စော်ကားခြင်းပေါင်းစုံ
Vol. 51 Ch. 714
စုဝမ်ကျွင်းအား မြင်လိုက်ရပါသော်လည်း အန်လင်း၏ အမူမရာမှာ အနည်းငယ်မျှ ပြောင်းလဲမသွားပေ။
အရာအားလုံးသည် သူ၏ထိန်းချုပ်မှုအောက်တွင်သာ ရှိနေခဲ့သည်။ သူသည် တုန်းကော်၏ အံ့ဖွယ်အာရုံအား နောက်ယောင်ခံလိုက်ပြီးနောက် အနီးနားတွင် စုဝမ်ကျွင်း ရှိနေသည်ကို သိရှိခဲ့သည်။
စုဝမ်ကျွင်းသည် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်ဖြစ်ပြီး သူ့အားသတ်နိုင်မည် မဟုတ်ပေ။ အကယ်၍ ၎င်းတို့နှစ်ဦးကြားတွင် တိုက်ပွဲဖြစ်လာပါက သစ်တောစိမ်းအင်ပါယာမိသားစုနှင့် စုကျိုးအင်မော်တယ်ဂိုဏ်းတို့၏ စစ်ပွဲသည်လည်း မဖြစ်မနေ ဖြစ်လာပေလိမ့်မည်။ စုဝမ်ကျွင်းသည် ကောင်းကျိုးဆိုးကျိုးများ ဝေဖန်ပိုင်းခြားကာ မှန်ကန်သော ဆုံးဖြတ်ချက်ကို ချနိုင်လိမ့်မည်ဟု အန်လင်း ယုံကြည်ထားသည်။
အခြားသော ပထမအဆင့် ဂိုဏ်းများသာဆိုလျှင် ဇာမဏီဥအားယူကာ ထွက်ပြေးသွားနိုင်သည်။ သို့သော် အင်ပါယာမိသားစုအနေဖြင့် မည်သည့်နေရာသို့ ထွက်ပြေးရမည်နည်း။ ခရမ်းကြယ်စင်ပြည်နယ်အား ထားရစ်ခဲ့ရမည်လော။ စင်စစ်အားဖြင့် ပြည်နယ်တစ်ခုလုံးမှ ရရှိနေသော ကျင့်ကြံရေးရင်းမြစ်များသည် ဇာမဏီဥတစ်လုံးထက် အဆပေါင်းများစွာ တန်ကြေးရှိသည်။
ထို့ကြောင့် စုဝမ်ကျွင်းအနေဖြင့် စွန့်စားရဲမည် မဟုတ်ပေ။
"သခင်လေးအန်လင်း.... တုန်းကော်ကို လွှတ်ပေးဖို့အတွက် ကျွန်တော် ဘာလုပ်ပေးရမလဲ။"
စုဝမ်ကျွင်းသည် မြေပြင်ပေါ်တွင် သေမလို ဖြစ်နေသော တုန်းကော်အားကြည့်ကာ အန်လင်းအား တလေးတစား မေးမြန်းလိုက်သည်။
မြေခွေးအိုကြီးများနှင့် စကားပြောရသည်မှာ အလွယ်ကူဆုံးပင်။ သူမည်သည့်စကားမှ မဆိုရသေးခင်မှာပင် အချို့သော တောင်းဆိုချက်များအား လိုက်လျောပေးရမည်ဖြစ်ကြောင်း စုဝမ်ကျွင်းမှာ နားလည်နေလေပြီ။
အန်လင်း အနည်းငယ်တွေးကာ တောင်းဆိုလိုက်သည်။
"ရိုးရိုးလေးပါပဲ။ ဒီနေရာက မထွက်ခင်အထိ စုကျိုးအင်မော်တယ်ဂိုဏ်းသားတွေကို စောင့်ရှောက်ပါ့မယ်လို့ တာအိုနှလုံးသားကို တိုင်တည်ပြီး ကျိန်ဆိုရမယ်။"
