← Chapters

ငါ့ကို အစ်ကိုလို့ ခေါ်လည်း မင်း အရှုံးမရှိပါဘူး

Vol. 64 Ch. 895

ငါ့ကို အစ်ကိုလို့ ခေါ်လည်း မင်း အရှုံးမရှိပါဘူး

Vol. 64 Ch. 895

လှပသောနေရောင်ခြည်လေးများသည် ငွားငွားစွင့်စွင့် ပွင့်လန်းနေသော ခရမ်းနီရောင် ပန်းပွင့်လေးများအကြားမှ မြေကမ္ဘာထက်သို့ ဖြာကျနေကာ ဗီလာများနှင့် ခြံဝင်းအား တင့်တယ်နေစေတော့သည်။ လောလောဆယ်တွင် ထန်ရှုက စာအုပ်တစ်အုပ်ကို ကိုင်လျက် ခြံဝင်းထဲရှိ ကျောက်ခုံတစ်ခုံပေါ်၌ အေးအေးဆေးထိုင်နေ၏။ စာအုပ်ကို ကိုင်ထားသော်လည်း ဖတ်ရန် စိတ်ကူးမရှိပုံပင်။ ယခုလေးတင် ဆိုင်းမဆင့်ဗုံမဆင့် လက်ခံလိုက်ရသော သတင်းက ထိုင်းကိုသွားမည့် သူ့အစီအစဉ်အား အတန်ငယ်နှောင့်နှေးသွားစေတော့သည်။

“ငါတို့ ထပ်စောင့်ရုံပဲ ရှိတယ် မစ္စတာတန်” စင်းလုအန်က အတန်ငယ်နောင်တရနေသကဲ့သို့ စိတ်ပျက်အားလျော့စွာ ထန်ရှုနှင့် မျက်နှာချင်းဆိုင်၌ ထိုင်နေသည်။

ထန်ရှုက စကားတစ်ခွန်းမဆိုဘဲ ခေါင်းညိတ်ပြီး တိတ်ဆိတ်နေ၏။ ထို့နောက် သူက ပြောသည်။ “အင်း မင်းအစ်ကိုကြီးက ဥရောပရောက်နေမှတော့ နောက်မှ အဲဒီအကြောင်း ထပ်ပြောကြတာပေါ့။ အခြေအနေကိုသာ စောင့်ကြည့်ထား။ သူ ထိုင်းကို ပြန်ရောက်ပြီဆိုတဲ့ သတင်း ရတာနဲ့ ငါ့ကို ချက်ချင်း အကြောင်းကြား”

“အဲဒါနဲ့ပတ်သက်ပြီးလို့ကတော့ စိတ်သာချ။ သူ့ကို စောင့်ကြည့်ဖို့ င့ါလူတွေ လွှတ်ထားတယ်” စင်းလုအန်က ပြောသည်။ “ပြီးတော့ ငါတို့အပေးအယူကိစ္စကိုရောပဲ...”

“ငါ ရှန်ဟိုင်းမှာ မင်းကို သုံးရက် စောင့်နေမယ်” ထန်ရှုက ပြောသည်။ “ငါ့ဆီ မှော်ကျောက်တုံးတွေ ယူလာပေးသရွေ့ မင်းကို ဆေးလုံးပေးမယ်။ စင်းလုအန် ငါတို့ အရင်တုန်းက ကတောက်ကတတွေ ဖြစ်ခဲ့ဖူးပေမယ့် ပြီးခဲ့တာတွေ အတိတ်မှာပဲ ထားခဲ့ဖို့ ငါ ဆုံးဖြတ်ထားတယ်။ မင်းလည်း အဲဒီလိုတွေးနိုင်မယ်လို့ ငါ မျှော်လင့်တယ်။ ငါတို့ ရန်သူတွေမဟုတ်ဘဲ မိတ်ဆွေတွေပဲ ဖြစ်လာချင်တယ်”

