← Chapters

ခွန်အားမရှိလျှင် ဖိအားမရှိ

Vol. 64 Ch. 891

ခွန်အားမရှိလျှင် ဖိအားမရှိ

Vol. 64 Ch. 891

ကျန့်မိသားစုအတွက် အလုပ်လုပ်ပေးသည့် ထိုလူတွင် သာမန်မဟုတ်သော အမြင်အာရုံရှိ၏။ သူသည် သူ့အရှေ့ရှိလူများ ပိုင်ဆိုင်ထားသည့် ‌ခြောက်ခြားဖွယ် အရှိန်အဝါများကို မြင်တွေ့နေရ‌လေသည်။ ထိုလူများ၏ဇစ်မြစ်မှာ သာမန်မဟုတ်ကြောင်း သဘောပေါက်လိုက်သဖြင့် သူက ‌ဝေါ်ကီတော်ကီကို သုံးကာ ကျန့်မိသားစု၏လုံခြုံရေးကိစ္စများတွင် တာ၀န်ရှိသူအကြီးအကဲအား အကြောင်းကြားလိုက်၏။

စံအိမ်ထဲတွင် ကျန့်မိသားစု၏‌ခေါင်းဆောင်ကျန့်ဖျင်ချင်းသည် သူ၏စာကြည့်ခန်းထဲရှိ လက်ရေးလှပန်းချီကားကို ကြည့်နေသည်။ သူ့မိသားစု၏အထူးချွန်ဆုံး ဂျူနီယာ ကျန့်၀မ်ဒီကတော့ သူ့ဘေးတွင် ရပ်နေ၏။ သူသည် ကျန့်ဖျင်ချင်း၏မြေးဖြစ်လေသည်။

“မင်း ဒီပန်းချီကားကို ဘယ်လိုထင်လဲ”

ကျန့်ဖျင်ချင်းက လက်ရေးလှပန်းချီကားထံမှ အကြည့်လွှဲ၍ သူ၏မြေးကို မေးလိုက်သည်။

“ဒီပန်းချီကားက ကျွန်တော့်မျက်လုံးထဲမှာတော့ နံပါတ်တွေပဲ” ကျန့်၀မ်ဒီက ဂရုမစိုက်ဟန်ဖြင့် ပြောသည်။ “နံပါတ်အရေအတွက် များလေလေ၊ ကောင်းလေလေပဲ။ ကျွန်တော့်ကို ဒီပန်းချီကားကို ငွေဘယ်လောက်ပေးပြီး ၀ယ်ခဲ့တယ်ဆိုတာရယ် ဘယ်လောက်နဲ့ရောင်းလို့ရနိုင်မလဲ ဆိုတာပဲ ပြောပါ အဘိုး”

“ငွေနဲ့တိုင်းတာလို့မရတဲ့အရာတွေ အများကြီးရှိတယ် ဝမ်ဒီ” ကျန့်ဖျင်ချင်းက ခေါင်းခါ၍ ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။ “ဒီလိုပဲ။ ဘယ်ကိစ္စမဆို ပေါ့ပေါ့တန်တန် သဘောထားလို့မရဘူး။ မင်းကို တစ်ခုပြောပြမယ်....ငွေဆိုတာ ဂဏန်းအရေအတွက်ပဲ။ သန်း ၁၀၀ ပဲဖြစ်ဖြစ် ၁၀၀ ဘီလီယံပဲဖြစ်ဖြစ် ငါ့မျက်လုံးထဲမှာ အရေးမပါဘူး”

“ဒါပေမယ့် ငွေက ကျွန်တော်တို့မိသားစုကို ပိုပိုပြီး အင်အားကြီးလာအောင် လုပ်ပေးနိုင်တယ်မလား” ကျန့်၀မ်ဒီက လေးနက်တည်ကြည်စွာ ပြန်လည် ‌ချေပ၏။

