ဖြေရှင်းနိုင်ခဲ့သောသံသယများစွာ
Vol. 50 Ch. 695
အခန်း (၆၉၅) ဖြေရှင်းနိုင်ခဲ့သောသံသယများစွာ
ဝန်လော့ရှာ၏စကားများက ရန်ကျောက်ကဲစိတ်ထဲမှ သံသယများစွာကို ဖြေရှင်းနိုင်ခဲ့သည်။ သို့သော် လောကတွင် များများသိလေ မေးခွန်းထုတ်စရာကိစ္စများလည်း ပိုမိုများပြားလာလေ ဖြစ်သည်။
ဝန်လော့ရှာနှင့် စကားစမြည်ပြောဆိုပြီးနောက် တစ်စုံတစ်ယောက်က သမိုင်းထဲမှကိစ္စရပ်များကို လွဲချော်သွားစေရန် ကြိုးစားနေကြောင်း ရန်ကျောက်ကဲ သဘောပေါက်လိုက်သည်။
အရှေ့တောင်ထိပ်တန်မျိုးနွယ်တစ်ယောက်ဖြစ်သော ဝန်လော့ရှာသည်ပင် အတိတ်သမိုင်းကြောင်းများကို အပေါ်ယံမျှသာ သိရှိပြီး များသောအားဖြင့် ဒဏ္ဍာရီများကိုသာ သိရှိသည်။ ထိုသို့ပင် ကြီးကျယ်သောစွမ်းအားအမွေအနှစ်ကို ပိုင်ဆိုင်ထားသော ယိုးမင်ဂိုဏ်းသည်လည်း သမိုင်းဆိုင်ရာအချက်အလက်များကို လက်ဆင့်ကမ်းနိုင်ခဲ့ခြင်း မရှိပေ။
သို့ဆိုလျှင် ပိုပြီးသေးငယ်သော အင်အားစုများနှင့် သာမန်လူများကတော့ သမိုင်းကြောင်းနှင့်ပတ်သက်ပြီး သိရှိနိုင်မည် မထင်တော့ပေ။
လူတိုင်း သိရှိသော သမိုင်းကြောင်းဆိုသည်က အထက်ဘုံကမ္ဘာတွင် မဟာကပ်ဘေးကြီး၏ အခြေအနေတည်ငြိမ်သွားပြီးနောက်ပိုင်း နှစ်ပေါင်းတစ်ထောင်အတွင်းတွင်သာ ရှိသည်။ ထို့ထက်စောသော သမိုင်းကြောင်းများသည် အချိန်ရေစီးကြောင်းမြစ်ရေအလယ်တွင် မြှုပ်နှံခံရပြီး သိရှိသူများ မရှိကြတော့ပေ။ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံသူများရှိနိုင်သော်လည်း အနည်းငယ်သာလျှင်ဖြစ်နိုင်၏။
ဝန်လော့ရှာ ပြောပြသည်များက လုံးလုံးလျားလျား မှန်ကန်မှု မရှိနိုင်ပေ။ ထိုစကားများအား အကိုးအကားအဖြစ်သာ အသုံးပြုနိုင်ကြောင်း ရန်ကျောက်ကဲ နားလည်ခဲ့သည်။
သို့တိုင် သူ အတော်လေး ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။
“နေဝန်းထက်ယံအရှင်သခင် ‘ကောင်းဟန်’ ... အဲဒါသူ့ရဲ့နာမည်အစစ် ဟုတ်ပါ့မလား”
ရန်ကျောက်ကဲ တွေးလိုက်၏။
ထို့နောက် သူ ဝန်လော့ရှာကို ဟန်မဆောင်ဘဲ မေးလိုက်သည်။
“နေမင်းကိုပိုင်စိုးတဲ့ ‘နေဝန်းထက်ယံအရှင်သခင်’ ရော... အခုလက်ရှိ တိဟွမ်ဧကရာဇ်နဲ့ ယင်ဟွမ်ဧကရာဇ်တို့ရောက စန်းချင်း (၃)ပါး အဆက်အနွယ်တွေလား ၊ ဒါမှမဟုတ် အရင်တုန်းက ကောင်းကင်ဘုံနန်းတော်က ပုဂ္ဂိုလ်တွေလား”
ထိုမေးခွန်းကိုကြားတော့ ဝန်လော့ရှာ အံ့အားသင့်သွားပြီး...