“နားလည်ပါတယ် မစ္စတာထန်” စင်းလုအန်က လေးနက်စွာ ပြောသည်။ “ငါတို့ရဲ့ဆက်ဆံရေးက စီးပွားရေးဆန်ပေမယ့် မင်းကို ငါ ရန်မစဝံ့သလို၊ ရန်စလည်း မစနိုင်ပါဘူး။ အစကတည်းက ရန်သူတွေအစား မိတ်ဆွေတွေဖြစ်ခဲ့ရင်း ကောင်းမယ်ဆိုတာကိုလည်း ငါ သိပါတယ်။ မင်း ငါ့ကို အန္တရာယ်မပြုသရွေ့ ငါလည်း မင်းအပေါ် မဟုတ်မတရားတွေ မလုပ်ပါဘူး”

“မင်း စကားတည်ပါစေ၊ သွားလို့ရပြီ” ထန်ရှုက စိတ်ကျေနပ်စွာ ပြောသည်။

စင်းလုအန်သည် ထပ်မနေတော့ဘဲ ထန်ရှု့အကြည့်အောက်မှ ထွက်သွားသည်။ ကျောက်စိမ်းကြွက်ကြောင့် အခွင့်အရေးကြီးတစ်ခုကို ရရှိခဲ့ကြောင်း စင်းလုအန် သိလေသည်။ ထိုအခွင့်အရေးကို အမိအရဖမ်းဆုပ်ချင်သည့်အတွက် သူ့အစ်ကိုကြီး မည်သည့်နေရာသို့ ရောက်နေကြောင်း ရှာပြီး ထန်ရှု ကျောက်စိမ်းဝက်ရုပ်အား ရအောင် အကောင်းဆုံးကူညီပေးဖို့ ခပ်သုတ်သုတ် ပြန်သွား၏။

၁၂ရာသီ ကျောက်စိမ်းရုပ်များသည် သူ့အတွက် ကောင်းကျိုးများ သယ်ဆောင်လာနိုင်သည့်တိုင် ၎င်းနှင့် အံ့ဖွယ်ဆေးလုံး၏ ကွာခြားမှုမှာ မိုးနှင့်မြေပမာပင်။ သူ ဆေးလုံးများစွာ အလိုရှိသည်။ အင်အားကြီးသူဖြစ်လာချင်သည့်အတွက် ကျင့်စဉ်များစွာ ကျင့်ကြံဖို့ အံ့ဖွယ်ဆေးလုံးကို အသုံးပြုနိုင်ဖို့ သူ မျှော်လင့်လေသည်။ အနည်းဆုံးတော့ ၎င်းတို့သည် မကာအို၏ ဒိတ်ဒိတ်ကြဲ ကျန့်မိသားစုကိုပင် နင်းခြေ၍ သူတို့အား ခြောက်လှန့်နိုင်လောက်အောင် အင်အားကြီးမားသော ထန်ရှုလူများ၏ အဆင့်၌ ရှိလိမ့်မည်။

***

ခြံထဲတွင် ထန်ရှုသည် သူ သင်ပြထားသော ကျင့်ကြံနည်းအတိုင်း ကျင့်ကြံနေသော ချန်အန်းဟူကို စောင့်ကြည့်နေ၏။ သို့‌သော် သူ့မှာ သက်ပြင်းခိုးချနေမိသည်။ ချန်အန်းဟူအား ကျင့်ကြံခြင်းလမ်းကြောင်းအပေါ်၌ လျှောက်နိုင်အောင် ကူညီပေးခဲ့သော်လည်း အင်မော်တယ်လမ်းစဉ်ဆိုသည်မှာ အန္တရာယ်များဖြင့် ပြည့်နေလေသည်။ မအောင်မြင်သည်နှင့် ဝိညာဉ်များကိုပင် ဆုံးရှုံးကာ ထာဝရပျက်စီးသွားနိုင်သည်။

