မွေးရာပါ ခေါင်းမာသောစိတ်
Vol. 64 Ch. 896
ထန်ရှုသည် ဆိုဖာပေါ်၌ သက်တောင့်သက်သာ ထိုင်ချပြီးနောက် နှုတ်ခမ်းကို တွန့်ချိုး၍ ပြုံးလိုက်၏။ “အဲဒီလူငယ်ကို မင်း နည်းနည်းစိတ်ဝင်စားနေတဲ့ပုံပဲ”
“အင်း သူ့ဘဝက တကယ်လည်း စိတ်ဝင်စားစရာကောင်းတယ်လေ” ရွှယ်ယုက အပြုံးလေးဖြင့် ပြောသည်။
“အဲဒါတော့ အမှန်ပဲ” ထန်ရှုက ထောက်ခံသည်။ “သူက လောကကြီးကို ခြေစုံကန်ပြီး ခေါင်းမာတဲ့စိတ်နဲ့ မွေးဖွားလာသလိုပဲ။ သမားရိုးကျလမ်းကို ဆန့်ကျင်ပြီး ခက်ခဲတဲ့လမ်းကို ရွေးမယ့်သူပေါ့။ ခရီးခုလတ်မှာသာ မသေရင် တစ်ချိန်ကျ အင်အားကြီးတဲ့လူတစ်ယောက် ဖြစ်လာနိုင်တယ်”
“မဖြစ်လာနိုင်တော့ဘူး။ သူ့မှာ အသက်ဆက်ရှင်ဖို့ ခုနစ်ရက်ပဲ ရှိတော့တယ်” ရွှယ်ယုက ခေါင်းခါသည်။
“မင်း အခု အကြားမြင်အတတ်ကို ကျင့်နေတာလား” ထန်ရှုမှာ အံ့အားသင့်သွားသည်။
“အင်း ဘာမှလုပ်စရာမရှိတဲ့ အချိန်တိုင်း ကျင့်နေတာ” ရွှယ်ယုက ပြုံးလျက် ဖြေသည်။ “သူ့ပါးစပ်ကြောင့်ပဲ ကံဆိုးမိုးမှောင်ကျမှာ ဘယ်လောက်သနားစရာကောင်းလိုက်သလဲ”
“နှုတ်မစောင့်ရင် ဒုက္ခရောက်တာ အမှန်ပဲလေ” ထန်ရှုက သက်ပြင်းချသည်။ “ကဲပါ သူ့အကြောင်း မပြောကြရအောင်။ ခြောက်ထောင့်အစီအရင်နဲ့ပတ်သက်ပြီး မင်းလေ့လာနေတာ အခြေအနေ ဘယ်လိုရှိတုန်း။ ကိုယ့်ဘာသာ ချိုးဖျက်ဖို့ ယုံကြည်ချက်ရှိနေပြီလား”
“မသေချာသေးဘူး” ရွှယ်ယုက ခေါင်းခါသည်။ “အခုထိ ခြောက်ထောင့်အစီအရင်ရဲ့ ၂၀ ရာခိုင်နှုန်းကျော်ကိုတောင် နားလည်တယ်မထင်ပေမယ့် ကမ်းဇတ်လုံကွမ်ပင်လယ်အော်ကို တန်းသွားရင် အဲဒီအင်မော်တယ်နေအိမ်ထဲ ဝင်နိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်”
“ဘာလို့လဲ” ထန်ရှုက တအံ့တဩ မေးသည်။
“ရှင့်ကြောင့် ယုံကြည်ချက်ရှိတာ” ရွှယ်ယုက သဘောကျစွာ ရယ်သည်။ “ကျွန်မ ရှင့်အကြောင်းသိပါတယ်။ ရှင်က ယုံကြည်ချက်အပြည့်အဝမရှိရင် ကမ်းဇတ်ကို သွားရင်း ဘယ်တော့မှ အချိန်အကုန်ခံမှာမဟုတ်ဘူး။ ဆိုတော့ ရှင်ရော ဘယ်လိုလဲ ခြောက်ထောင့်အစီအရင်ကို နားလည်ပြီလား”