တာအိုနှလုံးသားအား သစ္စာဖောက်ခဲ့ပါက စိတ်မိစ္ဆာများ ဖြစ်ပေါ်လာမည်ဖြစ်ကာ ထိုသူ၏ ကျင့်ကြံရေးသည် ဘဝတလျှောက်လုံးစာ ခက်ခဲသွားရပေလိမ့်မည်။ သို့သော် ထိုသည်မှာ ပြုပြင်မရသော အခက်အခဲ မဟုတ်ပေ။ အချို့သော အဆင့်မြင့် ကျင့်ကြံသူများသည်သာ တာအိုနှလုံးသား၏ တားမြစ်ပိတ်ပင်မှုများအား နည်းလမ်းရှာကာ ဖယ်ရှားနိုင်ကြသည်။
"ကိစ္စမရှိပါဘူး။ သခင်လေး မပြောရင်တောင် သစ်တောစိမ်းအင်ပါယာမိသားစုက စုကျိုးအင်မော်တယ်ဂိုဏ်းနဲ့ ဆက်ဆံရေး အဆင်ပြေချင်နေတာပါ။"
စုဝမ်ကျွင်း ပြုံးကာခေါင်းညိတ်ပြလိုက်သည်။
အန်လင်း တောင်းဆိုချက်တစ်ချက် ထပ်ထည့်လိုက်သည်။
"ပြီးတော့ တုန်းကော်နဲ့ အစေခံစာချုပ် ချုပ်မယ်။"
တုန်းကော် ထိုစကားကြောင့် ဒေါသထွက်သွားသည်။
"မင်းပဲငါက အစေခံဖြစ်ဖို့တောင် အားနည်းလွန်းတယ် ပြောခဲ့တာမလား။ အခုဘာလို့ စိတ်ပြောင်းသွားရတာလဲ။"
"တွေးကြည့်လိုက်တော့ မင်းကို အပြင်စည်း အစေခံအဖြစ် လက်ခံနိုင်ပါတယ်။"
အန်လင်း လေးလေးနက်နက် တုံ့ပြန်လိုက်သည်။
"ဖူး...."
တုန်းကော် သွေးအန်သွားရပြန်သည်။
အပြင်စည်း အစေခံဆိုတာ ဘာကြီးလဲ....
ကျင့်ကြံရေးလောကမှာ အဲ့လိုသတ်မှတ်ချက်ရော ရှိလို့လား....
"ဒါကတော့....."
စုဝမ်ကျွင်း ခက်ခဲသွားရသည်။
"စိတ်မပူပါနဲ့။ သူ့ကို ခေါ်မထားပါဘူး။ သစ်တောစိမ်းအင်ပါယာမိသားစုဆီမှာပဲ ဆက်ပြီးအမှုထမ်းခိုင်းမှာပါ။ အရေးတကြီး အခြေအနေမျိုးမှ လှမ်းခေါ်လို့ ရတာပဲ။"
အန်လင်း စကားဆိုလိုက်သည်။
စုဝမ်ကျွင်း အနည်းငယ် စိုးရိမ်သွားမိသည်။
အန်လင်းက သစ်တောစိမ်းအင်ပါယာမိသားစုထဲ သူလျှိုထားဖို့ လုပ်နေတာလား....
ဘာပဲဖြစ်ဖြစ် ပြဿနာကြီးတော့ မဟုတ်ပါဘူး..... တုန်းကော်ကို အရေးကြီး သတင်းအချက်အလက်တွေနဲ့ ဝေးဝေးမှာထားပြီး စစ်တိုက်ဖို့ပဲသုံးရင် ဖြစ်တာပဲ.... နောက်ဆိုရင် သူက သစ်တောစိမ်းအင်ပါယာမိသားစုနဲ့ စုကျိုးအင်မော်တယ်ဂိုဏ်းကြားမှာ တံတားတစ်ခုတောင် ဖြစ်ရင်ဖြစ်လာဦးမှာ....