သူသည် သူ့မိဘများနှင့် ထန်မိသားစုဝင်တချို့ကို ကျင့်ကြံနည်းသင်ပေးခဲ့သော်လည်း မျှော်လင့်ချက်သိပ်မထားပေ။ အင်မော်တယ်ဖြစ်လာဖို့ဆိုသည်မှာ နေ့ချင်းညချင်း အောင်မြင်ပြီးစီးသည့်အရာ မဟုတ်သည်သာ။ အောင်မြင်မှုရနိုင်၊ မရနိုင်၊ အင်မော်တယ်အဆင့်တက်နိုင် မတက်နိုင်ဟူသည် မိမိကိုယ်ပေါ်တွင်သာ မူတည်ပေ၏။

“ဘာတွေ တွေးနေတာလဲ ရှုအာ”

အပြင်မှ အထဲဝင်လာသော ထန်ယွင့်သဲ့သည် သူ့သားအရှေ့ မတော်တဆ လျှောက်သွားမိကြောင်း သတိထားမိလိုက်၏။ သူကိုယ်တိုင်ပင် မသိလိုက်ပေ။

ထန်ရှုမှာ စိတ်နှင့်ကိုယ်ပြန်ကပ်သွားပြီး ပြုံးလျက် ဆိုသည်။ “တွေးစရာတစ်ခု ရှိနေလို့အဖေ။ ထားပါတော့ ဘာဖြစ်လို့လဲ အလုပ်များနေတာလား”

“အေး အဖေ အလုပ်များနေတာ” ထန်ယွင်သဲ့က ရယ်၍ ဆိုသည်။ “အခုလေးတင် မကာအိုအခြေစိုက် ကုမ္ပဏီရဲ့ ငွေစာရင်းတွေကို ကြည့်ပြီး သူတို့အလုပ်လုပ်ပုံကို နည်းနည်းပါးပါး လေ့လာခဲ့တယ်ပေ့ါလေ။ တကယ်တော့ အလုပ်များတာက သားဦးလေးချန်ပဲ။ ဦးလေးချန်ဆိုမှ သူ အခု ဘာလုပ်နေတာလဲ။ သားရဲ့လမ်းစဉ်အတိုင်း ကျင့်ကြံချင်တယ်တဲ့လား”

“ဦးလေးချန်က ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းဖို့ မသင့်တော်တော့ဘူး အဖေ” ထန်ရှုက ပြောသည်။ “အနည်းဆုံးတော့ အခုအချိန်ပေါ့။ ကျွန်တော် သူ့ကို ခန္ဓာကိုယ်ကျန်းမာအောင်၊ အသက်ရှည်အောင် ထိန်းသိမ်းထားဖို့ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ချန်းတချို့ သင်ပေးထားတယ်။ အရင်ဆုံး ကျင့်ကြံခြင်းဆိုတာဘာလဲ မြည်းစမ်းကြည့်ရအောင်”

“လူတိုင်း အင်မော်တယ်ဖြစ်လာလိုကြတယ် ဒါပေမဲ့ အဲဒီလိုလမ်းတစ်လမ်းက ဘယ်လိုလုပ်လျှောက်လှမ်းဖို့ လွယ်ကူလိမ့်မှာလဲ။ မဟုတ်ရင် ဒီလောကကြီးမှာ ကျင့်ကြံသူ‌တွေ ပေါသောနေမှာပေ့ါ။ အခုမှ သတိရတယ် မကာအိုမှာ သားအလုပ်တွေ ပြီးပြီလား။ နောက်အစီအစဉ်က ဘာလဲ၊ ထိုင်းဆက်သွားမှာလား”

“ဟင့်အင်း စင်းလုအန် စောစောကပဲ ပြောသွားတယ် သူ့အစ်ကို ဥရောပထွက်သွားတယ်တဲ့။ ဒီတော့ ထိုင်းကို လောလောဆယ်တော့ မသွားသေးဘူး” ထန်ရှုက ခေါင်းခါကာ ပြောသည်။ “အရေးကြီးကိစ္စတချို့ ကိုင်တွယ်ဖို့ ပြည်မကြီးကိုပဲ ပြန်သွားဖို့ လုပ်နေတာ”

