← Chapters

ရွှေရောင်ဥအတွက်တိုက်ပွဲ

Vol. 51 Ch. 705

ရွှေရောင်ဥအတွက်တိုက်ပွဲ

Vol. 51 Ch. 705

အံ့ဖွယ်တာအိုမီးလျှံများအား ကြောက်ရွံ့သောကြောင့် မည်သည့်ကျင့်ကြံသူကမှ ရွှေရောင်ဥအနီးသို့ မသွားရဲကြပေ။

သို့သော် ယခုအခါ မီးတောက်မီးလျှံများအားလုံး ပျောက်ကွယ်သွားလေပြီ။

ယခုအချိန်သည် ရွှေရောင်ဥအတွက် တိုက်ပွဲဝင်ရန် အသင့်တော်ဆုံး ဖြစ်သည်။

"တက်ကြ....."

ဝှစ်...ဝှစ်....ဝှစ်....

ကျင့်ကြံသူများအားလုံး ရွှေရောင်ဥထံ ချီတက်လာကြသည်။

"ယီးလား။"

တစ်စုံတစ်ဦးမှ ဒေါသထွက်စွာ အော်ဟစ်လိုက်သည်။

အခိုးအငွေ့များမှ ဓားပျံများ ဖြစ်ပေါ်လာကာ ကျင့်ကြံသူပေါင်းများစွာအား ကြောက်မက်ဖွယ်ကောင်းစွာ တိုက်ခိုက်ပစ်လိုက်သည်။

"ယွီလန်.... ငိုးမအဖိုးကြီး.... ငါ့တပည့်တွေကို သတ်ရဲတယ်ပေါ့။"

အသက်နှုတ်ဂိုဏ်း၏ ဂိုဏ်းချုပ် သွမ့်ဟွမ်းဇီမှာ မလှမ်းမကမ်းတွင် ရှိနေသော ကောင်းကင်မိစ္ဆာဂိုဏ်းချုပ်အား စူးစိုက်ကြည့်ရှုလိုက်သည်။

သူသည် တာအိုစိတ်ဆန္ဒများမှ ဓားမော့များ ဖြစ်ပေါ်စေကာ ကောင်းကင်နှင့်မြေပြင်အား ဖောက်ထွင်းလျက် တာအိုသခင်ယွီလန်ပေါ် ကျဆင်းလာစေသည်။

တာအိုသခင် ယွီလန်သည် ရက်စက်စွာ ရယ်မောရင်း လက်သည်းများ ရှည်ထွက်လာကာ သူ၏နောက်တွင်လည်း ပေထောင်ပေါင်းများစွာရှိသော ရှေးဟောင်းဝံပုလွေတစ်ကောင် ရုပ်လုံးပေါ်လာသည်။ ထိုဝံပုလွေကြီးသည် ပြင်းထန်လှသော အံ့ဖွယ်စိတ်ဆန္ဒများ ပါဝင်နေပြီး သက်ဆင်းလာသော ငွေဓားမော့များအား တိုက်ခိုက်ဖျက်စီးလိုက်သည်။

ဝုန်း....

ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူနှစ်ဦး၏ တိုက်ပွဲမှာ ကောင်းကင်နှင့်မြေပြင်အား ကြမ်းတမ်းစွာ တုန်ခါနေစေသည်။

တစ်ချိန်တည်းမှာပင် မျောလွင့်နတ်ဘုရားဂိုဏ်းမှ ပိုင်ဖန်းဇယ်နှင့် နန်းဆောင်နီဂိုဏ်းမှ ကောင်းကင်နတ်မိမယ် ဖေးရင်တို့၏ တိုက်ပွဲ၊ အင်မော်တယ်မြူနှင်းနေမင်းဂိုဏ်းမှ ရွှမ်းယွီခုန်းနှင့် သစ်တောစိမ်းအင်ပါယာမိသားစုမှ စုဝမ်ကျွင်းတို့၏တိုက်ပွဲများ စတင်လာသည်။

၎င်းတို့အတွက် ခြိမ်းခြောက်မှုသည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများသာဖြစ်ကြောင်း အချင်းချင်း နားလည်နေကြသည်။

အခြားကျန်ရှိနေသော ကျင့်ကြံသူများသည်လည်း ရပ်ကြည့်မနေကြပေ။ အဆင့်မြင့် ကျင့်ကြံသူများ အလုပ်ရှုနေချိန်တွင် ရွှေရောင်ဥအား အရယူရန် အခွင့်အရေး ရှိနေပြီ ဖြစ်သည်။ စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့်နှင့် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများသည် ထိုသို့တွေးကာ ရွှေရောင်ဥအား သိမ်းပိုက်နိုင်ရန် စတင်တိုက်ခိုက်ကြတော့သည်။

အရှေ့ဆုံးတွင် ရှိနေသော ကျင့်ကြံသူများသည် အနောက်မှ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံရလေ့ရှိပြီး ထိုသူများ အရှေ့သို့ ရောက်လာကာ ၎င်းတို့၏ အနောက်တွင် ရှိနေသော ကျင့်ကြံသူများ၏ သတ်ဖြတ်မှုကို ခံရတတ်သည်။

ဝှစ်.....

