ရုတ်တရက်ကြီးဒီမန္တာန်ကိုသုံးချင်လာတယ်
Vol. 51 Ch. 709
အန်လင်းသည် အဝေးရှိ တောင်တန်းထံ ပျံဝဲသွားလိုက်သည်။ မျက်စိထဲ မြင်တွေ့နေရပါသော်လည်း စင်စစ်တွင်မူ ဝေးကွာလွန်းလှသည်။
သူ၏တွက်ချက်မှုအရ အနည်းဆုံး ငါးရာကီလိုမီတာခန့် ဝေးလိမ့်မည်။
ဝုန်း....ဝုန်း.....ဝုန်း.....
အဝေးရှိ ရေတံခွန်ငယ်တွင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။
အန်လင်းသည် ပါလေရာငါးပိချက် လုပ်ရသည်ကို သဘောကျသောကြောင့် ချက်ချင်းပင် ထိုနေရာသို့ ပျံဝဲသွားလိုက်သည်။
အရောင်အသွေး စုံလင်သော ဝတ်စုံများ ဆင်မြန်းထားသည့် အမျိုးသမီးနှစ်ဦးသည် ဓားကိုင်ထားသော အမျိုးသားအား ဝိုင်းအနိုင်ကျင့်နေသည်ကို တွေ့လိုက်ရသည်။
၎င်းတို့သုံးဦးလုံးမှာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများပင်။
အမျိုးသားသည် ရှုံးနိမ့်မတတ် ဖိအားပေးခံနေရသည်။
အန်လင်း ပါးစပ်အဟောင်းသားဖြစ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မိစ္ဆာမတွေ.....သူ့ကိုလွှတ်ပေးပြီး ငါနဲ့လာတိုက်ကြ။"
မျောလွင့်နတ်ဘုရားဂိုဏ်းမှ အမျိုးသားနှင့် နန်းဆောင်နီဂိုဏ်းမှ အမျိုးသမီးနှစ်ဦးသည် အန်လင်းအား တွေ့လိုက်ရသောကြောင့် ကြောင်တောင်တောင် ဖြစ်ကုန်သည်။
အဲ့ဒါ စုကျိုးအင်မော်တယ်ဂိုဏ်းချုပ်မလား......
မျောလွင့်နတ်ဘုရားဂိုဏ်းက တပည့်ကို အနိုင်ကျင့်တာ သူနဲ့ဘာဆိုင်လို့လဲ....
မျောလွင့်နတ်ဘုရားဂိုဏ်းမှ အမျိုးသားသည် အမျိုးသမီးနှစ်ဦး ကြောင်အမ်းအမ်း ဖြစ်သွားသည်ကို အခွင့်ကောင်းယူကာ ကောင်းကင်ထက်သို့ ပျံဝဲလာပြီး အန်လင်းအား စကားဆိုလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ်.....ဂိုဏ်းချုပ်အန်လင်း။"
နန်းဆောင်နီဂိုဏ်းမှ အမျိုးသမီးနှစ်ဦးသည် အန်လင်းအား သတိအပြည့်ဖြင့် ကြည့်ရှုနေကြသည်။ အန်လင်း၏ ရည်ရွယ်ချက်အား မသိရသောကြောင့် ၎င်းတို့လည်း မလှုပ်ရှားရဲပေ။
အန်လင်းသည် လက်နှစ်ဖက်အား ကျောဘက်တွင် ယှက်သန်းကာ ဆရာကြီးဟန်ဖြင့် ကောင်းကင်ထက်မှ ဆင်းသက်လာသည်။
သူဖြည်းညင်းစွာ မေးမြန်းလိုက်သည်။
"ဘာလို့တိုက်ခိုက်နေကြတာလဲ။"
အမျိုးသမီးနှစ်ဦးသည် တစ်ဦးကိုတစ်ဦးကြည့်ကာ အန်လင်းအား မေးခွန်းပြန်ထုတ်လိုက်သည်။
"ရှင်ကရော ကျွန်မတို့ တိုက်ပွဲထဲ ဘာလာလုပ်တာလဲ။"
အမျိုးသား ကျင့်ကြံသူမှာ လှပသော အမျိုးသမီးနှစ်ဦးအား လက်ညှိုးငေါက်ငေါက် ထိုးလိုက်သည်။
"သူတို့တွေက ကျွန်တော့်ကို မြှူဆွယ်ပြီး ယန်စွမ်းအင်တွေ အားလုံးကို စုပ်ယူချင်နေတာ။ ကျွန်တော့်ရဲ့ စိတ်ဝိဉာဉ်စွမ်းအားသာ အားမကောင်းရင် ဒုက္ခရောက်နေလောက်ပြီ။"
အမျိုးသမီးနှစ်ဦးမှာ ရှက်သွေးဖြာသွားပြီးနောက် ခွန်းတုံ့ပြန်လာသည်။
"အဲ့လောက်နဲ့ ရှင်မသေပါဘူး။ ပြီးတော့ နှစ်ဦးနှစ်ဖက် ကောင်းရမယ့် ကိစ္စပဲကို။"
အန်လင်း: "......."