ထန်ယွင်သဲ့က ခပ်ယဲ့ယဲ့ ပြုံးလေသည်။ “ငါ့သားနဲ့ ယှဉ်လိုက်ရင် ကိုယ့်ကိုယ်ကို အသုံးပိုပိုမကျလာသလို ခံစားရတယ်။ ဒါပေမဲ့ မင်းက ငယ်ပါသေးတယ်ကွာ အလုပ်တွေ သိပ်မလုပ်နဲ့ဦး။ ငွေဆိုတာ ရှာလေရှာလေ အဆုံးမသတ်လေပဲ။ ကျင့်ကြံခြင်းကိုလည်း နည်းနည်းလောက် သက်တောင့်သက်သာနဲ့ လုပ်ပေ့ါ။ ဖြည်းဖြည်းချင်း သွားလည်း မမှားပါဘူး။ အဖေ ပြောချင်တာက သား အနားယူဖို့လိုတယ်၊ ကိုယ့်ချစ်သူကိုလည်း အချိန်ပေးပြီး အေးဆေးသွားစေချင်တာ။ ဒါ့အပြင် မင်းအဖေက မြေးချီချင်နေပြီတဲ့”

“အဖေကလည်း ကျွန်တော်က အခုမှ ၂၁ နှစ်ပဲ ရှိသေးတာကို။ လောစရာမလိုပါဘူး” ထန်ရှုက ပြောသည်။ “ပြီးတော့ ငယ်မှ လုပ်နိုင်တာလေ။ ငယ်တုန်း ကြိုးစားထားရမှာ။ ကျွန်တော့်လမ်းက ကံကြမ္မာက သတ်မှတ်ထားပေးပြီးသား၊ သူများတွေနဲ့လည်း သိပ်ကွဲပြားတယ်။ ကျွန်တော် အခု မကြိုးစားရင် နောင်ကျ ဒုက္ခရောက်လိမ့်မယ်”

ထန်ယွင်သဲ့မှာ အတန်ကြာတိတ်ဆိတ်သွားသည်။ ထို့နောက် သူက အလေးအနက် မေးလေသည်။ “ရှုအာ သားရဲ့ အဖြစ်ချင်ဆုံးအိပ်မက်က ဘာလဲ အဖေ့ပြောပြပါလား။ အဖေ ကြည့်လိုက်ရင် ငါ့သား အမြဲရုန်းကန်ပြီး အပြင်သွားနေတာချည်းပဲ။ အဲ့ဒါတွေက ဘာအတွက်လဲ”

ထန်ရှုသည် မတ်တပ်ရပ်၍ ကောင်းကင်ကျယ်ကြီးအား လက်ညှိုးထိုးလိုက်သည်။ “ပထမပန်းတိုင်က ကျွန်တော့်ခေါင်းပေါ်က မိုးကောင်းကင်ရဲ့ အတားအဆီးတွေကို ချိုးဖျက်ပြီး ပိုအဆင့်မြင့်တဲ့ လောကကို တက်ဖို့။ နောင်ကျရင် ကျွန်တော်ဟာ မိုးကောင်းကင်မှ ပျံသန်းနေတဲ့ သိမ်းငှက်တစ်ကောင် ဒါမှမဟုတ် သမုဒ္ဒရာအောက်ခြေမှာ ကူးခတ်နေတဲ့ ငါးတစ်ကောင် ဖြစ်လာလိမ့်မယ် .... ကောင်းကင်ကြီးကနေ ‌ဖောက်ထွက်ပြီး အခြားလူတွေနဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစားနေတဲ့သူ .... အမိကမ္ဘာမြေကြီးကို စိုးမိုးပြီး သက်ရှိသတ္တဝါအားလုံးကို ငုံ့ကြည့်နိုင်တဲ့ ဘုရင်တစ်ပါးဖြစ်လာမယ့်သူပေါ့”

“သား...”