ပြီးတော့ အင်အားစုနှစ်ခုက ရန်သူတွေမှ ဖြစ်စရာ မလိုတာ.... ဒါနှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ အခြေအနေပဲ....
အင်း.... မင်းသမီး ယွင်လဲ့နဲ့ အန်လင်းသာ တာအိုလက်တွဲဖော် ဖြစ်လာရင် အနာဂတ်မှာ သစ်တောစိမ်းအင်ပါယာမိသားစုမဲ့ စုကျိုးအင်မော်တယ်ဂိုဏ်း ပေါင်းစည်းတာတောင် ဖြစ်လာနိုင်တယ်....
စုဝမ်ကျွင်းမှာ မျက်စိတမှိတ်အတွင်း ကိစ္စများစွာ တွေးတောလိုက်သည်။
"ခင်ဗျား သိထားသင့်တာက တုန်းကော်က သေလူပဲ။ သူက ကျွန်တော့်ကို သတ်ဖို့လုပ်ခဲ့တာ။ အဲ့တော့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့အတွက် သတ်လိုက်ရင်လည်း ဖြစ်တာပဲမလား။"
အန်လင်း လျှို့ဝှက်စွာ ပြုံးလိုက်သည်။
တုန်းကော်မှာ အန်လင်း၏ အပြုံးအားကြည့်ကာ ကြက်သီးမွှေးညှင်းများ ထလာမိသည်။
စုဝမ်ကျွင်း သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ။ ပြဿနာ မရှိပါဘူး။"
ထို့နောက် တုန်းကော်အားကြည့်ကာ မေးလိုက်သည်။
"ဗိုလ်ချုပ်တုန်းကော်ရော ဘယ်လိုသဘောရလဲ။"
တုန်းကော် စိတ်ဓာတ်များ ပြိုလဲသွားရသည်။ စုဝမ်ကျွင်းသည်ပင် သဘောတူလိုက်သောကြောင့် သူ့အနေဖြင့် ဘာမှမတတ်နိုင်တော့ပေ။ အစေခံစာချုပ်အား လက်မခံပါက သူ၏ဘဝလည်း အဆုံးသတ်သွားပေလိမ့်မည်။
ရှင်သန်လွတ်မြောက်ရန်မှာ အရေးအကြီးဆုံး ဖြစ်သည်။
ထိုသို့ဖြင့် ဆွေးနွေးမှုများ ပြီးဆုံးသွားပြီးနောက် စုဝမ်ကျွင်းသည် တာအိုနှလုံးသားဖြင့် တိုင်တည်ကာ ကျိန်ဆိုလိုက်သည်။
တုန်းကော်သည် ကျိန်ဆိုရန် မလိုအပ်ပဲ အန်လင်း ပေးအပ်လာသော သွေးအဆီအနှစ်အား လက်ခံလိုက်ရုံသာ။
အစေခံစာချုပ်သည် ကျိန်ဆိုခြင်းများ အားလုံးထက်ပို၍ အကျိုးသက်ရောက်မှု ရှိသည်။ အစေခံတစ်ဦးသည် သခင်ထိခိုက်စေမည့် မည်သည့်အရာကိုမှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ သခင်အား နာကျင်စေခဲ့ပါက တာအိုအခြေခံ ပျက်စီးကာ ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများကို ခံစားရပေလိမ့်မည်။
ထို့ကြောင့်ပင် အန်လင်းသည် သုံးစားမရသော ချီးကြောက် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူအား အစေခံ လုပ်လိုက်ခြင်းပင်။
တပိုင်သည်လည်း အန်လင်းဘေးသို့ ပျံဝဲလာသည်။
"အစ်ကိုကြီးအန်....သူက အစေခံ နံပါတ်ခြောက်လား။"
"မဟုတ်ဘူး။ သူက အားနည်းလွန်းတယ်။ နံပါတ်စဉ်ပေးဖို့ မတန်ဘူး။"
အန်လင်း တည်ငြိမ်စွာ ပြောလိုက်သည်။
တုန်းကော်: "...."
