သူက နိုးထမလာချင်တာ
Vol. 112 Ch. 1562
“တောင်ပင်လယ်တွေရဲ့ အလိုအလျောက်စိတ်ဝိညာဉ်။ မင်းဟာ အတိတ်တုန်းက လွင့်စင်ပြိုကွဲသွားခဲ့ရပေမယ့် အခု မင်း အသစ်ပြန်လည်ဖြစ်ပေါ်လာဖို့ အချိန်ကျလာခဲ့ပြီ။ ငါ၏စိတ်ဆန္ဒမျှင်နဲ့ ပေါင်းစည်း၍ အသစ်ပြန်လည်မွေးဖွားလာလော့” မန်ဟို၏စကားလုံးများ ပဲ့တင်ထပ်သွားသည်နှင့်တစ်ပြိုင်နက် မှီခိုရာဂိုဏ်းချုပ်မှာ တုန်ရီသွားသည်။ အတိတ်တုန်းက သူ့အပေါ် စီမံထားခဲ့သော ချုပ်နှောင်ခြင်းစည်းတံဆိပ်များ ပျောက်ကွယ်သွားပြီး စွမ်းအားလှိုင်းတစ်လှိုင်း ထကြွလာသည်။ တဖြည်းဖြည်း အံ့မခန်းလိလိချီစီးကြောင်းတစ်ကြောင်းက သူ့အပေါ်၌ ပေါ်လာတော့သည်။
ထိုချီစီးကြောင်းသည် တောင်ပင်လယ်လောကနှင့် ဆက်သွယ်ကာ ပဲ့တင်ရိုက်ခတ်မှုတစ်ခုကို ဖန်တီးနေ၏။ တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားနေသောမှီခိုရာဂိုဏ်းမှာ တောင်ပင်လယ်လောကထဲသို့ တဟုန်ထိုးထွက်သွားသည့် အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားတော့သည်။ ဤအခိုက်အတန့်၌ မှီခိုရာဂိုဏ်းချုပ်ကား တောင်ပင်လယ်လောက၏ တစ်ကောင်တည်းသောလိပ်၊ တောင်ပင်လယ်လောကချီစီးကြောင်း၏ စောင့်ရှောက်သူ ဖြစ်လာခဲ့လေပြီ။
ကျိုးပြည်သည် ထူးခြားပြီး အနှိုင်းမဲ့သည့် တောင်များအထဲမှ တောင်ကို သယ်ထမ်းထား၏။ ၎င်းက ယခုတွင် တောင်ပင်လယ်များ၏မျိုးစေ့တစ်စေ့ ဖြစ်လာခဲ့သည်။ လောက ထပ်မံပျက်သုဉ်းခဲ့ရလျှင်တောင်မှ တောင်များအထဲမှ တောင် တည်ရှိနေသရွေ့ တောင်ပင်လယ်လောကသည် ဆက်လက်တည်မြဲနေလိမ့်မည်။
ဤအရာများကို လုပ်ဆောင်ပြီးနောက် မန်ဟိုသည် တောင်ပင်လယ်လောကအား သိမ်းလိုက်၏။ ထို့နောက် ရှုချင်နှင့်အတူ တောင်ပင်လယ်လိပ်ပြာကမ္ဘာတစ်လျှောက် ခရီးဆက်နှင်တော့သည်။ မန်ဟိုမှာ ချုံမန်းတိုင်ကို ရှာသော်လည်း ရှာမတွေ့ပေ။ နတ်ဘုရားအာရုံတချို့အား ဖြန့်ကျက်ပြီးနောက် ချုံမန်းတိုင်သည် တောင်ပင်လယ်လိပ်ပြာ၏ကမ္ဘာထဲ၌ မတည်ရှိကြောင်း မန်ဟို အတည်ပြုနိုင်သွား၏။ သို့သော် မကြာမီ မန်ဟို့ရှေ့၌ သူ ပြန်ပေါ်လာလိမ့်မည်။
“ချင်အာ ကိုယ်သွားစရာလိုတဲ့ နောက်တစ်နေရာ ရှိသေးတယ်...” မန်ဟိုက လွမ်းဆွတ်ကြေကွဲမှုတို့ ထွေးယှက်နေသောအသံဖြင့် တိုးညင်းစွာ ပြောသည်။ ရှုချင်က အတွေးများဖြင့် သူ့ကို ကြည့်လေသည်။
ရက်အနည်းငယ်ကြာသွားသည်။ တောင်ပင်လယ်လိပ်ပြာ၏ကမ္ဘာထဲရှိ နောက်တစ်နေရာတွင် တောင်တန်းတစ်တန်း ရှိ၏။ မန်ဟိုက တောင်တန်း၏အပြင်၌ ပျံဝဲနေသည်။ သူသည် အထဲမဝင်ခင် မိမိကိုယ်ကိုအပြစ်တင်နေသော အမူအရာဖြင့် တောင်များအား ကြည့်နေ၏။
