အစစ်အမှန်ကြွေလွင့်ဇာမဏီနယ်မြေ
Vol. 51 Ch. 707
သစ်တောစိမ်းအင်ပါယာမိသားစု ကျင့်ကြံသူများအားလုံး ကြောင်တောင်တောင် ဖြစ်သွားကြသည်။ စုချန်းရန်သည် အန်လင်း၏ အဖွဲ့နှင့် ရင်းနှီးနေပါသော်လည်း သူမကိုယ်တိုင် စုကျိုးအင်မော်တယ်ဂိုဏ်းသားတစ်ဦး ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
စုကျိုးအင်မော်တယ်ဂိုဏ်းသည် ရွှေရောင်ဥအား သိမ်းပိုက်သွားတော့မည် မဟုတ်လော။
ထိုကဲ့သို့သော အချိန်မျိုးတွင် သူမကိုယ်သူမ စုကျိုးအင်မော်တယ်ဂိုဏ်းသားအဖြစ် အဘယ့်ကြောင့် ကြေညာရပါသနည်း။
စုဝမ်ကျွင်း နဖူးရိုက်ကာ သက်ပြင်းချလိုက်သည်။
"မင်းသမီး ယွင်လဲ့က စုကျိုးအင်မော်တယ်ဂိုဏ်းမှာ ပါနေတာ မကောင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူမလုပ်ရပ်ရဲ့ နောက်ဆက်တွဲတွေကို သေချာစဉ်းစားသင့်တယ်။"
ထိုအချိန်တွင် အလွန်ချောမောခန့်ညားသော အမျိုးသားမှာ အန်လင်းအား လက်ဝေ့ယမ်းရင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
"ယောက်ဖ...ယောက်ဖ....ငါက စုရှင်းလေ။ ငါ့ကိုမှတ်မိလား။ စုစုရဲ့ အစ်ကိုလေ။"
စုဝမ်ကျွင်း သွေးအန်တော့မလို ဖြစ်သွားသည်။
အန်လင်း လှည့်ကြည့်လိုက်သောအခါ ရင်းနှီးနေသော မျက်နှာတစ်ခုကို မြင်လိုက်ရလေသည်။
အော်.... သူပဲ.....
ထိုသည်မှာ စုချန်းရန်အား သူ့ဆီထိုးအပ်ချင်နေသော သောက်ကျိုးနည်း ယောက်ဖပင်။
ဖွီ.... ငါ့ဖင်ကြီးကို ယောက်ဖပါလား.....
"စုကျိုးအင်မော်တယ်ဂိုဏ်းက ဂိုဏ်းသားအသစ် လက်ခံသေးလား။ ငါလည်းဝင်ချင်လို့။"
စုရှင်း စိတ်လှုပ်ရှားစွာ မေးမြန်းနေသည်။
သစ်တောစိမ်းအင်ပါယာမိသားစု ကျင့်ကြံသူများမှာ မူးမေ့လဲမတတ်ဖြစ်ကာ စုရှင်းအား ကြည့်ရှုလိုက်ကြသည်။
စုဝမ်ကျွင်းမှာလည်း အသက်ပြင်းပြင်း ရှူနေရလေပြီ။
"မင်းသားလေး....စကားအပြောအဆို သတိထားပေးပါ။"
အန်လင်း ခေတ္တမျှတွေးကာ တုံ့ပြန်လိုက်သည်။
"လောလောဆယ်တော့ ဂိုဏ်းသား လက်မခံသေးဘူး။ ဒီအကြောင်းကို နောက်မှပြောကြတာပေါ့။"
ထိုအချိန်တွင် တပိုင်သည် ရွှေရောင်ဥအား ကိုက်ချီကာ အန်လင်းထံ ရောက်ရှိလာသည်။
အန်လင်းမှာ ရွှေရောင်ဥအား စစ်ဆေးကြည့်ရှုလိုက်သည်။
ထိုဥသည် ဘဲဥသဏ္ဍာန်ရှိပြီး အဝန်းမှာ မီတာနှစ်ဆယ်ခန့်သာ ရှိသောကြောင့် လက်နှစ်ဖက်ဖြင့် အလွယ်တကူ ကိုင်တွယ်နိုင်သည်။
အရွယ်အစား သေးငယ်သောကြောင့် အတွင်းရှိ ဇာမဏီငှက်ငယ်သည်လည်း အလွန်အားကောင်းမည့်ပုံ မပေါ်ပေ။
