငါ့ကို ကူညီပေးရင် ငါလည်း မင်းကို ကံကြမ္မာကောင်းပေးမှာပါ”
ထန်ရှုက ပြုံးလျက် မေးသည်။ “အဲဒီကံကြမ္မာကောင်းက ဘယ်လောက်တန်လဲ”
“ငါ့မှာ ငွေမရှိဘူး။ ဒေါ်လာသန်းတစ်ရာတောင် မထုတ်နိုင်ဘူး” စင်းလုအန်က ပြောသည်။ “ဒါပေမဲ့ ငါ့မှာ ရတနာတွေရှိတယ်။ ငါ့မျိုးနွယ်စုရဲ့ပိုင်ဆိုင်မှုလည်း အများကြီးရှိတယ်ကွာ။ မင်း ငါ့ကို ခေါင်းဆောင်နေရာ ယူပေးနိုင်သရွေ့ ငါ မင်းကို .... မှော်ကျောက်တုံးအတုံးတစ်ရာ ပေးဖို့ အသင့်ပဲ”
“မှော်ကျောက်တုံးဆိုတာ ဘာတွေလဲ” ထန်ရှုက တွေဝေစွာ မေးသည်။
စင်းလုအန်သည် ကျောက်မီးသွေးလို သတ္တုရိုင်းတစ်တုံးအား ထုတ်လိုက်ပြီးနောက် ထန်ရှုဆီ ကမ်းပေးသည်။ “ဒါ မှော်ကျောက်တုံးဆိုတာပဲ။ မှော်အတတ်တတ်တဲ့ ငါတို့အမှောင်နတ်ဆရာမျိုးနွယ်ဝင်တိုင်းအတွက် အလိုအပ်ဆုံးအရာပေ့ါ။ မင်း ဘယ်လိုထုတ်နိုင်သလဲ သိသရွေ့ ကျောက်တုံးတစ်တုံးစီမှာ မှော်စွမ်းအင်တွေ အများကြီးရှိတယ်”
ထန်ရှုသည် မှော်ကျောက်တုံးကို လက်ခံယူလိုက်သော အခိုက်အတန့်တွင် ၎င်းအတွင်းရှိ စွမ်းအင်ကို သိသိသာသာ ခံစားလိုက်ရ၏။ သူ့မျက်လုံးများက ချက်ချင်း လင်းလက်သွားလေသည်။
မှော်ကျောက်တုံးဟုတ်စ၊ ပေါက်ကရတွေ ဒါ မိစ္ဆာကျောက်တုံးကွ
ထန်ရှုသည် မိစ္ဆာကျောက်တုံးကို ဆုပ်ကိုင်၍ ၎င်းထဲရှိ မိစ္ဆာစွမ်းအင်တစ်စိတ်တစ်ပိုင်းကို မိနစ်အနည်းငယ်ကြာ စုပ်ယူလိုက်၏။ ထို့နောက် သူ့အကြည့်က စင်းလုအန်ဆီ ရောက်သွားသည်။ “မင်းအတွက် အခြေအနေတစ်ရပ်ရှိတယ်။ သဘောတူတယ်ဆိုရင် ငါတို့ အပေးအယူလုပ်မယ်”
“ဘာအခြေအနေလဲ” စင်းလုအန်က လျင်မြန်စွာ မေးသည်။
“မှော်ကျောက်တုံးလို့ မင်းခေါ်တဲ့ ဒီမိစ္ဆာကျောက်တုံးကို ငါ လိုတယ်” ထန်ရှုက လေးနက်စွာ ပြောလေသည်။ “အခုကစပြီး နှစ်တိုင်း မင်းဆီက ဒါကို ဝယ်မယ်။ များလေ ကောင်းလေပဲ”
***