“ဟင်း...ကြည့်ရတာ ငါ မင်းကို အရင်နှစ်တွေတုန်းက သင်ပြခဲ့မိတဲ့နည်းလမ်းတွေက မှားသွားတယ်ထင်ပါတယ်ကွာ” ကျန့်ဖျင်ချင်းက စိတ်မသာမယာ သက်ပြင်းချ၏။ “အခုတောင် မင်းကို နှစ်ဆယ်ကျော် ကလေးတစ်ယောက်အနေ‌နဲ့ မြင်ကြည့်လို့မရတာ့ဘူး။ အေးစက်ခက်ထန်ပြီး အကျိုးအမြတ်နဲ့ငွေနောက်ပဲလိုက်နေတဲ့ စီးပွားရေးသမားတစ်ယောက် ဖြစ်နေပြီ။ အင်း အဲ့ဒါက မိသားစုအတွက်တော့ ကောင်းပါတယ်။ မင်းအတွက်ကတော့....”

“ကျွန်တော်ကတော့ သဘောကျနေပါတယ် အဘိုး” ကျန့်၀မ်ဒီက မပြောင်းလဲသော မျက်နှာအမူအရာဖြင့် ဖြတ်ပြော၏။

ဒေါက်...ဒေါက်...

လုံခြုံရေးကပ္ပတိန် ကျန့်၀မ်ကျိုးက တံခါးခေါက်၍ အထဲ၀င်လာက ခပ်ဩဩလေသံဖြင့် ပြော၏။ “ဦးလေး။ ၀မ်ဒီ။ ဂိတ်၀မှာ လူတစ်ယောက် ရောက်နေပါတယ်။ ထန်ရှုလို့ ပြောပါတယ်”

“ထန်ရှု။ ထန်မျိုးရိုးပေါ့လေ”

ကျန့်ဖျင်ချင်း၏မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားပြီး သူက ကျန့်၀မ်ဒီကို ကြည့်၏။ “ဘယ်လိုထင်လဲ။ သူ့ကို နွေးနွေး‌ထွေးထွေး ကြိုဆိုရမလား။ နှင်ထုတ်ရမလား”

“အင်း ဒီနေ့က အတော်ဘေး စိတ်၀င်စားစရာကောင်းတဲ့နေ့ပဲနော် အဘိုး” ကျန့်၀မ်ဒီက ရယ်၏။ “လူကြီးကို နှင်ထုတ်လိုက်တော့ လူငယ်က ရောက်လာတယ်။ ထန်လူငယ်က ဩချစရာပဲလို့ အဘိုးမထင်ဘူးလား။ သူက နာမည်ကြီးနတ်ဆေးသမားတော်၊ ခမ်းနားသောထန်လုပ်ငန်းစုရဲ့သူဌေး အဲ့ဒါအပြင် ပေကျင်းက ထန်မိသားစုရဲ့သခင်လေးမလား။ ဒီလို ဂုဏ်သတင်းအထပ်ထပ်နဲ့ လူကို တွေ့ချင်မိတယ်”

“မင်းတွေ့ချင်ဆိုရင် မင်းကို လက်လွှဲပေးမယ်” ကျန့်ဖျင်ချင်းက ဂရုမစိုက်ဟန်ဖြင့် ပြောသည်။ “ဒါပေမဲ့ ခုတုက ဆိပ်ကမ်းနှစ်ခုကိုယူဖို့ အလုပ်များနေတယ်ဆိုတာ မှတ်ထား။ တကယ်လို့....သူတို့ဘက်က လက်‌မလျှော့ချင်ဘူးဆိုရင် ငါ ဟောင်ကောင်ရဲ့အရာရှိကို ကိုယ်တိုင်သွားတွေ့မယ်။ မင်း ဒေါသတကြီး လျှောက်ရမ်းလို့ရအောင်”

“နားလည်ပါပြီ”