ထန်ယွင်သဲ့သည် သားဖြစ်သူကို ကြည့်ပြီး ပါးစပ်ဟလိုက်သော်လည်း ပြောမည့်စကားများကို ပြန်မြိုချလိုက်၏။ သူ့သား၏ရည်မှန်းချက်များနှင့် နှလုံးသားက ကြီးမားလွန်း၍ သူ စိတ်မကူးဝံ့ပေ။

ထန်ရှုက ပြုံး၍ ထန်ယွင်သဲ့ကို ကြည့်ပြီးနောက် ရုတ်တရက် ပြောသည်။ “အဖေ သား အခုပဲ စိတ်အားဖြည့်ပြီးသွားပြီ။ အခု ပြည်မကြီးကို ပြန်မယ်၊ ဒီမှာ အချိန်ဖြန်းမနေတော့ဘူး။ အာ ဟုတ်သား အဖေ ဘယ်တော့ပြန်မှာလဲ”

“အဖေ ဒီမှာ နေဦးမယ်။ ဆိပ်ကမ်းကိစ္စတွေအားလုံး ရှင်းပြီးမှ ပြန်လာမှာ” ထန်ယွင်သဲ့က ဖြေသည်.

ထန်ရှုက ခေါင်းညိတ်ပြီးနောက် အော်လိုက်သည်။ “ဂူထောင်၊ ကျန်းကျွေ့၊ မင်းတို့နှစ်ယောက် အဖေ့ကို စောင့်ရှောက်ထား၊ ငါ ပြန်လာတာနဲ့ မင်းတို့ကို လူချင်းလဲပေးမယ်”

“နားလည်ပါပြီ” ဂူထောင်နှင့် ကျန်းကျွေ့က ခြံဝင်း၏အပြင်၌ ပေါ်လာပြီး လေးစားစွာ ဖြေသည်။

*****

မိုးသောက်ချိန်ရောက်သော် ထန်ရှုကား ရှန်ဟိုင်းသို့ ပြန်ရောက်နေခဲ့လေပြီ။ သူ ပထမဆုံး ဆက်သွယ်သည့်လူမှာတော့ ရွှယ်ယုဖြစ်ပြီး ရှီချန်းပြည်နယ်တွင် ရောက်နေကြောင်း သိလိုက်သည်။ ထို့နောက် မိုအားဝူ၊ ကျင့်ရှီ၊ ရွှဲ့ရှ နှင့် ဟိုက်ရှုန်းတို့နှင့်အတူ သူမဆီ လိုက်သွားသည်။ သူ ထိုပြည်နယ်သို့ ‌ရောက်သောအခါ ညဆယ်နာရီ ထိုးချေပြီ။

ချန်းမြို့တော်သည် မြောက်ပိုင်းရှိ ရှီချန်းပြည်နယ်၏ မြို့တော်ဖြစ်သည်။ ၎င်းသည် မကြာသေးသောနှစ်များအတွင် မြန်ဆန်စွာ တိုးတက်ဖွံဖြိုးလာခဲ့ကာ ယခုတွင် တရုတ်ပြည်၏ ဒုတိယတန်းစားမြို့တော် ဖြစ်နေချေပြီ။ မြို့လယ်တွင် အဆင့်အတန်းမြင့် မိုးမျှော်အဆောက်အအုံများ ပြည့်ကြပ်နေသော ပရီရင်ပြင်ရှိသည်။ ဤနေရာ၌ပင် ချန်းမြို့တော်ဟိုတယ်လည်း တည်ရှိပေသည်။

“ထန်ရှု”

