သြဇာအာဏာကြီးမားသောစုကျိုးအင်မော်တယ်ဂိုဏ်း
Vol. 51 Ch. 706
စုကျိုးအင်မော်တယ်ဂိုဏ်းအား လျှို့ဝှက်သော ထိပ်တန်းအဆင့် ဂိုဏ်းတစ်ခုအဖြစ် အားလုံးသတ်မှတ်လိုက်ပြီ ဖြစ်သည်။
သို့သော် အန်လင်းသည် ထိုလျှို့ဝှက်ဂိုဏ်း၏ ဂိုဏ်းချုပ်ပေလော။
"စုကျိုးအင်မော်တယ်ဂိုဏ်းချုပ်က စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူလား။"
"တကယ်တော့ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ဖြစ်နေတာ ပိုတောင်ကြောက်ဖို့ကောင်းသေးတယ်။ တုန်းကော်ကိုပဲကြည့်လေ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ ဖြစ်ရက်သားနဲ့ တစ်ချက်တည်း မှောက်သွားတာ။ အဲ့ကောင်လေးရဲ့ ပါရမီက မခေလောက်ဘူး။"
"အန်လင်း.....အဲ့နာမည်ကို ဘာလို့ရင်းနှီးနေပါလိမ့်။"
"နေပါဦး.....ကောင်းကင်ဘုံခုံရုံးက အန်လင်းများလား။"
လူအချို့မှာ အံ့သြထိတ်လန့်နေကြလေပြီ။
"ယီးထဲမှ....အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်မှာ ဧကရာဇ်ဇီဝေး မျက်ခွက်ကို မြေကြီးနဲ့ ရိုက်သွားတဲ့ ဒဏ္ဍာရီလာ အန်လင်းလား။"
"အားလုံး အဓိပ္ပါယ် ရှိသွားပြီပဲ။"
အန်လင်း၏ အမည်အား ကြားလိုက်ရသောအခါ အတော်များများ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။
ကိုယ့်ကိုယ်ကို ထိုမျှကျော်ကြားနေမည်ဟု ထင်မှတ်မထားသောကြောင့် အန်လင်းသည်ပင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ကြည့်ရတာ ဧကရာဇ်ဇီဝေး မျက်နှာကို ကိုင်ဆောင့်ခဲ့တာက သောက်ကျိုးနည်း နာမည်ကြီးနေပုံပဲ....
နေပါဦး....အဲ့ဒါ သတင်းကောင်းမှ မဟုတ်တာ....
အန်လင်းမှာ ကျောရိုးတလျှောက် အေးစိမ့်ကာ ကြက်သီးမွှေးညှင်းများပင် ထလာမိသည်။ သူသည် ခေါင်းခါရမ်းလျက် အတွေးများကို ဖယ်ထုတ်ကာ ရွှေရောင်ဥထံ လျှောက်သွားလိုက်သည်။
စုဝမ်ကျွင်း အပါအဝင် ဂိုဏ်းချုပ်ကြီး ငါးဦးသည် ချက်ချင်းဆိုသလို အန်လင်းထံ ပြေးဝင်လာကြသည်။
ရွှေရောင်ဥမှာ လက်လွှတ်လိုက်ရန် နှမြောစရာ ကောင်းလွန်းသောကြောင့် တိုက်ပွဲများ ပြန်ဖြစ်ကြတော့သည်။
"လစ်စမ်းပါ။"
အင်မော်တယ်မြူနှင်းနေမင်းဂိုဏ်းချုပ်နောက်တွင် မြူနှင်းနေမင်းတစ်စင်း ထွက်ပေါ်လာကာ ငါးကီလိုမီတာပတ်လည် အေးခဲသွားရသည်။
ကောင်းကင်နှင့်မြေပြင် တခွင်လုံး အေးခဲသွားကာ သူသည် ရှောင်ဇယ်အား လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ရှောင်ဇယ်သည် အမူအရာ ကင်းမဲ့နေဟန်ဖြင့် ရွှမ်းယွီခုံးအားကြည့်ကာ နဂါးမီးလျှံများ မှုတ်ထုတ်လိုက်သည်။
အနက်ရောင် နဂါးမီးလျှံများသည် ရွှမ်းယွီခုံး၏ နယ်ပယ်အား ဆုတ်ဖြဲကာ ၎င်းကိုလည်း နောက်သို့ဆုတ်သွားစေသည်။ ရွှမ်းယွီခုံးမှာ ခန္ဓာကိုယ်ပေါ် လောင်ကျွမ်းနေသော မီးတောက်မီးလျှံများအား ငြှိမ်းသတ်ရန် ကြိုးစားလိုက်ရသည်။
"ဖွီ....မင်းလို ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်ပဲရှိတဲ့ အမှိုက်ကောင်ကများ ငါ့ကိုတိုက်ခိုက်ရဲတယ်ပေါ့။"
နဂါးနက်ကြီးသည် အထင်သေးဟန်ဖြင့် တံထွေးထွေးလိုက်သည်။
ထိုတံထွေးသည် မြေပြင်ပေါ် ကျဆင်းကာ ရွှေရောင်ဥနားကပ်ရန် ကြိုးစားနေသော စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအား လောင်ကျွမ်းပြာကျသွားစေသည်။
အားနည်းသော ကျင့်ကြံသူများမှာ အလွန်အမင်း ကြောက်ရွံ့သွားရပြီး ဖြူဖပ်ဖြူရော်ဖြစ်ကာ ကျောက်ရုပ်များအလား ငြိမ်သက်သွားတော့သည်။
"တင်..."