“ခွန်လွန်အထင်ကရ (၉)ပါးက အတိတ်ရဲ့အမွေအနှစ်တွေနဲ့အတူ ခွန်လွန်တောင်ကို ပြန်လည်တည်ထောင်ခဲ့တယ် ၊ ကောလဟလတွေအရတော့ သူတို့က ယွိချင်အဆက်အနွယ်ရဲ့ ထိပ်တန်းသိုင်းပညာတွေကို ကျင့်ကြံထားတယ်လို့ ပြောကြတာပဲ”***
သူမက ဆက်ပြောသည်။
“ဒါပေမဲ့ သူတို့က ယွိချင်အဆက်အနွယ် တိုက်ရိုက်တပည့်တွေလား ဒါမှမဟုတ် ယွိချင်အဆက်အနွယ်ကျမ်းစာတွေကို မတော်တဆရရှိကျင့်ကြံခဲ့တာလားဆိုတာတော့ ကျွန်မလို တပည့်ငယ်တစ်ယောက်က မသိနိုင်ဘူးလေ ၊ အင်း... ကျွန်မရဲ့ ဆရာဘိုးဘိုးဆိုရင်တော့ သိကောင်းသိနိုင်တာပေါ့”
ခွန်လွန်တောင် ၊ ပုံရိပ်ယောင်ကျောက်စိမ်းနန်းတော်သည် ယွိချင်အဆက်အနွယ်ကိုတည်ထောင်သူ ၊ ဒဏ္ဍာရီလာ ရှေးဦးတည်ရှိခြင်းအရှင်သခင် “ယွမ်စီထျန်းကျွင်း” ၏ တာအိုကျင့်ကြံရာနေရာဖြစ်သည်။
ဝန်လော့ရှာက...
“သူတို့က ထိုက်ချင်အဆက်အနွယ်လည်း ဖြစ်နိုင်တာပဲလေ ၊ မဟာကပ်ဘေးကြီးပြီးတဲ့နောက် သိုင်းဂိုဏ်းအတော်များများက ထိုက်ချင်အဆက်အနွယ်နဲ့ တစ်ခုမဟုတ်တစ်ခု ပတ်သက်ဆက်နွယ်နေတာပဲ မဟုတ်လား”
ထိုက်ချင်အဆက်အနွယ်ကိုတည်ထောင်သူ တောက်တယ်ထျန်းကျွင်းက ကြီးမားသောသိုင်းပညာသမိုင်းကြောင်းကို ထူထောင်ခဲ့ပြီး သက်ရှိများစွာ ကျင့်စဉ်လမ်းလျှောက်လှမ်းနိုင်ရန် အလင်းပြခဲ့သည်။
ထို့နောက် တောက်တယ်ထျန်းကျွင်း၏ပညာအမွေအနှစ်များက နှစ်ပေါင်းများစွာ ကာလရှည်ကြာ ထွန်းကားပွင့်လန်းခဲ့ပြီး မရေမတွက်နိုင်သော ပညာရှင်များထွက်ပေါ်လာကာ လမ်းကြောင်းအသစ်များစွာ တီထွင်ကြံဆရင်း အမွေအနှစ်များစွာ ချန်ထားရစ်ခဲ့ကြ၏။
ထို့ကြောင့် တာအိုကျင့်ကြံသူ (၉၀) ရာနှုန်းကျော်အား ထိုက်ချင်အဆက်အနွယ်များဟု တသ်မှတ်နိုင်သည်။
မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက် ကျင့်ကြံသူများစွာက အတိတ်အမွေအနှစ်များကို တိုက်ရိုက်အမွေခံ ကျင့်ကြံသည်ဖြစ်စေ ၊ သိုင်းပညာအဟောင်းများကိုရှာဖွေအခြေပြုပြီး အသစ်တီထွင်ကျင့်ကြံကြသည်ဖြစ်စေ ၊ ထိုပညာရပ်များအားလုံးသည် ထိုက်ချင်အဆက်အနွယ် တည်ထောင်သူထံမှ ရရှိခဲ့သော အကျိုးအမြတ်များသာ ဖြစ်သည်။
ဝန်လော့ရှာက ခဏမျှ နားပြီးမှ...