ကျန့်၀မ်ဒီက အဖြေကား သာမန်ကာလျှံကာသာ။ သူက ကျန့်၀မ်ကျိုးနှင့်အတူ ထွက်သွား၏။

ဆယ်မိနစ်ကြာသော်။ ကျန့်မိသားစု၏အခြားဥယျာဉ်ငယ်တစ်ခုအတွင်း၌ ကျန့်၀မ်ဒီသည် ကျောက်တုံးစားပွဲပေါ်တွင် ထိုင်ရင်း အနံ့ရှိလက်ဖက်ရည်အား သောက်နေ၏။ လူတချို့၀င်လာသောအခါ သူ၏အကြည့်က ရှေ့ဆုံးရှိ ထန်ရှုအပေါ် ကျရောက်သွား၏။ အကဲခတ်နေသော သူ၏မျက်၀န်းများတွင် မုန်းတီးစက်ဆုပ်မှုများ တခဏ ဖြတ်ပြေးသွားပြီးနောက် သူ၏အကြည့်က လက်ဖက်ရည်အိုးအပေါ် ပြန်လည်ကျရောက်သွားလေသည်။

“ရူးသွားပြီလား”

ထန်ရှုက ကျန့်၀မ်ဒီ၏အရှေ့သို့ တန်းတန်းမတ်မတ်သွားကာ ထိုင်လိုက်၏။ ထို့နောက် သူက လက်ဖက်ရည်အိုးကိုကိုင်၍ သူ့ကိုယ်သူအတွက် လက်ဖက်ရည်တစ်ဖွက် ငှဲ့လိုက်လေသည်။ ထို့နောက် သူက တစ်ငုံသောက်၍ ဖြည်းဖြည်းချင်းပြော၏။ “သခင်လေးကျန့်ဆီက လက်ဖက်ရည်က သိပ်ကိုကောင်းမယ်လို့ထင်ခဲ့တာ။ အရသာက သာမန်ပါပဲလား။ သခင်လေးကျန့် မင်းက ကျန့်၀မ်ဒီမလား။ ငါ မေးခွန်းတစ်ခု မေးလို့ရမလား”

“မင်း....”

ကျန့်၀မ်ဒီ၏မျက်လုံးများမှာ ဒေါသကြောင့် မီး၀င်း၀င်းတောက်နေသော်လည်း ထန်ရှုက သူ့စကားစကို ဖြတ်ပြောလေသည်။

“မင်းသိလား။ ငါ့မေးခွန်းက လွယ်ပါတယ်။ အမှန်အတိုင်းပြောရရင် မင်း ဖြေနိုင်မှာ ၁၀၀ရာခိုင်နှုန်းသေချာတယ်” ထန်ရှု၏မျက်နှာတွင် စပ်စုလိုသောအရိပ်အယောင်များ ပေါ်လာ၏။ “မင်း ဘ၀င်မြင့်နေတာ မင်းမိဘတွေသိလား”

ဘုန်း.....

ကျန့်၀မ်ဒီ၏မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒများ တဟုန်းဟုန်းတောက်လျက် သူက ကျောက်သားစားပွဲကို ထုချလိုက်လေသည်။ သူက အေးစက်ခက်ထန်စွာပြော၏။ “ထန်မျိုးနွယ်။ မင်း ကြိုက်တာကို ယူပြီး စားသောက်လို့ရပေမယ့် စကားတော့ကျွံမလာနဲ့။ ဒါက ငါ့ပိုင်နက်။ ပေကျင်းက ‌မင်းအိမ်မဟုတ်ဘူး”

ထန်ရှုက ခပ်ဖွဖွပြုံး၍ ပြောလေသည်။ “အင်း ငါ အဲ့ဒါကို နားလည်ပါတယ်။ ဒါပေမဲ့....မင်း အခု ငါ့ကို ခြိမ်းခြောက်နေတာလား”

“ခြိမ်းခြောက်တယ်တဲ့လား” ကျန့်၀မ်ဒီက အေးစက်စွာ ပြော၏။ “ငါ ဆန္ဒရှိရင် မင်း ဒီနေရာကနေ ထွက်သွားလို့မရအောင် လုပ်လို့ရတယ်ကွ”

“တကယ့် အရူးကောင်ပဲ” ထန်ရှုက ခေါင်းခါရမ်းလိုက်သည်။ ထို့နောက် သူက စင်းလုအန်ကို လက်ဝှေ့ရမ်းပြ၍ ခပ်ဖွဖွ ပြုံးကာ ပြော၏။ “မင်းက ငါ့ရဲ့ VIP ဧည့်သည်လေ။ ဟိုးအနောက်မှာ သွားမနေနဲ့။ အမှန်အတိုင်းပြောရင် ဒီမိသားစုရဲ့လက်ဖက်ရည်က သာမန်ပဲ။ ဒါပေမယ့် ဒီနေ့က ပူတယ်လေ။ အဲ့ဒီတော့ ငါတို့ ရေဆာပြေအောင် နည်းနည်းတော့ သောက်လိုက်ကြတာပေါ့”