နားဝင်ပီယံရှိသော ခပ်စူးစူး အသံနှင့်အတူ ချယ်ရီပန်းပွင့်မှာ ထာဝရအလှ ပန်းချီကားသဖွယ် ကောင်းကင်ထက်မှ ကြွေဆင်းလာသည်။
ရွှေရောင်ဥအနီးတွင် ရှိနေသော ကျင့်ကြံသူများမှာ ငေးကြောင်ကြောင် ဖြစ်သွားကြပြီး အချို့ဆိုလျှင် ရှက်သွေးများပင် ဖြာလာသည်။
"ဒါက.....ပုံရိပ်ယောင်ကျင့်စဉ်လား။"
လျှိုချင်းဟွမ်၏ အမူအရာမှာ ပြောင်းလဲသွားပြီး မကြာမီပင် တစ်နေရာအား လှမ်းကြည့်လိုက်သည်။
သူမသာမက ရှောင်ဇယ်သည်ပင် ခေတ္တမျှ မိန်းမောသွားရသည်။
ထိုအချိန်မှာပင် သေးငယ်သော ပုံရိပ်လေးတစ်ခုမှာ ရွှေရောင်ဥထံ ပျံဝဲလာသည်။ ပန်းရောင်အလင်းတန်း တစ်ခုသည်လည်း ကောင်းကင်ထက်မှ သက်ဆင်းလာလေသည်။
သို့သော် အဖြူရောင် ပုံရိပ်လေးမှာ ရွှေရောင်ဥနား လျင်မြန်စွာ ရောက်ရှိလာသည်။ သူမသည် ကြာပွင့်နှလုံးသား ရေခဲဓားကို ကိုင်ဆောင်ထားပြီး ရွှေရောင်တောင်ပံများ တဖျတ်ဖျတ်ခပ်ကာ အေးစက်သော အရှိန်အဝါများ ဖြာထွက်နေသည်။
"ဒီဥက ငါ့သခင်အတွက်ပဲ။ အားလုံး နောက်ဆုတ်ကြ။"
ချစ်စဖွယ် အော်ဟစ်သံနှင့်အတူ ကြာပွင့်နှလုံးသား ရေခဲဓားမှာ တောက်ပသော ဓားပုံရိပ်များစွာအဖြစ် ပြောင်းလဲသွားသည်။ ဓားပုံရိပ် တစ်ခုချင်းစီသည် ပြင်းထန်လှသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ပါဝင်နေပြီး ပန်းရောင်အလင်းတန်းထံ ပျံဝဲသွားသည်။
ပန်းရောင်အလင်းတန်းသည် လှပသော အမျိုးသမီးအဖြစ် ပြောင်းလဲသွားပြီး ချယ်ရီပန်းများဖြင့် အကာအရံတစ်ခု ပြုလုပ်ကာ ဓားပုံရိပ်များအား တားဆီးလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ကြမ်းတမ်းလှသော ဓားအရှိန်အဝါများကြောင့် သူမသည်လည်း နောက်သို့ဆုတ်သွားရလေသည်။
ထိုအဖြစ်အပျက်သည် သူမ၏ မန္တာန်ကိုပါ ထိခိုက်သွားစေသောကြောင့် ငေးငေးကြောင်ကြောင် ဖြစ်နေသူများပါ အသိစိတ် ပြန်ဝင်လာသည်။
"ဒါက ကောင်းကင်နတ်မိမယ် ဖေးရင်ရဲ့ ပုံရိပ်ယောင်ကျင့်စဉ်ပဲ။ အားလုံးနောက်ဆုတ်ကြ။"
"ဘုရားရေ....သူမက နတ်သမီးငယ်လေးရဲ့ ဖိအားပေးတာကို ခံခဲ့ရတာလား။"
"အဲ့နတ်သမီးငယ်လေးက အန်လင်း ပုခုံးပေါ်မှာ ရှိနေခဲ့တာမလား။"
"ယီးထဲမှ....အဲ့ဒါဆို အံ့ဖွယ်တာအိုမီးလျှံတွေကို အရူးလုပ်ခဲ့တာလည်း သူမပဲပေါ့။"