လွှမ်းမိုးမှုအားကောင်းသော ရွှေရောင်အလင်းတန်းတစ်ခုမှာ လျင်မြန်လှသော အရှိန်ဖြင့် ရွှေရောင်ဥထံ ဆင်းသက်လာပြီး မရေမတွက်နိုင်သော မန္တာန်များ၏ အကူအညီဖြင့် အရှေ့ဆုံး ရောက်ရှိလာသည်။

"ဟားဟားဟား....ဒီရွှေရောင်ဥက စိန်ဘုရင်ဆိုတဲ့ ငါ့အတွက်ပဲ။"

ဖျက်စီးမရနိုင်သော ​ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည့် အမျိုးသားမှာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

စိန်ဘုရင်သည် ခရမ်းကြယ်စင်ပြည်နယ်၏ ဂိုဏ်းကြီးတစ်ခုဖြစ်သော စိန်ဂိုဏ်းချုပ် ဖြစ်သည်။ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိနေသူဖြစ်ပြီး ကြောက်မက်ဖွယ် စိန်ခန္ဓာအား ပိုင်ဆိုင်ထားသောကြောင့် အခြားသော စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို လျစ်လျူရှုထားနိုင်သည်။

ထို့ကြောင့်ပင် ရွှေရောင်ဥနှင့် အနီးဆုံးသို့ ရောက်လာခဲ့ခြင်းပင်။

သို့သော် ရွှေရောင်ဥနှင့် ပေတစ်ထောင်မျှသာ ဝေးကွာချိန်တွင် မြူနှင်းများမှာ ကောင်းကင်နှင့်မြေပြင်အား ရုတ်ချည်းဆိုသလို ဖုံးလွှမ်းသွားသည်။

စိန်ဘုရင် အပါအဝင် ထိုပတ်ဝန်းကျင်သို့ ဝင်ရောက်လာသူအားလုံးမှာ အလွန်အမင်း နှေးကွေးကုန်သည်။

စိန်ဘုရင်မှာ မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်သွားပါသော်လည်း မည်သည့်အခွင့်အရေးမှ မရခင်မှာပင် ထက်ရှလှသော အလင်းတန်းတစ်ခုမှာ ရင်ဘတ်တည့်တည့် ပျံဝဲလာတော့သည်။

ဒင်...

ဓားထိပ်နှင့် စိန်ခန္ဓာတို့ ပွတ်ဆွဲမိကာ နားမခံနိုင်သော စူးရှရှအသံ ဖြစ်ပေါ်လာသည်။

ဓားသည် စိန်ဘုရင်၏ ရင်ဘတ်တစ်နေရာတည်းကိုသာ အကြိမ်ပေါင်းများစွာ ထိုးနှက်နေသောကြောင့် အံ့အားသင့်စရာ ကောင်းလောက်အောင် ထိုးဖောက်ကာ ရွှေရောင်သွေးများ စီးကျစေခဲ့သည်။

အေးခဲလွန်းသော နယ်ပယ်အတွင်း ရှိနေသည့် အခြားကျင့်ကြံသူများမှာလည်း ဓားပုံရိပ်များ၏ တိုက်ခိုက်မှုကို ဆိုးဆိုးရွားရွား ခံနေကြရသည်။

"ဘယ်သူလဲကွ။"

စိန်ဘုရင်သည် အသတ်ခံရမည် စိုးသောကြောင့် လျှို့ဝှက်ကျင့်စဉ်တစ်ခုအား အသက်သွင်းကာ အသည်းအသန် ပြန်လည်ဆုတ်ခွာလိုက်သည်။

အခြားကျင့်ကြံသူများသည်လည်း အထိတ်တလန့်ဖြင့် ရွှေရောင်ဥ အနီးတဝိုက်ကို ကြည့်ရှုနေကြသည်။ စိန်ဘုရင်အား ဒဏ်ရာရစေခဲ့သည်မှာ မည်သူနည်း။ နောက်ထပ်ရောက်ရှိလာသည့် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူပေလော။

