← Chapters

ပထမဆုံးတွေ့ဆုံခြင်း

Vol. 50 Ch. 697

ပထမဆုံးတွေ့ဆုံခြင်း

Vol. 50 Ch. 697

အခန်း (၆၉၇) ပထမဆုံးတွေ့ဆုံခြင်း

ရန်ကျောက်ကဲက အဝေးတစ်နေရာ မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။

“တာ့ရွှမ်တိုင်းပြည်ရဲ့ တိုက်ခိုက်မှုက ပြင်းထန်တယ် ၊ ပြီးတော့ သူတို့က အပြင်အထန်တိုက်ခိုက်ပြီးရင် အမြန်ဆုတ်ခွာဖို့ စီစဉ်နေပြီ ၊ အခုချိန် တာ့ရွှမ်တော်လှန်ရေးအင်အားစုတွေကို ဆက်သွယ်မယ်ဆိုရင်တောင် သူတို့ကို ထိန်းထားနိုင်ဖို့ ခက်ခဲလိမ့်မယ်”

သူက ခေါင်းခါယမ်းရင်း...

“ဘာပဲဖြစ်ဖြစ် တာ့ရွှမ်တိုင်းပြည်က ရင်းမြစ်တွေလည်းကောင်းသလို စွမ်းအားလည်း မြင်မားနေသေးတယ်လေ”

တိုက်ပွဲဝင်နေသော နှစ်ဖက်စစ်သည်တော်များကိုကြည့်ရင်း ရန်ကျောက်ကဲ ပြုံးလိုက်သည်။

“တခြားသူတွေက သူတို့နဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ဖန်းယွင်ရှန်း ၊ အားဟူတို့နှင့်အတူ တိုက်ပွဲအပြင်ဘက်ခြမ်းသို့ တိုးကပ်သွားသည်။ ဤနေရာက တာ့ရွှမ်တိုင်းပြည်တော်လှန်ရေးအင်အားစုများ စခန်းချရာနေရာ ဖြစ်၏။

တိုက်ပွဲက မကြုံစဖူး အရှိန်အဟုန်ပြင်းထန်လှသဖြင့် တာ့ရွှမ်တော်လှန်ရေးတပ်ဖွဲ့များမှာ အတိုင်းအတာတစ်ခုအထိ တည်ငြိမ်သောအခြေအနေကို ထိန်းမထားနိုင်ခဲ့ကြပေ။ ဤသို့သော ကျဉ်းထဲကျပ်ထဲအခြေအနေတွင် ရန်သူများ ဝိုင်းရံခံရခြင်းမှ ရှောင်လွှဲနိုင်ရန် တော်လှန်ရေးမဟာမိတ်များက မြောက်ပိုင်းသို့ဦးတည်ကာ ပင်လယ်ဒေသမှတစ်ဆင့် ဆုတ်ခွာရန် ကြိုးစားကြသည်။

သို့သော် တာ့ရွှမ်မင်းဆက်၏ထိုးစစ်ဆင်တိုက်ခိုက်မှုက မထင်မှတ်စွာ တဖြည်းဖြည်း ရပ်တန့်သွား၏။

တာ့ရွှမ်စစ်သည်တော်များ ဆုတ်ခွာသွားတော့မှ တော်လှန်ရေးအင်အားစုများ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ကြသည်။ ထို့နောက် အမှန်တကယ် ဆုတ်ခွာသွားခြင်း ဟုတ် မဟုတ် ကင်းထောက်များစေလွှတ် အတည်ပြုကြသည်။

တာ့ရွှမ်တိုင်းပြည်က ခါတိုင်းလို အယောင်ပြဆုတ်ခွာပြီး ပြန်လည်တိုက်ခိုက်ခြင်းမျိုး မရှိဘဲ တစ်ခါတည်း အပြီးဆုတ်ခွာသွားခြင်း ဖြစ်၏။

