← Chapters

ကျွန်တော်တို့ကြောင့်ပြောင်းလဲသွားတာ

Vol. 50 Ch. 696

ကျွန်တော်တို့ကြောင့်ပြောင်းလဲသွားတာ

Vol. 50 Ch. 696

အခန်း (၆၉၆) ကျွန်တော်တို့ကြောင့်ပြောင်းလဲသွားတာ

ရန်ကျောက်ကဲက ကောင်းကင်စွမ်းအားအစီအရင် တည်ရှိရာနေရာသို့ လှည့်ကြည့်ခြင်းမရှိတော့ဘဲ...

“ထားလိုက်တော့... အဲဒီအကြောင်းတွေးတော့ဘူး ၊ ခရီးဆက်ကြရအောင်”

အားဟူက...

“သခင်လေး... ကျွန်တော်တို့ အခု ဘယ်သွားကြမလဲ ၊ ကျူတောပင်လယ်ဒေသမြောက်ပိုင်းလား ဒါမှမဟုတ် သဘာဝပသာဒနယ်မြေလား”

ရန်ကျောက်ကဲက...

“ငါတို့တွေ သဘာဝပသာဒနယ်မြေကို မသွားသင့်သေးဘူး ၊ အဲဒီမှာ အဆုံးမဲ့သံလိုက်မုန်တိုင်းတွေတိုက်ခတ်နေလို့ ဝန်လော့ရှာတောင် ပင်လယ်ထဲဝင်သွားပေမယ့် အထဲမှာရှိနေတဲ့ ရတနာပစ္စည်းကို မရှာဖွေနိုင်ခဲ့ဘူး”

သူက ဆက်ပြောသည်။

“ကျူတောပင်လယ်ဒေသ မြောက်ပိုင်းကလည်း ... လောလောဆယ် သွားဖို့မလိုသေးဘူး”

တာ့ရွှမ်တိုင်းပြည်က မြောက်ပင်လယ်ဓားခန်းမကို ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ဘဲ သူတို့၏ပစ်မှတ်ကို ကွမ်းမင်ဂိုဏ်းသို့ ပြောင်းရွှေ့ခဲ့သည်။

သို့သော် တာ့ရွှမ်တိုင်းပြည်အား တော်လှန်ပုန်ကန်သူများက သူတို့ကို မြောက်ပင်လယ်အနီးတစ်ဝိုက်အထိ လိုက်လံတိုက်ခိုက်ကြပြီး နှစ်ဦးနှစ်ဖက် ထိပ်တိုက်တွေ့ကာ အဆုံးမရှိ ကွင်းဆက်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် တာ့ရွှမ်တိုင်းပြည်အနေဖြင့် ကွမ်းမင်ဂိုဏ်းအနားသို့ မကပ်နိုင်သေးပေ။

တာ့ရွှမ်မင်းဆက်အနေဖြင့် မြောက်ပင်လယ်တွင် ပထဝီအနေအထား အားသာချက်မရှိသဖြင့် ပြန်လည်ဆုတ်ခွာပြီး ကွမ်းမင်ဂိုဏ်းဌာနချုပ်ကို သိမ်းပိုက်ကာ ပုန်ကန်သူများကို ချေမှုန်းရန် ရည်ရွယ်ထားကြောင်း ရန်ကျောက်ကဲ ရိပ်မိသည်။

ထို့ကြောင့် တာ့ရွှမ်တိုင်းပြည်တပ်များက တော်လှန်ရေးအင်အားစုများကို မော်လူဒေသ ၊ ဓားချီကမ္ဘာမှ မျှားခေါ်လာခဲ့သည်။ တော်လှန်ရေးမဟာမိတ်များအနေဖြင့် မော်လူဒေသနှင့် နီးကပ်စွာရှိနေပါက အချိန်မရွေး နောက်ပြန်ဆုတ်သွားနိုင်သည်။

