တုန်းကော်၏သံဓိဋ္ဌာန်
Vol. 51 Ch. 712
ကြီးမားလှသော တောင်တန်းအပြင်ပိုင်း၌
အမျိုးသားတစ်ဦးမှာ ကောင်းကင်ထက်တွင် ပျံဝဲနေသည်။
သူသည် သစ်တောစိမ်းအင်ပါယာမိသားစု၏ ဗိုလ်ချုပ် တုန်းကော် ဖြစ်သည်။
တုန်းကော်မှာ အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် တောင်တန်းတဝိုက် လှည့်လည်ကြည့်ရှုနေသည်။
ကောင်းကင်ထက်မှ ဟာသမျက်နှာများကို အချိန်အနည်းငယ်ငေးကာ ခါးသက်စွာ ပြုံးလိုက်မိသည်။
ထိုမျက်နှာများသည် သူ၏လုပ်ရပ်များအတွက် လှောင်ပြောင်နေသလို ခံစားရသောကြောင့် နှလုံးသား တစ်ခုလုံး နာကျင်နေလေသည်။
သူသည် FAဖြစ်လာသည်မှာ နှစ်ပေါင်းသုံးထောင်ကျော် ရှိသွားခဲ့ပြီ ဖြစ်သည်။ နောက်ဆုံးတွင် အချစ်စစ်အား ရှာတွေ့ခဲ့ပြီဟု ထင်ခဲ့ပါသော်လည်း မင်းသမီးလေးအား ပွေ့ဖက်ထားနိုင်သူသည် သူမဟုတ်သလို မင်းသမီးလေးအား ကယ်တင်ပေးခဲ့သော သူရဲကောင်းမှာလည်း သူမဟုတ်ခဲ့ပေ။ ထိုသည်သာမက သူသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ၏ ဓားချက်တစ်ချက်ကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရသေးသည်။
ဤနေရာသို့ ရောက်ရှိလာပြီးနောက် သူသည် နှစ်ပေါင်းတစ်သောင်းအတွင်း အားအနည်းဆုံး ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူဖြစ်ကြောင်း အခြားသူများ တီတိုးဝေဖန်နေသည်ကို ကြားခဲ့ရသည်။
ထိုအချိန်တွင် အခြေအနေများသာ အလောတကြီး ဖြစ်မနေပါက ထိုကျင့်ကြံသူအား သူသတ်ပစ်ခဲ့လောက်သည်။
တုန်းကော် ကောင်းကင်အားကြည့်ကာ သက်ပြင်းချလိုက်သည်။
"ဟူး....ငါဘာလို့ မင်းသမီး ယွင်လဲ့ကို မကယ်ခဲ့မိတာလဲကွာ။ အဲ့လိုဆိုရင် ငါထွက်ပြေးရတာ နှေးသွားပေမယ့် အောင်အောင်မြင်မြင် လွတ်နိုင်ခြေတော့ ရှိတာပဲကို။"
ပြီးပြည့်စုံသော အခွင့်အရေး တစ်ခုကို လက်လွှတ်ခဲ့ရသောကြောင့် သူနောင်တရနေမိသည်။
ထိုအချိန်မှာပင် ရင်းနှီးနေသော ပုံရိပ်တစ်ခုအား လှမ်းတွေ့လိုက်ရလေသည်။
အဲ့....ဒါ အဲ့ဒါအန်လင်းမလား.....
တုန်းကော် မျက်လုံးပြူးကာ အသက်ရှူသံများ မြန်ဆန်လာသည်။
အစောပိုင်းတွင် သူသည် အန်လင်းအား ပြိုင်ဘက်တစ်ဦးအဖြစ်ပင် သဘောမထားခဲ့ပေ။ သို့သော် ထိုအတွေးသည် မည်မျှရူးနှမ်းကြောင်း မကြာမီပင် သိရှိလိုက်ရသည်။ သူအရှက်ကွဲရခြင်း အကြောင်းတရားများ အားလုံးမှာ အန်လင်းကြောင့်ပင် ဖြစ်သည်။
အချစ်ရေးတွင်လည်း မင်းသမီး ယွင်လဲ့သည် အန်လင်းအပေါ် သိသိသာသာ အရေးပိုနေသည်။ ရာထူးအဆင့်အတန်းတွင်လည်း အန်လင်းသည် ပထမအဆင့်ဂိုဏ်းဖြစ်သော စုကျိုးအင်မော်တယ်ဂိုဏ်းချုပ်ဖြစ်ပြီး တိုက်ခိုက်ရေးတွင်လည်း ၎င်း၏ဓားချက်တစ်ချက်ကြောင့် သူလွင့်ထွက်သွားခဲ့ရသည်။
တုန်းကော် အတွေးနှင့်ပင် မျက်ရည်ဝဲလာသည်။
ယခုအတိုင်းသာဆိုပါက အန်လင်းကြောင့် စိတ်ဒဏ်ရာအပုံလိုက် ဖြစ်လာပေလိမ့်မည်။
မဟုတ်ဘူး......