“ငါလည်း ရာနှုန်းပြည့်တော့ မသေချာသေးဘူး” ထန်ရှုက ရယ်လျက် ပြောသည်။ “အဲဒီကိုသွားပြီး သေချာလေ့လာရလိမ့်မယ်။ ကံကောင်းရင်တော့ အင်မော်တယ်နေအိမ်ကို ဖွင့်ပြီး အထဲမှာ ဘာတွေရှိနေလဲ သိရမှာပေါ့”
“ရှင် ကျွမ်မကို မနေ့က ဖုန်းခေါ်တုန်းက ကျွန်မ အခွင့်အရေးကို တွက်ကြည့်ဖို့ အကြားအမြင်ဖတ်လိုက်သေးတယ်” ရွှယ်ယုက အပြုံးလေးဖြင့် ဆိုသည်။ “ကျွန်မအတွက်တော့ ရလဒ်က အတူတူပဲ။ ရှင့်ရလဒ်ကိုတော့ ဖတ်လို့မရဘူး”
“ဖတ်မရလည်း ကိစ္စမရှိဘူး” ထန်ရှုက ပြောသည်။ “အင်မော်တယ်နေအိမ်ကနေ တစ်ခုခုရနိုင်ရင် ကောင်းတာပေါ့။ မရရင်လည်း ဘာမှမဖြစ်ပါဘူး။ စကားမစပ်နဲ့ ကမ်းဇတ်ခရီးပြီးရင် ငါနဲ့ တစ်နေရာကို လိုက်ခဲ့ပေးဦး။ ငါတို့အားလုံး အဲဒီကျင့်ကြံဖို့ အချိန်အတော်ကြာ နေရလိမ့်မယ်”
“ဘယ်နေရာလဲ” ရွှယ်ယုက သိချင်စိတ်များဖြင့် မေးသည်။
“နဂါးကိုးကောင်ကျွန်း” ထန်ရှုက ဖြေသည်။
ရွှယ်ယု၏မျက်လုံးများ တောက်ပသွားပြီး သူမက ခပ်သွက်သွက်မေးလေသည်။ “နတ်သမီး တံခါးပိတ်ကျင့်ဖို့ အမြဲနေချင်ခဲ့တဲ့ နေရာလား။ ရှင် နိုင်ငံခြားကနေ ဝယ်လိုက်တဲ့ ကျွန်းလေ”
“ဟုတ်တယ် အဲဒီနေရာပဲ” ထန်ရှုက အပြုံးဖြင့် ပြောသည်။ “နဂါးကိုးကောင်ကျွန်းရဲ့ ဆောက်လုပ်ရေးပရောဂျက်က ပထမတော့ ဇွန်လအစောပိုင်းမှာ အပြီးသတ်ဖို့ ရှိတာ။ ဒါပေမယ့် အကြောင်းတချို့ကြောင့် နှောင့်နှေးသွားတယ်။ ဒါပေမဲ့ မကြာခင် ပြီးတော့မှာပါ။ ငါတို့ နှစ်လအတွင်း နေနိုင်လိမ့်မယ်”
“ဒါဆို ကျွန်မ လိုက်ခဲ့မယ်” ရွှယ်ယုက ခေါင်းညိတ်သည်။
***
ချန်းမြို့တော်ဟိုတယ်၏ ငါးထပ်မြောက်၊ ကော်ဇောနီခင်းထားသော ကော်ရစ်တာထဲတွင် လီရှန်းသည် အရှေ့ရှိ အခန်းတံခါးကို စိုက်ကြည့်ရင်း နံရံအား မှီနေ၏။ ဤသည်မှာ သူ့ကုမ္ပဏီထုတ် စက်ပစ္စည်းများကို ရောင်းဖို့ စက်ပစ္စည်းစက်ရုံပိုင်ရှင်အား စောင့်ရင်း ကိုးကြိမ်မြောက် ဤနေရာသို့ ရောက်လာခြင်းဖြစ်သည်။