ဟိုတယ်၏ ဝင်ပေါက်တွင် ထုံးစံအတိုင်း အဖြူရောင်ဂါဝန်ရှည်ဖြင့် ရွှယ်ယုသည် သူမရှေ့ရှိ ကားထဲမှ ထန်ရှုထွက်လာသည်ကို မြင်လိုက်ရ၏။ သူမ တစ်နေရာတွင် အားယားနေစဉ် ထန်ရှုက နောက်တစ်နေရာ၌ အမြဲအလုပ်များနေသဖြင့် နှစ်ယောက်သားမတွေ့ရသည်မှာ ကြာလှပြီဖြစ်သောကြောင့် ယခုတွင် သူမမျက်နှာထက်၌ ပျော်ရွှင်ကြည်နူးမှုမှာ သိသာပေါ်လွင်နေသည်။

ထန်ရှုက ပြုံး၍ သူမအား ဖက်ပြီးနောက် မေးလေသည်။ “ဒီမှာ ဘာတွေအလုပ်များနေတာလဲ”

“ရှင် ကျွန်မကို ပြောခဲ့ဖူးတဲ့ အကြံလေ” ရွှယ်ယုက ပြုံးလျက် ဖြေသည်။ “လွယ်တယ်လို့ ခံစားရလို့ လုပ်ကြည့်လိုက်တာ။ အခု ဆေးပစ္စည်းတွေအပြင် ကျောက်စိမ်းတွေနဲ့ ရှေးဟောင်းပစ္စည်းတွေ ရထားတယ်။ ပြီးတော့ ကျွန်မ တလောက ထောင်လိုက်တဲ့ ကုမ္ပဏီကလည်း မြန်မြန်တိုးတက်လာတဲ့အပြင် စီးပွားရေးကနေလည်း အတော်လေး အမြတ်ရတယ်”

“စီးပွားရေး လုပ်တာကလည်း လုပ်ပေါ့။ ကျင့်ကြံဖို့လည်း မမေ့နဲ့။ တိုးတက်မှုကို မနှောင့်နှေးစေနဲ့နော်” ထန်ရှုက ပြောသည်။ “နောင် ငါတို့လျှောက်လှမ်းရမယ့် လမ်းက သာမန်လူတွေနဲ့ မတူညီဘူး”

“သိပါတယ်” ရွှယ်ယုက ပြုံးလျက် ပြန်ဖြေသည်။

ထန်ရှုက‌ ခေါင်းညိတ်ပြီးနောက် မေးလေသည်။ “ကဲ ဒါဆို အခုသွားကြမလား။ ဒီနေ့ ဒီမှာ နားကြရအောင်။ မနက်မနက်ကျရင် ကမ်းဇတ် လုံကွမ်ပင်လယ်အော်ကို သွားကြမယ်။ အင်မော်တယ်နေအိမ်ထဲ ဘာတွေ ရှိနေလဲ ကြည့်ဖို့ စောစောသွားဖွင့်ကြည့်မလို့”

ရွှယ်ယုမှာ တွန့်ဆုတ်နေပုံပေါ်ပြီးနောက် ပြောသည်။ “နောက်တစ်ရက်လောက် ထပ်နေလို့ ရမလား။ ဒီမှာ ကိစ္စနည်းနည်း အပြီးသတ်စရာရှိလို့။ မနက်ဖြန်နေ့လည်ခင်းမှာ ချန်းမြို့တော်ဆီ ရောက်လာမယ့် ဧည့်သည်တွေကိုလည်း ကြိုဖတ်ထားပြီးဖြစ်နေတာ”

“ဘယ်သူတွေလဲ” ထန်ရှုက တအံ့တဩ မေးသည်။

“ဧည့်သည့်နှစ်ယောက်၊ တစ်ယောက်က ဆေးပင်ပညာရှင်၊ တစ်ယောက်က နဂါးသွေးကြောပညာရှင်” ရွှယ်ယုက ရှင်းပြသည်။ “နှစ်ယောက်လုံးက သာမန်လူတွေ မဟုတ်ဘူး။ ကျွန်မ ရွာပြန်တုန်းက ကျွန်မမိသားစုရဲ့အကြီးအကဲကနေမှတစ်ဆင့် သူတို့နဲ့ ရင်းနှီးထားတာ။ ဒီလူနှစ်ယောက်ဆီက အကူအညီသာ ယူနိူင်ရင် နောင်ကျ ညာလက်နှစ်ဖက် ရလိုက်တာနဲ့ ညီမျှလိမ့်မယ်လို့ ပြောတယ်”

