← Chapters

တပိုင်၏အရေးကြီးသောအခြေအနေ

Vol. 51 Ch. 710

တပိုင်၏အရေးကြီးသောအခြေအနေ

Vol. 51 Ch. 710

တပိုင်သည် သူရဲကောင်းအန်လင်း လာရောက်ကယ်တင်ချိန်ထိ ကျောက်ဆောင်ကြီး တစ်ခုနောက်တွင် ပုန်းနေရန် စီစဉ်ထားခဲ့သည်။

သို့သော် သူ၏အရှိန်အဝါ ဖုံးကွယ်ခြင်း မန္တာန်သည် ကောင်းကင်မိစ္ဆာဂိုဏ်းမှ အကြီးအကဲ သုံးဦးအား အရူးမလုပ်နိုင်ခဲ့ပေ။

"ဟမ်....ဒါက စုကျိုးအင်မော်တယ်ဂိုဏ်းက တပိုင်မလား။"

အကြီးအကဲများ၏ ရှေ့ဆုံးတွင် ရှိနေသော တာအိုသခင် တုန်းရွှီမှာ မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် ကျောက်ဆောင်နောက်ရှိ ခွေးငယ်လေးအား ကြည့်ရှုလိုက်သည်။

သူသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် ရှိသူဖြစ်ပြီး ပုံရိပ်ယောင်များအား ထိုးဖောက်မြင်နိုင်စွမ်း ရှိသောကြောင့် တပိုင်၏ အရှိန်အဝါ ဖုံးကွယ်ခြင်းမန္တာန်မှာ အလုပ်မဖြစ်ပေ။

"သူ့ရဲ့ပုံစံ ပြောင်းသွားပေမယ့် အရှိန်အဝါကတော့ လုံးဝမမှားနိုင်ဘူး။"

ကောင်းကင်မိစ္ဆာဂိုဏ်း၏ အခြားအကြီးအကဲ နှစ်ဦးမှာလည်း စိတ်လှုပ်ရှားသွားသည်။

"ဒီအခွင့်အရေးက အပြာရောင်လကို မြင်ရသလို ရှားမှရှားပဲဟေ့။ သူ့ကိုဖမ်းပြီး ဂိုဏ်းချုပ်ယွီလန်ဆီ ခေါ်သွားရအောင်။ ဒီကောင်က ဇာမဏီဥကို လမ်းပြနိုင်လိမ့်မယ်။"

"ဟုတ်တယ်။ စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ အဓိက အဖွဲ့ဝင်ဆိုတော့ ဒင်းကိုဖမ်းပြီး ရွှေရောင်ဥနဲ့ လဲရမယ်။"

တာအိုသခင် တုန်းရွှီ လူယုတ်မာပြုံးပြုံးကာ တပိုင်နား ကပ်လာသည်။

ကျောက်ဆောင်နောက်တွင် ရှိနေသော တပိုင်မှာ အမွှေးများအားလုံး ထောင်ထလာပြီး တိရစ္ဆာန် အသိစိတ်အရ အန္တရာယ်ရှိကြောင်း သိရှိနေသောကြောင့် ခွေးကြီးတစ်ကောင်အဖြစ်ပြောင်းကာ ထွက်ပြေးတော့သည်။

ကောင်းကင်မိစ္ဆာဂိုဏ်း အကြီးအကဲများမှာ အံ့အားသင့်သွားပြီးနောက် အရှိန်အဝါများ ဖုံးကွယ်ကာ တပိုင်နောက်မှ လိုက်ကြပါသော်လည်း ၎င်းသည် သူတို့၏ တည်ရှိမှုများကို အာရုံခံနိုင်နေသည်။

"ဟားဟား.....ငါတို့လက်က လွတ်မယ်များ ထင်နေလား။ အဲ့ကောင်နောက်ကိုလိုက်ကြ။"

တာအိုသခင် တုန်းရွှီ အမိန့်ပေးလိုက်သည်နှင့် ကောင်းကင်မိစ္ဆာဂိုဏ်း အကြီးအကဲများအားလုံး စွမ်းအင်များ ထွက်ပေါ်စေကာ အနက်ရောင် အလင်းတန်းများအဖြစ် ပြောင်းလဲလျက် ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် တပိုင်နောက် လိုက်လာကြသည်။

တပိုင်သည် ရန်သူသုံးဦးကြောင့် ပိုမိုကြောက်ရွံ့လာကာ ကောင်းကင်ဝံပုလွေအမွေအနှစ်အား ထွက်ပေါ်စေလျက် တချိုးတည်း ထွက်ပြေးတော့သည်။