သို့သော် ဒဏ္ဍာရီလာ ရှေးဟောင်းသားရဲတစ်ကောင် ဖြစ်သည်နှင့်အညီ ဥအတွင်း စီးဆင်းနေသော အသက်စွမ်းအင်မှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
သူသည် ရွှေရောင်ဥအား သိုလှောင်လက်စွပ်ထဲထည့်ရန် ကြိုးစားကြည့်ပါသော်လည်း အဆင်မပြေပေ။
သိုလှောင်လက်စွပ်သည် အသိဉာဏ် မြင့်မားသော သတ္တဝါများအား ထိန်းသိမ်းထားနိုင်စွမ်း မရှိပေ။
အန်လင်းသည် ကျန်ရှိနေသော စိတ်ဝိဉာဉ်အဆင့် ရတနာ အခုငါးဆယ်ထဲမှ ပျိုးထောင်ခြင်းနှင့် ကာကွယ်ခြင်း အစွမ်းများ ပါဝင်နေသော အလယ်အလတ် အဆင့်ရှိသည့် အံ့ဖွယ်မြေခွေးဖြူသေတ္တာအား ထုတ်ယူလိုက်သည်။ ရိုးရှင်းစွာ ဖော်ပြရလျှင် ထိုသည်မှာ အရည်အသွေး မြင့်မားသော ကျောပိုးအိတ်တစ်လုံးပင်။
အံ့ဖွယ်မြေခွေးဖြူသေတ္တာသည် ကလေးငယ်များအား ချီပိုးရန် သင့်တော်ပြီး တိုက်ခိုက်မှုများထံမှလည်း ကာကွယ်ပေးနိုင်သည်။
သူသည် ရွှေရောင်ဥအား အံ့ဖွယ်မြေခွေးဖြူသေတ္တာထဲထည့်ကာ ကျောပိုးအိတ်သဖွယ် လွယ်လိုက်သည်။
"ကောင်းပြီ။ ပြန်ကြရအောင်။"
အန်လင်း ပြုံးရွှင်စွာ ပြောလိုက်သည်။
ဤခရီးစဉ်တွင် တန်ဖိုးရှိသော ရတနာကို ရနိုင်ခဲ့ရုံသာမက ဂိုဏ်း၏နာမည်ကိုပါ ဖြန့်ဝေနိုင်ခဲ့သောကြောင့် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ၎င်းတို့ထွက်ခွာတော့မည့် အချိန်မှာပင် အံ့ဖွယ်မြေခွေးဖြူသေတ္တာထဲမှ အကန့်အသတ်မဲ့သော ရွှေရောင်အလင်းများနှင့် ပြင်းထန်လှသော အပူချိန်များ ဖြာထွက်လာသည်။
"ယီးထဲမှ....ပေါက်ကွဲတော့မှာလား။"
အန်လင်းလည်း ထိတ်လန့်သွားရသည်။
ထိုဥသည် ပေါက်ကွဲတော့မလို ဖြစ်နေသောကြောင့် သူသည်လည်း ဘာဆက်လုပ်ရမည်ကို မသိတော့ပေ။
တီနာ၏ အမူအရာ ပြောင်းလဲသွားကာ အန်လင်း၏ဘေးသို့ ချက်ချင်းရောက်ရှိလာသည်။
"ဘီလူးအန်လင်း သတိထား....ဒါက နယ်ပယ်ပြောင်းလဲခြင်းပဲ။"
ကောင်းကင်နှင့်မြေပြင်မှာ ရုတ်ချည်းဆိုသလို တုန်ခါလာပြီးနောက် ရွှေရောင်ဥထံမှ လေဟာပြင်စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။
အန်လင်း မျက်မှောင်ကျုံ့လိုက်ပြီးနောက် မူးနောက်နောက်ဖြစ်ကာ မြင်ကွင်းတစ်ခုလုံး အမှောင်ကျသွားတော့သည်။
မမြင်နိုင်သော လေဟာပြင် စွမ်းအင်များသည် ကီလိုမီတာ ငါးဆယ်ကျော်ထိတိုင် ဖြာထွက်ကာ ကျင့်ကြံသူပေါင်း ရာနှင့်ချီကို လွှမ်းမိုးသွားသည်။
ထို့နောက် စစ်မြေပြင်မှ ၎င်းတို့အားလုံး ပျောက်ကွယ်သွားလေသည်။
မည်သည့်တိုက်ပွဲမှ မဖြစ်ခဲ့သလို တိတ်ဆိတ်ခြင်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။
ခရက်.....