“ဆေးပင်ပညာရှင်ဆိုတာက တောတောင်ထဲက ဆေးပင်တွေကို ရှာဖွေရင် အသက်မွေးတာမလား။ နဂါးသွေးကြောပညာရှင်ဆိုတာက ဘာလဲ။ ငါ တစ်ခါမှ မကြားဖူးပါဘူး” ထန်ရှုက ဇဝေဇဝါနှင့် မေးသည်။

ရွှယ်ယုသည် ပတ်ဝန်းကျင်ရှိ မနာလိုနေသောလူပေါင်းများစွာ၏ အရှေ့တွင် သူ့လက်မောင်းကို ဖက်၍ ဓာတ်လှေကားထဲ ဝင်လိုက်၏။ “နဂါးသွေးကြောပညာရှင်ဆိုတာ တကယ်တော့ နဂါးသွေးကြောလို့ခေါ်တဲ့ မြေအကြောကို ရှာရာမှာ ကျွမ်းကျင်တဲ့ ဖုန်းရွှေပညာရှင်တစ်ယောက်ပဲ။ အဲဒီလိုလူတွေက ဖုန်းရွှေပညာမှာ အင်မတန်ကျွမ်းကျင်ပြီး သူတို့ အတော်ဆုံးအရာက သတ္တုတွေကို ရှာဖွေတူးဖော်တာ။ ကောဟဟာလတွေအရတော့ နဂါးသွေးကြောပညာရှင်မှာ စိတ်အစွမ်းတွေ ရှိတယ်တဲ့လေ။ ဒါပေမဲ့ ငါတော့ မပြောတတ်ဘူး၊ ဘာပြောပြော နင် သူ့ကိုတွေ့ရမှာပဲဟာ”

“သူက သတ္တုရှာဖွေတဲ့နေရာမှာ တော်တယ်ပေါ့” ထန်ရှုက မျက်ခုံးများပင့်လျက် မေးသည်။

“အင်းဟုတ်တယ်” ရွှယ်ယုက ‌ထောက်ခံသည်။ “ဒါ့အပြင် သူ့ကြည့်ရတာ နာမည်ကြီးဘူမိဗေဒပညာရှင်နဲ့ တူတယ်”

“ကဲ ဒါဆိုလည်း သူနဲ့ တွေ့ဖို့ နောက်တစ်ရက် ထပ်နေကြတာပေါ့” ထန်ရှုက ‌ခေါင်းညိတ်၍ ပြောသည်။ “ထားတော့ ဒီအကြောင်းတော်ပြီ။ ဒီအတောအတွင်း မင်းရော ဘယ်လိုလဲ။ ဟိုဟိုသည်သည် ပြေးလွှားနေရတာ မပင်ပန်းဘူးလား”

ရွှယ်ယုမျက်နှာလေးတွင် အပြုံးပန်းများ ဝေသွားပြီး သူမက ဖြေသည်။ “မပင်ပန်းပေမယ့် တစ်ခါတလေတော့ ရန်ပုံငွေမလောက်သလို ခံစားရတယ်။ သွားရလာရတာ ကသီ, တာပေါ့”

ထန်ရှုမှာ မရယ်မိဘဲ မနေတော့ပေ။ “ဘိုင်ပြတ်နေလည်း ပြောတာမဟုတ်ဘူး။ မင်းရဲ့လူမှာ တခြားအရာ‌တွေ မရှိရင် မရှိလိမ့်မယ် ငွေတော့ ပေါပါတယ်ကွ။ ပြီးရင် ယွမ်တစ်ဘီလီယံ လွှဲပေးလိုက်မယ်။ မလောက်ရင် ပြောသာပြော”

“ဟီးဟီး...”

