ဒီ ‘ရန်’ ကြောင့်ပါပဲ
Vol. 50 Ch. 698
အခန်း (၆၉၈) ဒီ ‘ရန်’ ကြောင့်ပါပဲ
ရန်ကျောက်ကဲအနေဖြင့် ကွမ်းမင်ဂိုဏ်းချုပ် လော့ကျီးထောင်ကို ဤမျှနီးနီးကပ်ကပ် ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်၏။
များပြားလှစွာသော နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်များ စူးစိုက်ကြည့်မှုအောက်တွင် ရန်ကျောက်ကဲ လောင်ကျွမ်းသွားနိုင်သည်။
သို့သော် သူက အရေးမစိုက်ဟန်ဖြင့် ခပ်ပါးပါးပြုံးလိုက်သည်။
ကွမ်းမင်ဂိုဏ်းမှလူများက ရန်ကျောက်ကဲကို အပိုင်းပိုင်းဆွဲဖြဲချင်နေသည့်တိုင် ပတ်ဝန်းကျင်အနေအထားကြောင့် ထိုသို့ ပြုလုပ်နိုင်ခြင်း မရှိပေ။
သူတို့ဘေးနားတွင် မြောက်ပင်လယ်ဓားခန်းမသခင် ‘ကုဟုန်’ ရှိနေပြီး သူ၏အကြည့်က ကွမ်းမင်ဂိုဏ်းမှအုပ်စုထံသို့ ကျရောက်လာသည်။ သူ့မျက်ဝန်းအကြည့်များက ရန်ကျောက်ကဲအား မကောင်းကြံစည်နေသူများအားလုံးကို ဓားသွားဖြင့် ဖြတ်တောက်သွားသည့်ပမာ ဖြစ်၏။
လော့ကျီးထောင်လှည့်ကြည့်လိုက်တော့ ကုဟုန်၏မျက်ဝန်းများဖြင့် ရင်ဆိုင်လိုက်ရသည်။ ကုဟုန်၏ စူးရှသောအကြည့်က တစ်ချက်လေးပင် ရှောင်လွှဲသွားခြင်း မရှိပေ။
လော့ကျီးထောင်က သိမ်မွေ့စွာဖြင့်...
“သူက တာ့ရွှမ်တိုင်းပြည်နဲ့ ပတ်သက်နေနိုင်တယ် ၊ မဟုတ်ရင်... သိုင်းသူတော်စင် ပဉ္စမအဆင့် တန်ခိုးစွမ်းအားရှင်နှစ်ယောက်ရဲ့လက်က ဘယ်လိုလုပ်လွတ်အောင်ပြေးနိုင်မှာလဲ”
သူက ဆက်ပြောသည်။
“ပြီးတော့ အဲဒီတန်ခိုးစွမ်းအားရှင်နှစ်ယောက်မှာ တစ်ယောက်က အစီအရင်ပညာရှင်ပဲ”
ကွမ်းမင်ဂိုဏ်းချုပ်က အခြားသော ကွမ်းမင်ဂိုဏ်းသားများကဲ့သို့ အဖြူရောင်ဝတ်ဆင်ခြင်းမရှိဘဲ အနက်ရောင်ဝတ်ဆင်ထားသည်။
ယိုးမင်ဂိုဏ်းချုပ်ကတော့ အခြားသော ယိုးမင်ဂိုဏ်းသားများကဲ့သို့ အနက်ရောင်ဝတ်ဆင်ခြင်းမရှိဘဲ အဖြူရောင် ဝတ်ဆင်ထားသည်။
သူတို့နှစ်ယောက်လုံး၏ ဝတ်စုံများက ထိုက်ကျိပုံစံ ယင်ယန်ငါးသဏ္ဌန်ပါရှိသော တာအိုဝတ်စုံများ ဖြစ်ကြ၏။
ကျိုးဟောက်ရှန်းက သူ၏ မုတ်ဆိတ်မွေးရှည်များကို ပွတ်သပ်လျှက် ပြုံးလိုက်ရင်း...
“ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို ဘယ်သူချိုးဖျက်ခဲ့သလဲဆိုတာ မမေ့ပါနဲ့ ၊ ဘာလဲ... အဲဒီအစီအရင်ကို မင်းတို့ ကွမ်းမင်ဂိုဏ်းက ချိုးဖျက်ခဲ့တာလား”
ထိုစကားကြောင့် ကွမ်းမင်ဂိုဏ်းမှလူများ ဒေါသထွက်သွားပြီး မျက်နှာများလည်း မဲမှောင်သွားကြသည်။
လော့ကျီးထောင်ကတော့ မျက်နှာပျက်သွားခြင်းမရှိဘဲ...
“ယွိရွှမ်ရဲ့အမှားအတွက် ဒီအဘိုးကြီး အလေးအနက်တောင်းပန်ပြီးပါပြီ ၊ အဲဒီကိစ္စအတွက် ခန်းမသခင် ‘ကုဟုန်’ ကိုလည်း တောင်းပန်ခဲ့ပါတယ် ၊ ဒါပေမဲ့ အဲဒီကိစ္စက အခုဆွေးနွေးနေတဲ့အကြောင်းအရာနဲ့တော့ မသက်ဆိုင်ဘူးထင်တယ်”
ထိုစကားကြားတော့ ကုဟုန်နှင့် ကျိုးဟောက်ရှန်းတို့ မျက်ခုံးပင့်လိုက်ကြသည်။
ယိုးမင်ဂိုဏ်းမှ ဝါရင့်အကြီးအကဲတစ်ယောက်က...
“ရန်ကျောက်ကဲက တာ့ရွှမ်တိုင်းပြည်ဘက်တော်သားဆိုရင် တာ့ရွှမ်တိုင်းပြည်က သူတို့ရဲ့ ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို သူတို့ကိုယ်တိုင် ပြန်ဖျက်ဆီးသလို ဖြစ်မနေဘူးလား ၊ ဒီ မိတ်ဆွေလေး’ရန်’ အပေါ် ငါတို့ရဲ့ ယုံကြည်မှုရစေချင်တာနဲ့ အဲဒီလောက်လုပ်ဖို့လိုလို့လား ၊ အလုပ်တစ်ခုလုပ်တယ်ဆိုရင် အကျိုးအမြတ်များတဲ့ဘက်ကိုပဲ ကြည့်ကြမှာလေ”
“မော်လူဒေသ ၊ ဓားချီကမ္ဘာကို ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်အသုံးပြုပြီး ဖျက်ဆီးပစ်တာနဲယှဉ်ရင် မိတ်ဆွေလေး’ရန်’ အပေါ် ယုံကြည်မှုရဖို့က ပိုပြီးအရေးမကြီးနိုင်ပါဘူး”
ထိုအကြီးအကဲက နှာတစ်ချက်မှုတ်ရင်း...
“ဒီလူငယ်သာ အစီအရင်ကို မဖျက်ဆီးခဲ့ရင် နယ်မြေအသာစီးမရဘဲ ငါတို့အားလုံး အသေခံ တိုက်ပွဲဝင်ကြရမှာ”
လော့ကျီးထောင်ဘေးနားမှ အကြီးအကဲက...
