လေများ တိုက်လာပြီ
Vol. 112 Ch. 1563
လောလောဆယ်တွင် မန်ဟိုနှင့် အနီးဆုံးကား မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ကြယ်တာရာကောင်းကင်ကို ခွင်းလျက်လာနေသော အင်မော်တယ်နတ်ဘုရားကုန်းမြေပင်။ တဖွေးဖွေးလှုပ်နေသည့် မြူများက အင်မော်တယ်နတ်ဘုရားကုန်းမြေကို ဝန်းရံလျက် ရှိလေသည်။
ပုံမှန်အားဖြင့် ထိုခရီးက နှစ်ပေါင်းရာချီ ကြာသင့်သော ခရီးဖြစ်သော်လည်း ဤအခြေအနေတွင် လပိုင်းမျှသာ ကြာသည်။ ၎င်း နီးသထက် နီးကပ်လာသည်နှင့်အမျှ တဂျုန်းဂျုန်းမြည်သံများ ပဲ့တင်ထပ်နေတော့သည်။
မန်ဟိုက ကြယ်တာရာကောင်းကင်မှ အကြည့်လွှဲလိုက်လေသည်။ အောက်တွင် အစိမ်းရောင်ခေါင်းတလားမှာ မမြင်ရတော့ပေ။ သူက ရှေ့တစ်လှမ်းတက်ကာ မီးပင်လယ်၏အရှေ့တည့်တည့်၌ ရပ်လိုက်သည်။ ထို့နောက် ညာလက်ကို ဆန့်တန်း၍ မီးပင်လယ်အား လက်ဝါးအရွယ်အထိ ကျုံ့သွားစေပြီးနောက် သိမ်းလိုက်လေသည်။
အာကာပြင်ကျယ်ကျောင်းတော်မှ စစ်တပ်ကြီးက ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ထုတ်ဖော်လျက် မန်ဟို့ကို လှမ်းကြည့်ကြသည်။ သို့သော် တစ်ယောက်မှ ဘာမှမပြောပေ။ မန်ဟို သူတို့အနား ချဉ်းကပ်လာသည့်အခါ သူတို့၏စွမ်းအားကား မြင့်သထက် မြင့်တက်လာကြတော့သည်။
တကယ့်တိုက်ပွဲက အခုမှစမည် ဖြစ်ကြောင်း သူတို့ သိကြလေသည်။ မန်ဟို၏ရန်သူအစစ်များက အင်မော်တယ်နတ်ဘုရားကုန်းမြေနှင့် နတ်ဆိုးကုန်းမြေဖြစ်ကြောင်း သူတို့အားလုံး ကောင်းကောင်းသိကြသည်။ ကောင်းကင်ဘုံ ၃၃ ဘုံဆိုသည်မှာ အနင်းခံကျောက်တုံးလေးတစ်တုံးထက် မပိုပေ။
မန်ဟိုက ပုတ်သင်ဘုရင်၏ခေါင်းပေါ်တက်ကာ တင်ပျဉ်ခွေထိုင်ပြီးနောက် မိုးခြိမ်းသံကဲ့သို့ အသံကြီးဖြင့် စကားပြောသည်။
“သုံးရက်၊ သုံးရက်အတွင်း အင်မော်တယ်နတ်ဘုရားကုန်းမြေ ရောက်လာလိမ့်မယ်” ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏မျက်လုံးများက သတ်ဖြတ်လိုစိတ်တို့ဖြင့် လင်းလက်တောက်ပလာတော့သည်။
“သူတို့ သေစေရမယ်” အာကာပြင်ကျယ်ကျောင်းတော်၏ စစ်တပ်ကြီးက ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်ဖော်လျက်၊ မျက်လုံးများလင်းလက်တောက်ပနေလျက် ဟိန်းဟောက်ကြွေးကြော်သည်။ နှုတ်ခမ်းပါးနားသပ်လိုက်ကြသူများပင် ရှိ၏။