လေဟာနယ် ဝဲဂယက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။
ချပ်ဝတ်အား ဆင်မြန်းထားကာ ညှို့အားကောင်းသော ခြေတံရှည်များရှိသည့် အမျိုးသမီးတစ်ဦး ထွက်လာကာ ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်သည်။
"အမ်...အားလုံး ဘယ်ရောက်ကုန်တာလဲ။"
သူမ တွေဝေစွာ အသံဖြင့် ဆက်သွယ်လိုက်ပါသော်လည်း မည်သည့်တုံ့ပြန်မှုမှ ပြန်မရပေ။
"ထူးဆန်းလိုက်တာ။ အင်ပါယာ မိသားစုရော။"
ထိုအမျိုးသမီးမှာ ကြောင်တောင်တောင် ဖြစ်နေလေပြီ။
သူမသည် စုရှင်း၏ တောင်းဆိုချက်အရ စေလွှတ်ခံရသော ဗိုလ်ချုပ် လုံကွေး ဖြစ်သည်။
မကြာမီပင် အဖြူရောင် အလင်းများ ဖြာထွက်နေသော နေရာတစ်ခုကို သတိပြုမိသွားသည်။
"ဒါက....မှော်နယ်မြေရဲ့ ဝင်ပေါက်ပဲ။"
သူမ ခပ်ဖွဖွပြုံးကာ ထိုနေရာထံ လျှောက်လှမ်းသွားလိုက်သည်။
......
အမှောင်ထုထဲတွင် သတိပြန်ရလာသော အန်လင်းမှာ ချက်ချင်းထထိုင်လိုက်သည်။
သူသည် ကောင်းကင်အား မော့ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။
"ကောင်း....ကောင်ကင်က မီးလောင်နေတာလား။"
ကောင်းကင်တခွင်လုံးမှာ ဟုန်းဟုန်းတောက် လောင်ကျွမ်းနေလျက် ရှိသည်။
ထူးခြားသည်မှာ ကောင်းကင်ထက်ရှိ မီးတောက်မီးလျှံများသည် ပုံရိပ်များအသွင် ပြောင်းလဲနေခြင်းပင်။
ထိုသည်မှာ မျက်နှာဝိုင်းဝိုင်းနှင့် ဝံ့ကြွားစွာ ပြုံးနေဟန်ရှိပြီး ပါးပြင်ရဲရဲလေးများမှာ အဆုံးမဲ့ နွေးထွေးမှုကို ပေးစွမ်းနေသည်။ ပျော်ရွှင်နေသော မျက်ဝန်းများနှင့် တင့်တယ်လှပသော မျက်ခုံးအစုံကိုလည်း ချန်ထား၍ မဖြစ်ပေ။
ဘာတွေလား......
အန်လင်းမှာ အရုပ်မမျက်နှာများကို တွေ့နေရသလို ခံစားလိုက်ရသည်။
"ပုံရိပ်ယောင်....ပုံရိပ်ယောင်တွေပဲ ဖြစ်ရမယ်။"
အန်လင်းသည် နယ်မြေထိုးဖောက်လက်သည်းအားထုတ်ကာ စစ်နတ်ဘုရား ခန္ဓာ၏ စွမ်းအင်များကို ရုတ်သိမ်းလိုက်ပြီးနောက် လက်ဝါးပေါ် ထိုးချလိုက်သည်။
ဖောက်.....
သွေးများယိုစီးကျလာလေသည်။
"အား....နင့်မေကလွှား....နာတယ်ဟ။"
အန်လင်း အလွန်နာကျင်သွားသည်။
ပုံရိပ်ယောင်လောကဖြစ်ဖို့ စစ်မှန်လွန်းနေတယ်....