တုန်းကော်သည် အဝေးမှ ပုံရိပ်အားကြည့်ကာ တိုက်ပွဲစိတ်ဆန္ဒများ ပြင်းထန်လာသည်။
ငါဒဏ်ရာရခဲ့တာ သတိလက်လွတ် ဖြစ်ခဲ့လို့ပဲ... တကယ်တိုက်ရင် သူကငါ့ကို ယှဉ်နိုင်မှာတဲ့လား.....
ပြီးတော့ ဇာမဏီဥကလည်း သူ့ဆီမှာ ရှိနေတယ်....
ဇာမဏီဥအား အန်လင်းထံမှ ခိုးနိုင်ခဲ့ပါက သူမသုံးနိုင်လျှင်ပင် သစ်တောစိမ်းအင်ပါယာမိသားစုထံပေးကာ ရန်ငြိုးအား အင်ပါယာ မိသားစုထံ လွှဲပေးလိုက်နိုင်သည်။ အန်လင်းအနေဖြင့် သစ်တောစိမ်းအင်ပါယာမိသားစုအား လက်စားချေနိုင်မည် မဟုတ်ပေ။
ထိုသို့သာ ဇာမဏီဥအား အင်ပါယာမိသားစုထံ အပ်နိုင်ခဲ့ပါက သူ၏အဆင့်အတန်းသည်လည်း များစွာမြင့်မားသွားလိမ့်မည်။ မရေမတွက်နိုင်သော ရင်းမြစ်များ ချီးမြှင့်ခံရခြင်းနှင့်အတူ ဘုရင်သည်လည်း သူ၏လုပ်ရပ်အား သဘောခွေ့ကာ သမီးတော်လေးနှင့် လက်ဆက်ပေးပေလိမ့်မည်။
"ဟိဟိ..."
တုန်းကော်မှာ အတွေးများကို စိတိကူးယဉ် မြင်ယောင်ရင်း ရယ်မောနေမိသည်။
ထို့နောက် ချက်ချင်းဆိုသလို အန်လင်းရှေ့သို့ သွားလိုက်သည်။
"သခင်လေးအန်လင်း...ခဏနေပါဦး။"
တုန်းကော် စကားဆိုလိုက်သည်။
အန်လင်းသည် တပိုင်အားစီးကာ တောင်တန်းတလျှောက် လှည့်ပတ်ကြည့်ရှုနေခြင်းဖြစ်ပြီး တုန်းကော်၏ တည်ရှိမှုအား အစောပိုင်းထဲက အာရုံခံမိခဲ့သည်။
အန်လင်း တုန်းကော်အား လှည့်ကြည့်လိုက်သည်။
ဒီကောင်က ငါမတော်တဆ သတ်မိတော့မလို ဖြစ်သွားတဲ့ ကောင်မလား.... ဒီမှာ ဘာလုပ်နေတာလဲ....
"ဒါကိုစားလိုက်... "
တုန်ကော်သည် အာရုဏ်ဦးဝိဉာဉ်စိမ်းဓားအားထုတ်ကာ အရှိန်အဝါများ ထွက်ပေါ်စေလျက် အန်လင်း၏ နှလုံးတည့်တည့် ထိုးချလိုက်သည်။
အန်လင်း : "....."
တပိုင်: "....."
အန်လင်းမှာ လွန်စွာကြောက်ရွံ့သွားပုံရသောကြောင့် တုန်းကော် ရွှင်မြူးသွားသည်။
ပြင်းထန်လှသော သက်ရှိစွမ်းအင်များ ပါဝင်နေသည့် အစိမ်းရောင် ဓားပုံရိပ်သည် ငါးကီလိုမီတာပတ်လည် မြေပြင်အား လွှမ်းမိုးထားသည်။
ထိုသည်မှာ သူ၏အကောင်းဆုံး တိုက်ကွက်တစ်ခုဖြစ်ပြီး ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများကိုပင် ဆိုးဆိုးရွားရွား ထိခိုက်သွားစေနိုင်သည်။
အန်လင်းသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူသာ ဖြစ်သောကြောင့် မည်မျှပင် သန်မာနေပါစေ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ဒေါင်.....