စင်းလုအန်က ပြုံး၍ စားပွဲအနီးလျှောက်လာကာ ထိုင်လိုက်သည်။ သူက ထန်ရှုကိုအတုယူ၍ လက်ဖက်ရည်အိုးကိုကိုင်ကာ တစ်ခွက်ငှဲ့လိုက်လေသည်။ တစ်ငုံမျှသောက်ပြီးနောက် သူက နှုတ်ခမ်းကို တင်းတင်းစေ့၍ နှာမှုတ်လိုက်၏။ “ဟက် မင်းပြောတဲ့အတိုင်းပဲ မစ္စတာထန်။ ငါ့လို လက်ဖက်ရည်အကြောင်းမသိဘဲ လက်ဖက်ရည်မကြိုက်တဲ့လူအတွက်တောင် ဒီလက်ဖက်ရည်အရသာက တော်တော်ချာတယ်။ ကျန့်မိသားစုက မကာအိုမှာ ပိုင်ဆိုင်မှုတွေအများကြီးရှိပြီး နာမည်ကြီးသူဌေးတွေဆိုပေမယ့် ဧည့်သည်တွေကို ဧည့်ခံဖို့ ကပ်စေးနည်းတဲ့ပုံပဲ။ ငါ ထင်တောင်မထားဘူး”

“မင်းက ဘာကောင်လဲကွ” ကျန့်၀မ်ဒီက ဒေါသတကြီးအော်၏။

“ပြောစရာရှိရင် မစ္စတာထန်ကို ပြောပါ” စင်းလုအန်က လက်ဝှေ့ရမ်း၍ ပြောလေသည်။ “မင်းတို့ ဆိုရိုးရှိတယ်မလား။ ကြေးစားလူမိုက်တစ်ယောက်က ဖြတ်သွားဖြတ်လာ လူတစ်ယောက်ပဲဆိုတာလေ”

ကျန့်၀မ်ဒီက ရုတ်တရက် ထရပ်၏။ သူ၏ခံ့ညားသောမျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး ၎င်းအပြုံးက ဖြည်းဖြည်းချင်း ကြီးလာ၏။ နောက်ဆုံးတွင် သူက တဟားဟားရယ်၍ ပြောလေသည်။ “မဆိုးဘူး။ ကောင်းတယ်။ ငါ မှတ်မိသလောက် ငါ့အရှေ့မှာ မထီမဲ့မြင် ပြုရဲတဲ့လူမရှိခဲ့ဘူး။ ထန်ရှုက သူ့ကို ကာကွယ်ပေးမယ့် ပေကျင်းက ထန်မိသားစုရှိတဲ့အတွက် လုပ်ရဲတာမဆန်းဘူး။ မင်းကို ကာကွယ်ပေး‌မယ့်သူကရော ဘယ်သူများလဲ ငါသိချင်မိတယ်။ မဟုတ်ရင် ထန်ရှုရှိနေရင်တောင်မှ မင်း ဒီနေရာကနေ အသက်ရှင်လျက် ‌ထွက်သွားလို့ရမှာမဟုတ်ဘူး”

ဖြောင်း...ဖြောင်း...‌ဖြောင်း

ထိုအခိုက်အတန့်တွင် ဥယျာဉ်အပြင်ဘက်မှ လက်ခုပ်တီးသံများကို ကြားလိုက်ရ၏။ ဗလတောင့်တောင့် သက်လတ်ပိုင်းလူတစ်ဦးက နောက်လိုက်ဒါဇင်ကျော်နှင့်အတူ ရောက်လာလေသည်။ “သခင်လေးပြောတာမှန်တယ်။ မင်း မထီလေးစား ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုချင်တယ်ဆိုရင် နောက်ခံကောင်းကောင်းရှိရမယ်။ တခြားသူတွေကို ဖိအားပေးဖို့ နောက်ခံလည်းမရှိ၊ ခွန်အားလည်းမရှိတဲ့လူတွေကတော့ နောက်ဆုံး မိုးကြိုးပစ်ခံရပြီး သေသွားကြမှာပဲ”