ရေခဲဓားကို ကိုင်ဆောင်ထားသည့် အလွန်လှပသော မိန်းမငယ်လေးတစ်ဦး ရုပ်လုံးပေါ်လာသည်။ ချက်ချင်းဆိုသလို ပြင်းထန်လှသော ဓားစိတ်ဆန္ဒများ ဖြာထွက်လာလေသည်။

"စုကျိုးအင်မော်တယ်ဂိုဏ်းက လျှိုချင်းဟွမ်ပါ။"

"စုကျိုးအင်မော်တယ်ဂိုဏ်းလား....အဲ့ဒါဘာကြီးလဲ။

စိန်ဘုရင် ကြောင်အမ်းအမ်း ဖြစ်သွားသည်။

သူသည်သာမက အခြားသူများသည်လည်း ဂိုဏ်းနာမည်ကို မကြားဖူးကြပေ။

ထိုအချိန်တွင် သြဇာအာဏာ အပြည့်ရှိသော စကားသံတစ်ခု ထွက်ပေါ်လာသည်။

"စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်ပဲရှိတဲ့ မိန်းမကများ ငါ့လမ်းကို ပိတ်ထားတယ်ပေါ့။ ရဲတင်းလှချည်လား။"

ကောင်းကင်နတ်မိမယ် ဖေးရင်နှင့် တိုက်ခိုက်နေသော ပိုင်ဖန်းဇယ်သည် ရွှေရောင်ဥအား သိမ်းပိုက်ရန် အခွင့်အရေး ရပြီဖြစ်သောကြောင့် ငှက်ဖြူတစ်ကောင်အဖြစ် ပြောင်းလဲကာ လျှိုချင်းဟွမ်၏ အေးခဲနယ်ပယ်အား တမုဟုတ်ချင်း ဖျက်စီးလိုက်သည်။

သူသည် ရွှေလက်သည်းများထုတ်ကာ ပြုံးရွှင်စွာ ရွှေရောင်ဥထံ လက်လှမ်းလိုက်လေသည်။

ထိုအချိန်မှာပင် ကြောက်မက်ဖွယ် စွမ်းအင်များ ပါဝင်နေသော အနက်ရောင်အမြှီးတစ်ခု ပေါ်ထွက်လာကာ လေထုအား ဝဲဂယက်များ ဖြစ်ပေါ်စေလျက် အဖြူရောင်ငှက်ကြီးထံ ပို့လွှတ်လိုက်သည်။

ဝုန်း......

ပြင်းထန်လှသော အဖျက်စွမ်းအင်များ ပေါ်ထွက်လာကာ မြေပြင်သည်ပင် ငါးကီလိုမီတာခန့် ကွဲအက်သွားရသည်။

"ဖူး....."

ငှက်ဖြူကြီး သွေးပွက်ပွက်အန်ကာ အဝေးသို့ လွင့်ထွက်သွားလေသည်။

"ဟာ...."

အားလုံးမှာလည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်ရှိသည့် ပိုင်ဖန်းဇယ်ကိုပင် လွင့်ထွက်သွားစေနိုင်ပါက ထိုပုဂ္ဂိုလ်မှာ အလွန်ကြောက်စရာကောင်းသူသာ ဖြစ်ပေလိမ့်မည်။

၎င်းတို့အားလုံး ရွှေရောင်ဥထံ ကြည့်ရှုလိုက်သောအခါ အံ့သြဘနန်း ဖြစ်သွားရသည်။

ထိုသည်မှာ ပေတစ်သောင်းကျော်ရှိသော အနက်ရောင် နဂါးကြီးတစ်ကောင်ပင်။ ပြောင်လက်နေသော ကြေးခွံများသည် နေရောင်သာမက ကောင်းကင်နှင့်မြေပြင်တို့၏ အလင်းများကိုပါ စုပ်ယူထားသယောင် ထင်မှတ်ရသည်။ အားနည်းသော ကျင့်ကြံသူများမှာ နဂါးကြီး၏ အရှိန်အဝါကြောင့် ဒူးထောက်ကုန်ကြလေပြီ။

"အရှေ့ပင်လယ်ရဲ့ နဂါးမင်းပိုင်နက်ကပါ ရောက်နေတာလား။ အပုန်းကောင်းသားပဲ။"

ပိုင်ဖန်းဇယ် နဂါးနက်ကြီးအားကြည့်ကာ စကားဆိုလိုက်သည်။

သူသည်ပင် ထိုနဂါးကြီးအား အာရုံမခံနိုင်ခဲ့ပေ။

အံ့ဖွယ်တာအိုမီးလျှံတွေ ပေါ်လာချိန်တည်းက ပုန်းနေခဲ့တာများလား.....

