မှီခိုနိုင်သောအန်လင်း
Vol. 51 Ch. 711
အန်လင်းသည် မြေပြင်ပေါ်တွင် ခွေခွေလေး လဲနေသော တပိုင်အား တွေ့လိုက်ရပြီးနောက် တက်နင်းထားသော အကြီးအကဲအား သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်သည်။
လက်ပြတ်သွားသော အကြီးအကဲသည် နာနာကျင်ကျင် အော်ဟစ်နေပါသော်လည်း တက်နင်းခံထားရသော အကြီးအကဲမှာ သေးထွက်ကျမတတ် ကြောက်ရွံ့လွန်းသောကြောင့် အသံတစ်ချက်ပင် မထွက်ရဲပေ။
"ခုနတုန်းကပဲ အရမ်းကို ယုံကြည်ချက်တွေ ပြင်းထန်နေတာမလား။ အခုဘာလို့ ဘာမှမပြောတော့တာလဲ။"
အန်လင်း အောက်ငုံ့ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
"ကျွန်.... ကျွန်တော် မှားပါပြီ။ ခွင့်လွှတ်ပေးပါ စီနီယာ..."
တက်နင်းခံထားရသော အကြီးအကဲမှာ အန်လင်းအား ကြောက်လန့်တကြားကြည့်ရင်း ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီနေသည်။
"လူသုံးယောက်က ခွေးတစ်ကောင်ကို ပျော်ပျော်ကြီး အနိုင်ကျင့်နေတယ်ပေါ့လေ။ တပိုင်က ငါတို့ဂိုဏ်းရဲ့ လာဘ်ကောင်လေးဆိုတာ မသိဘူးလား။"
အန်လင်းမှာ ခြေထောက်အား အားစိုက်လိုက်သောကြောင့် ကောင်းကင်မိစ္ဆာဂိုဏ်း အကြီးအကဲ၏ အတွင်းအင်္ဂါများ ပျက်စီးကာ ကျိုးပဲ့သံများ ပဲ့တင်ထပ်သွားသည်။
"ကျွန်တော် ဘယ်တုန်းက လာဘ်ကောင်ဖြစ်သွားတာလဲဗျ...ဝုတ်..."
"ငါ့လူတွေကို ထိရဲတယ်ဆိုတော့ တော်တော်သတ္တိကောင်းနေပုံပဲ။"
အန်လင်း၏ မျက်ဝန်းများမှာ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ပြည့်နှက်နေပြီး လက်ညှိုးထိပ်တွင်လည်း လျှပ်စီးများ တဖျတ်ဖျတ် စီးဆင်းနေသောကြောင့် အမှန်တကယ် ဒေါသထွက်နေကြောင်း သိသာလှသည်။
"သူတို့ကို ပြောပြလိုက်စမ်းပါ.... ဝုတ်။"
တပိုင် တက်ကြွစွာ ထောက်ခံနေသည်။
အန်လင်း တပိုင်အား ကြည့်ကာပြောလိုက်သည်။
"ရှူး.... ငါကြွားလို့မပြီးသေးဘူး။"
တပိုင်: "....."
မြေပြင်တွင် ရှိနေသော အကြီးအကဲမှာ ပါးစပ်ထဲမှ ကြောက်မက်ဖွယ် စွမ်းအင်များ မှုတ်ထုတ်လိုက်သည်။
ဝုန်း.....
ရွှေရောင်ဟာလာပြင်လျှပ်စီးသည် ရုတ်ချည်းဆိုသလို ထိုအကြီးအကဲ၏ ခန္ဓာကိုယ်ထဲ စီးဝင်သွားကာ လောင်ကျွမ်းပြာချပေးလိုက်သည်။ အကြီးအကဲမှာ ပါးစပ်ဟရက်သားနှင့်ပင် မီးသွေးတုံး ဖြစ်သွားရလေသည်။
တာအိုသခင် တုန်းရွှီမှာ အလွန်ထိတ်လန့်ကာ အဝေးသို့ ထွက်ပြေးတော့သည်။
အန်လင်း အေးစက်ခက်ထန်စွာ ရယ်မောလိုက်သည်။
"အဟက်.... အခုမှ ပြေးချင်နေတာလား။ တပိုင်ကို ဒုက္ခပေးတဲ့သူမှန်သမျှ သေကိုသေရမယ်။"
ပထမနည်းစနစ်.... ဝါယောဓား....