“စန့်ချင်အဆက်အနွယ်တွေကတော့... ဟိုးအရင်တုန်းက အထက်ဘုံကမ္ဘာမှာ စန့်ချင်အဆက်အနွယ်တွေကို ခြေချခွင့်မပြုဘူးလို့ ဟွမ်တိမြေကမ္ဘာဧကရာဇ်က အမိန့်ထုတ်ပြန်ဖူးတယ်”
ဒါကိုကြားတော့ ရန်ကျောက်ကဲနှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။
မည်သို့ပင်ဖြစ်စေ ဝန်လော့ရှာထံမှ သိရှိခဲ့ရသောသတင်းများက များစွာအကျိုးအမြတ် ရှိခဲ့သည်ပင်။
ရန်ကျောက်ကဲက သူ၏ ထူးကဲယန်စည်းတံဆိပ်ဖြင့် တိတ်တဆိတ် အာရုံခံဆက်သွယ်ကျင့်ကြံမှုများ ပြုလုပ်ခဲ့သည်။
ထူးကဲယန်စည်းတံဆိပ်နှင့် တဖြည်းဖြည်း နက်ရှိုင်းသောချိတ်ဆက်မှု ရှိလာသည့်အခါ ဤရတနာပစ္စည်းအပေါ် နားလည်မှုသည်လည်း ပိုမိုနက်ရှိုင်းလာပြီး ပုံမှန်မဟုတ်သော အကြောင်းအရာများစွာကိုလည်း တဖြည်းဖြည်း ရှာဖွေတွေ့ရှိလာသည်။
ဥပမာပြောရလျှင်...
နေဝန်းထက်ယံအရှင်သခင် ‘ကောင်းဟန်’ ငရဲကိုးထပ်ကိုချိတ်ပိတ်ရန် မြေကမ္ဘာနယ်မြေတွင်ချန်ထားခဲ့သော လက်သီးသိုင်းဝိညာဉ်က အမှန်တကယ်ပင် ‘မဟာနေမင်းကျမ်းဂန်’ ၏ သန့်စင်သောတန်ခိုးစွမ်းအားဖြစ်ကြောင်း သိရှိလာခဲ့၏။
သို့သော် ထူးကဲယန်စည်းတံဆိပ်အတွင်းတွင်ပါရှိသော နေမင်း၏အစစ်အမှန်စွမ်းအားနှင့် အခြားသောသဘာတရားများစွာကိုတော့ ရန်ကျောက်ကဲ နားမလည်နိုင်သေးပေ။
ထိုအယူအဆသဘောတရားများက ယွိချင်အဆက်အနွယ် မူလကောင်းကင်ကျမ်းစာ (၁၀)စောင်မှ စက်ဝန်းသံသရာ ကောင်းကင်ကျမ်းစာနှင့် ယင်ယန်ကောင်းကင်ကျမ်းစာများနှင့် အတော်လေး ဆင်တူသည်။
ထူးကဲယန်စည်းတံဆိပ်၏စွမ်းအားက မိုးမြေတစ်ခွင်ကို လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး အရာအားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိသော ဒဏ္ဍာရီလာ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်နှင့် ဆင်တူသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံနန်းတော် ၊ သိုင်းကျမ်းစာကြည့်တိုက်တွင် သူ ဖတ်ခဲ့ရသော အပိုင်းပိုင်းပြတ်နေသည့် ‘မဟာနေမင်းကျမ်းဂန်’ နှင့် နှိုင်းယှဉ်ပါက ထူးကဲယန်စည်းတံဆိပ်တွင် လက်ရှိဆုပ်ကိုင်ထားသော ‘မဟာနေမင်းကျမ်းဂန်’ က ပိုမိုပြီးပြည့်စုံသည်သာမက ပိုမိုနက်နဲသိမ်မွေ့ပြီး အစွမ်းထက်လှသည်။