စင်းလုအန်၏မျက်၀န်းများက ကြက်သီးထဖွယ် လင်းလက်သွားး၏။ သူသည် အသံပိုင်ရှင်ကို သိသဖြင့် လှည့်ပင်မကြည့်ချေ။ သူက ကျောပေး‌လျက်နှင့်ပင် အေးစက်စက် နှာမှုတ်လိုက်၏။ “ကျုပ်မှာ နောက်ခံကောင်းရှိလား၊ မရှိလား ကျုပ်မသိဘူး။ ခင်ဗျား ပြောပြကြည့်ပါလား”

“မင်းက....” ခုတု၏မျက်ခုံးများမှာ တွန့်ချိုးသွား၏။ အသံမှာ အတန်ငယ်ရင်းနှီးနေသည်ဟု သူ ခံစားလိုက်ရလေသည်။

ထို့နောက် စင်းလုအန်က တစ်လှမ်းချင်း လျှောက်လာနေသော ခုတုကို လှည့်ကြည့်လိုက်၏။ “ခင်ဗျား ကျုပ်ရဲ့မေးခွန်းကို မဖြေရသေးဘူး။ ကျုပ်ရဲ့နောက်ခံအင်အား ကောင်းသလား မကောင်းဘူးလား”

ခုတု၏ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ရီလာပြီး သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများက နေရာယူသွား၏။ သူ့မျိုးနွယ်စု၏ဒုတိယသခင်လေးအား ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူဘယ်တုန်းကမှ ထင်မထားခဲ့ချေ။

အရင်အချိန်များတုန်းကသာဆိုလျှင် ဒုတိယသခင်လေးအား ဂရုစိုက်နေမည်မဟုတ်ပေ။ သို့သော် ယခုတွင် မျိုးနွယ်စုခေါင်းဆောင်ကြီးသည် ခေါင်းဆောင်နေရာလွှဲပေးရန်အတွက် သခင်လေးနှစ်ယောက်အား သေချာစစ်‌ဆေးကြည့်ရှုနေသည်ကို သူ ကောင်းကောင်းသိလေသည်။

ထိုမျှသာ မဟုတ်သေးပေ။ ခေါင်းဆောင်ကြီးသည် သူ၏အငယ်ဆုံးသားဖြစ်သူကို ပို၍သဘောကျကြောင်း လွန်ခဲ့သည့်ရက်အနည်းငယ်ကမှ သိခဲ့ရ၏။ ထို့ကြောင့် စင်းလုအန် မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာနိုင်ချေက အ‌တော်လေး ကြီးမားပေသည်။

“ဒုတိယသခင်လေး” ခုတုက ဖြစ်ညစ်ပြုံးပြီးနောက် အရိုအသေပေးလိုက်၏။

“ကျုပ်က ဒုတိယသခင်လေးလို့တောင်ခေါ်ထိုက်ရဲ့လား” စင်းလုအန်က ခက်ထန်စွာ ပြော၏။ “ပြီးတော့ ကျုပ်ရဲ့‌‌အမှောင်နတ်ဆရာမျိုးနွယ်စုက အားနည်းလွန်းလို့ ကျုပ်မှာ ဘ၀င်မြင့်ပိုင်ခွင့်မရှိဘူးလေ။ ကျုပ် အာကျယ်မိလို့ မိုးကြိုးပစ်သွားမှာတောင် ကြောက်မိတယ်ဗျာ။ အင်း ခင်ဗျား‌ကတော့ ဘယ်တူမလဲ။ ခင်ဗျားရဲ့ ခက်ထန်ပြီး လွှမ်းမိုးနိုင်တဲ့စရိုက်ကို အားကျမိတယ်ဗျာ။ စောက်ရမ်းမိုက်တယ်”

“ဒုတိယသခင်လေးမှန်း မသိလို့ပါ” ခုတုက အနေရခက်စွာ ပြော၏။ “ဒါကြောင့် ကျုပ် ရိုင်းရိုင်းစိုင်းစိုင်း ပြောမိသွားတာပါ။ သခင်လေး လျစ်လျူရှုပေးမယ်လို့ မျှော်လင့်မိပါတယ်။ ပြီးတော့ ကျန့်မိသားစုက ကျွန်တော်တို့မျိုးနွယ်စုရဲ့ မဟာမိတ်ဆိုတော့...”