အန်လင်းသည် မျက်စိတမှိတ်အတွင်း တာအိုသခင် တုန်းရွှီနောက်သို့ ရောက်ရှိသွားကာ မိစ္ဆာရှင်းဓားဖြင့် တိုက်ခိုက်လိုက်သည်။
လက်တစ်ဖက်မှာ ကောင်းကင်ထက်မှ ပြုတ်ကျသွားလေသည်။
တာအိုသခင် တုန်းရွှီမှာ နာကျင်စွာ အော်ဟစ်ရင်း အနက်ရောင် စွမ်းအင်အား အန်လင်းထံ ပစ်လွှတ်လိုက်သည်။
အန်လင်းသည် အမူအရာ ကင်းမဲ့စွာဖြင့် အနက်ရောင် စွမ်းအင်လုံးအား ရိုက်ထုတ်လိုက်ပြီးနောက် တာအိုသခင် တုန်းရွှီအား ထပ်မံတိုက်ခိုက်လိုက်သည်။
တာအိုသခင် တုန်းရွှီသည် လက်မရှိသော အဖိုးကြီး ဖြစ်သွားကာ အခြားလက်ပြတ်နေသော အကြီးအကဲနှင့်အတူ မြေပြင်ပေါ် ကန်ချခံလိုက်ရသည်။
စွမ်းအင်ကွာခြားချက်မှာ ကြီးမားလွန်းသောကြောင့် ကောင်းကင်မိစ္ဆာဂိုဏ်း အကြီးအကဲများမှာ တန်ပြန်တိုက်ခိုက်ခြင်းပင် မလုပ်နိုင်ကြပေ။
အန်လင်းသည် တပိုင်ဘေးသို့ ဆင်းသက်လာကာ အမွှေးများကို ပွတ်ပေးရင်း ညင်သာစွာ စကားဆိုလိုက်သည်။
"ဘယ်လိုနေသေးလဲ။ ခုနကတော့ စိတ်လှုပ်ရှားပြီး လျှောက်အော်နေပြီးတော့ အခုကြ မတ်တပ်တောင် မရပ်နိုင်တော့ဘူးလား။"
တပိုင်သည် နာကျင်နေသော အမူအရာဖြင့် ခွေခွေလေး လဲနေဆဲပင်။ အသက်တစ်ချက်ရှူတိုင်း သေလောက်အောင် ခံစားရပြီး ပါးစပ်မှလည်း သွေးများစီးကျနေသည်။
"အစ်ကိုကြီးအန်.... ကျွန်တော် တောင့်ခံနိုင်ပါသေးတယ်။ အဲ့နှစ်ကောင်ကိုသာ အရင်သတ်ပစ်လိုက်... ဝုတ်။"
အန်လင်းသည် မည်သည့်စကားမှ ပြန်မပြောပဲ တပိုင်၏ ဒဏ်ရာအခြေအနေအား စစ်ဆေးကြည့်ရှုလိုက်သည်။
တပိုင်သည် အရိုးတည်ဆောက်ပုံနှင့် စွမ်းအင်ဝင်ပေါက်များကိုပါ ထိခိုက်ထားသောကြောင့် အန်လင်း မျက်မှောင်ကျုံ့သွားရသည်။ သူသာ အချိန်နောက်ကျခဲ့ပါက တပိုင်အား ကယ်တင်နိုင်မည်ပင် မဟုတ်တော့ပေ။
သူချက်ချင်းပင် ခေါင်းတလားတစ်ခုကိုထုတ်ကာ တပိုင်အား ဂရုတစိုက် ပွေ့ချီလိုက်သည်။
"ဒီမှာလှဲလိုက်နော်။"
ခေါင်းတလားအား မြင်လိုက်ရသောအခါ တပိုင် မျက်ရည်ဝဲလာသည်။
"အစ်ကိုကြီးအန်.... ကျွန်တော် သေတောင်မသေသေးတာကို ဘာလို့အခေါင်းထဲ ထည့်နေတာလဲ... ဝုတ်.."
