ဒီလူကအရမ်းချောပြီး အရမ်းမိုက်တယ်
Vol. 64 Ch. 894
ထန်ရှုက ဆံပင်အနီရောင်နှင့်လူငယ်ကို ထူးဆန်းသော မျက်နှာအမူအရာဖြင့် ကြည့်နေ၏။ သူက လှောင်ပြုံးပြုံး၍ စကားစပြောတော့မည့်အချိန်တွင် ဘီကီနီ၀တ်၍ နေကာမျက်မှန်တပ်ထားသော မိန်းမလှလေးနှစ်ယောက် လမ်းလျှောက်လာသည်ကို သတိထားမိလိုက်၏။ သူတို့ခန္ဓာကိုယ်များက ကောက်ကြောင်းကောက်သွယ်များဖြင့် ပြည့်စုံပြီး အသားအရည်များက နူးညံ့ချောမွတ်နေလေသည်။ သူမတို့ကို မြင်လိုက်ရသည်နှင့် ယွဲ့ခိုင်နှင့်ဟူချင်းစုန့်တို့ တံတွေးမြိုချလိုက်ကို သတိထားမိလိုက်လေသည်။
‘တော်တော် မရင့်ကျက်တဲ့ နှစ်ကောင်ပဲ’
ထန်ရှုမှာ ငိုရခက်၊ ရယ်ရခက်ဖြင့် သူတို့ကို မေးလိုက်မိ၏။ “မင်းတို့နှစ်ယောက် ဒီအခြေအနေမှာတောင် နတ်သမီးတွေနဲ့ ပျော်ပါးဖို့ စဉ်းစားနေတာလား”
ယွဲ့ခိုင်နှင့် ဟူချင်းစုန့်တို့နှစ်ယောက်၏ မျက်နှာများမှာ တစ်ပြိုင်နက်တည်း နီရဲသွားကြလေသည်။
အနီရောင်ဆံပင်နှင့်လူငယ်က ထန်ရှု သူ့ကို လျစ်လျူရှုထားကြောင်း သတိထားမိသည်နှင့် ဒေါသတကြီး အော်ဟစ်တော့သည်။ “ဟေ့ အမှိုက်ကောင် မင်းက ရူးနေတာလားကွ ဟမ်။ ငါ မင်းကို စကားပြောနေတာတောင် မင်းက ရူးချင်ယောင် ဆောင်နေတယ်ပေါ့”
ထန်ရှုက မျက်မှောင်ကြုတ်၍ ပြော၏။ “မင်း တခြားသူတွေကို ဘယ်လောက်ပဲ နှောင့်ယှက်နှောင့်ယှက် ငါ စောက်ဂရုမစိုက်ဘူး။ ဒါပေမဲ့ သူတို့က ငါ့ဘော်ဒါတွေ။ သူတို့ ဒီအခြေအနေရောက်အောင် မင်းတို့ လုပ်ခဲ့တာဆိုတော့ မင်းနဲ့ ကိစ္စရှင်းရမယ်။ ငါ ရူးလား၊ မရူးလား ပြပေးရသေးတာပေါ့”
ထိုသို့ပြောပြီးနောက် ထန်ရှုသည် ဆံပင်အနီရောင်နှင့်လူငယ်အရှေ့သို့ သွားရောက်ပြီး အားကုန်ရိုက်ချလိုက်၏။ ထို့နောက် သူက ထိုလူငယ်ကို မြေကြီးပေါ်မှ ဆွဲထူ၍ သူ့အနား ပြေးလာသော အခြားလူငယ် ဒါဇင်ကျော်ကို ကြည့်၍ အော်ဟစ်လိုက်သည်။ “သေချာစဉ်းစားကြစမ်း။ ငါ့ကို တိုက်ခိုက်ရင် ဖြစ်လာမယ့်အကျိုးဆက်တွေက ပေါ့သေးသေးမဟုတ်ဘူး”
ထိုခပ်မိုက်မိုက်အပြုအမူက ဘေးလူများကို လွှမ်းမိုးနိုင်သွား၏။။