ဤတောင်တန်းသည် တောင်ပင်လယ်လိပ်ပြာအတွင်း၌ ထင်ပေါ်ကျော်စော၏။ ရှေးခွန်လွန်အစည်းအရုံး၏ တည်နေရာလည်း ဖြစ်သလို၊ ယခုတွင် တောင်ပင်လယ်လိပ်ပြာကမ္ဘာအတွင်း၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလည်း ဖြစ်ချေသည်။
မန်ဟိုရောက်လာသည်ကို ခွန်လွန်အစည်းအရုံးရှိ မည်သူမှ သတိမထားမိပေ။ သူနှင့်ရှုချင်သည် မတူညီသောနေရာအပိုင်းအခြားတွင် ရှိနေသကဲ့သို့ ကျင့်ကြံသူအားလုံး၏ဘေးမှ ဖြတ်လာခဲ့လေသည်။ မကြာမီ နှစ်ယောက်သား ခွန်လွန်အစည်းအရုံး၏ အတွင်းပိုင်းထဲရှိ မိုးထိမတတ် မြင့်မားလှသော တောင်တစ်လုံး၏ အခြေသို့ ရောက်သွားကြ၏။
ဤတောင်၏ထိပ်ကား ချွန်စောင်းစောင်းမဟုတ်၊ အစွမ်းထက်မန္တန်လှိုင်းဂယက်များနှင့် မြူများရစ်သိုင်းနေသော မြေပြန့်တစ်ခုဖြစ်သည်။ အဘိုးတစ်ဦးသည် တောင်ထိပ်၌ မလှုပ်မယှက် တင်ပျဉ်ခွေထိုင်နေ၏။
သူ့ထံမှ သင်းပျံ့သောဆေးရနံ့သည် ပတ်ဝန်းကျင်တွင် ပျံ့လွင့်နေ၏။
သူကား ... ဆေးလုံးမိစ္ဆာမှတစ်ပါး အခြားမဟုတ်ပေ။
သူသည် မန်ဟို၏ဆရာလည်း ဖြစ်သလို၊ ချူယွီယန်၏ဆရာလည်း ဖြစ်၏။
မန်ဟိုသည် ဝမ်းနည်းကြေကွဲမှုတို့ ရင်တွင် ပြည့်နှက်နေလျက် တောင်ခြေ၌ တိတ်ဆိတ်စွာ ရပ်နေသည်။ ထို့နောက် ရှုချင်နှင့်အတူ တောင်ပေါ် ဖြည်းဖြည်းချင်း တက်သွားသည်။ တောင်ထိပ်သို့ ရောက်သည့်အခါ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက စီမံထားသော မန္တန်ဝင်္ကပါများ၏အလယ်ရှိ အခေါင်းတစ်ခေါင်း၏အရှေ့၌ ထိုင်နေသည့် ဆေးလုံးမိစ္ဆာကို သူတို့ တွေ့လိုက်ရသည်။
ခေါင်းတလားထဲတွင် လှပသောမိန်းကလေးတစ်ဦးသည် အိပ်ပျော်နေသကဲ့သို့ အေးအေးချမ်းချမ်း လှဲလျောင်းနေလေသည်။
အခေါင်းကို မြင်သည်နှင့် မန်ဟို၏ဝမ်းနည်းကြေကွဲမှုတို့ ပိုမိုနက်ရှိုင်းသွားပြီး အမှတ်တရပေါင်းများစွာ သူ့စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။ တခဏကြာသော် မန်ဟိုက လက်ယှက်၍ ဆေးလုံးမိစ္ဆာအား လေးလေးနက်နက် အရိုအသေပေးလိုက်လေသည်။
“ဆရာ” သူက နူးညံ့ပျော့ပျောင်းစွာ ခေါ်သည်။
ဆေးလုံးမိစ္ဆာမှာ တုန်ရီသွားပြီး လှည့်ကြည့်လိုက်၍ မန်ဟို သူ့နောက်၌ ရပ်နေသည်ကို မြင်လျှင် ငေါက်ခနဲ ထရပ်လိုက်သည်။ အတန်ကြာသော် သူက သက်ပြင်းချပြီး မန်ဟို့ဆီ လျှောက်လာကာ သူ့ပခုံးကို ဖြစ်လိုက်သည်။ ရှုချင်ကို လှမ်းကြည့်ရင်း ခေါင်းညိတ်ပြပြီးနောက် ဆေးလုံးမိစ္ဆာက လှည့်ထွက်သွားလေသည်။