အန်လင်း မတ်တပ်ရပ်ကာ ကောင်းကင်ထက်ရှိ မျက်နှာများကိုကြည့်ရင်း ရူးသွားပြီဟုပင် ထင်မှတ်မိသည်။
သူသည် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုလိုက်သောအခါ တောင်ကြားတစ်ခုထဲ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိလိုက်ရလေသည်။
ဤနေရာတွင် သက်ရှိစွမ်းအင် ပေါကြွယ်ဝပြီး မြစ်ငယ်လေးတစ်ခု စီးဆင်းနေကာ မြစ်ကမ်းပါးတွင် ကြည်နူးဆွတ်ပျံ့ဖွယ် ပန်းပင်လေးများကို တွေ့နိုင်သည်။ လေပြေညှင်းများ သယ်ဆောင်လာသော ပန်းရနံ့သည် သိမ်မွေ့လတ်ဆတ်သောကြောင့် နေချင်စဖွယ် နေရာလေး တစ်ခုလိုပင်။
"ဒီနေရာက ဘာကြီးလဲ။ မှော်နယ်မြေ တစ်ခုခုလား။"
အန်လင်း ကြောင်တောင်တောင် ဖြစ်နေသည်။ သတိမလစ်ခင်က တီနာသည် နယ်ပယ်ပြောင်းလဲခြင်း ဖြစ်ပေါ်နေကြောင်း ပြောခဲ့သေးသည်။
အတွေးတစ်ခု ဖြစ်ပေါ်လာကာ ကျောပေါ်ရှိ အံ့ဖွယ်မြေခွေးဖြူသေတ္တာအား အလျင်အမြန် အောက်ချလိုက်မိသည်။
သေတ္တာထဲတွင် ရှိနေသော ရွှေရောင်ဥအား တွေ့လိုက်ရချိန်မှသာ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။
ဟူး.... ဥရှိသေးလို့ တော်သေးတာပေါ့.....
အန်လင်း အသက်ပြင်းပြင်းရှူကာ လေထဲပျံဝဲလိုက်သည်။
ဒီကမ္ဘာက ဘယ်လိုပုံစံရှိလဲ သိမှဖြစ်မယ်....
ကောင်းကင်ထက် ရောက်ရှိလာပြီးနောက် ရင်သက်ရှုမောဖွယ် မြင်ကွင်းအား တွေ့ရှိလိုက်ရသည်။
အရှေ့ဘက်တွင် ကျက်သရေရှိသော တောင်တန်းကြီးများ ရှိနေပြီး၊ အနောက်ဘက်တွင် ကျယ်ပြန့်သော လွင်ပြင်များရှိကာ၊ တောင်ဘက်ပိုင်း တစ်ခုလုံး သွေးနီရောင်များ ခြယ်မှုန်းထားသလို ရဲရဲတောက်နေပြီး မြောက်ဘက်တွင်မူ တိမ်စိုင်များကြား ထိုးဖောက်နေသော တောင်ကြီးတစ်လုံး မားမားမတ်မတ် ရပ်တည်နေသည်။
"ကျယ်လိုက်တဲ့နေရာ...."
မျက်စိတဆုံး မြင်ကွင်းကျယ်များကိုငေးကာ အန်လင်း အံ့သြနေမိသည်။
သူအောက်သို့ငုံ့ကြည့်လိုက်သောအခါ ပုံရိပ်ကြီးတစ်ခုကို တွေ့လိုက်ရသည်။
တောင်တန်းများသည် ကီလိုမီတာ ဆယ်နှင့်ချီအထိရှိကာ တစ်ခုနှင့်တစ်ခု ဆက်စပ်လျက် ဇာမဏီငှက် တစ်ကောင်အသွင် ဖြစ်ပေါ်နေပေသည်။ ထိုဇာမဏီပုံရိပ်ထံမှ ရှေးဟောင်းအရှိန်အဝါများ ဖြာထွက်နေသောကြောင့် သူသည် ကြည့်နေရင်းနှင့်ပင် အသက်ရှူကြပ်လာသလို ခံစားလာရသည်။
"ဒီလိုပုံကို ဘယ်သူက လုပ်နိုင်မှာတဲ့လဲ။ ပြီးတော့ ဒီတောင်တန်းတွေက ဘာလို့ဇာမဏီပုံ ဖြစ်နေရတာလဲ။”
အန်လင်း မျက်မှောင်ကျုံ့ကာ ရေရွတ်လိုက်သည်။
သူရုတ်ချည်းဆိုသလို အတွေးပေါက်သွားလေသည်။
"ဒါကမှ အစစ်အမှန် ကြွေလွင့်ဇာမဏီနယ်မြေများလား။"