သူ့ကို ဝိုင်း၀န်းတိုက်ခိုက်လိုသော လူငယ်များ၏မျက်နှာအမူအရာများမှာ ပြောင်းလဲသွားကြသည်။ သူတို့၌ အဆက်အသွယ်နှင့် နောက်ခံအင်အားကောင်းကောင်းမရှိကြသော်ခည်း ထန်ရှု၏အပြုအမူကြောင့် သာမန်လူမဟုတ်မှန်း ပြောနိုင်ကြလေသည်။
“ဒီ ခံ့ညားလွန်းတဲ့လူက ဘယ်သူပါလိမ့်”
“မိုက်လိုက်တာ။ သူသာ ငါ့ကို ပိုးပန်းရင် တစ်ခါတည်း လက်ခံပေးတယ်”
ဘီကီနီနှင့် မိန်းကလေးနှစ်ယောက်မှာ ထန်ရှု ချောမောကြောင်း သတိထားမိသဖြင့် ပြုံးဖြီး၍ ရေရွတ်လိုက်ကြသည်။ တစ်ယောက်က သတ္တိရှိစွာဖြင့် ထန်ရှုအနား လျှောက်လာကာ သူ၏လက်မောင်းကို ဆွဲကိုင်လိုက်၏။
ဖျတ်...ဖျတ်
ထန်ရှုက သူတို့၏မျက်နှာများကို ရိုက်လိုက်သည်။ သူတို့ သဲသောင်ပေါ် လဲကျသွားသည့်အခါ ထန်ရှုက အေးစက်စက်နှာမှုတ်၍ ကြည့်လိုက်၏။ “မင်းတို့က ငါ့ညီနှစ်ယောက် အရိုက်ခံရအောင်လုပ်တဲ့ မိန်းမပျက်တွေ။ ယောက်ျားတစ်ယောက်နဲ့ အိပ်ချင်တာနဲ့ပဲ ဆူးရှိတဲ့ နှင်းဆီပန်းလို လုပ်မနေကြနဲ့”
အနီရောင်ဆံပင်နှင့်လူငယ်က သဲသောင်ပေါ်မှ ကုန်းရုန်းထ၍ ထန်ရှုအား စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ သူက ဒေါသတချောင်းချောင်းထွက်လျက် ရင်ခေါင်းသံကြီးဖြင့် အော်လိုက်၏။ “မင်းတို့အားလုံး ရူးနေကြလား။ သူ့ကို အသေရိုက်သတ်ပစ်”
သူတို့ထံမှ မီတာ ၁၀၀ ကျော်တွင်။
မိုအားဝူနှင့်အခြားသူများသည် သူတို့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးလာနေ၏။ စက္ကန့်အနည်းငယ်အတွင်း ထန်ရှုအနားသို့ ရောက်လာပြီး လမ်းသူရဲလူငယ်များအား မိုအားဝူတို့အဖွဲ့က လက်သီးများပစ်သွင်း၍ ကန်ကျောက်ကာ နောက်သို့ လွင့်ထွက်သွားစေ၏။
“ဂလု...”
ကွန်ဖူးတတ်သော သက်တော်စောင့်များ ပေါ်လာသည့်အခါမှသာ ဆံပင်အနီရောင်နှင့်လူငယ်သည် အင်အားကြီးလူများကို ရန်သွားစမိပြီဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။
သူကိုယ်တိုင်သည်လည်း သိုင်းပညာရှင်တစ်ယောက်ဖြစ်၏။ ထို့အပြင် သူသည် အစစ်အမှန်စိတ်ဝိညာဉ်သိုင်းပညာကျောင်း၌ လေ့ကျင့်နေခဲ့သည်မှာ ဆယ်နှစ်ကျော်လေပြီ။ သန်သန်မာမာ သာမန်ယောက်ျားလေးငါးယောက်သည် သူ့အတွက် ပြိုင်ဘက်မဟုတ်ချေ။ သူ့အနားရှိ ညီအစ်ကိုများမှာလည်း ကျောင်းတစ်ခုတည်းတွင် ကွန်ဖူးကို ငါးနှစ်ကျော် လေ့ကျင့်နေခဲ့ကြသူများဖြစ်၏။ သို့ထိတိုင် ဆယ်စက္ကန့်ပင် မကြာလိုက်ဘဲ ဆယ်ယောက်ကျော်မှာ အလဲသိပ်ထိုးနှက်ခံလိုက်ရလေပြီ။ ၎င်းက ထိုလူများ မည်မျှ အင်အားကြီးသည်ကို ဖော်ပြနေ၏။
