အင်မော်တယ်နတ်ဘုရား အဖွင့်တိုက်ပွဲ
Vol. 112 Ch. 1564
“ဒါမှမဟုတ် အမြဲတမ်း အဲဒီလိုကွဲပြားနေခဲ့တာများလား။ င့ါကျင့်ကြံခြင်းအဆင့်က မလုံလောက်လို့ သတိမထားမိတာဖြစ်နိုင်မလား” မန်ဟိုသည် တိုက်ပွဲကို အကဲခတ်ကြည့်လိုက်ရာ အမျိုးသမီးတစ်ယောက်အား သတိပြုမိသွား၏။
ထိုအမျိုးသမီးကား အတိတ်တုန်းက သူ့ကို သတ်ဖို့ ကြိုးစားခဲ့၍ သူမမျက်နှာ၏အသားစကို သူ ကိုက်ဖြတ်ခဲ့သော အမျိုးသမီးပင်။ ယခုအချိန်တွင် သူမသည် အာကာပြင်ကျယ်ကျောင်းတော်၏ အနှစ်သာရ ၉ ခုပါရာဂွန်တစ်ယောက်နှင့် တိုက်ခိုက်နေ၏။
နှစ်ပေါင်းနှစ်ထောင်ကြာခဲ့သည့်တိုင် ထိုအမျိုးသမီးသည် အနှစ်သာရ ၉ ခုစဦးပိုင်းအဆင့်တွင်သာ ရှိသေး၏။ သူမ၏ကျင့်ကြံခြင်းအခြေခံမှာ မတိုးတက်လာခဲ့သယောင်ပင်။ ထိုအချက်ကို သတိပြုမိလျှင် မန်ဟို၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ အင်မော်တယ်နတ်ဘုရားကုန်းမြေနှင့်ပတ်သက်၍ ဖြစ်ပွားနေသောအရာအပေါ် သူ၏ခန့်မှန်းချက်များ ရှိပြီး သူ မှန်ကြောင်း ယုံကြည်ချက်လွန်စွာ ရှိသော်လည်း သက်သေမပြနိုင်ပေ။
အမျိုးသမီးသည် စူးစူးဝါးဝါးအော်လျက် လက်ဝှေ့ယမ်းတိုက်ခိုက်လိုက်ရာ သူမပတ်ဝန်းကျင်တွင် တဂျိန်းဂျိန်းမြည်သံများ ပြည့်နှက်သွားစေ၏။ သူမ တိုက်ခိုက်နေသော အနှစ်သာရ ၉ ခုပါရာဂွန်မှာလည်း အာရုံနည်းနည်းလေးမှ မပျံ့လွင့်သည့်အတွက် သူတို့၏တိုက်ပွဲက မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံများကို ပဲ့တင်ထပ်နေစေတော့သည်။
ထိုနှစ်တုန်းက မန်ဟို ဤအမျိုးသမီးနှင့် တိုက်ခိုက်ခဲ့သောအခါ တန်ဖိုးကြီးကြီးမားမား ပေးဆပ်ခဲ့ရသည်။ သို့ထိတိုင် ယခုတော့ သူမကား ပုရွက်ဆိတ်လေးတစ်ကောင်သဖွယ်သာ။ သူမကို တခဏသာ ကြည့်ပြီးနောက် မန်ဟိုမှာ စိတ်မဝင်စားတော့ပေ။
သူ၏အကြည့်လေးတစ်ချက်က သူမအား တုန်ရီသွားစေသည်။ ဝန်ခံချင်သည်ဖြစ်စေ၊ မဝန်ခံချင်သည်ဖြစ်စေ .... စစ်မြေပြင်၏အပြင်နားလေးရှိ ဧရာမပုတ်သင်ကြီးအပေါ်၌ ရပ်နေသည့် လူသည် သူမအပေါ်သို့ စိတ်ကူးမကြည့်နိုင်သော ဖိအားကြီး သက်ရောက်နေစေ၏။
လွန်ခဲ့သောနှစ်ပေါင်းများစွာ သူမသည် သူ့ကို အထင်သေးခဲ့သော်လည်း သူက ကြယ်တာရာကောင်းကင်တစ်ခုလုံးကို ပြင်းပြင်းထန်ထန် တုန်လှုပ်သွားစေနိုင်ပြီး သူမအား လက်ကလေးလှန်သလို အလွယ်တကူ ဖျက်စီးပစ်နိုင်သော တစ်စုံတစ်ယောက်ဖြစ်လာခဲ့လေပြီ။
မန်ဟို၏ ရိုးရိုးသာမန်အကြည့်လေးတစ်ချက်က သူမအား တဆတ်ဆတ် တုန်သွားစေသည်။ ကြည့်ရသရွေ့ သူ၏အကြည့်တွင် သဘာဝနိယာမကို ပြောင်းလဲ၍ အနှစ်သာရများကို လှုပ်ခတ်စေနိုင်သော ထူးခြားစွမ်းအားတစ်ရပ် ပါရှိနေသယောင်ပင်။ အမျိုးသမီး၏ပါးစပ်မှ သွေးများပန်းထွက်ကာ သူမမှာ နောက်ယိုင်သွားတော့သည်။