သို့သော် နှစ်ဖက်လုံးက ပြေးလိုက် ပြန်လှည့်တိုက်လိုက် အခြေအနေမျိုးဖြင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည်ဖြစ်ရာ ယခုတစ်ကြိမ် တာ့ရွှမ်တိုင်းပြည် ပြန်လည်ဆုတ်ခွာသွားခြင်းကလည်း ခါတိုင်းလိုပင် ကစားနေခြင်းဖြစ်နိုင်သည်ဟု ထင်မှတ်ခဲ့ကြ၏။

ကွာခြားချက်မှာ ယခုတစ်ကြိမ် တာ့ရွှမ်မင်းဆက်၏ထိုးစစ်ဆင်မှုက ပြင်းထန်လွန်းသဖြင့် တော်လှန်ရေးမဟာမိတ်များ ပိုမိုဝေးကွာသည့်နေရာသို့ ဆုတ်ခွာခဲ့ရသည်။ ထိုအချိန်ကိုအခွင့်ကောင်းယူပြီး တာ့ရွှမ်တပ်များက အလျှင်အမြန် ဆုတ်ခွာသွားခြင်းပင်။

တော်လှန်ရေးအင်အားစုများက တာ့ရွှမ်တိုင်းပြည်တပ်များနောက်သို့ ထပ်မံလိုက်ပါသွားကြသည့်တိုင် ရန်သူက အရှိန်မြှင့်ကာ နောက်ဆုတ်သွားခဲ့ပြီး မျက်ခြေပြတ်သွားခဲ့သည်။

ထို့ကြောင့် တော်လှန်ရေးအင်အားစုများ အလွန်တရာ အံ့အားသင့်ကြရသည်။ ပုံမှန်မဟုတ်သောအခြေအနေဖြစ်သည့်အတွက် တာ့ရွှမ်စစ်တပ်နောက်သို့ ဆက်မလိုက်တော့ဘဲ အရှိန်လျှော့လိုက်ကြသည်။

ယခုတော့ ရန်ကျောက်ကဲတို့အုပ်စုက တာ့ရွှမ်တိုင်းပြည် တော်လှန်ရေးမဟာမိတ်များ၏ စခန်းချရာဆီသို့ ချဉ်းကပ်လာသည်။

တာ့ရွှမ်တိုင်းပြည်စစ်တပ်များ အလျှင်အမြန်ဆုတ်ခွာသွားသဖြင့် တော်လှန်ရေးတပ်များ ဘာလုပ်ရမှန်းမသိ ချီတုံချတုံ ဖြစ်နေသည်ကိုကြည့်ရင်း ရန်ကျောက်ကဲတို့သုံးယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြ၏။

တာ့ရွှမ်တိုင်းပြည်က ‌တော်လှန်ရေးအင်အားစုများထက် ပိုမိုအင်အားကောင်းသည့်တိုင် ပုံမှန်မဟုတ်သော လုပ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။ အခြေအနေက ထူးခြားသောကြောင့် ရန်သူ့ဘက်မှ မည်သို့သောအကြံအစည်ရိကြောင်း မသိနိုင်သဖြင့် စိုးရိမ်ပူပန်လျှက် ပိုမိုသတိထားသည်မှာ သဘာဝပင်။

သို့သော် စိတ်မကောင်းစရာမှာ တာ့ရွှမ်တိုင်းပြည်က မည်သည့်အကြံအစည်မှမရှိဘဲ အမှန်တကယ် ဆုတ်ခွာသွားကြခြင်း ဖြစ်၏။ တော်လှန်ရေးအင်အားစုများ တုံ့ဆိုင်းနေချိန် တာ့ရွှမ်စစ်တပ်က သူတို့စိတ်တိုင်းကျ အောင်မြင်စွာ ဆုတ်ခွာသွားခဲ့ပေပြီ။

အခြေအနေကိုလေ့လာရင်း ရန်ကျောက်ကဲ ခေါင်းအနည်းငယ် ခါယမ်းလိုက်စဉ်  သူ့ဆီသို့ လမ်းလျှောက်လာနေသူတစ်ယောက်ကိုတွေ့ရသဖြင့် မျက်နှာထက် အပြုံးရိပ်တစ်ခု ပေါ်လာသည်။