"အရှေ့ပင်လယ်ရဲ့ နဂါးမင်းပိုင်နက် ဟုတ်လား။ ကျွတ်.... အဲ့ငတုံးတွေနဲ့ ငါ့ကိုလာမယှဉ်နဲ။ ငါက ရှေးဟောင်းနဂါးမျိုးနွယ်စုကပဲ။"

ကမ္ဘာမြေပြင် တုန်ဟီးမတတ် နဂါးစွမ်းအင်များ ဖြာထွက်လာကာ နဂါးကြီး၏ စကားသံမှာလည်း မိုးခြိမ်းသံအလား ထင်မှတ်ရသည်။

ရှေးဟောင်းနဂါးမျိုးနွယ်စုအကြောင်း မကြားဖူးပါသော်လည်း အတော်ပင် အင်အားကြီးမည့်ပုံပေါ်သည်။

မည်သူကမှ ထိုနဂါးကြီးအနားသို့ မကပ်ရဲကြတော့ပေ။

"ဟုတ်သားပဲ။ ငါ့နာမည်က ရှောင်ဇယ်....စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ နဂါးနန်းဆောင်ကပဲ။"

ပိုင်ဖန်းဇယ် မျက်မှောင်ကျုံ့သွားသည်။

"စုကျိုးအင်မော်တယ်ဂိုဏ်း...."

အခြားသော ကျင့်ကြံသူများမှာလည်း အသက်ရှူသံများ ပြင်းလာသည်။

ထပ်ပြီးတော့ စုကျိုးအင်မော်တယ်ဂိုဏ်းပဲလား...

လျှိုချင်းဟွမ်ကြောင့် သတိထားမိခဲ့သော ဂိုဏ်းနာမည်အား ရှောင်ဇယ်ထံမှ ထပ်ကြားလိုက်ရသောအခါ မည်သူကမှ မမေ့နိုင်လောက်တော့ပေ။

ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ ရှိသည့်ဂိုဏ်းသည် ခရမ်းကြယ်စင်ပြည်နယ်၌ ထိပ်တန်းဂိုဏ်းအဖြစ် သတ်မှတ်နိုင်သည်။ ကောင်းကင်မိစ္ဆာဂိုဏ်း၊ မျောလွင့်နတ်ဘုရားဂိုဏ်း၊ အင်မော်တယ်မြူနှင်းနေမင်းဂိုဏ်း၊ နန်းဆောင်နီဂိုဏ်းနှင့် အသက်နှုတ်ဂိုဏ်းတို့မှာ ဥပမာတစ်ခုပင်။ ထိုဂိုဏ်းများအား ထိုက်ချူကုန်းမြေ တစ်ခုလုံးတွင်ပင် အရေးပါသောဂိုဏ်းများအဖြစ် မှတ်ယူနိုင်သည်။

စုကျိုးအင်မော်တယ်ဂိုဏ်းတွင်လည်း ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိသော ရှေးဟောင်းနဂါးတစ်ကောင် ပါဝင်နေလေသည်။

အားလုံး ကြောင်တောင်တောင် ရပ်နေစဉ်မှာပင် ရွှေရောင်ဥအနီး ညင်သာသော စွမ်းအင်လှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။

ထို့နောက် ချောမောခန့်ညားသော အမျိုးသားတစ်ဦး ရွှေရောင်ဥအနား ရောက်လာကာ တောက်လောင်နေသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်သည်။

"ခိုးတာက တရားမဝင်ဘူး။"

အန်လင်းမှာလည်း ထိုအမျိုးသားရှေ့သို့ ချက်ချင်းရောက်ရှိသွားသည်။

ထိုသူမှာ သစ်တောစိမ်းအင်ပါယာမိသားစုမှ တုန်းကော် ဖြစ်သည်။

တုန်းကော်မှာလည်း သူခိုးလူမိသလို ထိတ်လန့်သွားလေသည်။

သို့သော် နဂါးနက်ကြီးသည် အခြားသော ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူများအား ရင်ဆိုင်နေရပြီး သူ့ထံရောက်လာသူမှာ အစောပိုင်းက စိတ်တိုချင်စရာ ကောင်းလောက်အောင် မင်းသမီးလေး ယွင်လဲ့အား ပွေ့ဖက်ကယ်တင်ခဲ့သည့် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်ကြောင်း တွေ့လိုက်ရသည်။

ဇာမဏီဥသည် သူ၏မျက်စိရှေ့မှောက်၌ပင် ရှိနေပြီး အပူချိန်ကိုပင် ခံစားမိနေသည်။

ယီးလား....အဲ့ကောင်ကိုသတ်ပြီး ဥကိုယူပစ်လိုက်မယ်....