ဤကျင့်ကြံသူများအတွက် ကောင်းကင်ဘုံ ၃၃ ဘုံကို မသုတ်သင်ခဲ့ရလည်း အရေးမကြီးပေ။ သူတို့သည် တန်ခိုးရှင်အဆင့်ကျင့်ကြံသူ မန်ဟို့အတွက် တိုက်ခိုက်ပေးဖို့ ဤနေရာသို့ ရောက်လာခဲ့ကြခြင်းဖြစ်၏။ သို့ဖြစ်၍ တိုက်ခိုက်ထိုက်သောပြိုင်ဘက်များကား အင်မော်တယ်နတ်ဘုရားကုန်းမြေနှင့် နတ်ဆိုးကုန်းမြေတို့ ဖြစ်ပေသည်။
အင်မော်တယ်နတ်ဘုရားကုန်းမြေက အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်အတွင်းရှိ ထိပ်သီးအင်အားစုတစ်စုအဖြစ် သတ်မှတ်နိုင်ကြောင်း သူတို့ သိကြသော်လည်း ပို၍သာ စိတ်လှုပ်ရှားမိစေလေသည်။
မန်ဟို အနန္တတန်ခိုးရှင်အဆင့်တက်သွားပြီဖြစ်သည့်အတွက် ... သူတို့ပြိုင်ဘက်များက ထိုမျှကြောက်စရာမကောင်းတော့ကြောင်း သူတို့ သိကြလေသည်။
မန်ဟိုကတော့ ပို၍ပင်သေချာသေးသည်။ သူသာ စိတ်ရှိလျှင် အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကကို သူတစ်ယောက်တည်း ဖယ်ရှားရှင်းလင်းပစ်နိုင်၏။ သို့သော် ထိုသို့မလုပ်ပေ.... အကြောင်းရင်းက သူ၏အကြီးမားဆုံးပြိုင်ဘက်သည် ... လောကပါလနတ်မင်း၏စိတ်ဆန္ဒ တစ်နည်းအားဖြင့် အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်၏စိတ်ဆန္ဒဖြစ်၍ပင်။
ထိုစိတ်ဆန္ဒသည် အခြေအနေကို အခွင့်အကောင်းယူကာ သူ့ကို တိုက်ခိုက်နိုင်ခြေများ၏။ ထို့ကြောင့် သူ့အနေဖြင့် စွမ်းအားအမြင့်ဆုံးအခြေအနေကို ထိန်းသိမ်း၍ မည်သည့်အနှောင့်အယှက်ကိုမှ သူ့အပေါ် လွှမ်းမိုးခွင့်မပေးနိုင်ပေ။
သူသည် အင်မော်တယ်နတ်ဘုရားကုန်းမြေနှင့် နတ်ဆိုးကုန်းမြေကို တစ်ယောက်တည်းဖျက်စီးဖို့ အာရုံစိုက်လွန်းနေလျှင် ကြယ်တာရာကောင်းကင်၏စိတ်ဆန္ဒ လှုပ်ရှားနိုင်ဖို့ လမ်းဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်လိမ့်မည်။ အမှန်တွင် ထိုဆန္ဒ မျှော်လင့်နေသည်မှာ ယင်းသို့ဖြစ်လာဖို့ပင်။ မန်ဟို တစ်နည်းနည်းဖြင့် စိတ်အာရုံပျံ့လွင့်သွားသရွေ့ ၎င်းအတွက် တန်လိမ့်မည်။
မန်ဟို၏အရှိန်အဝါသည် တဖြည်းဖြည်း ငြိမ်သက်လာသော်လည်း သူ၏မျက်လုံးများက လင်းလက်တောက်ပနေသည်။ သူသည် ကြယ်တာရာများစွာကို အေးစက်စွာ လှမ်းကြည့်ရင်း နောက်ဆုံးတိုက်ပွဲ စတင်မည်ကို စောင့်နေ၏။
သုံးရက်က လျှပ်တပြက်ကုန်ဆုံးသွားသည်။ ရုတ်တရက် အဝေးရှိ ကြယ်တာရာများသည် ပုံပျက်ရှံ့တွလာ၏။ မိုးထစ်ချုန်းသံများ တဂျိန်းဂျိန်း ပဲ့တင်ထပ်လာပြီး ဆန်းပြားသောဖိအားတစ်ရပ် ပတ်ဝန်းကျင်တွင် ပြည့်နှက်လာတော့သည်။ ကြီးကျယ်ခမ်းနားသည့် ဧရာမမြေထုကြီးတစ်ခု ဘွားခနဲ ပေါ်လာလေသည်။