သို့သော် ထူးကဲယန်စည်းတံဆိပ်ကိုအသုံးပြုပြီး ပိုမိုကျင့်ကြံလေ ထိုစည်းတံဆိပ်က ‘မဟာနေမင်းကျမ်းဂန်’ သာမက ယွိချင်အဆက်အနွယ် ယင်ယန်ကောင်းကင်ကျမ်းစာကိုပါ အကိုးအကားပြုလုပ်ထားကြောင်း ပိုပြီးအာရုံခံမိသည်။
ထာဝရအလင်းကောင်းကင်ကျမ်းစာနှင့် ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာကဲ့သို့ပင် ယန်ယန်ကောင်းကင်ကျမ်းစာသည်လည်း မူလကောင်းကင်ကျမ်းစာ (၁၀)စောင်၏ နောက်ပိုင်ကျမ်းစာ (၆)စောင်တွင် တစ်ခုအပါအဝင်ဖြစ်ပြီး ယင်နှင့်ယန်အကြား ကွဲပြားမှုများ၏ အဆုံးမရှိနက်နဲခြင်းကို ပြဆိုထားသည်။
ထိုကျမ်းစာထဲတွင် အဓိကအားဖြင့် ထူးကဲယင်နှင့် ထူးကဲယန်အကြောင်း ဖော်ပြထားသည်။
ရန်ကျောက်ကဲက စဉ်းစားရင်း...
“ငါခန့်မှန်းတဲ့အတိုင်း အနည်းနဲ့အများတော့ ဖြစ်လာတာပဲ ၊ ဒါပေမဲ့ အခြေအနေတွေက ပိုပြီး ရှုတ်ထွေးလာတယ် ၊ အထက်ဘုံကမ္ဘာကိုတက်လာတာ တကယ် ရွေးချယ်မှုမှန်ခဲ့တယ် ၊ မဟုတ်လို့ကတော့ ရောင်းစားခံရတာပဲဖြစ်ဖြစ် ၊ သူတို့လက်ပါးစေပဲဖြစ်ဖြစ် တစ်ခုခုလုပ်နေရမှာ”
ထူးကဲယန်စည်းတံဆိပ်နှင့်ပတ်သက်သည့်လျှို့ဝှက်ချက်ကို ကျန့်မင်တို့အုပ်စုနှင့် ခန်းဖင်းတို့အုပ်စုသည်ပင် မသိနိုင်ပေ။ သို့သော် ရန်ကျောက်ကဲကတော့ ရှင်းရှင်းလင်းလင်း သိရှိသည်။
နေဝန်းထက်ယံအရှင်သခင် ကောင်းဟန်သည် ထူးကဲယန်စည်းတံဆိပ်ကို အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ မြေကမ္ဘာနယ်မြေရှိ ချောက်နက်ကြီးထဲတွင် ထားရှိခဲ့ခြင်းမှာ ငရဲကိုးထပ်ကို ဖိနှိပ်ခဲ့ခြင်းဖြစ်သလို လူတစ်ယောက် မျက်စိကျစေရန်လည်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သူက မည်သူ့ကို အရူးလုပ်ချင်ခဲ့ပါသနည်း။
တစ်စုံတစ်ယောက်ကို အရူးလုပ်ပြီးနောက် သူ မည်သည့်နေရာသို့ထွက်ခွာသွားသနည်း ၊ မည်သို့သောကိစ္စများကို ဆက်လက်လုပ်ကိုင်နေသနည်း။
ရန်ကျောက်ကဲနှုတ်ခမ်းများ တွန့်ကွေးသွားသည်။
ကောင်းဟန်အပြင် ထူးကဲယင်သရဖူကို ချန်ထားခဲ့သော မိန်းမပျိုသည်လည်း ခွန်လွန်အထင်ကရ (၉)ပါးထဲတွင် တစ်ပါးအပါအဝင် ဖြစ်နိုင်သည်။
ရာဟုဓားအကြွင်းအကျန်ကို ထပ်ပေါင်းထည့်ဦးမည်ဆိုလျှင်...