“အကြီးအကဲ’ဝူ’ ... မတွေ့တာကြာပြီနော် ၊ နေကောင်းရဲ့မဟုတ်လား”

အနက်ရောင်ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက် ရန်ကျောက်ကဲတို့ရှိရာသို့ လမ်းလျှောက်လာနေသည်။

ထိုသူက ယိုးမင်ဂိုဏ်းမှ အကြီးအကဲတစ်ယောက်ဖြစ်ပြီး ကျူတောပင်လယ်ဒေသ တောင်ပိုင်း ၊ ယိုးမင်ဂိုဏ်းခွဲတွင် ရန်ကျောက်ကဲနှင့် ပထမဆုံးတွေ့ဆုံခဲ့ဖူးသော အလင်းမဲ့ခန်းမအကြီးအကဲ ‘ဝူကျိရှိုး’ သာပင်။

တိုက်ပွဲအပြင်ဘက်တွင် ယိုးမင်ဂိုဏ်းမှ တပည့်တစ်ယောက်နှင့် တွေ့ဆုံသဖြင့် ရန်ကျောက်ကဲက သူတို့ရောက်လာကြောင်း သတင်းပို့ခိုင်းခဲ့ခြင်း ဖြစ်၏။

ရန်ကျောက်ကဲ ရောက်လာကြောင်း သတင်းရရှိသည်နှင့် ကြိုဆိုနှုတ်ဆက်ရန်အတွက် ယိုးမင်ဂိုဏ်းမှ ဝူကျိရှိုး အလျှင်အမြန်ရောက်လာသည်ကို ကြည့်ခြင်းအားဖြင့် သူ ရောက်လာခြင်းက အလွန်အရေးကြီးကြောင်း သိရှိနိုင်သည်။

ဝူကျိရှိုးကိုကြည့်ရင်း ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...

“ခင်ဗျားလည်း ကျူတောပင်လယ်ဒေသတောင်ပိုင်းကနေ ဒီကိုရောက်လာတာလား”

ဝူကျိရှိုးက နတ်ဘုရားသိမြင်ခြင်းအဆင့် အလယ်ဆင့်  ၊ ပဉ္စမအဆင့် သိုင်းသူတော်စင် ဖြစ်သည်။

ယိုးမင်ဂိုဏ်း၏ ခန်းမသုံးခုအနက် အလင်းမဲ့ခန်းမ၏ အကြီးအကဲဖြစ်ပြီး တာ့ရွှမ်ဆန့်ကျင်ရေးမဟာမိတ်များကြားတွင်လည်း ထိပ်တန်းတန်ခိုးစွမ်းအားရှင်တစ်ယောက်ဖြစ်၏။

နေမရှိလရိပ်ထုံးတမ်းပွဲတော် ပြီးဆုံးသွားသည့်နောက် ယိုးမင်ဂိုဏ်း အဓိကပလ္လင်သည်လည်း ပျက်ဆီးသွားခဲ့သည်။ ထို့နောက် အရေးပေါ်အကူအညီလိုအပ်မှုများကြောင့် ဝူကျိရှိုးက ယိုးမင်ဂိုဏ်းသိုင်းသမားများကို ဦးဆောင်ကာ မြောက်ပင်လယ်သို့ရောက်လာခြင်းပင်။

အဘိုးအိုက သက်ပြင်းချရင်း...