ရန်သူများသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်သောကြောင့် သူ့အနေဖြင့် သုံးဦးလုံးကို အမှောက်မသိပ်နိုင်ပေ။

အနက်ရောင် စွမ်းအင်တစ်ခုမှာ လေထုအား ဖြတ်သန်းလျက် တပိုင်ထံ ရောက်ရှိလာသည်။

တပိုင်သည် လေထဲတွင်ပင် ခက်ခက်ခဲခဲ ယောဂပုံစံများလုပ်ကာ တိုက်ခိုက်မှုအား ပွတ်ကာသီကာ ရှောင်ရှားလိုက်နိုင်သည်။

ထိုအနက်ရောင် စွမ်းအင်သည် တောင်တစ်တောင်အား ထိမှန်ကာ မီတာရာနှင့်ချီသော ချိုင့်ခွက်ကြီးကို ဖြစ်ပေါ်သွားစေသည်။

ဟူး.... ကပ်သီးလေးပဲ.....

တပိုင် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ ထိုတိုက်ခိုက်မှုနှင့်သာ ရင်ဆိုင်ရပါက ဆိုးဆိုးရွားရွား ဒဏ်ရာရသွားပေလိမ့်မည်။

"အိုး....မင်းအဲ့လောက်သွက်မယ်လို့ မထင်ထားဘူး။"

တာအိုသခင် တုန်းရွှီ ရက်စက်စွာပြုံးကာ လက်ဝါးတစ်ဖက် ဝေ့ရမ်းလိုက်သည်နှင့် အနက်ရောင် စွမ်းအင်ကိုးခု ရုပ်လုံးပေါ်လာသည်။

စွမ်းအင်တစ်ခုချင်းစီသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်၏ အစစ်အမှန် တိုက်ခိုက်မှုနှင့် ညီမျှနေကာ စွမ်းအင်ကိုးခုလုံး ပြင်းထန်လှသော အရှိန်အဟုန်ဖြင့် တပိုင်ထံ ပျံဝဲသွားသည်။

တပိုင်မှာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီနေပြီး ခက်ခဲသော ယောဂပုံစံများဖြင့် ရှောင်ရှားနေရလေသည်။

ဝုန်း.... ဝုန်း..... ဝုန်း.....

စွမ်းအင်များမှာ ပစ်မှတ်အား လွဲချော်ပြီးနောက် တစ်ခုပြီးတစ်ခု ပေါက်ကွဲကုန်သည်။

တပိုင်သည် ပိန်ပိန်ပါးပါး မဟုတ်ပါသော်လည်း လှုပ်ရှားမှုမှာ လျင်မြန်လွန်းလှသည်။

ထိုသည်မှာ အန်လင်း စီးနင်းလေ့ရှိသောကြောင့်ဖြစ်ကာ သူသည် တာအိုသခင် တုန်းရွှီ၏ တိုက်ခိုက်မှုများအား မည်သို့မည်ပုံ ရှောင်ရှားရမည်ကို အတိအကျ သိရှိနေသည်။

တာအိုသခင် တုန်းရွှီသည်ပင် မျက်စိမျက်နှာ ပျက်နေလေပြီ။

သို့သော် တပိုင်သည် တိုက်ခိုက်မှုအား ရှောင်ရှားလိုက်တိုင်း ထွက်ပြေးသောအရှိန်မှာ နှေးကွေးသွားသောကြောင့် အခြားသော ကောင်းကင်မိစ္ဆာဂိုဏ်း အကြီးအကဲ နှစ်ဦးသည် ထိုအချက်အား အခွင့်အရေးယူကာ တပိုင် အနီးသို့ရောက်အောင် ကြိုးစားလိုက်ကြသည်။ ၎င်းတို့သည် အနက်ရောင် သံကြိုးများ ထွက်ပေါ်စေကာ လျှပ်စီးများအလား လျင်မြန်လှသော အရှိန်ဖြင့် တပိုင်ထံ ပစ်လွှတ်လိုက်သည်။

တပိုင်သည် မရှောင်နိုင်တော့ပဲ အနောက်ခြေထောက်တစ်ဖက်အား သံကြိုးမှ ရစ်ပတ်မိသွားသည်။ ကြောက်မက်ဖွယ် ကန့်သတ်စွမ်းအင်များနှင့်အတူ သူ၏အရှိန်များအားလုံး လျော့ကျလာကာ အခြားသော ကောင်းကင်မိစ္ဆာဂိုဏ်း အကြီးအကဲများလည်း သူ့အားအမှီလိုက်နိုင်လာသည်။