မန်ဟိုမှာ အခေါင်းကို ကြည့်ရင်း ယန်အာ ချူယွီယန်၏ဝိညာဉ်ကို သူ့မျက်စိရှေ့မှောက်၌ ဖျက်စီးခဲ့သောပုံရိပ်အား ပြန်မြင်ယောင်ကာ တိတ်ဆိတ်စွာ ရပ်နေမိသည်။
ရှုချင်က မန်ဟို့ဘေး၌ လာရပ်လေသည်။ အခေါင်းကို ငုံ့ကြည့်လိုက်သောအခါ သူမအကြည့်သည် နူးညံ့ပျော့ပျောင်းသွား၏။ “မန်ဟို” သူမက တိုးတိုးလေး ခေါ်သည်။ “ငါတို့ကွဲကွာနေတုန်းက ဘာတွေဖြစ်ခဲ့လဲ မပြောပြချင်ဘူးလား”
မန်ဟိုမှာ အတန်ကြာတိတ်ဆိတ်နေသည်။ ထို့နောက် အာကာပြင်ကျယ်ဂြိုဟ်ပေါ်၌ ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းကို စပြောပြတော့သည်။
ဟန်ပေ့အကြောင်း .... ယန်အာဆိုသော တပည့်တစ်ယောက်အကြောင်း။ နဝမမန္တန်နှင့် လူဝင်စားကိုးယောက်အကြောင်း။ ရတနာလေးအကြောင်း။ သူက အကုန်လုံးကို အချိန်ပေးရှင်းပြပေးနေလေသည်။
“ရတနာလေး မျက်လုံးမှိတ်ပြီး ပျောက်ကွယ်သွားတော့ ယန်အာက သူ့ရဲ့အတိတ်မှတ်ဉာဏ်တွေကို ဖျက်စီးပစ်လိုက်တယ်။ သူ ဘဝပြန်ဝင်စားခြင်းသံသရာထဲ ဝင်ရောက်သွားပြီလို့ ကိုယ် ထင်နေပေမယ့် လိုက်ရှာကြည့်တော့ အဲဒီမှာ မရှိဘူး။ အဲဒီအချိန်ကျမှ သူ ဘဝပြန်ဝင်စားခြင်းသံသရာထဲ ဘယ်တော့မှ မဝင်ခဲ့ဖူးဆိုတာ ကိုယ် သဘောပေါက်လိုက်တာပဲ။ သူက မူလကိုယ်ထဲ ပြန်သွားခဲ့တာ
“ချူယွီယန်က အိပ်မက်ထဲမှာ နေနေသလိုပဲ..... သူ့မှာ နိုးလာချင်တဲ့စိတ်ကို မရှိတာ” အခေါင်းထဲရှိ ချူယွီယန်၏အလောင်းကို ငုံ့ကြည့်နေစဉ် မန်ဟိုမှာ အက်ကွဲနေသောအသံဖြင့် ခပ်တိုးတိုးပြောနေခြင်း ဖြစ်သည်။
ရှုချင်သည် စိတ်ရှည်လက်ရှည် နားထောင်နေ၏။ မန်ဟို၊ ရတနာလေးနှင့် ယန်အာတို့၏ အဖြစ်အပျက်အားလုံးကို သူမမျက်ဝန်းထဲတွင် ပြန်လည်မြင်ယောင်နေမိလေသည်။ မန်ဟို့အနေဖြင့် ခံစားချက်များကို နက်နက်နဲနဲ နားလည်နိုင်မည်မဟုတ်သော်လည်း ရှုချင်အတွက်မူ ချူယွီယန်အား ပိုမိုနားလည်သွားသည်။
“စိတ်ကူးယဉ်ထားတဲ့ ကမ္ဘာထဲမှာ တစ်ယောက်တည်းပဲ နေချင်တာမလို့ သူ ပြန်နိုးမလာချင်တာ” ရှုချင်က တိုးညင်းစွာ ပြောသည်။ “သူက နင့်ကို သိပ်ချစ်လို့ မေ့ချင်နေတာ မန်ဟို။ သူ လမ်းပျောက်နေတာသိလား”
သူမသည် မန်ဟို့ကို ကြည့်ကာ ပြုံး၏။ အပြုံးသည် ခိုင်မာပြတ်သားပြီး ရိုးရှင်းနေသောအပြုံးလေး ဖြစ်လေသည်။ “သူ နိုးလာလို့ နင့်ကို ပြန်မှတ်မိရင် .... ငါတို့အားလုံး အတူတူကျင့်ကြံအားထုတ်ကြရအောင်လေ”
မန်ဟိုက သူမလက်ကို လှမ်း၍ ဆုပ်ကိုင်ကာ ဘာမှမပြောပေ။ ရှုချင်သည် ခေါင်းတလားထဲ၌ လှဲနေသော ချူယွီယန်ကို ငုံ့ကြည့်ပြီး ကိုယ်ချင်းလည်းစာသလို၊ ကျေးဇူးလည်း တင်မိလေသည်။
မန်ဟိုသည် ထိုကိစ္စနှင့်ပတ်သက်၍ ဘာမှမပြောတော့။ နောက်ဆုံးတော့ သူနှင့် ရှုချင် ထွက်လာခဲ့သည်။