“ဘယ်အရာမဆို သတိထားရမှာပဲ... ၊ ဒီ ရန်ကျောက်ကဲက အရင်တုန်းကတော့ တာ့ရွှမ်တိုင်းပြည်ရဲ့ အကြံအစည်တွေကို ဖျက်ဆီးခဲ့တာမှန်ပေမယ့် နောက်ပိုင်းမှာတော့ ရန်သူနဲ့ ပူးပေါင်းသွားနိုင်တာပဲလေ”
သူက ဆက်ပြောသည်။
“ဒီကောင်လေးကို တာ့ရွှမ်တိုင်းပြည်ကလူတွေ အရှင်ဖမ်းမိသွားတာ ဖြစ်နိုင်တယ် ၊ အသက်ရှင်ဖို့အတွက် သူက တာ့ရွှမ်တိုင်းပြည်ကို သစ္စာခံခဲ့ပြီး ငါတို့ဆီမှာ သူလျှိုလုပ်ဖို့ ရောက်လာတာ ဖြစ်ရမယ်”
ကွမ်းမင်ဂိုဏ်းမှ အခြားသောအကြီးအကဲတစ်ယောက်ကလည်း အေးစက်စွာဖြင့်...
“သူက ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို ဖျက်ဆီးပစ်လိုက်တဲ့အတွက် တာ့ရွှမ်တိုင်းပြည်က သူ့ကို အရိုးထဲထိ မုန်းတီးနေမှာလေ ၊ ဒါပေမဲ့ အတိတ်က ဆုံးရှုံးခဲ့တာတွေကို ချေဖျက်ပြီး အနာဂတ်အတွက်အစီအမံတွေကို အာရုံစိုက်ဖို့အတွက် ဒီကောင်လေးကို ငါတို့ယုံကြည်မှုရရှိအောင် အသုံးပြုချင်တာ မဖြစ်နိုင်ဘူးလား”
ထိုသူက လင်းယုန်တစ်ကောင်လိုအကြည့်မျိုးဖြင့် ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း...
“သူ့ခန္ဓာကိုယ်ပေါ်မှာ ဘာတွေထိန်းချုပ်ထားသလဲ ၊ ဒါမှမဟုတ် ရန်သူ့ဘက်က တပ်ဆင်ပေးထားတဲ့ ယန္တရားတွေဘာတွေ ရှိ မရှိ စစ်ဆေးသင့်တယ်”
ထိုစကားများကိုကြားတော့ ရန်ကျောက်ကဲက အော်ရယ်လိုက်ပြီး...
“နေပါဦး... ငါက အပြစ်ကင်းကြောင်းသက်သေပြဖို့ တာ့ရွှမ်တိုင်းပြည်လက်ချက်နဲ့ သေပေးရမှာလား”
ကွမ်းမင်ဂိုဏ်းမှ ၎င်းအကြီးအကဲက တည်ကြည်သည့်မျက်နှာထားဖြင့်...
“ဒါဖြင့် စမ်းကြည့်လေ ၊ ငါတို့ဂိုဏ်းက သိုင်းသူတော်စင် ပဉ္စမအဆင့် နှစ်ယောက်နဲ့ မင်း တိုက်ခိုက်ကြည့်စမ်းပါ ၊ တကယ်လို့ အသက်ရှင်လျက် လွတ်မြောက်မယ်ဆိုရင် ငါ့စကားမှားတယ်ဆိုတာ ဝန်ခံလိုက်မယ်”
ထိုစကားကိုကြားတော့ အားလုံး တိတ်ဆိတ်သွားကြသည်။
ပွင့်ပွင့်လင်းလင်းဆိုရလျှင် ‘ခန်း’သခင်မနှင့် ချီဝေတို့လက်ထဲမှ ရန်ကျောက်ကဲ လွတ်မြောက်သွားခြင်းက လူတိုင်းအံ့အားသင့်စရာကိစ္စဖြစ်သည်။ မြောက်ပင်လယ်ဓားခန်းမနှင့် ယိုးမင်ဂိုဏ်းတို့သည်လည်း အလားတူ အံ့အားသင့်ခဲ့ရသည်ပင်။