“ငါတို့တွေ့ဆုံခဲ့တာ မနေ့တစ်နေ့ကလိုပါပဲ ၊ မိတ်ဆွေလေး’ရန်’... အန္တရယ်ကင်းရုံသာမကဘူး ၊ သိုင်းသူတော်စင်အဆင့်လည်း တက်ရောက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်ဗျာ”

ရန်ကျောက်ကဲ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်မှ သိုင်းသူတော်စင်အဆင့် တက်ရောက်သည်မှာ အများဆုံး အချိန်တစ်နှစ်ခန့်သာ ရှိသေးကြောင်း ဝူကျိရှိုး ရှင်းရှင်းလင်းလင်း သိထားသည်။

ထိုကဲ့သို့ ကျင့်ကြံခြင်းအဆင့်တက်ခြင်း လျှင်မြန်ခြင်းမျိုး တစ်ခါမှ မကြားစဖူးပေ။

“မိတ်ဆွေလေး’ရန်’က ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို ချိုးဖျက်ခဲ့တယ်လို့ ဒီအဘိုးအကြီး သတင်းအတိအကျ ကြားရတယ် ၊ အဲဒီ ကွမ်းမင်ဂိုဏ်းက နုန်ယွိရွှမ်က တကယ့်ကိုအရှက်မရှိဘဲ မင်းရဲ့ ဂုဏ်ပုဒ်ကို ခိုးယူတာပဲ”

ဝူကျိရှိုးက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။

“ဒီအဘိုးကြီးလည်း အဲဒီတုန်းက တပည့်တွေနဲ့အတူ မော်လူဒေသ ၊ ဓားချီကမ္ဘာမှာ ရှိနေတာလေ ၊ မင်းက အဲဒီ ကပ်ဘေးအစီအရင်ကြီးကို ချိုးဖျက်ခဲ့တဲ့အတွက် တကယ့်ကို ကျေးဇူးတင်မိပါတယ်”

“ပြီးတော့ ကောင်းကင်မွေခံနယ်မြေနဲ့ ကြမ္မာမြစ်ရေနယ်မြေက အခြေအနေတွေက အရမ်းရှုတ်ထွေးသွားတယ် ၊ ပြီးတော့ မင်းရော ကွမ်းမင်ဂိုဏ်းကလူတွေရော ပျောက်ကွယ်သွားခဲ့တာ ၊ ဒီသတင်းကြားတော့ ငါတို့ အတော်လေး စိတ်မကောင်းဖြစ်ရသေးတယ် ၊ တော်သေးတယ်... ဘုရားမလို့ မင်းတို့အုပ်စု ဘာမှမဖြစ်ကြလို့”

ရန်ကျောက်ကဲက လက်ဝှေ့ယမ်းရင်း...

“ရပါတယ် အကြီးအကဲ’ဝူ’ ရာ...”

ထို့နောက် သူက ဝူကျိရှိုးကို အကဲခတ်ရင်း...

“အဲဒီတုန်းကိစ္စတွေ နောက်မှ ဖြည်းဖြည်းချင်းရှင်းပြမယ်ဗျာ... ၊ အခု ရောက်လာတာ ဒီ ‘ရန်’ မှာ အရေးတကြီး သတင်းပေးစရာ ရှိလို့ဗျ ၊ အဲဒီသတင်းက တာ့ရွှမ်တိုင်းပြည်နဲ့ရော အရှေ့တောင်ထိပ်တန်းအရှင်သခင်နဲ့ရော သက်ဆိုင်နေတယ်”

တာ့ရွှမ်တိုင်းပြည်ဟုကြားလိုက်တော့ ဝူကျိရှိုးမျက်နှာအမူအရာ တည်ငြိမ်သွားသည်။ သို့သော် ရန်ကျောက်ကဲ နှုတ်ဖျားမှ “အရှေ့တောင်ထိပ်တန်းအရှင်သခင်” ဟု ပြောလာသည့်အခါ အဘိုးအို၏မျက်နှာက ချက်ချင်းပင် တည်ကြည်လေးနက်သွား၏။