“မင်း....မင်းက ဘယ်သူလဲ”
ဆံပင်အနီရောင်နှင့်လူငယ်က နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ပြီးနောက် သတိကြီးစွာ မေးလိုက်၏။
ထန်ရှုက သူ့ကို လျစ်လျူရှု၍ ယွဲ့ခိုင်နှင့်ဟူချင်းစုန့်တို့ကိုသာ ကြည့်၍ မေးလေသည်။ “ကဲပြော မင်းတို့နှစ်ယောက်။ ဒီကောင်တွေကို ဘာလုပ်ရမလဲ။ သူတို့ကို ဒုက္ခိတဖြစ်အောင်လုပ်ရမလား။ ထွက်ပြေးခိုင်းလိုက်ရမလား”
“ငါတို့ ဒေါသပြေတဲ့အထိ ရိုက်သင့်တယ်” ယွဲ့ခိုင်က ကျယ်လောင်စွာ ပြော၏။
ဟူချင်းစုန့်၏မျက်နှာအမူအရာကတော့ အတန်ငယ်ထူးဆန်းနေလေသည်။ သူက စက္ကန့်အတော်ကြာတိတ်ဆိတ်နေပြီးနောက် ယွဲ့ခိုင်ကို ကိုင်ကာ ခေါင်းခါရမ်း၏။ “ထွက်ပြေးခိုင်းလိုက်ပါ။ ငါတို့အမှားကြောင့် သူတို့လှည့်စားတာခံရတာ။ ဒီနေ့သင်ခန်းစာကို မှတ်ထားပြီးတော့ နောက်နောင်ကျရင် သတိထားတော့မယ်”
“သူတို့က လူပြိန်းတွေပါ ယွဲ့ခိုင်ရ” ထန်ရှုက ပြုံး၍ ပြော၏။ “သူတို့အဆင့်အထိ မင်းလိုက်ဆင်းဖို့ မလိုပါဘူး။ မင်း သူတို့ကို ကြည့်မရဘူးဆိုရင် မင်း ကြိုက်သလောက် ရိုက်လို့ရတယ်။ သူတို့ခုခံရင် ငါ့လူတွေက လက်တွေ၊ ခြေထောက်တွေ ရိုက်ချိုးပေးလိမ့်မယ်”
ယွဲ့ခိုင်က တခဏ တုံ့ဆိုင်းနေပြီးနောက် ဟူချင်းစုန့်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းခါရမ်း၍ ခြောက်ကပ်ကပ် ရယ်လိုက်၏။ “ထားလိုက်ပါတော့ကွာ။ မင်းပြောသလို လူပြိန်းတွေ။ ငါ အာရုံစိုက်ရမှာတောင် ပျင်းတယ်။ ဟူကြီး ပြောတာမှန်တယ်။ နောက်တစ်ခါ ဒီလိုကိစ္စမျိုးနဲ့ကြုံရရင် နှာမွှန်ပြီး မဆုံးဖြတ်တော့ဘူး”
ထန်ရှုက သူ၏အဖြေကို ပြုံးကာ ခေါင်းညိတ်၏။ ထို့နောက် သူက လူအုပ်ကို ကြည့်၍ ပြောလေသည်။
“မင်းတို့ ကြားတယ်မလား။ ပိုက်ဆံလိုချင်သေးလို့လား”
“မဟုတ်ပါဘူး။ ကျွန်တော်တို့ မှားပါတယ်”
“ဟင့်အင်း...ဟင်အင်း ဘယ်လိုလုပ် တောင်းရဲမှာလဲ”
“ကျွန်တော်တို့ ချက်ချင်း ထွက်သွားပါ့မယ်”
“......”