"မင်းကို မြေမြှုပ်မလို့ မဟုတ်ပါဘူးကွာ။ ဒါက အင်မော်တယ်ရတနာ သွေးဝိဉာဉ်ကျောက်စိမ်းအခေါင်းပဲ။ ဒီခေါင်းတလားက ပတ်ဝန်းကျင်က အသက်စွမ်းအင်တွေကို စုပ်ယူပြီး ဒဏ်ရာကုသပေးနိုင်တယ်။ လိမ္မာပါတယ်....ဝင်လိုက်နော်။"
အန်လင်း တပိုင်အား အခေါင်းထဲ ထည့်ပေးလိုက်သည်။
"ကျွန်တော့်ကို မလိမ်ပါနဲ့ အစ်ကိုကြီးအန်ရယ်။ ကျွန်တော် ငယ်ငယ်ရွယ်ရွယ်နဲ့ မသေချင်သေးဘူး... ဝုတ်။"
တပိုင် အတော်ပင် စိတ်မသက်မသာ ဖြစ်နေသည်။
ထိုအချိန်တွင် တာအိုသခင် တုန်းရွှီနှင့် အခြားအကြီးအကဲမှာ မတူညီသော အရပ်မျက်နှာများသို့ ထွက်ပြေးကြတော့သည်။
အန်လင်း ပေါ့ပါးစွာ ရယ်မောလိုက်သည်။
"မင်းတို့ တစ်ယောက်တစ်နေရာစီ ပြေးသွားရုံနဲ့ ငါလိုက်မဖမ်းနိုင်ဘူး ထင်နေလား။"
သူလက်ကိုဖြန့်ကာ ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
လေဟာနယ်အေးခဲခြင်း.....
ခရက်....
ပြင်းထန်လှသော ချိပ်ပိတ်စွမ်းအင်များမှာ အမျိုးသားနှစ်ဦးအား ရပ်တန့်သွားစေသည်။
"လေဟာနယ် ခြယ်လှယ်ခြင်းလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အဲ့ဒါက ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတွေပဲ လုပ်နိုင်တာလေ။ မင်းက ဘယ်လိုလုပ် အဲ့လောက်စွမ်းနေတာလဲ။"
တာအိုသခင် တုန်းရွှီ ထိတ်လန့်သွားရသည်။
အခြားသော အကြီးအကဲမှာလည်း ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေလေပြီ။
"ဟမ့်....ဒါက အေးခဲခြင်းကို ထိန်းချုပ်တာပဲ။ ခရမ်းကြယ်စင် လူမျိုးစုက ဖန်တီးထားတာလေ။ ဒါပေမယ့် မင်းတို့လို အမှိုက်ကောင်တွေက ငါပြောပြရင်တောင် နားလည်ပါ့မလား။ အခု ဒီကိုပြန်လာခဲ့စမ်း။"
အန်လင်း အေးစက်စွာ ရယ်မောရင်း ရွှေလက်ဝါးတစ်စုံဖြင့် ၎င်းတို့အား မြေပြင်ပေါ် ရိုက်ချလိုက်သည်။
အကြီးအကဲနှစ်ဦးမှ ပြင်းထန်စွာ ဒဏ်ရာရကာ သွေးအန်လိုက်ရသည်။ ၎င်းတို့သည်လည်း မြေပြင်တွင် ခွေခွေလေး ဖြစ်နေလေပြီ။
"တပိုင်....သူတို့နှစ်ယောက်ကို ဘယ်လိုလုပ်ချင်လဲ။"
အန်လင်း၏ မျက်ဝန်းများမှာ အေးစက်နေပြီး ရက်စက်ခြင်းများ ပြည့်လျှံနေသည်။
တပိုင်၏ မျက်လုံးဝိုင်းကြီးများတွင် စိတ်လှုပ်ရှားခြင်း အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။
အန်လင်းသည် အားကိုးမှီခိုနိုင်သောကြောင့် တပိုင်မှာ အချိန်အတန်ကြာ ငေးမောကြည့်နေမိပြီးနောက် စကားတစ်ခွန်းသာ ပြောနိုင်တော့သည်။
"အစ်ကိုကြီးအန်... သောက်ရမ်းမိုက်တယ်ဗျာ။"
အန်လင်း ခပ်တင်းတင်း ငေါက်လိုက်သည်။
"အရေးမပါတာတွေ ပြောမနေနဲ့။ ဒီနှစ်ကောင်ကို မင်းဘာလုပ်ချင်လဲ။"
တာအိုသခင် တုန်းရွှီနှင့် အခြားအကြီးအကဲတို့မှာ တပိုင်အား ငိုယိုတောင်းပန်ကြတော့သည်။
ကံမကောင်းစွာဖြင့် တပိုင်သည် အပြစ်ကင်းစင်၊ နားလည်ခွင့်လွှတ်တတ်သော သူတော်စင်တစ်ပါး မဟုတ်ပေ။ သူသည် အကြီးအကဲ နှစ်ဦးအား လက်ဖြင့်ရွယ်ကာ နောက်ဆုံးစီရင်ချက် ချမှတ်ပေးလိုက်သည်။
"အစ်ကိုကြီးအန်.... အဲ့နှစ်ကောင်ကို မြန်မြန်သာ လျှော့ပစ်လိုက်ဗျာ.... ဝုတ်...."