အရှေ့တောင် နေဝန်ကောင်းကင်ပြည်နယ်တွင် အရှေ့တောင်ထိပ်တန်းအရှင်သခင်နှင့် ပတ်သက်သည့်ကိစ္စများက အသေးအဖွဲ မဟုတ်ပေ။ ယခု ရန်ကျောက်ကဲ ပြောမည့်သတင်းက တာ့ရွှမ်တိုင်းပြည်ရော အရှေ့တောင်ထိပ်တန်းအရှင်သခင်နှင့်ပါ တစ်ပြိုင်တည်း ပတ်သက်နေလေရာ ယိုးမင်ဂိုဏ်း၏ အကြီးအကဲဖြစ်သော ဝူကျိရှိုးအနေဖြင့် သတိထားရမည့်ကိစ္စ ဖြစ်သည်။

ထို့နောက် ရန်ကျောက်ကဲက အဖြစ်အပျက်များကို အကျဉ်းချုံး ရှင်းပြလိုက်၏။ သူ့စကားများကို နားထောင်ရင်း ဝူကျိရှိုးမှာ မျက်လုံးအပြူးသား ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။

တာ့ရွှမ်တိုင်းပြည်က ကျူတောပင်လယ်ဒေသတွင် ကောင်းကင်စွမ်းအားအစီအရင်ကို နှစ်ပေါင်းများစွာ လျှို့ဝှက်တည်ဆောက်နေခဲ့ကြောင်း မည်သူမှ မသိရှိခဲ့ကြပေ။ ဤအစီအရင်က ဒဏ္ဍာရီလာ ကောင်းကင်ဘုံ မင်း (၄)ပါးမှ မြေကမ္ဘာဘုရင်မနှင့်ပတ်သက်နေပြီး ယခု ထိုကိစ္စကို အရှေ့တောင်ထိပ်တန်းအရှင်သခင် သိရှိသွားပေပြီ။

အရှေ့တောင်ထိပ်တန်းအရှင်သခင်၏ အမျက်ဒေါသကိုရှောင်လွှဲရန်အတွက် တာ့ရွှမ်တိုင်းပြည်မှာ ရွေးချယ်စရာမရှိဘဲ နောက်ဆုတ်ခဲ့ရပြီး သိုသိုသိပ်သိပ်နေရန်သာ ရှိသည်။ တစ်စုံတစ်ယောက်က အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို သွားရောက်တွေ့ဆုံပြီး အစီအရင်နှင့်ပတ်သက်သည်များကို ကောင်းမွန်စွာရှင်းလင်းပြရန် ကြိုးစားနေဆဲ ဖြစ်၏။

ဤသတင်းများကိုကြားပြီးနောက် ယိုးမင်ဂိုဏ်း၏ ထိပ်တန်းအကြီးအကဲတစ်ယောက်ဖြစ်သော ဝူကျိရှိုးက အကြောင်းအရာများကို ဆက်စပ်တွေးတောမိသွားသည်။

ဝူကျိရှုးအလေးအနက်စဉ်းစားနေသည်ကိုကြည့်ရင်း ရန်ကျောက်ကဲက တာ့ရွှမ်တိုင်းပြည် စစ်သည်တော်များ ဆုတ်ခွာသွားရာ လမ်းကြော်းသို့ လက်ညှိုးညွှန်ပြလိုက်၏။

“အခု တာ့ရွှမ်စစ်တပ်တွေ နောက်ဆုတ်သွားတာကိုကြည့်ရင် ဒီ ‘ရန်’ ပြောတဲ့သတင်းက မှန်ကန်တယ်ဆိုတာ သက်သေပြနေတာပါပဲ”

ဝူကျိရှိုးကလည်း ရန်ကျောက်ကဲကြည့်ရာသို့ လှမ်းကြည့်လိုက်ပြီး သဘောပေါက်စွာဖြင့် သက်ပြင်းချလိုက်သည်။

“ဒီတိုင်းသာဆိုရင် ငါတို့တွေတော့ အခွင့်ကောင်းနဲ့ လွဲချော်သွားပြီထင်တယ် ၊ တကယ်ဆို သူတို့ကို ပြင်းထန်တဲ့ တန်ပြန်တိုက်စစ် မလုပ်နိုင်ရင်တောင်မှ သူတို့အကျပ်အတည်းကိုနင်းပြီး အခွင့်အရေးယူနိုင်သေးတယ်”

ရန်ကျောက်ကဲက ရယ်မောရင်း...