ပြင်းစွာ ရိုက်နှက်ခံထားရသော လမ်းသူရဲဆယ်ယောက်ကျော်မှာ ကုန်းရုန်း၍ ထွက်ပြေးကုန်ကြ၏။ အနီရောင်ဆံပင်နှင့်လူငယ်လည်း အကွာအဝေး မီတာ အတော်များများသို့ပင် ရောက်ရှိနေလေပြီ။ ထန်ရှုတို့အဖွဲ့ ဖမ်းမမိနိုင်တော့ဟု ခံစားမိသည့် အကွာအဝေးသို့ ရောက်သောအခါ သူက တုံ့ခနဲရပ်၍ လှည့်ကာ အော်ဟစ်လိုက်၏။ “မင်း စောင့်နေလိုက်။ ငါ ဒီဟာကို ပြန်မဆပ်ရင် ငါ ယောက်ျားမဟုတ်တော့ဘူး။ အနှေးနဲ့အမြန် မင်းကို အထင်ကြီးအောင် လုပ်ပြမယ်”
မိုအားဝူ၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူက ချက်ချင်း လိုက်ဖမ်းရန် ပြင်လိုက်၏။
ထန်ရှုက သူ့ကိုတား၍ ပြုံးကာ ပြောလေသည်။ “သူတို့က ကလေးတွေပဲ ရှိပါသေးတယ်။ ကြီးကြီးမားမား ဆုံးရှုံးလိုက်ရတော့ အရှက်ပြေ ပြောကြတာပါ။ လျစ်လျူရှုထားလိုက် ထွက်ပြေးကြပါစေ”
မိုအားဝူက ခေါင်းညိတ်၏။
ထန်ရှု ရိုက်နှက်ခြင်းကို ခံလိုက်ရသော မိန်းကလေးနှစ်ယောက်မှာ ထွက်လည်းမပြေးသလို ဒေါသထွက်နေဟန်လည်း မရှိကြချေ။ ထိုအစား သူတို့က သဲပြင်ပေါ်မှ ထရပ်၍ ၇ မီတာအကွာခန့်၌ ရပ်၍ ထန်ရှုအား ထူးဆန်းသတ္တဝါတစ်ကောင်နှယ် ကြည့်နေကြလေသည်။
“ဟေ့ မင်းတို့နှစ်ယောက်။ ငယ်တုန်းမှာ ကောင်းကောင်းမသင်ယူရင် လူ့အဖွဲ့အစည်းရဲ့ ကပ်ပါးကောင်တွေ ဖြစ်လာလိမ့်မယ်။ ဒီနေရာက ထွက်သွားပြီး လမ်းမှားမလျှောက်မိစေနဲ့ ဟုတ်ပြီလား” ထန်ရှုက ဟူချင်းစုန့်ကို ယွဲ့ခိုင်ကို ဆွဲခေါ်ရင်း မိန်းကလေးနှစ်ယောက်အား လှမ်းပြောလေသည်။
သဲသောင်ပြင်ပေါ်ရှိ မိန်းကလေးနှစ်ယောက်က ထန်ရှုထွက်သွားသည်ကို ကြည့်နေကြ၏။ ရုတ်တရက် တစ်ယောက်က အော်ပြောလေသည်။ “ဟေ့ ကောင်ချောလေး။ နင့်ရဲ့နာမည်က ဘယ်လိုခေါ်လဲ။ ကောင်မလေးရှိလား”
ကံမကောင်းစွာနှင့် သူမ၏မေးခွန်းမှာ အဖြေမရလိုက်ချေ။ သို့ထိတိုင် ထန်ရှု လမ်းမထက် ပျောက်ကွယ်သွားသည့်အချိန်အထိ ထွက်မသွားကြပေ။
“ယွဲ့ယွဲ့ သူက တကယ့်ကို မိုက်တဲ့ ယောက်ျားစစ်စစ်ပဲ။ နင်သိလား။ ငါ ပြန်ရောက်ရင် ဆံနီနဲ့ ကိစ္စရှင်းလိုက်တော့မယ်။ ငါ.....ငါ အချစ်ကို ရှာဖွေတော့မယ်။ ငါ အဲ့ဒီ ခပ်ချောချော၊ ခပ်မိုက်မိုက်လူကို ရှာရမယ်” အရပ်ရှည်ရှည်မိန်းကလေးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ကျိန်ဆိုလိုက်သည်။
ယွဲ့ယွဲ့ဟုခေါ်သော မိန်းကလေးက ပြန်ပြော၏။ “ငါလည်း နင်နဲ့လိုက်မယ်။ မျှမျှတတ ယှဉ်ပြိုင်ကြတာပေါ့။ အဲ့လိုလူ ဘယ်သူ့စကတ်အောက် ရောက်လာမလဲ ကြည့်ကြမယ်”
“သဘောတူတယ်”