“သူ ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်လာနိုင်တာလဲ
“ဒါ မဖြစ်နိုင်ဘူး။ နောက်ဆုံးတစ်ခေါက် သူနဲ့ တွေ့တုန်းက ခွေးလေခွေးလွင့်တစ်ကောင်ထက် မပိုခဲ့ဘူးလေ။ ဒါပေမဲ့ အခုကျတော့ ... သူ့အကြည့်လေးတစ်ချက်ကိုတောင် ငါ တောင့်မခံနိုင်တာ ယုံတောင်မယုံနိုင်ဘူး။ ဒါ့အပြင် သူ့ဘေးမှာ ကြောက်စရာကောင်းတဲ့ တခြားဖြစ်တည်မှုတွေ ရှိသေးတယ်” အမျိုးသမီးသည် ခါးသီးမှုအပြည့်ဖြင့် နောက်ယိုင်သွားပြန်၏။ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသဖြင့် ပေါက်ကွဲသံများ ဆူညံနေသည်။
မန်ဟို ကမ္ဘာလောကကြီးကို မကြည့်သရွေ့ ကမ္ဘာထဲတွင် အံ့ဖွယ်ထူးခြားသောအရာဟူ၍ မတည်ရှိသည့်အလားပင်။ သူ၏အကြည့်က ခမ်းနားကြီးကျယ်မှုအားလုံး၏ အရင်းအမြစ်ဖြစ်သည့်အလား ထင်ရသည်။
ဤအခိုက်အတန့်တွင် အင်မော်တယ်နတ်ဘုရားကုန်းမြေမှ အားကောင်းသောတုန်ခါလှိုင်းတစ်လုံး ရုတ်တရက် လိမ့်ထွက်လာသည်။ တုန်ခါလှိုင်းကြောင့် ကြယ်တာရာကောင်းကင်တစ်ခုလုံး လှုပ်ခတ်နေစဉ် မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအိုတစ်ယောက် ပျံထွက်လာ၏။ သူက ဓားသုံးလက်ကို ကျောတွင် လွယ်ထားပြီး တောက်ပခံ့ညားသောအရောင်အဝါအား ထုတ်လွှတ်လျက် ကြယ်တာရာကောင်းကင်ကိုဖြတ်၍ လျှောက်လာသည်။ သူ့ကျင့်ကြံခြင်းအခြေခံ၏အငွေ့အသက်များမှာ သာမန်အနှစ်သာရ ၉ ခုအဆင့်ကျင့်ကြံသူများကို နင်းချေနိုင်သည့်အဆင့်ဖြစ်သည်။ သူကား... အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်ပညာရှင်တစ်ယောက်ပင်။
မန်ဟိုသည် ဤအဘိုးအိုကို တစ်ခါမှမမြင်ဖူးသော်လည်း သူ မည်သူမှန်း သိလေသည်။ တောင်ပင်လယ်လောက ဖျက်စီးခံခဲ့ရတုန်းက မန်ဟိုသည် အင်မော်တယ်နတ်ဘုရားကုန်းမြေအား တိုက်ခိုက်ဖို့ ကြိုးစားခဲ့၏။ ဤအဘိုးအိုက သက်ပြင်းချခဲ့ပြီး သူ၏တိုက်ကွက်က ပေါက်ကွဲသွားသော တောင်ပင်လယ်လောက၏ တိုက်ခိုက်အားကို လျော့နည်းသွားစေခဲ့၍ မန်ဟို့အား ဒဏ်ရာအပြင်းအထန် ရစေခဲ့လေသည်။
ဤတစ်ခေါက်တွင် အဘိုးအိုသည် ထိုစဉ်တုန်းကလို သာမန်ကာလျှံကာ ပြုမူနေခြင်းမဟုတ်ကြောင်း ထင်ရှားပေ၏။ သူက တင်းမာခက်ထန်သောအမူအရာဖြင့် ထွက်လာခဲ့ကာ အင်္ကျီလက်စခါလိုက်သည်။ ချက်ချင်းပင် မီးခိုးငွေ့များ ကောင်းကင်ထဲ၌ အလိပ်လိပ်ထလာတော့သည်။ မိုးကြိုးလျှပ်စီးများ ပတ်ဝန်းကျင်တစ်ခွင် ဖြာထွက်သွားသဖြင့် ထစ်ချုန်းပေါက်ကွဲသံများ ကျယ်လောင်နေတော့၏။