‘ယွမ် ကိုးသောင်း လိုနေသေးတယ်။ ဒီအပေးအယူကို လုပ်နိုင်သရွေ့ ငွေလောက်အောင် ရှာလို့ရတယ်။ ပြီးရင် အဲဒီမေဘေးမန်နေဂျာကို ကန်ထုတ်ပစ်မယ်’
လီရှန်းသည် သူ့ကုမ္ပဏီ၏ အရောင်းဌာနမန်နေဂျာ၏ အရှက်မရှိသောမျက်နှာကို ပြန်တွေးရင်း ရွံလာ၏။ လွန်ခဲ့သောနှစ်အနည်းငယ်က အရောင်းမန်နေဂျာရှစ်ယောက်ကို သူ ခေါ်နိုင်ခဲ့သည်။ သူ သူတို့ကို မကန်ထုတ်ခင်တိုင်း သူတို့ထွက်မသွားခင် ငွေအတော်များများ ရှာနိုင်ခဲ့သည်။ ကံဆိုးစွာနှင့် သူ့မိသားစုမှာ နှစ်စဉ်နှစ်တိုင်း ဆေးစရိတ်အတွက် ယွမ်ပေါင်းထောင်ချီ သုံးစွဲနေရရာ သူ့အား အမြဲကျပ်တည်းနေစေခဲ့လေသည်။
ရုတ်ရက် လီရှန်းသည် ဓာတ်လှေကားထဲ၌ တွေ့ခဲ့ရသော လူကို သတိရလိုက်၏။ ယွမ်တစ်ဘီလီယံ၏ အတိုင်းအတာကို သူ ကောင်းကောင်း သိလေသည်။ ထိုငွေပမာဏကို အလွယ်တကူ သုံးနိုင်သောလူဟူ၍ ... စီးပွားရေးလောကတွင် အကောင်ကြီးကြီးများသာ ရှိသည်။ သို့ထိတိုင် ထိုအကောင်စုတ်က....
‘အဲဒီမိန်းမလှလေးတော့ နှမြောစရာပဲ။ ဘယ်လိုလုပ် အဲဒီလိုအားကိုးမရတဲ့ကောင်ကိုမှ တွေ့ရတာလဲ။ ဒီကောင့်မှာ ပိုင်ရှင်ရှိထားလို့သာပေါ့ မဟုတ်ရင် အဲဒီအလှလေးကို ပိုကောင်းကောင်းထားနိုင်မှာ’
လီရှန်းသည် သူ့ကိုယ်သူ ရယ်လိုက်၏။ အတွေးများဖြတ်ပြေးနေစဉ် ရုတ်တရက် အရှေ့ရှိ အခန်းတံခါး ပွင့်လာသည်ကို သူ မြင်လိုက်သည်။ ခြေတံရှည်ရှည်သွယ်သွယ်များနှင့် ဂစ်တာအိုးလိုခန္ဓာကိုယ်လေးများဖြင့် ဆွဲဆောင်မှုရှိသော မိန်းကလေးနှစ်ယောက် ထွက်လာ၏။ သူ ကိုးရက်တိုင် စောင့်နေခဲ့ရသော စက်ပစ္စည်းစက်ရုံပိုင်ရှင်လည်း မျက်နှာနီမြန်းမြန်းဖြင့် ထွက်လာသည်။
“မင်္ဂလာပါ သူဌေးဟွမ်” လီရှန်းက ကပျာကယာ နှုတ်ဆက်လိုက်သည်။
လီရှန်းကို ရုတ်တရက်ကြီး မြင်လိုက်ရသဖြင့် သူဌေးဟွမ်၏ အပြုံးမှာ တောင့်တင်းသွားသည်။ သူ့အတွက် တံခါးကို အထဲမှ စောင့်ပိတ်လိုက်ရန် နှစ်စက္ကန့်သာ ကြာလိုက်လေသည်။
ဒုန်း............