တခဏကြာသော် မိန်းကလေးနှစ်ယောက်က ပျော်ပျော်ပါးပါး ရယ်မောရင်း အဝေးပါကင်နေရာရှိ စူပါကားနှစ်စီးထံ လျှောက်သွားလေသည်။
လမ်း၏အခြားတစ်ဖက်တွင် ချန်အန်းဟူသည် ပြန်လာနေသော လူအုပ်ကို ကြည့်နေ၏။ သူ၏အကြည့်က ဟူချင်းစုန့်နှင့် ယွဲ့ခိုင်တို့၏ ယောင်ကိုင်းနေသော မျက်နှာများအပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် သူက ထန်ရှုကို ကြည့်၍ ရှေ့သို့ လျှောက်သွာကာ မကျေမနပ်ပြော၏။ “မင်းလုပ်တာ တဇွတ်ထိုးဆန်လွန်းတယ် ထန်ရှု။ ကားက တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်းနဲ့သွားနေတာကို သိရက်နဲ့ ခုန်ချတယ်။ ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ”
“ကျွန်တော် အဆင်ပြေပါတယ် ဦးလေးချန်” ထန်ရှုက ပြုံး၍ ပြော၏။ “ကျွန်တော့် ညီအစ်ကိုနှစ်ယောက် အနိုင်ကျင့်ခံနေရတာတွေ့တာနဲ့ အချိန်ဆွဲမနေနိုင်တော့လို့။ ယွဲ့ခိုင်၊ ဟူကြီး။ ဒါက ဦးလေးချန်တဲ့။ မကာအိုက တင်းဖန်အဖွဲ့ရဲ့သူဌေး”
“နေကောင်းပါရဲ့လား ဦးလေးချန်။ ကျွန်တော်က ယွဲ့ခိုင်ပါ” ယွဲ့ခိုင်က တရိုတသေ နှုတ်ဆက်၏။
“နေကောင်းပါရဲ့လား ဦးလေးချန်။ ကျွန်တော်က ဟူချင်းစုန့်ပါ” ဟူချင်းစုန့်က ပြောသည်။
ချန်အန်းဟူက သူတို့ကို ခေါင်းညိတ်ပြ၏။ သူ၏အမြင်ဖြင့် နှစ်ယောက်လုံးသည် သာမန်လူများဖြစ်ကြောင်း ပြောနိုင်၏။ သိုင်းပညာကျင့်ဖူးသည့်လူများ မဖြစ်နိုင်ချေ။ သို့သော် သူတို့၀တ်ပုံစားပုံအရ အ၀တ်အစားများက နာမည်ကြီးတံဆိပ်များမဟုတ်သည့်တိုင် ဆင်းရဲသောမိသားစုမှမဟုတ်ကြောင်း ပြောနိုင်ပေသည်။
“တွေ့ရတာ၀မ်းသာတယ် နှစ်ယောက်လုံး” ချန်အန်းဟူက ပြုံး၍ ပြော၏။ “ဆိုတော့ မင်းတို့က လူတချို့နဲ့ အချေအတင်ဖြစ်ခဲ့တယ်ပေါ့။ အဲ့ဒီကလေးတွေကို ပညာပေးဖို့ လူလွှတ်လိုက်ရမလား”
“ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ရပါတယ် ဦးလေး” ဟူချင်းစုန့်က ခေါင်းခါရမ်း၍ ပြော၏။ “သူတို့ကို ပညာပြစရာမလိုတော့ပါဘူး။ အစ်ကိုကြီးထန်နဲ့ သူ့လူတွေက မှတ်လောက်သားလောက်အောင် ရိုက်ပြီးပြီဆိုတော့ ကျွန်တော်တို့ဒေါသတွေလည်း ပြေသွားပါပြီ”
“ကောင်းတယ်။ မင်းတို့ ပြဿနာရှိရင်တော့ အချိန်မရွေး ဆက်သွယ်လိုက်” ချန်အန်းဟူက ပြုံး၍ ပြောသည်။
ထန်ရှုက သူတို့နှစ်ယောက်၏ပခုံးကို ပုတ်၍ ပြုံးကာ ပြော၏။ “ကဲ မင်းတို့နှစ်ယောက်လည်း မကာအိုရောက်နေပြီဆိုတော့ ဒီမှာ ပျော်ကြ ဟုတ်ပြီလား။ ဒဏ်ရာရထားတဲ့အတွက် နှစ်ရက်လောက်ကတော့ သည်းခံဦး။ ဦးလေးချန်ရဲ့အိမ်မှာ ငါနဲ့အတူတူ လိုက်နေချင်လား”