ထို့ကြောင့် ခပ်ဝေးဝေးတစ်နေရာသို့ ရန်သူကိုမျှားခေါ်ပြီးနောက် တာ့ရွှမ်စစ်သည်တော်များက ပြန်လှည့်လာပြီး တန်ပြန်တိုက်ခိုက်သည့်အခါ တော်လှန်ရေးမဟာမိတ်တပ်များအနေဖြင့် မော်လူဒေသသို့ ပြန်လည်ဆုတ်ခွာနိုင်တော့မည် မဟုတ်ပေ။

တော်လှန်ရေးမဟာမိတ်များပြန်မဆုတ်ခွာနိုင်တော့သည့်အခါ လူအင်အားနှင့် တန်ခိုးစွမ်းအား အားသာချက်ကို ဆုပ်ကိုင်ထားသော တာ့ရွှမ်တိုင်းပြည်က တိုက်ပွဲအနိုင်ရရန် အခွင့်အရေးပိုများလာသည်။

ဤသည်မှာ တာ့ရွှမ်တိုင်းပြည်၏ စစ်‌ရေးဗျူဟာ ဖြစ်၏။

တာ့ရွှမ်တိုင်းပြည် တော်လှန်ပုန်ကန်သူများကလည်း တာ့ရွှမ်တိုင်းပြည်၏ ရည်ရွယ်ချက်ကို သိရှိသည့်တိုင် ဤကစားပွဲကို ဆက်လက်ကစားရန် ဆုံးဖြတ်ကြသည်။

သူတို့သာ ဤသို့အရဲမကိုးပါက တာ့ရွှမ်တိုင်းပြည်က ကွမ်းမင်ဂိုဏ်းဌာနချုပ်ကို နင်းချေတိုက်ခိုက်ပြီး သူတို့အားလုံး ကျရှုံးမှုဖြင့် ရင်ဆိုင်ရပေမည်။

တာ့ရွှမ်မင်းဆက်က သူတို့အတွက် အားသာချက်ရှိရာနေရာကို အဓိကတိုက်ပွဲနယ်မြေအဖြစ် အစပြု ဆုံးဖြတ်ခဲ့ကြသည်။ ထို့ကြောင့် တော်လှန်ရေးမဟာမိတ်များက အားသာချက်မရှိသော ပတ်ဝန်းကျင်တွင် အတတ်နိုင်ဆုံး အကျိုးရှိမည့်အခြေအနေဖန်တီးကာ ဖြည့်ဆည်းတိုက်ခိုက်ရန် ကြိုးပမ်းခဲ့ကြရသည်။

ရန်ကျောက်ကဲက...

“အခုဆိုရင် အရှေ့တေင်ထိပ်တန်းအရှင်သခင်ကြောင့် တာ့ရွှမ်တိုင်းပြည်က အလံနှိမ့်ပီး စစ်ဗုံသံကိုလည်း ရပ်ထားရတော့မယ် ၊ နောက်ဆုတ်သွားသလိုနဲ့ တန်ပြန်တိုက်ခိုက်တဲ့နည်းလမ်းတွေကို သုံးလို့မရတော့ဘူး ၊ ဘာမှမလှုပ်ရှားနိုင်ဘဲ အိမ်ပြန်ပြီး အမြီးကုတ်နေရမှာပဲ”

သူက ဆက်ပြောသည်။

“ဒါကြောင့် တာ့ရွှမ်တိုင်းပြည် တော်လှန်ရေးမဟာမိတ်တွေ သူတို့ကို လိုက်တိုက်ခိုက်မှာကို ရှောင်တိမ်းပြီး ဆုတ်ခွာသွားမှာပဲ ၊ တစ်ခါတည်းတိုက်ပွဲရပ်စဲပြီး ခံစစ်တွေကိုပါ ရုတ်သိမ်းသွားလိမ့်မယ်”