ကျင့်ကြံသူများအားလုံး အထိတ်တလန့် ဖြစ်သွားစဉ်မှာပင် တီနာသည် ပန်းရောင်ဝတ်စုံနှင့် အမျိုးသမီးအား ဓားဖြင့်ချိန်ကာ ပြောလိုက်သည်။
"ငါက စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ နယ်မြေနန်းဆောင်က တီနာပဲ။ နင်ဆက်တိုက်ချင်သေးလား။"
လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ထပ်ပြီးတော့ စုကျိုးအင်မော်တယ်ဂိုဏ်းပဲလား....
ကောင်းကင်နတ်မိမယ် ဖေးရင် မျက်နှာပျက်သွားသည်။
"စုကျိုးအင်မော်တယ်ဂိုဏ်း ဟုတ်လား။ ကိုးပြည်ထောင်မှာ အဲ့လိုဂိုဏ်း ရှိလို့လား။ မဟုတ်သေးဘူး....ထိုက်ချူကုန်းမြေ တစ်ခုလုံးမှာတောင် အဲ့နာမည်နဲ့ဂိုဏ်း ရှိရဲ့လား။"
အန်လင်းမှာ ကောင်းကင်နတ်မိမယ် ဖေးရင်အား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။
"ငါတို့ဂိုဏ်းက အခုတလောမှ ထောင်ထားတာလေ။ မင်းတို့အားလုံး သိဖို့လိုတာက ငါတို့ဂိုဏ်းက တကယ်ရှိပြီးတော့ သောက်ကြမ်းကြီးတွေပဲ ရှိနေတယ် ဆိုတာပဲ။"
ကောင်းကင်နတ်မိမယ် ဖေးရင်: "......"
အခြားကျင့်ကြံသူများ: "......"
တာအိုသခင် ယွီလန်နှင့် သွမ့်ဟွမ်းဇီတို့မှာ ရွှေရောင်ဥထံ ပျံဝဲသွားကြပါသော်လည်း ရှောင်ဇယ်၏ သမခြင်းကို ခံလိုက်ရသည်။
ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ သုံးလေးဦးအား တပြိုင်တည်း တိုက်ခိုက်ရသည်မှာ ရှောင်ဇယ်အတွက် ပြဿနာတစ်ခုပင် မဟုတ်ပေ။
တုန်းကော်မှာမူ အန်လင်း၏ ဓားချက်အား ခံလိုက်ရပြီးနောက် နောက်တစ်ကြိမ် ကြိုးစားရန်ပင် ကြောက်ရွံ့နေလေပြီ။
စုဝမ်ကျွင်းသည် နောက်ဆုံးတစ်ခေါက် ကြိုးစားရန် ပြင်လိုက်ပါသော်လည်း အနည်းငယ် စဉ်းစားပြီးနောက် သက်ပြင်းချလိုက်သည်။
"ဟူး....နောက်ကျသွားပါပြီလေ။"
စွမ်းအင်ကွာခြားချက်မှာ မိုးနှင့်မြေလိုပင်။ အနက်ရောင်နဂါးကြီးသည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ သုံးဦးကိုပင် တပြိုင်တည်း တိုက်ထုတ်နိုင်လောက်သည်။ နတ်သမီးငယ်လေးမှာလည်း ကောင်းကင်နတ်မိမယ် ဖေးရင်၏ ပုံရိပ်ယောင်ကျင့်စဉ်အား အလွယ်တကူပင် ဖျက်စီးပစ်နိုင်သည်။ ထိုမျှအင်အားကြီးသော အဖွဲ့အား ၎င်းတို့ယှဉ်မတိုက်နိုင်ပေ။