အမျိုးသားကျင့်ကြံသူ : "......"
"ကောင်းတာ၊ မကောင်းတာ အရေးမကြီးဘူး။ ငါ့စွမ်းအင်တွေသာ အစုပ်ခံလိုက်ရရင် မင်းလက်ခုပ်ထဲကရေ ဖြစ်သွားမှာလေ။"
အမျိုးသား ကျင့်ကြံသူ အံကြိတ်ကာ ပြောလိုက်သည်။
သူတို့လက်ခုပ်ထဲကရေလား.....
အန်လင်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
"စီနီယာအန်လင်းက လာရောက်ဖျန်ဖြေပေးမှတော့ ကျွန်မတို့လည်း သွားလိုက်ပါဦးမယ်။"
ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးမှ စကားဆိုလိုက်သည်။
ထို့နောက် အမျိုးသမီး နှစ်ဦးမှာ တိုက်ပွဲနေရာမှ ထွက်သွားရန် ပြင်တော့သည်။
"နေဦး..."
အန်လင်း ရုတ်တရက် အော်ဟစ်လိုက်သည်။
အမျိုးသမီးနှစ်ဦးမှာ အမှန်တကယ်ပင် ခြေလှမ်းများ ရပ်တန့်သွားလေသည်။
၎င်းတို့ထံတွင် ရွေးချယ်စရာ မရှိပေ။ အန်လင်းသည် ထိပ်တန်းအဆင့် ဂိုဏ်းများထက်ပင် ဆရာကျနေသော စုကျိုးအင်မော်တယ်ဂိုဏ်းအား လျစ်လျူမရှုဝံ့ပါချေ။
"အဟမ်း....ငါက မင်းတို့ရဲ့ စီနီယာ ဖြစ်နေတာနဲ့ပဲ ပြောသမျှ မယုံပေးနိုင်ဘူး။"
အန်လင်း ချောင်းဟန့်ကာ စကားဆက်လိုက်သည်။
"ယန်စွမ်းအင်ကို စုပ်ယူတာက လူမသေစေဘူးဆိုတာနဲ့ ခံစားချက်ကောင်းတယ်ဆိုတာကို သက်သေပြရမယ်။"
အမျိုးသမီးနှစ်ဦး: "....."
အမျိုးသားကျင့်ကြံသူ : "......"
အန်လင်းသည် ဒဏ္ဍာရီလာ ထိုမန္တာန်၏ အလုပ်လုပ်ပုံအား သိချင်နေမိသည်။
သူသည် အဆင့်အတန်းရှိ လူငယ်တစ်ဦးဖြစ်ပြီး မန္တာန်ကိုသာ မြင်တွေ့လိုခြင်းပင်။
သူ၏အတွေးအမြင်များ ကျယ်လာစေရန်နှင့် ကျင့်ကြံရေးအတွက် အကျိုးရှိစေရန် ထိုမန္တာန်အား ခံစားဖူးလိုသည်။
ညှို့ငင်အားကောင်းသော အမျိုးသမီးမှာ မယုံကြည်နိုင်ဟန်ဖြင့် အသက်ပြင်းပြင်းရှူကာ မေးလိုက်သည်။
"စီနီယာအန်လင်း.....ရှင့်ရဲ့ ယန်စွမ်းအင်တွေကို စုပ်ယူခိုင်းနေတာလား။"
အန်လင်း တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။ သူသည် ကျင့်ကြံရေးလောကထဲ ရောက်ရှိနေသည်မှာ အချိန်တစ်ခုမျှ ကြာမြင့်နေပြီ ဖြစ်ပါသော်လည်း ထိုကဲ့သို့သော မန္တာန်အား မတွေ့မြင်ခဲ့ဖူးသောကြောင့် ကြုံကြိုက်လာသော အခွင့်အရေးအား လက်လွှတ်မခံသင့်ပေ။
"အာ....ငါတို့အတွက် သီးသန့်နေရာလေး ပေးလို့ရလား။"
အန်လင်း အမျိုးသား ကျင့်ကြံသူအားကြည့်ကာ မေးလိုက်သည်။
အမျိုးသား ကျင့်ကြံသူမှာ မျက်နှာပျက်သွားပြီး တိတ်တဆိတ်ပင် ထွက်ခွာသွားတော့သည်။
"အမ်...စီနီယာ..."