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“ဒါပေမဲ့ သူတို့က ပိုပြီးစွမ်းအားမြင့်မားတာ ဖြစ်တဲ့အတွက် သိုသိုသိပ်သိပ်နေတယ်ဆိုရင်တောင်မှ ခံစစ်အင်အားက ကောင်းနေမှာပဲ ၊ ဒါကြောင့် တာ့ရွှမ်တော်လှန်ရေးအင်အားစုတွေအနေနဲ့ လွယ်လွယ်နဲ့ တန်ပြန်တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး ၊ တန်ပြန်တိုက်ခိုက်လာရင်တောင်မှ အရှေ့တောင်ထိပ်တန်းအရှင်သခင်ရဲ့ ဆုံးဖြတ်ချက်မသိရမချင်း တာ့ရွှမ်တိုင်းပြည်က ပြန်မတိုက်လောက်ဘူး ထင်ရတာပဲ”

အားဟူက ရန်ကျောက်ကဲကိုအတုယူပြီး မေးစေ့ကို ပွတ်သပ်ရင်း...

“ဘာပဲဖြစ်ဖြစ် တာ့ရွှမ်တိုင်းပြည်ဘက်က သတင်းကိုဖုံးထားမှာပဲ မဟုတ်လား ၊ အရှေ့တောင်ထိပ်တန်းအကြီးအကဲကို အနှောင်အယှက်ဖြစ်စေမယ့် သတင်းတွေကို သူတို့က လိုက်ဖြန့်မှာတော့ မဟုတ်ဘူး”

သူက ဆက်ပြောသည်။

“ဒါဖြင့် သခင်လေး... ဒီသတင်းကိုပြောပြဖို့ တာ့ရွှမ်တိုင်းပြည် တော်လှန်ရေးအင်အားစုတွေကို ကျွန်တော်တို့ လိုက်ရှာကြမလား”

“တာ့ရွှမ်တိုင်းပြည် ဆုတ်ခွာသွားတာနဲ့ တော်လှန်ရေးတပ်တွေက အပြင်းအထန် တန်ပြန်တိုက်ခိုက်ဖို့ အခွင့်အရေး အသုံးချသင့်တယ်လေ ၊ အဲဒါက သူတို့အတွက် ပြင်းထန်တဲ့ထိုးနှက်ချက်တွေကို ကိုင်တွယ်ဖို့ နောက်ဆုံး အခွင့်အရေး ဖြစ်နိုင်တယ်”

ရန်ကျောက်ကဲက ပြုံးရင်း...

“အမှန်ပဲ ၊ ဒါပေမဲ့ မဖြစ်နိုင်ဘူး ၊ ဘာလို့လဲဆိုတော့ တာ့ရွှမ်တိုင်းပြည်က အတော်လေး စည်းလုံးသလို စစ်သည်တွေကိုလည်း တပ်ဖြန့်ချထားတယ်လေ”

စကားပြောရင်း သူတို့ ခရီးဆက်လာကြသည်။

လက်ရှိတွင် တာ့ရွှမ်တိုင်းပြည်နှင့် တော်လှန်ပုန်ကန်သူများမှာ အရှိန်အဟုန်မြင့်မားသော တိုက်ပွဲကြီးတစ်ခုထဲ ပိတ်လှောင်ခံထားရပြီး ထိပ်တိုက်ရင်ဆိုင်နေကြသည်။

ထို့ကြောင့် ရန်ကျောက်ကဲတို့အနေဖြင့် တိုက်ပွဲတည်နေရာကို ရှာဖွေရန် မခက်ခဲပေ။

လမ်းတစ်လျှောက် သတင်းအချက်အလက်များရယူသည့်အခါ ကျူတောပင်လယ်ဒေသ အရှေ့မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေကြောင်းသိရသည်။

ထိုနေရာအနီးပတ်ဝန်းကျင်သို့ ရောက်လာသည်နှင့် ရန်ကျောက်ကဲတို့အုပ်စုမှာ ဝိညာဉ်စွမ်းအား တုန်ခါမှုအတက်အကျများကို စတင်ခံစားရသည်။ ဤသို့ဖြစ်ရသည်မှာ ပတ်ဝန်းကျင် ဝိညာဉ်စွမ်းအားလည်ပတ်မှုကို သက်ရောက်နိုင်သော တန်ခိုးစွမ်းအားရှင်များစွာ တိုက်ခိုက်နေကြသောကြောင့် ဖြစ်၏။