တပိုင်သည် အရှိန်အဝါများ မြင့်တက်စေကာ ကောင်းကင်ပြိုကွဲစေနိုင်သောလက်သည်းအား အသုံးပြုလိုက်သည်။

အပြာရောင် ဓားမော့ပုံရိပ်သည် လေထုအား ဆုတ်ဖြဲကာ အကြီးအကဲတစ်ဦး၏ ခန္ဓာကိုယ်အား ဒဏ်ရာရသွားစေသည်။

သွေးများပန်းထွက်လာပြီး အကြီးအကဲသည်လည်း နာကျင်စွာ အော်ဟစ်ရင်း နောက်ဆုတ်သွားရလေသည်။

အခြားသော အကြီးအကဲတစ်ဦးမှာ ထက်ရှလှသော ဓားကိုကိုင်လျက် တပိုင်နား တိုးကပ်လာသည်။

ချလန်း....

နားစူးစေသော အသံနှင့်အတူ ဓားရှည်သည် မမြင်နိုင်သော ရွှေရောင်အကာအရံတစ်ခုတွင် ပိတ်မိနေသောကြောင့် အကြီးအကဲ မျက်မှောင်ကျုံ့သွားရသည်။

ထိုသည်မှာ အန်လင်းကိုယ်တိုင် တပိုင်အား လက်ဆောင်ပေးထားသော အောင်မြင်မှုကတိပြုဒိုင်းပင်။

တပိုင်သည် ထိုအခွင့်အရေးအား အသုံးချကာ လက်သည်းများ ထုတ်ဖော်ရန် လုပ်လိုက်သည်။

ကောင်းကင်ပြိုကွဲစေနိုင်သော လက်သည်းဖြင့် အကြီးအကဲ၏ ရင်ဘတ်အားခြစ်ကာ လွင့်ထွက်သွားစေလိုက်သည်။

တပိုင်သည် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့်သာ ရှိသေးပါသော်လည်း စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် အကြီးအကဲများအား ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ခဲ့သည်။

"မိုက်ရိုင်းလိုက်တဲ့ ခွေးမသား....ငါတို့ဂိုဏ်းက အကြီးအကဲတွေကို တိုက်ခိုက်ရဲတယ်ပေါ့။"

ကောင်းကင်မိစ္ဆာဂိုဏ်း၏ အကြီးအကဲများအား စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း အဆင့်သာရှိသော ခွေးတစ်ကောင်မှ တိုက်ခိုက်ခဲ့သောကြောင့် တာအိုသခင် တုန်းရွှီ အလွန်အမင်း ဒေါသထွက်သွားသည်။ ထိုသည်မှာ ကျက်သရေအဖြာဖြာ တုံးလှသည်။

တာအိုသခင် တုန်းရွှီ၏ လက်သီးမှ အနက်ရောင် အလင်းများ ဖြာထွက်လာကာ ချိပ်ပိတ်ခြင်းစွမ်းအင်များ ထွက်ပေါ်လာသောကြောင့် တပိုင်မှာ လှုပ်ရှားမရတော့ပေ။

ဝုန်း.....

သူသည် သတ်ဖြတ်ခြင်း စိတ်ဆန္ဒအပြည့်ဖြင့် တပိုင်အား ပြင်းထန်စွာ ထိုးနှက်ပစ်လိုက်သည်။

"အာဝူး...."

တပိုင် နာကျင်စွာ အော်ဟစ်ရင်း သွေးများနှင့်အတူ ကိုယ်တွင်းအင်္ဂါ အပိုင်းအစများပါ အန်ထုတ်လိုက်ရသည်။

တပိုင်သည် အားကောင်းသော သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပါသော်လည်း စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုအား စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့်ဖြင့် ခံနိုင်ရည်ရှိရန် မလွယ်ကူပေ။

တပိုင်၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ် ပြုတ်ကျသွားရသည်။

"ဟမ့်....ငါတို့ဂိုဏ်းက အကြီးအကဲတွေကို တိုက်ခိုက်ရဲရအောင် မင်းကဘာကောင်မို့လို့လဲ။ အဲ့သတ္တိတွေ မင်းကိုဘယ်သူပေးတာလဲ။"

တာအိုသခင် တုန်းရွှီမှာ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများဖြင့် တပိုင်အနီးသို့ ဆင်းသက်လာသည်။