ယွဲ့ခိုင်က ဟူချင်းစုန့်ကို ကြည့်လိုက်ရာ ဟူချင်းစုန့်က ခေါင်းခါပြ၏။ “ဦးလေးချန်ကို မနှောင့်ယှက်တော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ သက်သာလာရင် လာလည်ပါ့မယ်။ ဒါနဲ့ အစ်ကိုထန် ဘာအစီအစဉ်ရှိလဲ။ ငါတို့နဲ့အတူ ပျော်ဖို့ အချိန်ရလား”
“မရဘူးကွာ” ထန်ရှုက ခေါင်းခါရမ်း၍ ပြော၏။ “ငါ မနက်ဖြန်အထိပဲ မကာအိုမှာ နေမှာ။ သဘက်ခါကျရင် ထိုင်းကို သွားရတော့မှာ။ ဟုတ်တယ်။ အဲ့ဒီလူတွေ ငါ ထွက်သွားပြီး မင်းတို့ကို ပြဿနာရှာရင် ဦလေးချန်ကို ဆက်သွယ်လိုက်။ သူ ဖြေရှင်းပေးလိမ့်မယ်”
“သဘောပေါက်ပြီ(အေးဆေးပါ)” နှစ်ယောက်လုံးက ခေါင်းညိတ်ဟ။
ထန်ရှားရပ်ကွက်၊ ကျွန်းဥယျာဉ်နန်းတော်၊ အိမ်ရာ အေ - ၀၅၈ တွင်။
ယာဉ်တန်းကြီး ဗီလာ၏ဂိတ်၀တွင် ရပ်သွားသည်နှင့် အချိန်အတော်ကြာ စောင့်နေခဲ့သော ထန်ယွင်သဲ့က ချက်ချင်း ထွက်လာကာ စိုးရိမ်တကြီး မေး၏။ “ဘယ်လိုလဲ။ ကျန့်မိသားစုနဲ့ ပြဿနာကို ဖြေရှင်းပြီးပြီလား”
ချန်အန်းဟူက ပျော်ပျော်ရွှင်ရွှင် ခေါင်းညိတ်ကာ ချီးကျူး၏။ “ညီအစ်ကိုယွင်သဲ့။ မင်းပြောခဲ့တာကို နားလည်သွားပြီ။ ထန်ရှုကိုအကူအညီတောင်းတာ တကယ်မှန်တယ်။ ဒီဘ၀မှာ ငါလေးစားရတဲ့လူ နည်းနည်းပဲရှိတယ်။ အခုတော့ အဲ့ဒီစာရင်းထဲမှာ ထန်ရှုတစ်ယောက် တိုးလာပြီ”
“အမ်” ထန်ယွင်သဲ့က ခပ်ဟဟရယ်၍ ပြော၏။ “သူ ဘာများ လုပ်ခဲ့လို့လဲ။ မင်းက ဒီလောက်တောင် ချီးကျူးနေတော့”
“မင်း ကိုယ်တိုင်မှ မမြင်ခဲ့ရတာ”ချန်အန်းဟူက တအံ့တဩ ရေရွတ်၏။ “ထန်ရှုက သူ့လက်အောက်မှာတင် အင်အားကြီးလူတွေ ပိုင်ဆိုင်ထားတာမဟုတ်ဘူး။ သူ့ရဲ့ ကိုယ်ပိုင်အတိုက်အခိုက်စွမ်းရည်ကလည်း တကယ်ကို ဩချစရာပဲ။ လူတွေက နယ်ခံမြွေဟောက်ကို နဂါးက ဘယ်တော့မှမနိုင်ဘူးလို့ပြောကြတယ်။ ဒါပေမဲ့ အဲ့ဒီဆိုရိုးစကားရဲ့ အခွဲကို ငါ ကြားဖူးခဲ့တယ်။ နဂါးတစ်ကောင်မှာ ခေါင်းမမော့နိုင်တော့တဲ့အချိန်အထိ မြွေဟောက်ကို အနိုင်ယူနိုင်တယ်တဲ့။ အင်း အခု ငါတို့ပြဿနာက ဖြေရှင်းပြီးသွားပြီ။ အမြတ်အများကြီးတောင် ရလိုက်သေးတယ်”
“အမြတ်” ထန်ယွင်သဲ့က နားမလည်နိုင်စွာ မေး၏။ “ဘယ်ကနေ အမြတ်ရလာတာလဲ”
“ထန်ရှုကို ပြောပြခိုင်းမယ်” ချန်အန်းဟူက ပြုံး၍ ပြောလေသည်။ “မင်း သိရရင် အရမ်းပျော်သွားလိမ့်မယ်။ ကဲကဲ..အိမ်ထဲ၀င်ပြီး စကားပြောကြစို့”
ထန်ယွင်သဲ့က ထန်ရှုကို စိတ်ကျေနပ်စွာကြည့်ပြီးနောက် ဗီလာအတွင်းသို့ ဝင်ရောက်သွားလေသည်။
***