အဝေးသို့ လှမ်းကြည့်လိုက်တော့ အလင်းတန်းများ ၊ မီးတောက်မီးလျှံများစွာ တောက်ပလင်းလက်နေကြောင်း တွေ့ရသည်။ ကြီးမားသော တိုက်ပွဲကြီးတစ်ခု နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားနေသည်မှာ ထင်ရှား၏။

တုန်လှုပ်ချောက်ချားဖွယ်ရာ ချီစွမ်းအားလှိုင်းလုံးများက ပတ်ဝန်းကျင်တစ်ခုလုံးအား ဖြတ်ကျော်သွားပြီး ဆူနာမီ ငလျင်လှိုင်းလုံးကြီးများပမာ ပင်လယ်ပြင်ကထကြွလျှက် ရန်ကျောက်ကဲတို့ ရောက်နေသည့်နေရာထိတိုင် ဖိအားများ မြင့်တက်လာသည်။

ရန်ကျောက်ကဲက မျက်ဝန်းများကို ကျဉ်းမြောင်းရင်း...

“ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ တိုက်ပွဲလဲ”

သို့သော် ရုတ်တရက် စတင်ခဲ့သောတိုက်ပွဲက အလွန်လျှင်မြန်စွာ ပြီးဆုံးသွားသည်။ တစ်ခဏအတွင်း တာ့ရွှမ်တိုင်းပြည်က သူသေကိုယ်သေတိုက်ပွဲတစ်ခု မဆင်နွှဲလိုသည့်အလား အမြန်ဆုတ်ခွာသွားခဲ့သည်။

ပြိုင်ဘက်များ နောက်ယောင်ခံလိုက်လာခြင်းမရှိစေရန် သူတို့က အချိန်အတန်ကြာ ကြိုတင်ပြင်ဆင်ထားခဲ့ပြီး စည်းစနစ်ကျကျ ဆုတ်ခွာသွားခြင်း ဖြစ်၏။ သို့သော် တိုက်ခိုက်နေသူများလည်း ကျန်ရစ်ခဲ့ပြီး တိုက်ပွဲအရှိန်အဟုန် ပြင်းထန်နေဆဲ ဖြစ်သည်။ ရန်သူများကို အပြီးတိုင် အဆုံးသတ်ပေးလိုဟန်ဖြင့် တိုက်ပွဲက ပြင်းထန်နေဆဲပင်။

အားဟူက မချင့်မရဲဖြင့်...

“သခင်လေး... ကျွန်တော်တို့ နောက်ကျသွားပြီလား”

ရန်ကျောက်ကဲက...

“နောက်မကျသေးဘူး ၊ တိုက်ပွဲက အဆိုးဆုံးအဆင့်ရောက်နေပြီ ၊ ဓားအလင်းတန်းနဲ့ မီးတောက်တွေ နေရာတိုင်းမှာ ရှိနေတယ်”

ရန်ကျောက်ကဲက အဝေးမှပင် တိုက်ပွဲရောင်ဝါကို ခံစားနိုင်ခဲ့ပြီး တိုက်ခိုက်နေကြသူများ၏ ကြီးမားပြင်းထန်သော ခွန်အားများကို အာရုံခံလိုက်သည်။

ဖန်းယွင်ရှန်းနှင့် အားဟူတို့က ကျင့်ကြံခြင်းအဆင့် မလုံလောက်သဖြင့် အလင်းတန်းများကို တွေ့မြင်သော်လည်း စိတ်နှလုံးတုန်လှုပ်ခြင်းသာရှိပြီး ခွဲခြားသိမြင်နိုင်ခြင်း မရှိပေ။

သို့သော် ရန်ကျောက်ကဲ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် မတူကွဲပြားခြင်းကို သိရှိနိုင်သည်။