သူတို့ရယ်နေကြစဉ် ဓာတ်လှေကားထဲမှ မာထန်ထန်အသံတစ်သံ ထွက်လာသည်။ “လူတွေ လေကြီးလေကျယ်တွေ ပြောတာ အများကြီး မြင်ခဲ့ဖူးပေမယ့် ဒီလောက်လေကြီးတဲ့လူတော့ တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ တစ်ဘီလီယံတဲ့လား ဟမ်။ ဆယ်ဘီလီယံလို့ပဲ ပြောလိုက်ပါတော့လား”

ထန်ရှုနှင့် ရွှယ်ယုမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးနောက် ဓာတ်လှေကားထဲရှိ တစ်ယောက်တည်းသော အပြင်လူကို လှည့်ကြည့်လိုက်ကြသည်။ ၎င်းက အနောက်တိုင်းဝတ်စုံနှင့် လူတစ်ယောက်တစ်ယောက်ပင်။ လက်ဆွဲအိတ်တစ်လုံးကိုလည်း ကိုင်ထားသည်။ သူက ယခုလေးတင် သူတို့ကို စောင်းမြောင်းပြောခဲ့လေသည်။

“မင်းနာမည်က ဘာလဲ ကိုယ့်လူ” ထန်ရှုက ပြုံးလျက် မေးသည်။

လူငယ်က စိတ်ရှုပ်ဟန်ဖြင့် မျက်လုံးကစားလိုက်ကာ မဖြေချင်ပုံရသည်။ သို့သော် သူ့မျက်လုံးများက ရွှယ်ယု၏ ဖြူဖွေးသောလည်တိုင်လေးအပေါ် ကျသွားပြီးနောက် သူက သူမကို စကားပြောလေသည်။ “ငါ့နာမည်က ဝမ်မင်ခွန်း၊ မင်းထက် နှစ်အနည်းငယ်လောက် ကြီးမယ်ထင်တယ်။ ငါ့ကို အစ်ကိုလို့ ခေါ်လည်း မင်း အရှံးမရှိပါဘူး”

ထန်ရှုက တဟားဟားရယ်ပြီးနောက် ဝမ်မင်ခွန်းအား စကားထပ်မပြောတော့ပေ။ ‌လေးထပ်သို့ ရောက်သောအခါ ရွှယ်ယုက ထန်ရှုကို ဆွဲ၍ ဓာတ်လှေကားမှ ထွက်ကာ နှစ်ယောက်ခန်းတစ်ခန်းထဲ ဝင်သွားလေသည်။

“ကျွန်မ သူ့ကို သိတယ် ထန်ရှု။ သူက အတော်လေးဇွဲကောင်းတဲ့ အရောင်းအဝယ်သမားပဲ။ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ယောက်ကို အမိဖမ်းဖို့ ဒီဟိုတယ်ကို နေ့တိုင်းလိုလို လာနေတာ။ သူကြည့်ရတာ တစ်ခုခုကို ဆွေးနွေးချင်တဲ့ပုံပဲ” ရွှယ်ယုသည် ထန်ရှု၏ကုတ်အင်္ကျီကို အသာအယာချွတ်ပေးရင်း အပြုံးလေးဖြင့် ‌ပြောနေ၏။

မှတ်ချက်။ ။ ဤနေရာတွင် ဝမ်မင်ခွန်းက သူ့နာမည်အရင်းမဟုတ်ဘဲ ရွဲ့ဖြေလိုက်သော နာမည်သာဖြစ်ပါသည်။ နာမည်၏အဓိပ္ပါယ်က ပျိုတိုင်းကြိုက်နှင်းဆီခိုင် ဆိုသလိုမျိုးပါ။

***

All Chapters