‘ခန်း’ သခင်မနှင့် ချီဝေတို့ ပူးပေါင်းတိုက်ခိုက်မှုမှ ရန်ကျောက်ကဲ မည်သို့အသက်ရှင်လျှက် လွတ်မြောက်လာသည်ကို လူတိုင်း နားမလည်နိုင်အောင် ခံစားကြရသည်။
ရန်ကျောက်ကဲက တန်ခိုးစွမ်းအားမြင့်မားသူဖြစ်ပြီး မိုးကောင်းကင်ကိုပင် စိန်ခေါ်နိုင်သော ပါရမီရှင်တစ်ယောက်ဖြစ်သည့်တိုင် ‘ခန်း’ သခင်မတို့နှင့်ယှဉ်လျှင် ကျင့်ကြံခြင်းအဆင့်က အလွန်ကွာဟနေသည်။
ရန်ကျောက်ကဲအနေဖြင့် ထူးကဲယန်စည်းတံဆိပ်၏ စွမ်းအားကို အချိန်ကြာမြင့်စွာ စွဲကိုင်အသုံးပြုသည့်တိုင် အနိုင်ယူနိုင်မည်မဟုတ်ဟု သံသယရှိကြ၏။
မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် ထူးကဲယန်စည်းတံဆိပ်ကို အချိန်ကြာမြင့်စွာ စွဲကိုင်ရန်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် မူလ သေပြီဟုထင်ခဲ့သော ရန်ကျောက်ကဲက ယခု သူတို့ရှေ့တွင် ဒင်ပြည့်ကျပ်ပြည့် မတ်တတ်ရပ်နေကြောင်း တွေ့ရသည့်အခါ အံ့အားသင့်လွန်းသဖြင့် ခေါင်းပင်မထောင်နိုင်ကြတော့ပေ။
ဝူကျိရှိုးက မျက်မှောင်ကြုံ့ရင်း...
“အခု မိတ်ဆွေလေး’ရန်’ ဒီကိုရောက်လာတာ အရေးကြီးတဲ့ကိစ္စတစ်ခုကြောင့်ပဲ ၊ နှောင့်နှေးလို့မရဘူး”
ကွမ်းမင်ဂိုဏ်းဘက်မှလည်း ထိုအချက်ကို လက်မခံဘဲ ထိပ်တိုက်ဖြေရှင်းသည်။
“သူက တာ့ရွှမ်တိုင်းပြည်ရဲ့ သူလျို ဟုတ် မဟုတ် မစစ်ဆေးရသေးဘဲ သူ့သတင်းက အမှန်လား အမှားလား ဘယ်လိုသိနိုင်မလဲ ၊ ပြီးတော့ တာ့ရွှမ်တိုင်းပြည် ဘာတွေကြံစည်နေလဲ ဘယ်သူသိနိုင်မလဲ ၊ အခုတင်ပဲ တာ့ရွှမ်တိုင်းပြည်က ထူးထူးခြားခြား တပ်ပြန်ဆုတ်သွားတဲ့အချန် ဒီကောင်လေးက ရောက်လာတယ် ၊ သံသယဖြစ်စရာ မကောင်းဘူးလား”
ရန်ကျောက်ကဲက အော်ဟစ်ရယ်မောရင်း...
“အရှေ့တောင်ထိပ်တန်းမျိုးနွယ်တွေကိုပါ တာ့ရွှမ်တိုင်းပြည်ပြဿနာထဲဆွဲထည့်ပြီး မင်းတို့ကို ထောင်ချောက်ဆင်မတဲ့လား”
ထိုစကားကြားတော့ လူတိုင်းခဏတာမျှ အသက်ရှူရပ်သွားသလို ခံစားလိုက်ကြရသည်။
ခဏကြာမှ ကြေးနီကျွန်းသခင် ‘ကုန်းစွန်းမင်’ က မျက်ခုံးတစ်ချက်ပင့်ရင်း...