"ဘယ်သူပေးတာလဲ ဟုတ်လား။ ငါ့မိဘတွေပေါ့ကွ....ဝုတ်။"

တပိုင်သည် မြေပြင်ပေါ် ခွေခွေလေး လဲနေပါသော်လည်း အရှုံးပေးမည့်ပုံ မရပေ။

"အကြီးအကဲ တုန်းရွှီ....ဒီလောက်ရိုင်းစိုင်းနေတဲ့ကောင်ကို ဘာလို့မနှိပ်စက်ရမှာလဲ။"

ဒဏ်ရာရထားသော အကြီးအကဲတစ်ဦးမှ ရက်စက်စွာ ပြုံးလိုက်သည်။

"အကြံကောင်းပဲ။ အဲ့ကောင်ကို သမပြီး ဒေါသဖြေရမယ်။ ဒီတိုင်းတော့ မပြီးလိုက်နိုင်ဘူး။"

အခြားအကြီးအကဲမှ ဝမ်းသာအားရ ထောက်ခံလိုက်သည်။

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ပါလျက် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့်သာရှိသော ခွေးတစ်ကောင်၏ တိုက်ခိုက်မှုအား ခံခဲ့ရသည်မှာ လက်မခံနိုင်စရာပင်။

၎င်းတို့အတွက် လက်စားချေရမှ ဖြစ်မည်။

တပိုင်၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီလာသည်။

"ငါ့ကို ဒီလိုဆက်ဆံရင် အစ်ကိုကြီးအန်က မင်းတို့ကို တစ်ခုခု ပြန်လုပ်မှာ မကြောက်ဘူးလား။ စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ ဒေါသကို မကြောက်ဘူးပေါ့လေ...ဝုတ်..."

အကြီးအကဲနှစ်ဦး ထိတ်လန့်သွားပြီးနောက် အော်ဟစ်ရယ်မောတော့သည်။

"ဒီသားရဲက ကြောက်လွန်းလို့ ရူးသွားတာလား။ မင်းကို ဓားစာခံအနေနဲ့ဖမ်းပြီး ဇာမဏီဥနဲ့ လဲမှာလေ။ စုကျိုးအင်မော်တယ်ဂိုဏ်း ဟုတ်လား။ အဟက်....ကြောက်မနေဘူး။"

"စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ ကလဲ့စားက ဇာမဏီဥနဲ့ ယှဉ်လို့ရမှာတဲ့လား။"

ရုတ်ချည်းဆိုသလို ထိုအကြီးအကဲမှာ လက်တစ်ဖက် ပြတ်သွားသောကြောင့် အပြုံးများ တောင့်တင်းသွားရသည်။

အခြားအကြီးအကဲမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပဲ ပုံရိပ်တစ်ခု သူ၏ရှေ့သို့ ရောက်ရှိလာကာ လက်သီးတစ်လုံး စားလိုက်ရပြီးနောက် မြေပြင်ပေါ် လဲကျသွားရသည်။ ထိုသူသည် သူ၏ရင်ဘတ်အား တက်နင်းကာ နံရိုးများအားလုံး ကျိုးကြေသွားစေသည်။

"အဲ့စကားကို ထပ်ပြောလိုက်စမ်း။"

ငရဲမှလာသည်ဟု ထင်မှတ်ရသော စကားသံတစ်ခု ထွက်ပေါ်လာသည်။

တာအိုသခင် တုန်းရွှီမှာလည်း အန္တရာယ် အငွေ့အသက်အား ခံစားမိသောကြောင့် ကူကယ်ရာမဲ့စွာ တုန်လှုပ်လာသည်။

အကြီးအကဲနှစ်ဦးမှာ ထိုပုံရိပ်အားကြည့်ကာ စကားတစ်လုံးမှ မပြောနိုင်တော့ပေ။

တပိုင်မှာမူ ပျော်ရွှင်စွာ ငိုချလိုက်တော့သည်။

"အစ်ကိုကြီးအန်....နောက်ဆုံးတော့ ရောက်လာပြီပေါ့။"

(မင်္ဂလာပါ။ အန်လင်းစာစဉ်က စာရေးသူဆီမှာ စာစဉ် (၆၁) ထိရနေပါပြီရှင့်။ စိတ်ဝင်စားလို့ အားပေးချင်တယ်ဆိုရင် telegram မှာ 'ယွီရှင်း' လို့ရိုက်ရှာပြီး ပေါ်လာတဲ့ channel မှာ လာရောက်အားပေးနိုင်ပါပြီ။)

All Chapters