“ဟက်....” စင်းလုအန်က အေးစက်စက် နှာမှုတ်၏။

အံ့သြမှင်သက်‌‌နေမှုအား ကျန့်၀မ်ဒီ၏မျက်နှာပေါ်တွင် မြင်ရနိုင်၏။ ထန်ရှုနောက်မှ လိုက်လာသည့် ဤကောင်ဘေးမှာ အမှောင်နတ်ဆရာမျိုးနွယ်စု၏ဒုတိယသခင်လေး ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူသည် မျိုးနွယ်စု၏ပထမသခင်လေးကို မြင်ခဲ့ဖူးသော်လည်း ဒုတိယသခင်လေးကိုကား ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်လေသည်။

ကောလဟာလများအရ အမှောင်နတ်ဆရာမျိုးနွယ်စု၏ ဒုတိယသခင်လေးသည် အင်မတန်ပါရမီရှိသူဟု ဆိုကြ၏။ တစ်ချိန်တည်းမှာပင် အညှာအတာမဲ့၍ ရက်စက်ကြမ်းကြုတ်လေသည်။ ယခုတွင် သူသည် မျိုးနွယ်စု၏ခွန်အားအတော်များများကို အုပ်ချုပ်နေပြီး မျိုးနွယ်စု၏အထက်လူကြီးများက အသိအမှတ်ပြုကြ၏။ သို့သော်....အဘယ့်ကြောင့် ထန်ရှုနှင့်အတူ ရှိနေရသနည်း။

‘ဒါက မကောင်းတော့ဘူး'

ကျန့်၀မ်ဒီက ထန်ရှုကို လေးလေးနက်နက် စိုက်ကြည့်လိုက်၏။ ထို့နောက် သူက ခပ်ဩဩလေသံဖြင့် ပြောလေသည်။ “မင်းက အမှောင်နတ်ဆရာမျိုးနွယ်စုရဲ့ ဒုတိယသခင်လေးကို‌ ခေါ်လာခဲ့တယ်။ ဒါ မင်း လျှို့ဝှက်ထားတဲ့ အောင်ဖဲလား”

“ဒီကိစ္စက ငါ့အတွက် အသေးအမွှားပဲ။ ဘာလို့ အောင်ဖဲလိုရမှာလဲ” ထန်ရှုက မေးခွန်းထုတ်၏။

“မင်း မလိုဘူးလား” ကျန့်၀မ်ဒီက နှာမှုတ်လိုက်သည်။ “မင်းရဲ့အဖေက ဒီနေ့လာခဲ့ပေမယ့် စိတ်ပျက်ပြီး ပြန်သွားခဲ့ရတယ်။ မင်းက သူ့ထက် အင်အားကြီးတယ် ထင်နေတာလား”

“အဓိပ္ပာယ်မရှိတာတွေ မ‌ပြောကြရအောင်။ အရေးမပါဘူး” ထန်ရှုက ခေါင်းခါရမ်း၍ ပြော၏။ “ကျန့်မိသားစုခေါင်းဆောင်ကို ထွက်လာခိုင်းလိုက်။ မင်းကို အခွင့်အရေးပေးမယ်။ အမိအရယူတာ၊ မယူတာ မင်းအပိုင်းပဲ”

“မင်းစကားကို ယုံရမှာလား” ကျန့်၀မ်ဒီက ဒေါသတကြီးပြော၏။ “ငါ့အဘိုးနဲ့တွေ့နိုင်တဲ့အထိ မင်းက အရည်အချင်း မပြည့်မီဘူး”

ထန်ရှုက တခဏ တိတ်ဆိတ်သွားသည်။ သူက ဂရုမစိုက်ဟန်ဖြင့် လက်ဖက်ရည်ခွက်ကို ချပြီးနောက် ပြော၏။ “ဒါဆို....မင်းကို ငါသတ်လိုက်ရင် မင်းအဘိုးက ငါ့ကို လာတွေ့မှာလား”

ဝှစ်....