“တကယ်တော့ အချိန်မနှောင်းသေးပါဘူး ၊ အခွင့်အရေးရှိပါသေးတယ်။”

ဝူကျိရှိုး အံ့အားသင့်သွားပြီး...

“အိုး... ဟုတ်လား”

သူက ခဏမျှစဉ်းစားပြီးနောက်...

“ငါနဲ့လိုက်ခဲ့ပါ မိတ်ဆွေလေး’ရန်’ ၊ ငါတို့ ဂိုဏ်းချုပ်က မင်းကို အမြဲတမ်း တွေ့ချင်နေခဲ့တာ ၊ စိတ်မကောင်းစရာက တစ်ခါမှ အခွင့်အရေးမရဘူးလေ”

ရန်ကျောက်ကဲက ပြုံးရင်း...

“ဒါဖြင့် အမြန်သွားကြရအောင် ၊ အချိန်ကလူကို မစောင့်ဘူးဗျ”

***

ယိုးမင်ဂိုဏ်းချုပ် ကျိုးဟောက်ရှန်းနှင့် သွားရောက်တွေ့ဆုံသည့်အခါ အခြားသော တာ့ရွှမ်တော်လှန်ရေးအင်အားစုများမှ ထိပ်တန်း တန်ခိုးစွမ်းအားရှင်များနှင့်လည်း တွေ့ဆုံရသည်။

မြောက်ပင်လယ်ဓားခန်းမ၏ ခန်းမသခင် ‘မြောက်ပင်လယ်နတ်ဓားရှင်’ ကုဟုန်က သိုင်းသူတော်စင် သတ္တမအဆင့် ၊ အမတကူးပြောင်းခြင်း ကနဦးအဆင့် ဖြစ်၏။

ကြေးနီကျွန်းသခင် ‘နဂါးသုံးကောင်ဘုရင်’ ကုန်းစွန်းမင်ကတော့ သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် ဖြစ်သည်။

ကွမ်းမင်ဂိုဏ်းချုပ် ၊ ကောင်းကင်ကိုးထပ်လင်းလက်စေသူ ‘လော့ကျီးထောင်’ သည်လည်း နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်ပင် ဖြစ်သည်။

ထို့ပြင် မြောက်ပင်လယ်ဓားခန်းမ ၊ ကွမ်းမင်ဂိုဏ်း ၊ ယိုးမင်ဂိုဏ်းနှင့် ကြေးနီကျွန်းတို့မှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များသည်လည်း ဤနေရာတွင် အတူတကွစုရုံးရောက်ရှိနေကြသည်။ ထိပ်သီးသိုင်းဂိုဏ်းကြီး (၄) ဂိုဏ်းအပြင် တော်လှန်ရေးအင်အားစုအဖြစ် ပူ‌ပေါင်းထားသော အခြားသိုင်းဂိုဏ်းများမှ ခေါင်းဆောင်များနှင့် တစ်ကိုယ်တော်သိုင်းသမားများလည်း ရှိနေကြ၏။

အများစုက ရန်ကျောက်ကဲကို အကဲခတ်နေကြပြီး ကွမ်းမင်ဂိုဏ်းမှလူများကတော့ စားတော့ဝါးတော့မတတ် ဖိအားပြင်းထန်သောအကြည့်များဖြင့် ကြည့်နေကြသည်။

သူတို့အားလုံး ရန်ကျောက်ကဲကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။

ပြီးတော့ ထိုလူငယ်က ကျင့်ကြံခြင်းအဆင့်လည်း ထိုမျှလောက် မြင့်မားခြင်းမရှိပါဘဲ ကွမ်းမင်ဂိုဏ်းကို နှိုင်းယှဉ်မရလောက်အောင် ထိတ်လန့်တုန်လှုပ်စေခဲ့သည် မဟုတ်ပါလား။

All Chapters