စုဝမ်ကျွင်း: "...."
"အော်...ဟုတ်သားပဲ။ စီနီယာ စုဝမ်ကျွင်း....တကယ်လို့ စုကျိုးအင်မော်တယ်ဂိုဏ်းသားတွေနဲ့ တွေ့ခဲ့ရင် ကာကွယ်ပေးပါဦး။ ကျွန်တော်တို့ နောက်မှပြန်တွေ့တာပေါ့။"
အန်လင်း တောင်းဆိုလိုက်သည်။
"ကိစ္စမရှိပါဘူး။ သေချာကာကွယ်ပေးပါ့မယ်။"
စုဝမ်ကျွင်းသည် စုရှင်းနှင့် စုချန်းရန်တို့အား ရှာရဦးမည် ဖြစ်သောကြောင့် ထိုတောင်းဆိုချက်မှာ ခက်ခဲသောအရာ မဟုတ်ပေ။
တုန်းကော် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
"ဘာလို့ အဲ့တာဝန်ကို ကျွန်တော့်ကို မပေးတာလဲ။ ကျွန်တော်လည်း အဲ့လောက်တော့ လုပ်နိုင်ပါတယ်။"
အန်လင်း တုန်းကော်အား တစ်ချက်မျှ ကြည့်ရှုလိုက်သည်။
"မင်းလား.... လျှိုချင်းဟွမ်နဲ့ စုချန်းရန်က မင်းရင်ဆိုင်နိုင်သမျှ ရန်သူတွေကို သူတို့လည်း တိုက်ခိုက်နိုင်တယ်။ ဒါပေမယ့် သူတို့ရင်ဆိုင်နိုင်တဲ့ သူတွေအားလုံးကို မင်းဘယ်လိုမှ တိုက်နိုင်မှာ မဟုတ်ဘူး။ သူတို့တောင် ရင်မဆိုင်နိုင်တဲ့သူဆို မင်းက သေဖို့ပဲရှိတယ်။ အဲ့ဒါကို မင်းကိုဘာလို့များ တာဝန်ပေးပြီး သူတို့ကို အလုပ်ရှုပ်စေမှာလဲ။"
"ဖူး..."
တုန်းကော်သည် နှလုံးတည့်တည့် ဓားစိုက်ခံရသလို ခံစားရကာ သွေးအန်လိုက်ရသည်။
စုဝမ်ကျွင်း နဖူးအား လက်ဖြင့်ရိုက်မိသည်။ သစ်တောစိမ်းအင်ပါယာမိသားစု၏ ဗိုလ်ချုပ်အစား သူလွန်စွာ ရှက်ရွံ့နေမိလေပြီ။
အန်လင်း၏ စကားမှာ အမှန်တရားပင်။ စုချန်းရန်နှင့် လျှိုချင်းဟွမ်သည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ မှန်သမျှကို ရင်ဆိုင်နိုင်သည်။
တီနာနှင့် ရှောင်ဇယ်ဆိုလျှင် တုန်းကော်အားပင် နဖူးတောက်သတ်နိုင်လိမ့်မည်။ တုန်းကော်ကိုသာ ထိုတာဝန် ပေးအပ်ခဲ့ပါက စုကျိုးအင်မော်တယ်ဂိုဏ်းသားများကသာ သူ့အားပြန်ကာကွယ်နေရလောက်သည်။
စုဝမ်ကျွင်းမှာ အန်လင်းအား နှုတ်ဆက်စကားဆိုပြီးနောက် စုရှင်းနှင့် စုချန်းရန်အားရှာရန် အခြားအရပ်မျက်နှာသို့ ထွက်လာခဲ့လိုက်သည်။
တုန်းကော်သည် စိတ်ဝိဉာဉ်ဆေးလုံးတစ်လုံးအားသောက်ကာ ဒဏ်ရာများအတွက် တရားထိုင်လိုက်သည်။