လက်ကြီးတစ်ဖက်၏ ဝိုးတိုးဝါးတားပုံသဏ္ဍာန် ဗြုန်းစားကြီးပေါ်လာပြီးနောက် အာကာပြင်ကျယ်ကျောင်းတော်၏စစ်တပ်ဆီ ပြေးဝင်လာသဖြင့် ဖိအားမှာ ချက်ချင်း ပိုမိုပြင်းထန်လာတော့သည်။
ဂိုဏ်းချုပ်က အေးစက်စက် နှာမှုတ်သည်။ ရွှေရောင်ဝတ်ရုံနှင့် ကျင်ယွင်ရှန်း၊ ရှကျုံတုံးနှင့် ပိုင်ဝူချိန်တို့အားလုံး သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်ဖော်ကာ လက်ကြီးကို ခုခံလိုက်ကြ၏။ အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါလာလေသည်။
အင်မော်တယ်နတ်ဘုရားကုန်းမြေက ကြယ်တာရာကောင်းကင်အား ခွင်းလာလေသည်။ ၎င်း၏မြေထုကြီးသည် အလွန်တရာကြီးမားလှသဖြင့် တစ်ဝက်ခန့်သာ မြင်ရသေးသည်၊ အရပ်လေးမျက်နှာအပြည့် စိုးမိုးနေချေပြီ။ အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်အရှိန်အဝါများစွာသည် အနှစ်သာရ ၉ ခု၊ အနှစ်သာရ ၈ ခု နှင့် အနှစ်သာရ ၇ ခုအရှိန်အဝါများနှင့်အတူ ဖြာထွက်လာ၏။
မရေတွက်နိုင်သောလူရိပ်များက အလင်းတန်းများအသွင်ဖြင့် ပျံထွက်လာသည်။
သူတို့၏အနောက်မှ ကျင့်ကြံသူအုပ်လိုက်ကြီးသည် ရက်စက်ကြုမ်းကြုတ်သော အရှိန်အဝါများကို ထုတ်လွှတ်လျက် ထွက်လာကြ၏။ မျက်စိတစ်မှိတ်အတွင်း သူတို့၏အရေအတွက်ကား ပမာဏဆယ်သိန်းကို ကျော်လွန်၍ သိန်းတစ်ရာသို့ လျင်မြန်စွာ ရောက်ရှိသွားတော့သည်။
ထိုအဖွဲ့၏အနောက်မှ ပို၍ပင်များပြားသော ကျင့်ကြံသူများ ပျံထွက်လာသည်။ သူတို့ကား အဆုံးမရှိမည့်အလားပင်။
အာကာပြင်ကျယ်ကျောင်းတော်မှ စစ်တပ်ကြီးသည် စကားမပြောသလို၊ တခဏလေးပင် မတွန့်ဆုတ်ပေ။ သူတို့သည် တိုက်ခိုက်ဖို့ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ချက်ချင်း မြှင့်တင်လိုက်ကြ၏။
ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒက သူတို့ထံမှ ဖြာထွက်လာသည့်တိုင် သူတို့သည် ချက်ချင်း ပျံသန်းမသွားကြပေ။ ထိုအစား မန်ဟို့ကို လှမ်းကြည့်လိုက်ကြသည်။
မန်ဟိုက အင်မော်တယ်နတ်ဘုရားကုန်းမြေကို လက်ညှိုးထိုးပြီးနောက် သူ၏မျက်လုံးများ လင်းလက်တောက်ပနေလျက် ပြောသည်။ “ဒီမြေထုက ကျင့်ကြံသူတွေကို တစ်ယောက်မကျန် ရှင်းပစ်ကြလော့”