ဓားအလင်းတန်းက အချိန်ရေစီးကြောင်းမြစ်တစ်စင်းပမာ ထာဝရတည်ရှိနေသည်။ တစ်ချိန်တည်းတွင် မီးတောက်မီးလျှံများက ရက်စက်ကြမ်းတမ်းပြီး ငှက် (၇)ကောင် ကောင်းကင်ထက်ပျံတက်သွားသည့်သဏ္ဌန်ကို ယောင်ဝါးဝါး တွေ့မြင်ရ၏။

ဓားအလင်းတန်းမှာ ရှန်လင်ကျီအဆက်အနွယ်များကိုင်ဆောင်သည့် အချိန်ရေစီးကြောင်း ဓားသိုင်းဖြစ်သည်မှာ သံသယဝင်စရာ မရှိပေ။ မီးတောက်မီးလျှံမျာကတော့ တာ့ရွှမ်မင်းဆက်၏ အစဉ်အဆက် သိုင်းပညာဖြစ်သော မီးငါးသွယ်သိုင်းပညာနဲ့ ရတနာခုနစ်သွယ်လှံသိုင်း ထုတ်လွှတ်ခြင်းဖြစ်သည်။

ရန်ကျောက်ကဲက...

“ငါလည်း တာ့ရွှမ်မင်းဆက်ကလူဆိုရင် ရှေ့တိုးမလား နောက်ဆုတ်မလားဆိုတဲ့ ဆုံးဖြတ်ချက်က ငါ့လက်ထဲမှာ ရှိနေမှာပဲ ၊ အဲဒီလိုအချိန်မျိုးမှာ ပြန်မဆုတ်ခင် ဒီလိုမျိုး အပြင်းအထန် တိုက်ခိုက်မှာပဲ ၊ ဘာပဲဖြစ်ဖြစ် အားသာချက် ဆုပ်ကိုင်ထားသော ရှုံးမှာမဟုတ်ဘူးလေ”

ဤနေရာက မြေပြင်အားသာချက်မရှိသဖြင့် တော်လှန်ပုန်ကန်သူများက တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ သူတို့က တာ့ရွှမ်တိုင်းပြည်၏ ခြေလှမ်းများကို နှောင့်နှေးစေရုံ တားဆီးလိုခြင်း ဖြစ်၏။

ဤသို့သော်လုပ်ရပ်မျိုး ယခင်ကလည်း အကြိမ်များစွာပြုလုပ်ခဲ့ပြီး ရန်သူက တန်ပြန်တိုက်ခိုက်လာသည့်အခါ တော်လှန်ရေးအင်အားစုများက ဆုတ်ခွာသွားစမြဲ ဖြစ်သည်။ တာ့ရွှမ်တိုင်းပြည်က ငြိမ်နေလျှင်တောင်မှ တော်လှန်သူများက သူတို့ကို ရန်စပြီး နောက်ဆုတ်သွားခ့သည်။ တာ့ရွှမ်တိုင်းပြည် တန်ပြန်တိုက်ခိုက်မှု ရပ်တန့်သည်နှင့် သူတို့က အခွင့်ကောင်းယူကာ ထွက်ခွာသွားကြစမြဲပင်။

ယခုတော့ တာ့ရွှမ်တိုင်းပြည်က လုံးဝ ဒေါသမထွက်သော သားရဲတစ်ကောင်ပမာ ပြန်လည်ဆုတ်ခွာသွားပြီး ကွမ်းမင်ဂိုဏ်း ဌာနချုပ်သို့လည်း သွားရောက််တိုက်ခိုက်မည့်ဟန် မရှိတော့ပေ။ တော်လှန်ရေးမဟာမိတ်များအနေဖြင့် ထို့ထက်မပျော်နိုင်စရာ မရှိတော့ပေ။

ထို့ပြင် တာ့ရွှမ်မင်းဆက်က မြန်မြန်ဆန်ဆန်နှင့် ဆုံးဖြတ်ချက်ခိုင်မာစွာ ဆုတ်ခွာသွားသဖြင့် ဤနေရာတွင် တိုက်ပွဲရပ်စဲသွားမည်မှာ သေချာ၏။

ရန်ကျောက်ကဲက နှုတ်ခမ်းများတွန့်ကွေးရင်း...