ပိုမိုသေးသွယ်သော ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည့် အမျိုးသမီးလေးမှာ စိတ်မသက်မသာဖြစ်စွာ စကားဆိုလိုက်သည်။
"ရှင့်ရဲ့ ယန်စွမ်းအင်တွေကို စုပ်ယူလိုက်ရင် ကျွန်မတို့ကို တစ်ခုခု ပြန်မလုပ်ဘူးမလား။"
"ဘာမှပြန်မလုပ်ဘူးလို့ ကတိပေးတယ်။"
အန်လင်း လေးနက်စွာ တုံ့ပြန်လိုက်သည်။
အမျိုးသမီးနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် လက်သင်္ကေတများ ပြောင်းလဲလိုက်သည်နှင့် ပန်းရောင်ကြိုးနှစ်ချောင်း ထွက်ပေါ်လာကာ ကောင်းကင်တခွင်လုံးသည်ပင် ပန်းရောင်သမ်းသွားသည်။
အန်လင်း မျက်တောင်ခတ်လိုက်သည်။
"မင်းတို့ ကတာတို့၊ မြှူဆွယ်တာတို့ ဒါမှမဟုတ် အဝတ်အစားလေးဘာလေး နည်းနည်းပါးပါး ချွတ်တာတို့ လုပ်စရာ မလိုဘူးလား။"
အမျိုးသမီးနှစ်ဦးသည် အန်လင်းအား စူးစိုက်ကြည့်ရှုလိုက်ကြသည်။
"ကျွန်မတို့က အဆင့်အတန်းရှိတဲ့ ဂိုဏ်းကပါ။ ကျွန်မတို့ ကျင့်စဉ်တွေကလည်း အဆင့်အတန်း ရှိတာမို့ ပြည့်တန်ဆာတွေလို မထင်ပါနဲ့ရှင်။"
အန်လင်းမှာ မည်သည့်စကားမှ မပြောတော့ပဲ စိတ်ရှည်လက်ရှည် မတ်တပ်ရပ်နေလိုက်သည်။ ယန်စွမ်းအင် စုပ်ယူသော မန္တာန်အား သူအမှန်တကယ် တွေ့ချင်မိသည်။
ပန်းရောင်ကြိုးနှစ်ချောင်းသည် မြွေနှစ်ကောင်အဖြစ် ပြောင်းလဲကာ အန်လင်းအား ခုန်အုပ်လိုက်သည်။
"အိုး....ကြိုးနဲ့ကစားတဲ့ အကွက်တွေပါ ပါတာလား။"
အန်လင်း အတော်ပင် စိတ်ဝင်စားလာသည်။
ပန်းရောင်မြွေနှစ်ကောင်သည် ချွန်ထက်သော အစွယ်များဖြင့် အန်လင်း၏ လက်မောင်းအား ပေါက်လိုက်ကြသည်။
ဒေါက်.... ဒေါက်......
ချက်ချင်းဆိုသလို မြွေများမှာ အစွယ်ကျိုးသွားလေသည်။
"ဖူး...."