အာကာပြင်ကျယ်စကြဝဠာ၏ ကျင့်ကြံသူများသည် ဝုန်းခနဲ လှုပ်ရှားလိုက်ကြရာ ဧရာမလှိုင်းလုံးကြီးတစ်လုံး ဖြာထွက်သွားသကဲ့သို့ ထင်ရ၏။ သူတို့ တိုက်ခိုက်ဖို့ တဟုန်ထိုး ပျံထွက်သွားကြစဉ် သူတို့၏ဟိန်းဟောက်ကြွေးကြော်သံများက ကြယ်တာရာကောင်းကင်အား လှုပ်ခတ်သွားစေလေည်။
မျက်စိတစ်မှိတ်အတွင်း ကျင့်ကြံသူနှစ်ဖွဲ့ ဝင်တိုက်ဆုံတွေ့သွားသည်။ ကြောက်မက်ဖွယ်တိုက်သံခိုက်သံများ ထွက်လာ၏။ ဂိုဏ်းချုပ်နှင့် ကျန်အနှစ်သာရ ၉ ခု အထွတ်အထိပ်အဆင့် ကျင့်ကြံသူများကား ဓားဦးများသဖွယ် ရန်သူစစ်တပ်ကြီးအား ထိုးခွင်းသွားကြသည်။
သူတို့အနောက်၌ အနှစ်သာရ ၉ ခု၊ ၈ ခု၊ ၇ ခု အနှစ်သာရပညာရှင်များ၊ တာအိုဥသျှောင်များနှင့် ကျန်ကျင့်ကြံသူများရှိကြသည်။ တိုက်ပွဲ၏အမြင့်ဆုံးအခြေအနေသို့ ရောက်သွားရန် တခဏသာ ကြာလိုက်လေသည်။
“သေစမ်း”
“သေကြစမ်း”
“သေကြစမ်း”
တိုက်ခိုက်နေသော ကျင့်ကြံသူများ၏ ဟိန်းဟောက်ကြွေးကြော်သံများက မိုးကောင်းကင်ကြီးအား ရုတ်တရက် မှိန်ကျသွားစေသည်။ ကြယ်တာရာများ တုန်ခါကုန်ပြီး လများ ကြောက်လန့်နေကြပုံပေါ်သည်။
စစ်ပွဲကြီးကား .... အမှန်တကယ် စတင်ခဲ့ချေပြီ။
ဂိုဏ်းချုပ်က ရှေ့ဆုံးမှ ဦးဆောင်ချီတက်သွားသည်။ သူ့အနောက်မှ အာကာပြင်ကျယ်ကျောင်းတော်၏ စစ်တပ်ကြီးသည် ထောပတ်ကို လှီးဖြတ်လိုက်သော ဓားပူပူသဖွယ် ရန်သူများအား ပိုင်းခွင်းသွားကြသည်။ သူတို့၏ချီတက်လာမှုက အင်မော်တယ်နတ်ဘုရားမြေထု၏ ရှေ့တန်းအား အတန်ငယ်ပြိုပျက်သွားစေခဲ့လေသည်။
မကြာမီ သွေးညှီနံ့များမှာ ကောင်းကင်တစ်ခွင် ညှီဟောင်နေပြီး လူသေအလောင်းများ ပြန့်ကြဲကုန်သည်။
မန်ဟိုက ပုတ်သင်အိုကြီး၏အပေါ်၌ ရပ်လျက် အင်မော်တယ်နတ်ဘုရားကုန်းမြေကို အေးစက်စွာ ကြည့်နေသည်။ သူ့အမြင်သည် ကုန်းမြေတစ်ခုလုံးကို ထိုးဖောက်ကာ ရုပ်တုကြီးအပေါ် ကျရောက်သွား၏။ ထိုရုပ်တုက အင်မော်တယ်နတ်ဘုရားကုန်းမြေ၏ တန်ခိုးရှင်ပုံစံကို ထုဆစ်ထားခြင်းဖြစ်လေသည်။ မန်ဟို့အကြည့် ၎င်းအပေါ် ကျရောက်သွားသောအခါ အနှိုင်းမဲ့သောတန်ခိုးနှင့် အင်အားကို ခံစားလိုက်ရ၏။ သို့သော် ထိုအခိုက်အတန့်တွင် ရုပ်တု၏ပတ်ပတ်လည်ရှိ မြူများ လည်သွားပြီး ရုပ်တုက မဆိုစလောက် ရှုံ့တွသွားလေသည်။ ရုတ်တရက် ၎င်းကား ယခင်နှင့်မတူတော့ပုံရ၏။
“တစ်ခုခုတော့ ကွဲနေတယ်” မန်ဟိုက ခပ်တိုးတိုး ရေရွတ်သည်။