“စကားကို အရမ်းမပြောစေချင်ဘူး ၊ ဒီလိုကိစ္စတွေက ဟာသလုပ်လို့ကောင်းတဲ့အရာတွေ မဟုတ်ဘူးနော်”
လူတိုင်းလည်းထိုသို့ပင် ခံစားရသည်။
စောစောက ရန်ကျောက်ကဲပြောသည့်စကားကို ကြားရသဖြင့် နှလုံးသားများ ရင်ဘတ်ထဲမှ ခုန်ထွက်လုမတတ် ခံစားလိုက်ရသည် မဟုတ်လား။
ဟုတ်ပေ၏။
ဤသည်က ဟာသလုပ်မရသည် အမှန်ပင်။
အရှေ့တောင်ထိပ်တန်းအရှင်သခင်သာ တာ့ရွှမ်တိုင်းပြည်ကို ကျောထောက်နောက်ခံပြုထားပါက သူတို့အနေဖြင့် မည်သည့်နည်းနှင့်မှ ခုခံနိုင်စွမ်းရှိတော့မည်မဟုတ်ပေ။ ယခုကဲ့သို့ တော်လှန်ရေးမဟာမိတ်များလည်း ဖွဲ့နေစရာမလိုဘဲ လူစုခွဲပြီး ကိုယ့်အိမ်ကိုယ်ပြန်ရန်သာ ရှိသည်။
အရှေ့တောင်ထိပ်တန်းအရှင်သခင်မဆိုနှင့် ၊ အရှေ့တောင်ထိပ်တန်းမျိုးနွယ်တစ်ယောက်က တာ့ရွှမ်တိုင်းပြည်ဘက်မှ ထောက်ခံလျှင်ပင် သူတို့အနေဖြင့် အခြေအနေကို ဂရုတစိုက်ချိန်ဆရမည်သာ။
ထပ်ပြောရလျှင် ကျင်းထင်တောင်က အမှန်တကယ်ပင် တာ့ရွှမ်တိုင်းပြည်ဘက်မှ ရပ်တည်ပေးပါက တာ့ရွှမ်မင်းဆက်အနေဖြင့် တော်လှန်ပုန်ကန်သူများကို အမြစ်ဖြုတ်ပစ်ရန် မည်သည့်စစ်ရေးဗျူဟာ ၊ မည်သည့်အကြံအစည်မှ အသုံးပြုနေစရာ မလိုပေ။ သူတို့အနေဖြင့် တော်လှန်ရေးအင်အားစုများကို ရိုးရှင်းစွာပင် သုတ်သင်ပစ်နိုင်ပေမည်။
အရှေ့တောင်ထိပ်တန်းအရှင်သခင်က ဘာမှမလုပ်ဘဲ သူ့နေရာတွင်ရပ်နေရုံမျှဖြင့်ပင် အခြားသူများ အသက်ရှူရပ်သွားလောက်အောင် သူတို့၏စွမ်းအားရောင်ဝါက လုံလောက်မှု ရှိသည်။
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“ဟာသမလုပ်နဲ့ဆိုတော့ ငါ့စကားမှာ ရယ်စရာပါနေလို့လား ၊ လုံးဝရယ်စရာမဟုတ်ဘူးဆိုတာ သိသာနေတာပဲ”
သူက လော့ကျီးထောင်တို့အုပ်စုအား လှမ်းကြည့်အကဲခတ်လိုက်သည်။
“ငါ ဘယ်လိုအသက်ရှင်သန်ခဲ့လဲဆိုတာ မင်းတို့ စိတ်ပူစရာမလိုဘူး ၊ ဒါပေမဲ့ အခုလက်ရှိ အဓိကပြဿနာက ကျူတောပင်လယ်ဒေသမှာဖြစ်လာမယ့် အခြေအနေတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာပဲ”
“အရှေ့တောင်ထိပ်တန်းအရှင်သခင် အမျက်မရှစေဖို့ တာ့ရွှမ်တိုင်းပြည်က ဆက်မတိုက်ခိုက်တော့ဘဲ သိုသိုသိပ်သိပ် နေလိမ့်မယ် ၊ သူတို့က ကိစ္စတစ်ခုရှင်းပြဖို့အတွက် အရှေ့တောင် ထိပ်တန်းအရှင်သခင်ဆီကို လူတစ်ယောက်စေလွှတ်ထားတယ် ၊ အဲဒီကိစ္စ မပြီးဆုံးချိန်အထိ တာ့ရွှမ်တိုင်းပြည်က လိပ်လိုခေါင်းဝှက်နေမှာပဲ”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါး ပြုံးရင်း...