လီရှန်းမှာ ပိတ်သွားသောတံခါးကို ကြည့်ကာ တနုံ့နုံ ဒေါသထွက်လာသည်။
မိန်းမနှစ်ယောက်က ရပ်၍ လီရှန်း၏ပျက်ယွင်းနေသော အမူအရာကို ကြည့်လိုက်သည်။ တစ်ယောက်က ခနဲ့သလိုပြုံးလျက် ပြောလေသည်။ “ဟေ့ အချောလေး။ မမ မင်းကို အဖော်ပြုပေးရမလား။ စျေးလေး လျှော့ပေးမယ်လေ၊ ပြီးတော့ သူဌေးဟွမ်ထက်လည်း ပိုကောင်းကောင်းပြုစုပေးမှာနော်”
“ပိတ်ထားစမ်း” လီရှန်းက အော်ပြီးနောက် အသက်မနည်းရှူကာ နံရံကို ပြန်မှီလိုက်သည်။
ထိုမိန်းမက သူ့ကို ဒေါသတကြီး ကြည့်ပြီးနောက် ဆဲဆိုရင်း လှည့်သွားသည်။ “သနားစရာငမွဲကောင်။ အနောက်တိုင်းဝတ်စုံနဲ့ သူဌေးဆိုက်ဖမ်းနေသေးတယ်။ သူဌေးတွေက မိန်းမတွေနဲ့ ကုတင်ပေါ်မှာ သာယာနေတဲ့အချိန် ငမွဲမှာတော့ အပြင်မှာ လီးလီးလားလား လုပ်နေတယ်။ လာ ဒီသောက်နေရာကနေ သွားကြစို့။ မင်္ဂလာကို မရှိဘူး”
သနားစရာငမွဲတဲ့လော
လီရှန်းမှာ သူမ၏ထေ့ငေါ့မှုများကြောင့် အလွန်တရာဒေါသထွက်နေပြီး တင်ပါးများယမ်းကာ ထွက်သွားသော အမျိုးသမီးနှစ်ယောက်ကို ကြည့်၍ လေကို လက်သီးဖြင့် ထိုးလိုက်လေသည်။ လီရှန်းသည် မိန်းမလှများကို သဘောကျသော်လည်း သူ့တွင်လည်း သူ့စည်းနှင့်သူ ရှိသည်။ သူ့အတွက် မိန်းမတစ်ယောက်ယူ၍ တစ်ကြိမ်လက်ထပ်ကာ သူမနှင့်တစ်ဘဝလုံး လက်တွဲသွားနိုင်ဖို့က လုံလောက်လေပြီ။
‘မင်းတို့လို အပျက်မတွေအတွက် ငါ့ငွေကို ဖြုန်းစရာလား။ ငါ့မှာသာ ငွေရှိရင် ငါ့မိန်းမအတွက် ဆေးတွေ ဝယ်ပေးပြီး အစားအကောင်းအသောက်ကောင်းတွေ လိုက်ကျွေးလိုက်မယ်’
ကျွီ....