ဝုန်း....
ကောင်းကင်မိစ္ဆာဂိုဏ်း၏ အကြီးအကဲ နှစ်ဦးမှာ ရွှေရောင်ဟာလာပြင်လျှပ်စီးကြောင့် ချက်ချင်းပင် မီးသွေးဖြစ်သွားကြသည်။
"ဟူး....ပြီးသွားပြီ။"
အန်လင်း သက်ပြင်းချကာ တပိုင်အား ပြုံးပြလိုက်သည်။
"ဘယ်လိုနေသေးလဲ။ သက်သာရဲ့လား။"
တပိုင်သည် ခေါင်းတလားအတွင်း လှဲလျောင်းနေပြီး ပတ်ဝန်းကျင်မှ အသက်စွမ်းအင်များ သူ၏ခန္ဓာကိုယ်ထဲ စီးဝင်နေသည်။
"တော်တော်နေလို့ကောင်းနေပါပြီ.... အစ်ကိုကြီးအန်... ခုနက အရမ်းမိုက်တယ်ဗျာ... ဝုတ်..."
တပိုင် စိတ်လှုပ်ရှားစွာ စကားဆိုလိုက်သည်။
"ဟားဟား.... အဲ့လောက်လည်း မဟုတ်ပါဘူးကွာ။"
အန်လင်း လက်ခါပြလိုက်သည်။
"မင်းသက်သာသွားရင် ထွက်ပေါက်ရှာကြတာပေါ့။ ငါ့ကျောပေါ်က ရွှေရောင်ဥက ပြဿနာတွေ အများကြီး ဖြစ်စေလိမ့်မယ်။"
တပိုင် ခေါင်းညိတ်ပြကာ အားတိုးဆေးတစ်လုံး သောက်လိုက်သည်။
အင်မော်တယ်ရတနာဖြစ်သည့်အတိုင်း သွေးဝိဉာဉ်ကျောက်စိမ်းအခေါင်းသည် အကျိုးသက်ရောက်မှု ကောင်းမွန်သောကြောင့် တပိုင်မှာ အချိန်ခဏအတွင်း အတော်သက်သာလာသည်။
"ကျွန်တော် ကောင်းသွားပြီ။ သွားရအောင် အစ်ကိုကြီးအန် ဝုတ်..."
တပိုင်သည် တောက်ပနေသော မျက်ဝန်းအစုံဖြင့် အခေါင်းထဲမှ ထရပ်လိုက်သည်။ သူ့အားကြည့်ရသည်မှာ အမှန်တကယ် ပြန်ကောင်းသွားပုံ ရသည်။
အန်လင်း ပျော်ရွှင်စွာ ပြုံးလိုက်မိသည်။
"သွားရအောင်.... ငါတို့တူတူ လူသွားရိုက်ကြတာပေါ့။"
"ထွက်ပေါက်ရှာမှာ မဟုတ်ဘူးလား.... ဝုတ်..."
"ဟုတ်တယ်။ ဒါပေမယ့် ကောင်းကင်မိစ္ဆာဂိုဏ်းက လူမှန်သမျှ မျိုးဖြုတ်ပေးရမယ်လေ။"
"အစ်ကိုကြီးအန်က အရမ်းတော်တာပဲ.... ဝုတ်။"
ထိုသို့ဖြင့် အန်လင်းနှင့် တပိုင်မှာ ဖရိုဖရဲ သတ္ထုအုတ်ခဲအားစီးကာ ထွက်လာခဲ့တော့သည်။