“အခု တာ့ရွှမ်တိုင်းပြည် ပြန်ဆုတ်ခွာသွားတာကို ထူးဆန်းတယ်လို့ ခံစားရရင် အကြောင်းပြချက်က အဲဒါပဲ”
တစ်ခါမှမဖြစ်ဖူးသော တိတ်ဆိတ်မှုမျိုးဖြင့် အားလုံး တိတ်ဆိတ်ငြိမ်သက်နေကြသည်။
မည်သူမှ စကားမပြောကြသည့်တိုင် လူစုလူဝေးကြားတွင် ကြယ်တာရာချီစွမ်းအားအသုံးပြုကာ အသံပို့လွှတ်နစ်ဖြင့် အပြင်းအထန် စကားပြောနေကြတော့သည်။
နေရာအနှံမှ အကြည့်ချင်းဖလှယ်နေကြသူများမျက်ဝန်းထဲတွင် တုန်လှုပ်ချောက်ချားပြီး မယုံကြည်နိုင်ခြင်းများ ပြည့်နက်နေ၏။
အတန်ကြာမှ မြောက်ပင်လယ်ဓားခန်းမသခင် ‘ကုဟုန်’ က နက်ရှိုင်းသည့်လေသံဖြင် မေးခွန်းထုတ်လာသည်။
“ဒီကိစ္စ အတိအကျက ဘယ်လိုများလဲ ၊ ဘာလို့ တာ့ရွှမ်တိုင်းပြည်က အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို အမျက်ရှအောင် လုပ်ရတာလဲ”
ထိုအချိန် ဝူကျိရှိုးက ကျိုးဟောက်ရှန်းအား အသံပို့လွှတ်စနစ်ဖြင့် သတင်းများ ပေးပို့ခဲ့ပြီး ဖြစ်သည်။
အကြောင်းအရာများကို သိရှိပြီးနောက် ကျိုးဟောက်ရှန်းသည်လည်း အံ့အားသင့်သွားကာ စူးစမ်းလိုစိတ်အပြည့်ဖြင့် ရန်ကျောက်ကဲထံ လှမ်းကြည့်လိုက်၏။
ဝူကျိရှိုးက ဂိုဏ်းချုပ်ဖြစ်သူကို လှမ်းကြည့်လိုက်တော့ ကျိုးဟောက်ရှန်းက ခဏမျှ လေးလေးနက်နက်စဉ်စားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
“အဲဒါက တကယ်တော့...”
ဝူကျိရှိုးက အပေါ်ယံတိတ်ဆိတ်မှုကို ချိုးဖျက်လိုက်ပြီး ရန်ကျောက်ကဲ သူ့ကို လာရောက်ရှာဖွေရသည့်အကြောင်းရင်းကို စတင်ပြောကြားသည်။
သတင်းကြားသိပြီးနောက် အားလုံးက ရန်ကျောက်ကဲကို စူးစိုက်လှမ်းကြည့်ရင်း တုန်လှုပ်သွားကြ၏။
“ဒီအဓိပ္ပါယ်က...”
ရန်ကျောက်ကဲက ပြုံးကာ ခေါင်းညိတ်ရင်း...
“ဟုတ်ပါတယ်... ၊ စောစောက အပြည့်အစုံ ပြောမပြမိတဲ့အတွက် တောင်းပန်ပါတယ် ၊ ဒါပေမဲ့ အတိအကျပြောရရင် ဒီကိစ္စဖြစ်ခဲ့တာ ဒီ ‘ရန်’ ကြောင့်ပါပဲ”