သူ့အရှေ့ရှိ တံခါးက ပွင့်လာပြန်သည်။ သူဌေးဟွမ်သည် သုန်မှုန်နေသည့်မျက်နှာဖြင့် လီရှန်း၏အရှေ့၌ ပြန်ပေါ်လာသည်။ သူက ဆေးလိပ်ကို လက်ကြားညှပ်ထားကာ ပြော၏။ “ဝင်လာခဲ့”
လီရှန်းမှာ ပျော်ရွှင်သွားပုံပေါ်ပြီး အခန်းထဲ ကပျာကယာဝင်ကာ တံခါးပိတ်လိုက်သည်။ တံခါးပိတ်ပြီးနောက် ကြမ်းပြင်ပေါ်၌ ပြန့်ကြဲနေသော အိမ်သာသုံးစက္ကူစများကို မြင်လျှင် လီရှန်းမှာ အန်ချင်လာတော့သည်။
“ငါ့ကို အခန်းရှင်းပေးထား”
သူဌေးဟွမ်က ရေချိုးခန်းထဲ လှည့်ဝင်သွားပြီးနောက် မကြာခင် ရေကျသံကြားလိုက်ရသည်။
လီချင်းသည် ရေချိုးခန်းတံခါးကို လက်သီးဖြင့် ရွယ်လိုက်သော်လည်း ကြမ်းပြင်မှ အိမ်သာသုံးစက္ကူစများကို ခပ်သွက်သွက် ကောက်ပြီးနောက် အမှိုက်ပုံးထဲ ထည့်လိုက်၏။ အခန်းကို ရှင်းပြီးသော် အိပ်ရာကိုပင် သပ်သပ်ရပ်ရပ် လုပ်လိုက်လေသည်။ ထို့နောက် သူသည် ထောင့်သို့ လျှောက်သွားပြီးနောက် ခုံတစ်ခုံ၌ ထိုင်ကာ သူဌေးဟွမ်ထွက်လာမည်ကို စောင့်နေ၏။
နာရီဝက်ကြာမှ သူဌေးဟွမ်က သဘတ်ဖြင့် ခါးကို ပတ်ထားလျက် ထွက်လာသည်။ ထို့နောက် သူသည် အခန်းကို ကျေနပ်စွာ ကြည့်လိုက်၏။ “မဆိုးဘူး သေချာရှင်းထားတာပဲ”
လီရှန်းက ထရပ်ပြီး ရိုရိုကျိုးကျိုး ပြုံးလိုက်သည်။ “အခုလို ကူညီခွင့်ရတာ ဝမ်းသာပါတယ် သူဌေးဟွမ်။ နေ့တိုင်းသန့်ရှင်းပေးဆိုလည်း အသင့်ပါပဲ”
“အရောင်းသမားအကုန်လုံးကတော့ လျှာကို ရွှေချထားရမယ်။ တော်တ်ောပြောတတ်တာပဲ” သူဌေးဟွမ်က ပြုံးသည်။ “ဒါပေမဲ့ ငါ မင်းကို ဝင်ခွင့်ပေးလိုက်တာက စီးပွားရေးကိစ္စပြောဖို့ မဟုတ်ဘူး။ တခြားကိစ္စတွေ ရှိလို့”
လီရှန်း၏အမူအရာက အတန်ငယ်ပြောင်းလဲသွားသော်လည်း သူက ယဉ်ယဉ်ကျေးကျေး ပြန်ဖြေသေးလေသည်။ “ဟုတ်ကဲ့ ပြောပါ သူဌေးဟွမ်”
သူဌေးဟွမ်က ဆိုဖာတွင် ထိုင်လိုက်သည်။ ထို့နောက် လီရှန်းကို လေးနက်စွာ ကြည့်ကာ ပြောလေသည်။ “ငါက စက်ပစ္စည်းပိုင်းစီးပွားရေးလုပ်တာ မင်းလည်း သိတယ်မလား။ မင်း ငါ့ကုမ္ပဏီမှာ အလုပ်လုပ်ချင်လား”