အန်လင်း အနည်းငယ် စဉ်းစားကာ အချိန်ကုန် သက်သာစေရန်အတွက် သွေးဝိဉာဉ်ကျောက်စိမ်းအခေါင်းအား တုန်းကော်ကို ထုတ်ပေးလိုက်သည်။
အန်လင်းသည် အင်မော်တယ်ရတနာ တစ်ခုအား အလွယ်တကူပင် ထုတ်ယူလာသောကြောင့် တုန်းကော် အံ့အားသင့်ကာ အားကျမနာလို ဖြစ်မိပါသော်လည်း မည်သည့်စကားမှ မဆိုပဲ ခေါင်းတလားထဲတွင် လှဲလျောင်းနေလိုက်သည်။
သွေးနီရောင် အလင်းတန်းနှင့်အတူ ငါးကီလိုမီတာပတ်လည်ရှိ အပင်များထံမှ သက်ရှိစွမ်းအင်များ စုပ်ယူခံရကာ တုန်းကော်၏ ခန္ဓာကိုယ်ထဲ စီးဝင်သွားသည်။
"ဟမ့်....တပိုင် မင်းတုန်းကထက် သူကပိုပြီး စွမ်းအင်စုပ်နိုင်တာပဲ။"
အန်လင်း ပြုံးကာပြောလိုက်သည်။
"တုန်းကော်က ဒဏ်ရာကနေ ပြန်ကောင်းအောင် လုပ်တော့မှ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ ပီသတော့တယ်။"
ခေါင်းတလားအတွင်း ရှိနေသော တုန်းကော်မှာ သွေးထပ်အန်ရမလို ဖြစ်သွားသည်။
သခင်ဖြစ်သူမှ မည်မျှစော်ကားနေပါစေ သူပြုံးထားရုံသာ တတ်နိုင်သည်။
အန်လင်း ဖြတ်လိုက်သော လက်တစ်ဖက်မှာလည်း ပြန်ထွက်လာလေပြီ။ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများမှာ အသက်စွမ်းအား ကောင်းမွန်သောကြောင့် ခြေလက်ပြတ်တောက်သွားသည်မှာ အရေးပါသော ကိစ္စတစ်ခု မဟုတ်ပေ။
ဝုန်း....
တောင်တန်းကြီးမှာ ရုတ်ချည်းဆိုသလို တုန်ခါလာသည်။
"အမ်...တစ်ခုခု ဖြစ်နေတာလား။"
အန်လင်း အံ့ဖွယ်အာရုံအား ဖြန့်ကျက်ကာ ကီလိုမီတာ တစ်ရာ့ငါးဆယ်ပတ်လည်ကို စစ်ဆေးလိုက်သည်။
ကျယ်ပြန့်လှသော ပတ်ဝန်းကျင်အား အာရုံခံရသောကြောင့် အသေးစိတ် အချက်အလက်များကို မသိနိုင်ပါသော်လည်း ကြီးမားသော အပြောင်းအလဲများကို သိရှိနိုင်သည်။
အန်လင်း တောင်တန်းတစ်နေရာအား ကြည့်ရှုလိုက်သည်။
"အဲ့မှာပဲ။ တပိုင် သွားရအောင်။"
သူသည် တပိုင်ပေါ်တက်ကာ ခေါင်းတလားအား လက်တစ်ဖက်ဖြင့်ဆွဲလျက် တိုက်ပွဲဖြစ်ရာနေရာသို့ သွားလိုက်သည်။
ထိုနေရာတွင် အလွန်ရင်းနှီးနေသော အရှိန်အဝါတစ်ခု ရှိနေသည်။