"ငါက ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူပဲ။ မင်းလို စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်လောက်ကို ဂရုစိုက်နေမယ် ထင်လို့လား။"

တုန်းကော်သည် ရှေ့သို့ခြေတစ်လှမ်းတိုးကာ အန်လင်းအား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ပြင်းထန်လှသော သက်ရှိစွမ်းအင်များနှင့်တူသော ကြီးမားလှသော အစိမ်းရောင် လက်ဝါးပုံရိပ်ကြီးမှာ အန်လင်းထံ ပျံဝဲသွားသည်။

တုန်းကော်သည် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်သာ ရှိသေးပါသော်လည်း စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်နှင့် အဆင့်ကြီးတစ်ဆင့် ကွာခြားနေသောကြောင့် ထိုလူငယ်လေးအား လက်ဝါးတစ်ချက်ဖြင့် ဖျက်စီးပစ်နိုင်လိမ့်မည်ဟု ယုံကြည်သည်။

အန်လင်း သက်ပြင်းချလိုက်ပြီးနောက် အနက်ရောင် မြူခိုးများနှင့်အတူ သူ၏အရှိန်အဝါမှာ ထိုးတက်လာသည်။

မိစ္ဆာရှင်းဓားပေါ်တွင် ရွှေရောင်ဟာလာပြင်လျှပ်စီးများ စီးဆင်းနေပြီး စစ်နတ်ဘုရား ခန္ဓာ၏ အစွမ်းများကိုပါ ထုတ်ဖော်ကာ တုန်းကော်အား တိုက်ခိုက်လိုက်သည်။

ဝုန်း....

တောက်ပနေသော ရွှေရောင်လျှပ်စီးများမှာ အစိမ်းရောင် လက်ဝါးပုံရိပ်အား နှစ်ခြမ်းကွဲသွားစေသည်။

ထို့နောက် ယင်းလျှပ်စီးများမှာ တုန်းကော်၏ ခန္ဓာကိုယ်အားဖောက်ဝင်ကာ အောက်ရှိမြေပြင်ကိုပင် ဆယ်ကီလိုမီတာခန့်နက်သော အပေါက်ကြီးတစ်ခု ဖြစ်သွားစေခဲ့သည်။

"ဖူး....."

တုန်းကော် သွေးပွက်ပွက်အန်ကာ နောက်သို့ဆုတ်လိုက်ရသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.....အဲ့ကောင်စုတ်လေးက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်ပဲ ရှိသေးတာကို ဘာလို့အဲ့လောက်တောင် ကြောက်ဖို့ကောင်းနေတာလဲ.....

တုန်းကော် မယုံကြည်နိုင် ဖြစ်နေမိသည်။

ပတ်ဝန်းကျင်ရှိ လူများမှာလည်း တုန်းကော်တို့အား အာရုံစိုက်လာလေပြီ။

"အဲ့ဒါ ဟင်းလင်းပြင်သို့အပြန် အဆင့်ကို ရောက်ထားတဲ့ သစ်တောစိမ်းအင်ပါယာက ဗိုလ်ချုပ်တုန်းကော်မလား။"

"ဘုရားရေ....ဘယ်တုန်းက ဥနဲ့နီးနီးလေးကို ရောက်သွားတာလဲ။"

"နေပါဦး....ငါပဲ အမြင်မှားနေတာလား။ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် လူငယ်လေးက သူ့ကိုတကယ် သိပ်ထည့်လိုက်တာလား။"

ကျင့်ကြံသူများမှာ ဝတ်စုံဖြူနှင့် လူငယ်လေးအား ငေးမောကြည့်နေမိကြသည်။

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူသည် ဓားတစ်ချက်ဖြင့် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူအား ဆိုးဆိုးရွားရွား ဒဏ်ရာရစေခဲ့သည်မှာ အဓိပ္ပါယ် မရှိပေ။

အခြားသော ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူများကပါ အန်လင်းကို အာရုံစိုက်လာကြသည်။

အန်လင်းသည် ပတ်ဝန်းကျင်အားကြည့်ကာ ဂရုမစိုက်ဟန်ဖြင့် မိစ္ဆာရှင်းဓားအား ပုခုံးပေါ်ပစ်တင်၍ ကြေညာလိုက်သည်။

"ငါက စုကျိုးအင်မော်တယ်ဂိုဏ်းချုပ်ပဲ။ ဒီဥကိုငါယူမှာ မကျေနပ်တဲ့သူရှိလား။"

ကြွေလွင့်ဇာမဏီနယ်မြေတွင် ရှိနေသူအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။

All Chapters