ကျင့်ရှီ၏ပုံရိပ်က အဝေးမှနေ၍ လျှပ်စီးအလား ဖြတ်ခနဲ ပြေး၀င်လာ၏။ တလက်လက် တောက်ပနေသော ဓားသွားက ကျန့်၀မ်ဒီ၏လည်ပင်းကို ချိန်ရွယ်၍ ၀င်လာလေသည်။

“ခွေးကောင်”

အသက်ကြီးရင့်၍ မိုးခြိမ်းသံနှင့်တူသော အသံကြီးတစ်သံ ထွက်ပေါ်လာပြီး အဘိုးကြီးတစ်ယောက်က ကျန့်၀မ်ဒီအရှေ့၌ ပေါ်လာသည်။ သူက နှစ်ပေရှည်လျားသော ပုဆိန်ကြီးကို ကိုင်ထား၍ ပုဆိန်ပုံရိပ်များကို ထုတ်လွှတ်ကာ ကျင့်ရှီ၏ ဓားချက်ကို ကာကွယ်လိုက်လေသည်။

ချွမ်း....ဘုတ်

အဘိုးအိုမှာ တဆတ်ဆတ် တုန်ရီလျက် နောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားရ၏။ ကံကောင်းစွာဖြင့် ကျန့်၀မ်ဒီ၏တုံ့ပြန်မှုက လျင်မြန်ပြီး သူ၏နောက်ကျောကို ထိန်းပေးထားနိုင်ခဲ့သဖြင့် လဲကျမသွားခဲ့ချေ။ သို့ထိတိုင် အဘိုးအိုမှာ သွေးတစ်လုတ်အန်လိုက်၏။ ၎င်းမြင်ကွင်းက ကျန့်မိသားစုအဖွဲ့၀င်များ၏မျက်နှာများကို မည်းမှောင်သွားစေလေသည်။

“ဆက်လုပ်” ထန်ရှုက အေးဆေးတည်ငြိမ်လှသော လေသံဖြင့် ပြော၏။

အဘိုးအိုက သူ့နှုတ်ခမ်းထောင့်ရှိ သွေးများကို သုတ်ကာ အော်လိုက်သည်။ “နေဦး။ ငါ ပြောစရာရှိတယ်”

“ဘာပြောချင်တာလဲ" ထန်ရှုက သနားနေသလို ကြည့်၍ မေး၏။ “အသက်ချမ်းသာပေးဖို့ တောင်းပန်မလို့လား။‌ လေကုန်တာပဲအဖတ်တင်မယ်နော်”

“မင်း ငါတို့ခေါင်းဆောင်နဲ့‌ တွေ့ချင်တာမလား။ ချက်ချင်း သွားပြောပေးမယ်” အဘိုးအိုက ခပ်ဩဩ ပြောသည်။ “ညှိနှိုင်းရတဲ့ကိစ္စတွေကို အားသုံးပြီး မဖြေရှင်းကြစို့လား။ ပွင့်ပွင့်လင်းလင်းပြောရရင် ငါတို့အကုန်လုံး အကျိုးအမြတ် ရချင်တာပဲလေ”

ထန်ရှုက သူ့ကို အကဲခတ်ပြီးနောက် ပြုံး၍ ပြော၏။ “ခင်ဗျား ကြောက်နေတာမလား အဘိုးကြီး။ မထူးဆန်းပါဘူး။ ခင်ဗျားက သိုင်းပညာရှင်အဆင့်ကိုကျော်သွား‌တာတောင် ကျုပ်လူရဲ့ခွန်အား ၅၀ ရာခိုင်နှုန်းကို မမှီဘူးလေ။ ခင်ဗျား ကြောက်ဒူးတုန်နေပြီမလား”

***

All Chapters