ထို့ကြောင့် ၎င်းတို့ကို တိုက်ခိုက်မည့်အစား မိတ်ဆွေဖွဲ့လိုက်ခြင်းကသာ ပိုမိုကောင်းမွန်ပေလိမ့်မည်။ စုချန်းရန်၏ အသက်ကိုလည်း ကယ်တင်ပေးထားသောကြောင့် သစ်တောစိမ်းအင်ပါယာနှင့် စုကျိုးအင်မော်တယ်ဂိုဏ်းတို့မှာ မဟာမိတ်ဖြစ်လာရန် အခွင့်အရေး ရှိပေသည်။
တုန်းကော်၏ ရူးမိုက်သော လုပ်ရပ်များသည် သစ်တောစိမ်းအင်ပါယာမိသားစုနှင့် လားလားမျှ မသက်ဆိုင်ပေ။
စုဝမ်ကျွင်း ဆုံးဖြတ်ချက်ချကာ တိုက်ပွဲထဲ ဝင်မပါတော့ပေ။
ထိုအချိန်တွင် အဖြူရောင်ပုံရိပ်တစ်ခု ကောင်းကင်ထက်မှ ဆင်းသက်လာကာ ရွှေရောင်ဥအား သွားဖြင့်ကိုက်လိုက်သည်။
အားလုံးမှာ ရွှေရောင်ဥအား ကိုက်ထားသော ခွေးဖြူကြီးအားကြည့်ကာ မျက်လုံးအပြူးသား ဖြစ်ကုန်ကြလေသည်။
"ငါက စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ သားရဲနန်းဆောင်က တပိုင်ပဲ...ဝုတ်။"
တပိုင် ဝံ့ကြွားစွာ မိတ်ဆက်လိုက်သည်။
ကျင့်ကြံသူများအားလုံး : "......"
စုကျိုးအင်မော်တယ်ဂိုဏ်းမှာ ခွေးကတောင် အဲ့လောက်ကြမ်းတာလား.....
ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများသည်ပင် အာရုံစိုက်လာကြသည်။ ထိုခွေးသည် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့်သာ ရှိသေးပါသော်လည်း ၎င်း၏တည်ရှိမှုအား မည်သူမှ မသိအောင် ဖုံးကွယ်ထားနိုင်ခဲ့သည်မှာ ကြောက်ရွံ့ဖွယ်ရာပင်။
ကြွေလွင့်ဇာမဏီနယ်မြေတွင် တိုက်ပွဲဖြစ်နေသည်မှာ အချိန်တစ်ခုမျှ ကြာမြင့်နေပါသော်လည်း မည်သူကမှ တပိုင်အား သတိမထားမိခဲ့ပေ။
ထိုသည်မှာ တီနာ၏ နတ်ဘုရားအဆင့် ကျင့်စဉ်များကြောင့်ပင် ဖြစ်သည်။
အားလုံး တအံ့တသြ ဖြစ်နေစဉ်မှာပင် အလွန်လှပသော မိန်းမငယ်လေးတစ်ဦး ရှေ့သို့ထွက်လာသည်။
သူမ စိတ်လှုပ်ရှားစွာ စကားဆိုလိုက်သည်။
"စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ လစန္ဒာနန်းဆောင်က စုချန်းရန်ပါ။ ကူညီဖေးမပေးကြပါဦးနော်။"
ပတ်ဝန်းကျင်ရှိ လူများအားလုံး: "..."
တုန်းကော်: "...."
စုဝမ်ကျွင်း: "...."
သစ်တောစိမ်းအင်ပါယာမိသားစုမှ ကျင့်ကြံသူများမှာ နှလုံးသားအား သားရဲတစ်ထောင် နင်းချေပစ်နေသလို ခံစားလိုက်ရသည်။
ငါတို့ထဲမှာ သစ္စာဖောက် ရှိနေတာလား....