အာရုဏ်ဦးဝိဉာဉ်စိမ်းဓားမှာ အန်လင်း၏ ရင်ဘတ်အား ထိလိုက်သည်နှင့် အကန့်အသတ်မဲ့သော အလင်းများ ဖြာထွက်လာသည်။
တုန်းကော်မှာလည်း ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
ဓားထိပ်သည် အန်လင်း၏ အဝတ်အစားအား ဆုတ်ပြဲစေခဲ့ပါသော်လည်း ခန္ဓာကိုယ်အား ခြစ်ရာကလေးမျှ မထင်စေနိုင်ခဲ့ပေ။
အန်လင်း၏ ရင်ဘတ်သည် ရောင်စဉ်ငါးသွယ် ဖြာထွက်နေပြီး ဖြိုဖျက်မရနိုင်သော ခံတပ်တစ်ခုအလား ထင်မှတ်ရသည်။
တုန်းကော်: "..... "
ငါ့ရဲ့အကောင်းဆုံး တိုက်ကွက်က ဒီလိုနဲ့ ပြီးသွားတာလား...
ဒါ.... ဒါက အရမ်းကြောက်စရာကောင်းတယ်.... အဓိပ္ပါယ် မရှိဘူး....
အန်လင်း၏ မျက်ဝန်းများသည် အေးစက်ခက်ထန်ကာ လွှမ်းမိုးနိုင်သော အရှိန်အဝါများ ပါဝင်နေသောကြောင့် တုန်းကော်မှာ ဒူးများပင် မခိုင်ချင်တော့ပေ။
"ဟမ့်....ငါ့ကို ဓားနဲ့ခုတ်ချင်လို့ စောင့်ပါဦး ပြောတာလား..."
အန်လင်း အေးစက်စွာ ရယ်မောလိုက်သည်။
"သခင်လေးအန်လင်း နားလည်မှု လွဲနေတာပါ။ သခင်လေးက အရမ်းသန်မာတယ်ဆိုတာ သိပြီးသားပါ။ အဲ့ဒါကြောင့် ဒီဓားချက်နဲ့ တစ်ပွဲလောက် လက်ရည်စမ်းဖို့ စိန်ခေါ်ကြည့်တာပါ။"
တုန်းကော် အမူအရာ ပြောင်းလဲကာ ပြာပြာသလဲ တုံ့ပြန်လိုက်သည်။
အန်လင်း နှုတ်ခမ်းမဲ့သွားသည်။
"မင်းပြောသမျှ ငါယုံမယ်များ ထင်နေလား။"
တပိုင်: "ခွေးတောင်မယုံဘူးကွ... ဝုတ်..."
တုန်းကော်၏ မျက်ဝန်းများမှာ ရုတ်ချည်းဆိုသလို ကြောက်မက်ဖွယ် ကောင်းလာသည်။
"အဲ့ဒါဆိုလည်း ဒါကိုစားလိုက်။"
အစိမ်းရောင် ဓားပုံရိပ် တစ်ခုမှာ လျင်မြန်လှသော အရှိန်ဖြင့် အန်လင်း၏ လည်ပင်းတည့်တည့် ပျံဝဲလာသည်။
ဒေါင်....
ဓားစိတ်ဆန္ဒများသည် သုံးကီလိုမီတာပတ်လည် လွှမ်းမိုးကာ လေပြင်းများပင် ထန်သွားစေသည်။
ပြင်းထန်လှသော တိုက်ခိုက်မှု ဖြစ်ပါသော်လည်း အန်လင်း၏ လည်ပင်းတွင် ခြစ်ရာမျှ မထင်စေခဲ့ပေ။
တုန်းကော် အလွန်ထိတ်လန့်ကာ အသည်းအသန် ဆုတ်ခွာတော့သည်။
အန်လင်းသည် အညောင်းပြေ၊ အညာပြေ ဇက်ကြောချိုးလိုက်သည်။ ရွှေရောင်ဝတ်ရုံတစ်ခုသည် မျက်စိတမှိတ်အတွင်း သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံသွားလေသည်။
"မင်းကငါ့ကို နှစ်ချက်တောင် ခုတ်ထားတာနော်။ သေသေချာချာလေး မတုံ့ပြန်ပေးရင် ရိုင်းရာကျသွားမှာပေါ့။"
ဝှစ်.....