ရန်ကျောက်ကဲ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ရေပြင်က ခပ်တိမ်တိမ်ဖြစ်သည့်တိုင် မျိုးစိပ်နဂါးများစွာ ကူးခတ်နေခဲ့သည် မဟုတ်ပါလား။
ရန်ကျောက်ကဲ ထိုအကြောင်းအရာများကို တွေးတောနေစဉ် တစ်စုံတစ်ယောက်ကတော့ သူ့ကို အာရုံစိုက်လျှက် ရှိသည်။ ဝန်လော့ရှာနှင့် ရန်ကျောက်ကဲတို့ စကားပြောနေသည်ကို ယဲ့ရှင်းက စိတ်ရှုတ်ထွေးစွာဖြင့် ကြည့်နေသည်။
သူမစိတ်ထဲတွင်လည်း ထူးဆန်းသလို အူကြောင်ကြောင် ခံစားနေရသည်။
ခန်းဖင်းတို့အုပ်စုက သူမကို ကူညီခဲ့သည် အမှန်ပင်။ ထို့ကြောင့် သူမက ကျေးဇူးကြွေးဆပ်ရန်အတွက် ဆရာဖြစ်သူနှင့် ဆရာဦးလေးတို့ကို သူတို့အတွက် တောင်းပန်ပေးရန် ရည်ရွယ်ခဲ့သည်။
သို့သော် အဓိကပြဿနာဖြစ်သော ကောင်းကင်စွမ်းအားအစီအရင် ရုတ်တရက်ပေါ်ပေါက်လာမည်ဟု မည်သူ သိရှိပါမည်နည်း။ သူမ စကားများစွာမပြောရသေးဘဲ စကားထဲတွင် အမှားမပါသေးသည့်အတွက် ဝမ်းသာရမည်ဖြစ်ပြီး ယခုတော့ ဘေးနားတွင် ရပ်ကြည့်နေရန်သာ ရှိသည်။
အဆုံးသတ်မှာတော့ ခန်းဖင်းက အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို တွေ့ဆုံရန် ကျင်းထင်တောင်သို့ ခရီးထွက်ခဲ့သည်။ ကျူတောပင်လယ်ဒေသတွင် ကြီးမားသောအားသာချက် ပိုင်ဆိုင်ထားသည့် တာ့ရွှမ်မင်းဆက်မှာ ပျက်ဆီးဆုံးရှုံးမှုများနှင့် မကြုံတွေ့ရသည့်တိုင် ယခုတော့ သိုသိုသိပ်သိပ်ဖြင့် ခေါင်းဝှက်နေရပေတော့မည်။
သို့တိုင် သူမရှေ့မှလူငယ်ကတော့ အရာရာ ပေါ့ပေါ့ပါးပါး အရေးမစိုက်ဟန်ဖြင့် ရှိနေလေသည်။
ရန်ကျောက်ကဲက ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် သိုင်းသူတော်စင်အဆင့်ရောက်နေသဖြင့် တုန်လှုပ်ခဲ့ရသော်လည်း လက်ဖျောက်တစ်ချက်တီးရုံမျှဖြင့် ကျူတောပင်လယ်ဒေသ အခြေအနေကို ပြောင်းပြန်လှန်နိုင်သည်က ပိုပြီး အံ့သြစရာကောင်းနေသည်။
ထိုလူငယ်က အခြေအနေများပြောင်းလဲရန်အတွက် သူတို့ အရှေ့တောင်ထိပ်တန်းမျိုးနွယ်၏အရှိန်အဝါကို ယူသုံးခြင်း ဖြစ်သည်။ သို့သော် ကာလတစ်လျှောက်တွင် ရန်ကျောက်ကဲထက် တန်ခိုးစွမ်းအားမြင့်မားသူများသည်ပင် သူတို့အပေါ် ဤသို့အသုံးချခြင်းမျိုး မပြုလုပ်နိုင်ခဲ့ကြပေ။