“မန်ဟို” အဘိုးအို၏ကျင့်ကြံခြင်းအခြေခံစွမ်းအားက အာကာပြင်ကျယ်ကျောင်းတော်သားကျင့်ကြံသူအားလုံးကို သူနှင့်ဝေးရာသို့ တွန်းထုတ်လိုက်သည့် တွန်းအားတစ်လှိုင်းဖြစ်သွားသည်။ အာကာပြင်ကျယ်ကျောင်းတော်သားများမှာ သွေးအန်လျက် လွင့်ထွက်ကုန်ကြသည်။ အဘိုးအိုထံမှ ဖြာထွက်လာသော ဖိအားကြောင့် အနှစ်သာရ ၇ ခုနှင့် ၈ ခုပါရာဂွန်များမှာ ပင့်သက်ရှိုက်မိလိုက်ကြပြီး အနှစ်သာရ ၉ ခုပါရာဂွန်များပင် အံ့အားသင့်သွားကြ၏။
ဤအဘိုးအို၏ အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့် ကျင့်ကြံခြင်းအခြေခံအရ သူ့အား တန်ခိုးရှင်အောက်၌ အစွမ်းအထက်အဆုံးအဖြစ် သတ်မှတ်ရလိမ့်မည်။ မန်ဟို့တပ်ဖွဲ့အတွင်းရှိ အစွမ်းထက်ဆုံးပညာရှင်များနှင့် ယှဉ်နိုင်လေသည်။
သူ့ကို တိုက်ခိုက်ရန် အရည်အချင်းပြည့်မှီသူများမှာ ဂိုဏ်းချုပ်၊ ကျင်ယွင်ရှန်း၊ ရှကျုံတုံးနှင့် အင်မော်တယ်ပိုင်ဝူချိန်တို့ ဖြစ်သည့်တိုင် သူတို့ပင် သိပ်မယှဉ်နိုင်သေးချေ။
မီးခိုးရောင်ဝတ်ရုံနှင့်အဘိုးအိုက ဟိန်းဟောက်လိုက်ရာ ... ကြယ်တာရာများ တုန်ခါသွားပြီး ကျင့်ကြံသူပေါင်းများစွာ၏ မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာစေသည်။ အဘိုးအိုသည် သူ၏မူလနေရာမှ မန်ဟို့ဆီ တဟုန်ထိုးထွက်သွားသော မီးခိုးရောင်အလင်းတန်းတစ်တန်း အသွင်ပြောင်းသွား၏။
ဂိုဏ်းချုပ်က အေးစက်စက် နှာမှုတ်ပြီး ကြားဝင်တားရန် ချက်ချင်း ပြင်လိုက်သည်။ ဂိုဏ်းချုပ်၏အမြင်အရ ဤအဘိုးအိုသည် သေချင်နေသည်ဖြစ်ရာ .. ထိုဆန္ဒကို သူ ဖြည့်ဆည်းပေးသင့်လေသည်။
သို့သော် အဘိုးအို သူ့ဆီ လာနေစဉ် မန်ဟို့အမူအရာက တစ်စက်လေးပင် ပြောင်းလဲမသွားပေ။ သူ့ဘေးရှိ ခြကြီးသည် မျက်လုံးများ အေးစက်စက် လင်းလက်သွားပြီး အဖြူရောင်မိုးကြိုးတန်းတစ်တန်းအသွင် ပြောင်းသွား၏။ တစ်ချိန်တည်းမှာပင် ၎င်း၏ခန္ဓာကိုယ်ထဲမှ ပိုမိုသေးငယ်သောခြလေးများ ထွက်လာကာ အဘိုးအိုဆီ အငမ်းမရ ပျံသန်းသွားကြတော့သည်။ တစ်ဆက်တည်းမှာပင် ဧရာမခြဘုရင်မကြီးသည် ကြယ်တာရာကောင်းကင်ကို ပုံပျက်ရှုံ့တွလာစေသော အစွမ်းထက်လှိုင်းဂယက်များကို စတင်ထုတ်လွှတ်၍ အဘိုးအို၏ပတ်ပတ်လည်တွင် ဝဲကြီးတစ်ဝဲ ဖြစ်ပေါ်လာစေ၏။
အဘိုးအို၏မျက်လုံးများ ပြူးကျယ်သွားသည်။ ဤခြကြီးမှာ သူ လျှော့တွက်နိုင်သောအရာ မဟုတ်ပေ။ သူသည် ခြသိုက်အား တိုက်ခိုက်ဖို့ ကျင့်ကြံခြင်းအခြေခံစွမ်းအားကို လျင်မြန်စွာ ထုတ်လွှတ်လိုက်ရရာ မန်ဟို့ကို မတိုက်ခိုက်တော့ပေ။ သူ့မှာ မန်ဟို့ထံမှ ငါးကီလိုမီတာအကွာ၌ မိုးနှင့်မြေကို တုန်လှုပ်နေစေသည့် ပေါက်ကွဲသံများ၊ လှိုင်းဂယက်များဖြင့် ဝန်းရံလျက် ရုန်းထွက်မရ ဖြစ်နေတော့သည်။