အမျိုးသမီးနှစ်ဦးအပေါ်လည်း အကျိုးသက်ရောက်မှုဖြစ်ကာ အသီးသီး သွေးအန်သွားရသည်။
ပန်းရောင်စွမ်းအင်များ ပျောက်ကွယ်ကာ သူမတို့နှစ်ဦးလုံး အန်လင်းကို ကြည့်ရှုလာကြသည်။
"ရှင့်ခန္ဓာကိုယ်က ဘာဖြစ်နေတာလဲ။"
အန်လင်း နားမလည်နိုင် ဖြစ်နေသည်။
"ငါဘာမှမလုပ်ဘူးလေ။"
"ကျွန်မတို့လည်း ဘာမှလုပ်လို့မရဘူး။"
အမျိုးသမီးတစ်ဦးမှာ နှမြောတဿ ဖြစ်နေဟန်ဖြင့် စကားဆိုလိုက်သည်။
သူမတို့ ဘာမှလုပ်လို့ မရဘူးလား....
အန်လင်း အမျိုးသမီးနှစ်ဦးအား မယုံကြည်နိုင်စွာ ကြည့်ရှုလိုက်သည်။
"ဘာမှလုပ်မရတာ သေချာရဲ့လား။ မင်းတို့မန္တာန်က ခံစားလို့ ကောင်းတယ်ဆို။"
"စီနီယာအန်လင်း... ရှင့်ခန္ဓာကိုယ်က သန်မာလွန်းတယ်။ ကျွန်မတို့ တကယ်ဘာမှလုပ်မရဘူး။"
အမျိုးသမီးတစ်ဦးမှာ နှုတ်ခမ်းထောင့်စွန်းမှ သွေးစများကို သုတ်လိုက်သည်။
"ကျွန်မတို့ကို သွားခွင့်ပြုပါတော့။"
အန်လင်းသည်လည်း ဒဏ္ဍာရီလာ မန္တာန်ကို မခံစားလိုက်ရသောကြောင့် အနည်းငယ် စိတ်ညစ်သွားမိသည်။
ငါက အရမ်းသန်မာနေတော့ ကောင်းတာလေးတောင် မခံစားရတော့ဘူးလား....
"ကောင်းပြီ... ကောင်းပြီ...သွားကြတော့။"
သူသည် အတွေးများကို ဖယ်ရှားကာ ၎င်းတို့အား သွားခွင့်ပေးလိုက်သည်။
အမျိုးသမီးနှစ်ဦးသည် အန်လင်း စိတ်ပြောင်းသွားမည်ကို စိုးရိမ်သောကြောင့် ဝှစ်ခနဲနေအောင် ထွက်ပြေးတော့သည်။
"ကျွန်တော့်ကို ကယ်တင်ပေးတာ ကျေးဇူးတင်ပါတယ် စီနီယာအန်လင်း.... မဟုတ်ရင် အဲ့မိစ္ဆာမနှစ်ကောင်ကြောင့် ကျွန်တော် မျော့နေလောက်ပြီ။"
အမျိုးသမီးနှစ်ဦး ထွက်ခွာသွားသည်နှင့် အမျိုးသား ကျင့်ကြံသူမှာ အန်လင်းထံ ပြန်ရောက်လာသည်။
အန်လင်း စိတ်မရှည်စွာ ကြည့်ရှုလိုက်သည်။
"လစ်စမ်းပါ.... အချိန်ကုန်ရကြားထဲ... ဟမ့်..."
သူသည် ဖရိုဖရဲ သတ္ထုအုတ်ခဲပေါ်တက်ကာ မြောက်ဘက်ရှိ တောင်တန်းကြီးထံ ဆက်လက်ထွက်ခွာလာသည်။
အမျိုးသား ကျင့်ကြံသူမှာ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
"ဘာလို့ ရုတ်တရက်ကြီး ဒေါသထွက်သွားရတာလဲ။ အခုခေတ် စီနီယာတွေက အဲ့လိုပဲလား။"
မည်သို့ပင်ဆိုစေကာမူ သူသည် လူကောင်းတစ်ယောက် ဖြစ်သောကြောင့် အန်လင်း၏ ကယ်တင်မှုအတွက် ကျေးဇူးပြန်ဆပ်ရန် ဆုံးဖြတ်ထားသည်။
အန်လင်းကဲ့သို့ သြဇာအာဏာ ကြီးမားသူအတွက် ထိုသည်မှာ မပြောပလောက်ပါသော်လည်း သူတတ်နိုင်သမျှ ပြန်လည်ပေးဆပ်မည်ပင်။
...........
ထိုအချိန်တွင် အဝေးရှိ တောင်တန်းပေါ်တွင် တပိုင်မှာ အရေးကြီးသော အခြေအနေနှင့် ကြုံတွေ့နေရလေသည်။