ထူးကဲယန်စည်းတံဆိပ်နှင့် နေဝန်းထက်ယံအရှင်သခင်အကြောင်းတွေးတောရင်း သူ့အရှေ့မှလူငယ်သည် ကြီးကျယ်ခမ်းနားပြီး ရင်းမြစ်ပစ္စည်းကြွယ်ဝသူတစ်ယောက်ဖြစ်ကြောင်း သံသယကင်းစွာဖြင့် ယုံကြည်လာမိသည်။
လူတိုင်း၏ရှုတ်ထွေးနေသော ခံစားချက်များကြားတွင် လေဟုန်စီးကောင်းကင်ရွက်လှေကြီးကတော့ အသက်တစ်ချက်ရှူမျှ အချိန်အတွင်း လီပေါင်းတစ်သောင်းမက ပျံသန်းနေခဲ့သည်။
ယဲ့ရှင်းသည်လည်း သတိပြန်ဝင်လာပြီဖြစ်ပြီး သူမ အန္တရယ်ရင်ဆိုင်ခဲ့ရသောနေရာအား ဆရာဦးလေးဖြစ်သူ ‘ကျန့်မင်’ အားလမ်းညွှန်ပေးခဲ့၏။
ကျန့်မင်တို့ ခရီးဆက်ကြတော့မည်ဆိုတော့ ရန်ကျောက်ကဲ ၊ ဖန်းယွင်ရှန်းနှင့် အားဟူတို့သည်လည်း နှုတ်ဆက်စကားဆိုပြီး ရွက်လှေကြီးထက်မှ ဆင်းခဲ့ကြသည်။
မိုးကုတ်စက်ဝိုင်းဆီသို့ ဖြတ်ကျော်ပျံသန်းကာ လျှပ်တပြက်ပျောက်ကွယ်သွားသည့် လေဟုန်စီးကောင်းကင်ရွက်လှေကြီးကိုကြည့်ရင်း အားဟူ သွားရည်များ သုတ်လိုက်သည်။
“သခင်လေး... ကျွန်တော်တို့မှာ ဒီလိုမျိုးရွက်လှေကြီးရှိရင် ကောင်းမှာပဲဗျာ”
သူ့စကားကို ရန်ကျောက်ကဲ မတုံ့ပြန်သဖြင့် လှည့်ကြည့်လိုက်တော့ သခင်လေးဖြစ်သူက ရွက်လှေကြီးကို ကြည့်ရှုနေခြင်းမရှိကြောင်း တွေ့ရသည်။
ရန်ကျောက်ကဲက ရွက်လှေကြီးထွက်ခွာသွားရာနှင့် ဆန့်ကျင်ဘက်သို့ နောက်ပြန်လှည့်ကြည့်နေလေ၏။
ထိုနေရာက သူတို့လာခဲ့သည့်နေရာဖြစ်ပြီး ကောင်းကင်စွမ်းအားအစီအရင် တည်ဆောက်ထားသော ချိုင့်ဝှမ်းတည်ရှိရာနေရာ ဖြစ်သည်။
အားဟူက...
“သခင်လေး... ဘာဖြစ်လို့လဲ ၊ တာ့ရွှမ်တိုင်းပြည်ကတစ်ယောက်ယောက် ကျွန်တော်တို့နောက် လိုက်လာလို့လား”
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...
“ဘယ်သူမှ လိုက်မလာပါဘူး ၊ စောစောက အစီအရင်က အတော်လေး ထူးဆန်းတယ်လို့ ခံစားနေရလို့ပါ”
အားဟူက သိချင်စိတ်ဖြင့်...
“ထူးဆန်းတယ် ဟုတ်လား ၊ ဘယ်လိုမျိုး ထူးဆန်းတာလဲ”
ရန်ကျောက်ကဲက သူ့အကြည့်များကို ရုတ်သိမ်းရင်း...
“ငါက အလင်းပုံရိပ်လျှို့ဝှက်ပညာအသုံးပြုပြီး အရင်ကတည်ရှိခဲ့တဲ့အစီအရင်ကို ပြန်မြင်ရအောင် လုပ်ခဲ့တာ ၊ တကယ်တည်ရှိနေတဲ့ အစီအရင်တော့ မဟုတ်ဘူး ၊ ဒါကြောင့် သေသေချာချာပြောဖို့တော့ ခက်တယ် ၊ ဒါပေမဲ့ အရင်တုန်းက ငါသိခဲ့တဲ့ ကောင်းကင်စွမ်းအားအစီအရင်နဲ့ နည်းနည်းကွာခြားနေတယ်လို့ ခံစားရတယ်”