စစ်မြေပြင်ထက်၌ ဂိုဏ်းချုပ်နှင့် အခြားသူများကား တိုက်စစ်ဆင်နေပြီဖြစ်သည်။ အင်မော်တယ်နတ်ဘုရားကမ္ဘာမှာ အရေးနိမ့်ပြီးရင်း နိမ့်နေပြီး သူတို့၏ထိခိုက်ကျဆုံးမှုက အာကာပြင်ကျယ်ကျောင်းတော်နှင့် အဆပေါင်းများစွာ ကွာသည်။
အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ပညာရှင်များအတွက် အသေတိုက်ကွက်များကို ရှောင်ဖို့ မဖြစ်နိုင်ရာ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားကြတော့သည်။
တစ်ချိန်လုံး မန်ဟို့အမူအရာသည် တစ်ချက်မပြောင်းလဲပေ။ ဤသည်က အင်မော်တယ်နတ်ဘုရားကုန်းမြေ၏ နောက်ဆုံးအင်အားဟု သူ မယုံကြည်။ သူတို့လိုတိုင်းရနိုင်သော အရင်းအမြစ်များကို ထည့်တွက်ပါက တိုက်ပွဲက ယခုမှ အစသာရှိသေးကြောင်း သူ ထင်မြင်သည်။
မန်ဟိုသည် အလောမကြီးပေ။ လက်စားချေရန် နည်းလမ်းပေါင်းများစွာ ရှိသည်။ ကောင်းကင်ဘုံ ၃၃ ဘုံနည်းတူ ဤရန်သူများအား တစ်ယောက်မကျန် ဖျက်စီးပစ်မည်။ ထိုမျှသာမက တိုက်ပွဲကျသွားခဲ့သော အာကာပြင်ကျယ်ကျောင်းတော်သားများကိုလည်း သူ၏တန်ခိုးရှင်စွမ်းအားဖြင့် အလွယ်တကူ ပြန်အသက်သွင်းနိုင်လေသည်။
ရက်စက်သောတိုက်သံခိုက်သံတို့သည် အချိန်နှင့်အမျှ ပြင်းထန်လာနေ၏။ အင်မော်တယ်နတ်ဘုရားစစ်တပ်ကြီးမှာ ဆုတ်ပြီးရင်း ဆုတ်နေရသည်။ ဤအခိုက်အတန့်တွင် အင်မော်တယ်နတ်ဘုရားကမ္ဘာအတွင်းမှ တန်ခိုးလှိုင်းတစ်လှိုင်း ထွက်လာသည်။ ၎င်းက မြင်းမြီးနှင်တံကို လက်တွင် ကိုင်ထားသော မျက်နှာထားတင်းတင်းနှင့် သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်၏။ မြင်းမြီးနှင်တံ၌ အမျှင်သုံးထောင် ပါဝင်ပြီး တစ်မျှင်တိုင်းကား မဟာတာအိုတစ်ပါး ဖြစ်ချေသည်။ သူက ပေါ်လာသည်နှင့်တစ်ပြိုင်နက် အာကာပြင်ကျယ်ကျောင်းတော်၏စစ်ကြောင်းများအား ချေမှုန်းလိုက်၏။ အာကာပြင်ကျယ်ကျောင်းတော်၏စစ်တပ်က ချက်ချင်း ရပ်လိုက်လေသည်.
ထိုလူက အေးစက်သောအသံဖြင့် ပြောသည်။ “အင်မော်တယ်နတ်ဘုရားကုန်းမြေကို ရန်စဝံ့တဲ့ ဘယ်သူ့ကိုမဆို တစ်မျိုးလုံးမကျန်အောင် မျိုးဖြုတ်ပစ်မယ်” သူက လက်ဝှေ့ယမ်းလိုက်ရာ လေပြင်းတစ်ချက်သည် အရပ်လေးမျက်နှာတွင် တိုက်ခတ်သွား၏။ ကျင်ယွင်ရှန်းက မာန်သွင်းဟစ်ကြွေးလိုက်ပြီး ရှကျုံတုံးက သဲမုန်တိုင်းအသွင် ပြောင်းသွားသည်။ တစ်ယောက်က အလင်း၊ တစ်ယောက်က အမှောင်နှင့် တူလေသည်။ ချက်ချင်းပင် သူတို့သည် မြင်းမြီးနှင်တံနှင့် လူအား တားဖို့ ထွက်သွားကြ၏။