အန်လင်းသည် လျှပ်စီးအလား တုန်းကော်အနီးသို့ ရောက်ရှိသွားကာ ကိုင်ဆောင်ထားသော ဓားတွင်လည်း ရွှေရောင်ဟာလာပြင်လျှပ်စီးများ ပြိုးပြိုးပြက်ပြက် လင်းလက်နေသည်။
ရင်းနှီးနေသော တိုက်ခိုက်မှုပုံစံကြောင့် တုန်းကော် လန့်ဖြန့်သွားရသည်။
ထိုတိုက်ခိုက်မှုကြောင့် သူ၏ဂုဏ်သိက္ခာများအားလုံး မြောင်းထဲရောက်သွားခဲ့ရသည်။
"အခုတော့ အဲ့လိုမဖြစ်စေရဘူး။"
သူသည် ကံကြမ္မာ တစ်ပတ်ပြန်လည်ရန် ငြင်းဆန်လိုက်ပြီးနောက် အာရုဏ်ဦးဝိဉာဉ်စိမ်းဓားဖြင့် အန်လင်းအား တိုက်ခိုက်လိုက်သည်။
အစိမ်းရောင် ဓားပုံရိပ်သည် ရေတံခွန် တစ်ခုကဲ့သို့ အကန့်အသတ်မဲ့သော စွမ်းအင်များ စီးဆင်းကာ အန်လင်းထံ ပျံဝဲသွားသည်။
ထိုဓားကွက်သည် သူထုတ်သုံးခဲ့သမျှထဲ အားအကောင်းဆုံးပင်။
အန်လင်းသည်လည်း ကောင်းကင်နှင့်မြေပြင်ကိုပင် ဖြိုခွင်းနိုင်သော ရွှေရောင်ဟာလာပြင်လျှပ်စီးဓားချက်ဖြင့် အစိမ်းရောင် ဓားပုံရိပ်အား ခုတ်ချလိုက်သည်။
ဝုန်း....
ဓားပုံရိပ်နှစ်ခု ထိပ်တိုက်တွေ့ဆုံချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာကာ အကန့်အသတ်မဲ့သော စွမ်းအင်လှိုင်းဂယက်များနှင့်အတူ ကောင်းကင်တခွင်လုံးပါ အစိမ်းရောင်နှင့် ရွှေရောင်အဖြစ် ပြောင်းလဲသွားရသည်။
"ငါ....နောက်ဆုံးတော့ ပြန်တိုက်နိုင်ခဲ့ပြီ။"
တုန်းကော် အသက်ပြင်းပြင်းရှူရင်း ယုံကြည်ချက် အပြည့်နှင့် ဓားပုံရိပ်များကို ကြည့်ရှုနေသည်။
ထိုအချိန်မှာပင် ကောင်းကင်နှင့်မြေပြင်မှာ ရုတ်ချည်းဆိုသလို အမှောင်ကျသွားလေသည်။
တုန်းကော်မှာ အာရုံခံနိုင်စွမ်းများပင် ပြတ်တောက်သွားရသည်။
သေခြင်းတရား အငွေ့အသက်များသည် ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံလာပြီးနောက် သူသည် အမှောင်ထု တစ်နေရာအား ဓားဖြင့်ထိုးလိုက်သည်။
သို့သော် ဓားတစ်လက်သည် ပို၍လျင်မြန်စွာ သူ၏ရင်ဘတ်အား ထိုးဖောက်လာတော့သည်။
သွေးများယိုစီးကျလာသည်။
အလင်းရောင်များ ပြန်လည်မြင်တွေ့ရချိန်တွင် သူ့အား မထီမဲ့မြင် ကြည့်ရှုနေသော အန်လင်းကို တွေ့လိုက်ရသည်။
အန်လင်းသည် တုန်းကော်အား မြေပြင်ပေါ် ကန်ချလိုက်သောကြောင့် ပေတစ်ထောင်မျှရှိသော တွင်းနက်ကြီးပင် ဖြစ်သွားရသည်။
တုန်းကော်သည် မြေပြင်ပေါ် လဲကျကာ အထိတ်တလန့် ဖြစ်နေသည်။
"မင်း... မင်းဘယ်လိုလုပ် အဲ့လောက်သန်မာလာတာလဲ။"
သူအန်လင်းအား မယုံကြည်နိုင်စွာ ကြည့်ရှုလိုက်သည်။
သူသည် အားအကောင်းဆုံး တိုက်ကွက်အား ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် အမှောင်ထုထဲတွင်လည်း ရန်သူ၏ တည်နေရာကို သိရှိနိုင်ခဲ့သည်။
သို့သော် အန်လင်းမှာ ထိုအချိန် ခဏလေးအတွင်း အရှိန်အဝါများ ထိုးတက်လာကာ တုန်းကော်ပင် မယှဉ်နိုင်ပဲ ဓားဖြင့်ထိုးခံလိုက်ရသည်။
"ငါဘာလို့သန်မာလာတာလဲ ဟုတ်လား။"
အန်လင်း တုန်းကော်အား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။
"မင်းကသောက်ရူးလား။ ဘာလို့လဲဆိုတော့ အရင်တစ်ခေါက်က ငါသေသေချာချာ မတိုက်ခဲ့လို့ပေါ့။"
တုန်းကော် : "....."
"ဖူး...."
တုန်းကော်မှာ သွေးအန်သွားရတော့သည်။