“တာ့ရွှမ်တိုင်းပြည်ကလည်း ဒီအချိန်မှာ တူညီတဲ့ရည်ရွယ်ချက် ရှိနိုင်တယ် ၊ တာ့ရွှမ်တိုင်းပြည်ပုန်ကန်တဲ့သူတွေ အခွင့်ကောင်းစောင့်ပြီးပြေးတဲ့အချိန် တာ့ရွှမ်တိုင်းပြည်က စစ်သည်တွေလည်း ပြေးကြတော့မယ်ထင်တယ်”

သူက ဆက်ပြောသည်။

“တော်လှန်တဲ့အင်အားစုတွေက ဒီအကြောင်း ရိပ်မိပြီး နောက်လိုက်ဖို့စဉ်းစားတဲ့အခါ အချိန်နှောင်းသွားနိုင်တယ်”

အားဟူက...

“တာ့ရွှမ်တိုင်းပြည်က သူတို့ရဲ့ အရင်နည်းလမ်းကို အသုံးမပြုတော့ဘူးပေါ့”

ရန်ကျောက်ကဲက...

“အရင်တုန်းက တာ့ရွှမ်တိုင်းပြည်ရဲ့ အဓိကပစ်မှတ်က ကွမ်းမင်ဂိုဏ်းဌာနချုပ် မဟုတ်ရင်တောင် ဒီနေရာမှာတိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့အင်အားကို အကြီးမားဆုံးအတိုင်းအတာတစ်ခုအထိ ဖြိုခွင်းနိုင်ဖို့ ရည်ရွယ်ထားတဲ့ပုံပဲ”

ကွမ်းမင်၏ဌာနချုပ်တစ်ခုတည်းကို ဖျက်ဆီးလိုက်ရုံဖြင့် တာ့ရွှမ်မင်းဆက်သည် အမှန်တကယ် အကျိုးရလဒ်များစွာရရှိမည်မဟုတ်ပေ။ သို့သော် တော်လှန်ရေးအင်အားစုများက မြောက်ပင်လယ် ၊ မော်လူဒေသရှိ ဓားချီကမ္ဘာအတွင်းသို့ ဆုတ်ခွာလျှက် တိုက်ပွဲကို အချိန်ဆွဲထားခဲ့သည်။

ကွမ်းမင်ဂိုဏ်းက ဒီအကြောင်းကို ဘာမှမပြောနိုင်ဘဲ မြောက်ပင်လယ်ဓားခန်းမက ရန်သူများအား ခုခံတိုက်ခိုက်သည်ကို စိတ်အားထက်သန်စွာ ကူညီပေးရန်သာ တတ်နိုင်၏။

“တာ့ရွှမ်တိုင်းပြည်ရော တော်လှန်ရေးမဟာမိတ်တွေရောက ဒီကြောင်းတွေကို အပြည့်အဝ နားလည်တယ် ၊ နှစ်ဖက်စလုံးက အပြန်ပြန်အလှန်လှန် ရိုးရိုးရှင်းရှင်းပဲ သွားနေကြတာလို့ ပြောလို့ရတယ်”

ရန်ကျောက်ကဲက ပြုံးရင်း...

“အခုတော့ ဘာပဲဖြစ်ဖြစ် ၊ တာ့ရွှမ်တိုင်းပြည်က စိတ်ပြောင်းသွားပါပြီလေ ၊ သူတို့ရန်သူတွေကတော့ အဲဒီအကြောင်းလုံးဝ မသိသေးဘူးပေါ့”

အားဟူက ရိုးရင်းစွာရယ်မောရင်း...

“ကျွန်တော်တို့ကြောင့် ပြောင်းလဲသွားတာ မဟုတ်လား”

All Chapters