လဝက်ကြာသော် တောင်ပင်လယ်လိပ်ပြာထဲရှိ လူတိုင်း ရွှေ့ပြောင်းဖို့ အသင့်ဖြစ်နေကြလေပြီ။ မန်ဟိုက တောင်ပင်လယ်လောကကို ထုတ်လိုက်သည်။ တောင်ပင်လယ်လောကသည် အစွမ်းထက်လှိုင်းဂယက်များကို အရပ်မျက်နှာတစ်ခွင် ဖြန့်ကျက်ရင်း လျင်မြန်စွာ ကြီးမားလာ၏။
တဖြည်းဖြည်း တောင်ပင်လယ်လောက၏အပြင်၌ တောင်ပင်လယ်တစ်စုံစီအတွက် ဝဲတစ်ဝဲ စုစုပေါင်းဝဲကြီးကိုးဝဲ ပေါ်လာသည်။
တောင်ပင်လယ်လောကသားများအနေဖြင့် ဝင်ရောက်လိုသည့်ဝဲကို ရွေးချယ်ပိုင်ခွင့်ရှိလေသည်။
စိတ်လှုပ်ရှားနေသော ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားနေသည်နှင့်အမျှ အဆုံးမဲ့အရောင်အဝါများ တောက်ပလာသည်။ သူတို့ ပြန်ပေါ်လာသောအခါ တောင်ပင်လယ်လောကအတွင်းရှိ သူတို့၏အိမ်သို့ ပြန်ရောက်သွားကြလေပြီ။
မကြာမီ ဖက်တီးနှင့် မန်ဟို၏မိတ်ဆွေသူငယ်ချင်းများအပါအဝင် ခိတိဂဗ္ဗနှင့်ပါရာဂွန်များတို့နှင့်အတူ လူတိုင်း အထဲရောက်သွားကြ၏။ အကုန်လုံး ခလုတ်မထိဆူးမငြိ ရောက်သွားသည်နှင့် မန်ဟိုက လက်ဝှေ့ယမ်းလိုက်ရာ တောင်ပင်လယ်လိပ်ပြာသည် လူနှစ်ယောက်အသွင်ပြောင်းသွားသည့်တိုင်အောင် ကျုံ့သွား၏။ ထိုလူနှစ်ယောက်ကား သူ့မိဘနှစ်ပါးမှတစ်ပါး အခြားမဟုတ်ပေ။ သူတို့သည် သူ့ကို ပြုံးကြည့်ပြီးနောက် နဝမတောင်ပင်လယ်ထဲ ဝင်ရောက်သွားကြ၏။
ရှုချင်က နောက်ဆုံးမှဝင်ဖို့ အပြန်တွင် ကျန်ရစ်ခဲ့သည်။
“စောင့်နေမယ်နော်” သူမက ပြောသည်။ ရှုချင်သည် မန်ဟို လက်စားချေဖို့ ကျန်သေးကြောင်း ကောင်းကောင်းသိ၏။ သူမက သူ့ကို လေးနက်စွာ ကြည့်ပြီးနောက် နဝမဝဲထဲ လှည့်ဝင်သွားတော့သည်။
မန်ဟိုတစ်ယောက်တည်း ပျံဝဲနေစဉ် တောင်ပင်လယ်လောကသည် အရွယ်အစားကျုံ့ကာ သူ၏လက်ဝါးထက်၌ ပျံဝဲနေ၏။ ၎င်းကို နွေးထွေးစွာ ကြည့်ပြီးနောက် သိမ်းလိုက်ပြီး ... အစိမ်းရောင်ကြေးခေါင်းတလားကို သူ ငုံ့ကြည့်လိုက်သည်။
တခဏကြာသော် သူသည် လက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးလိုက်၏။
“ကျေးဇူးအများကြီးတင်ပါတယ်” သူက ပြောသည်။
တုံ့ပြန်သည့်အနေဖြင့် ခေါင်းတလားမှ မှိန်ပျပျအလင်းရောင်ကို ကွန့်မြူးပြသည်။ ထို့နောက် အရာခပ်သိမ်း ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွား၏။ တဖြည်းဖြည်း ခေါင်းတလား၏ပတ်ပတ်လည်တွင် ဝဲတစ်ဝဲပေါ်လာကာ ခေါင်းတလားအား မမြင်ရတော့သည့်အထိ လွှမ်းခြုံသွားလေသည်။ မန်ဟိုက အပေါ်ရှိ မီးပင်လယ်ကြီးနှင့် ကြယ်တာရာကောင်းကင်ဆီ အကြည့်လွှဲလိုက်သည်။