“ဗျာ” လီရှန်းမှာ သူ့မေးခွန်းကြောင့် ကြောင်သွားလေသည်။ သူက အတန်ငယ်တွန့်ဆုတ်နေပြီးနောက် ပြုံးကာ ပြောသည်။ “အခုလို သူဌေးရဲ့ သတိပြုခံရတာ ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ အခက်အခဲတချို့ ရှိလို့ လက်ရှိအလုပ်ရှင်ဆီကနေ ထွက်မသွားနိုင်ပါဘူး”
“ကုမ္ပဏီနဲ့ စာချုပ်ကြောင့်လား” သူဌေးဟွမ်က မျက်ခုံးများပင့်လျက် မေးသည်။
“မဟုတ်ပါဘူး” လီရှန်းက ခေါင်းခါကာ ပြောသည်။ “ကျွန်တော် ငွေလိုနေလို့ပါ။ အရေးတကြီးပေးစရာ ရှိနေတာ။ နောက်လရဲ့ သွင်းဇယားမတိုင်ခင် လဝက်ပဲ အချိန်ရတော့မယ်။ အဲဒီငွေကိုမရရင် ကျွန်တော့်မိန်းမ ခွဲစိတ်မှု လုပ်လို့မရတော့ဘဲ နေမှာပါ”
“မင်းမိန်းမက ခွဲစိတ်မှုလုပ်ရမယ် ဘာဖြစ်လို့လဲ” သူဌေးဟွမ်က တအံ့တဩမေးသည်။
“နှလုံးရောဂါပါ” လီရှန်းက ခါးသီးစွာ ဖြေသည်။
သူဌေးဟွမ်သည် အတန်ကြာတိတ်ဆိတ်သွား၏။ သူက စီးကရက်ကို မီးညှိ၍ တစ်ရှိုက်နှစ်ရှိုက်ဖွာကာ မေးလေသည်။ “ဘယ်လောက်လိုသေးတာလဲ”
“ကိုးသောင်း” လီရှန်းက ဖြေသည်။
သူဌေးဟွမ်၏မျက်လုံးများ ဝိုင်းစက်သွားပြီး မယုံနိုင်စွာ မေးလေသည်။ “တစ်လတည်းနဲ့ ယွမ်ကိုးသောင်း ရှာနိုင်လို့လား”
“သူဌေးဟွမ်နဲ့သာ အရောင်းအဝယ်တည့်ပြီး ကျန်တဲ့ကော်မရှင်ခတွေပါ ပေါင်းလိုက်ရင် ယွမ်ကိုးသောင်းက ပြဿနာမဟုတ်ပါဘူး” လီရှန်းက စိတ်ညစ်နေသောအမူအရာဖြင့် ပြောသည်။ “ဒါပေမဲ့ သူဌေးနဲ့ အပေးအယူမတည့်ရင်တော့ အခြေအနေတွေ ဆိုးရွားသွားမှာ စိုးမိတယ်”
သူဌေးဟွမ်က လက်မထောင်၍ ချီးကျူးသည်။ “မျိုးဆက်တစ်ဆက်မှာတော့ ထူးချွန်တဲ့ လူတော်တဲ့ ပါစမြဲဆိုတာ မှန်သားကွ။ ဒီလောက်အသက်ငယ်ငယ်လေးနဲ့ တစ်လအတွင်း အဲဒီလောက်ရှာနိုင်တာ တော်တော်ချီးကျူးစရာပဲ။ မင်းက တော်ပြီးရင်း တော်နေတယ်လို့ ငါ ခံစားနေရပြီ။ ဒါပေမဲ့ မင်းကုမ္ပဏီကိုလည်း ငါ အာရုံစိုက်မိတယ်။ အရောင်းဝန်ထမ်းကတောင် ဒီလိုရှာနိုင်ရင် မင်းကုမ္ပဏီရဲ့စီးပွားရေး တော်တော်ကောင်းတာ သက်သေပဲ”
သို့သော် လီရှန်းက ကြားဖြတ်ပြောသည်။ “သူဌေးဟွမ် စိတ်တော့မကွက်ပါနဲ့။ ကျွန်တော့်ကုမ္ပဏီရဲ့ အရောင်းသုံးပုံတစ်ပုံက ကျွန်တော့်အရောင်းတွေပါ”
သုံးပုံတစ်ပုံတဲ့လော
“မင်းတို့ကုမ္ပဏီမှာ အရောင်းဝန်ထမ်း ဘယ်နှယောက်ရှိတာလဲ” သူဌေးဟွမ်က မေးသည်။ သိချင်နေစိတ်က သူ့မျက်နှာပေါ်တွင် ထင်ပေါ်နေသည်။
“အယောက်နှစ်ဆယ်ကျော်” လီရှန်းက ဖြေသည်။
သူဌေးဟွမ်မှာ တုန်လှုပ်သွားပြီး လီရှန်းကို မယုံနိုင်စွာ ကြည့်ကာ ပြောလေသည်။ “အယောက်နှစ်ဆယ်ကျော်တာအောင် သုံးပုံတစ်ပုံက မင်းအရောင်းတဲ့လား။ သောက်ရမ်းမိုက်တာပဲကွ။ ကောင်းပြီ ငါ့ကုမ္ပဏီမှာ လာအလုပ်လုပ်တော့။ ငါ မင်းကို တစ်လ ယွမ်တစ်သောင်းပေးမယ်၊ အရောင်းကော်မရှင်နဲ့ နှစ်ဆုံးဘောနပ်စ်ပါ ထည့်ပေးမယ်ကွ။ ပြီးတော့ မင်း လိုရင် အဲဒီယွမ်ကိုးသောင်းကိုလည်း ကြိုပေးထားနိုင်တယ်။ ဘယ်လိုလဲ”
“သူဌေးဟွမ် ကျွန်တော် သူဌေးဆီက အမိန့်လေးပဲ လိုတာပါ။ ဒါဆို ယွမ်ကိုးသောင်းရပြီ” လီရှန်းက မျက်မှောင်ကြုတ်လျက် ပြောသည်။
“ငါ အဲဒီအရောင်းအဝယ်ကို မလုပ်ရင်ရော” သူဌေးဟွမ်က ခေါင်းခါလေသည်။
“ဒါဆို နောက်လအထိ စောင့်ရတော့မှာပေါ့ သူဌေးဟွမ်ရယ်” လီရှန်းက ဖြေသည်။
သူဌေးဟွမ်သည် လီရှန်းအား စီးကရက်တစ်လိပ်ပေးပြီးနောက် ပေါ့ပေါ့ပါးပါး ပြော၏။ “ဒါဆိုလည်း ငါ မင်းကို တစ်နှစ်လစာ တစ်သန်းပေးမယ်။ ငါးသိန်းကြိုယူနိုင်တယ်။ အေး မင်း အရောင်းစာရင်းတွေက ကျနေရင်တော့ စာချုပ်ကို အချိန်မရွေး ဖျက်သိမ်းမယ်၊ ကျန်တဲ့ငါးသောင်းကိုလည်း မင်း မရဘူး ဘယ်လိုလဲ”
လီရှန်းမှာ တုန်လှုပ်သွားပြီး သူဌေးဟွမ်က ကြည့်ကာ ပြောလေသည်။ “တစ်ခုလောက် မေးလို့ရမလား။ ဘာလို့ ကျွန်တော့်ကို ဒီလောက်တန်ဖိုးထားတာလဲဗျ။ ကျွန်တော့်အကြောင်းလည်း သိပ်သိတာမဟုတ်သလို ကျွန်တော်ပြောတာ မှန်လားလည်း မစုံစမ်းရသေးဘူးလေ”
“မင်းရဲ့ဇွဲကြောင့်ပဲ” သူဌေးဟွမ်က ဖြေသည်။ “ကိုးရက်ဆက်တိုက် ငါ့ကို တားပြီး မရပ်မနားအပူကပ်နေခဲ့လိုပဲ။ မင်းအဲဒီလိုဇွဲကောင်းတာကို ငါ သဘောကျတယ်”
***