နှစ်ဖက်လုံး၏တိုက်ခိုက်မှု
Vol. 51 Ch. 715
တုန်းကော် အခေါင်းထဲမှ ထလာသည်။
"အန်.... သခင် ကျွန်တော် ကောင်းသွားပါပြီ။"
သူ၏ ဒဏ်ရာများသည် သက်သာသွားပြီဖြစ်ကာ သခင် တိုက်ခိုက်နေချိန်တွင် အခေါင်းထဲအိပ်ကာ အနားယူနေပါက သိက္ခာထပ်ကျရပေလိမ့်မည်။
အန်လင်းသည် သွေးဝိဉာဉ်ကျောက်စိမ်းအခေါင်းအားသိမ်းကာ တုန်းကော်အား စကားဆိုလိုက်သည်။
"တစ်ခုခု ဖြစ်ခဲ့ရင် တပိုင်ကို ကာကွယ်ပေးရမယ်...ကြားလား။"
တုန်းကော်၏ နှလုံးသားထဲ မကျေနပ်ချက်များ ဖြစ်ပေါ်လာသည်။ သူသည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ ဖြစ်ပါလျက် ခွေးတစ်ကောင်၏ သက်တော်စောင့် ဖြစ်ရမည်လော။
မကြာမီပင် ၎င်းတို့မှာ စစ်မြေပြင်သို့ ရောက်ရှိလာခဲ့သည်။ သက်ရှိစွမ်းအင်များနှင့် မန္တာန်များ ပေါက်ကွဲထွက်ပေါ်နေပြီး ဆယ်ကီလိုမီတာနီးပါး ပတ်ဝန်းကျင်မှာ အရာအားလုံး ဖျက်စီးခံထားရသည်။
အန်လင်းသည် တိုက်ခိုက်နေသူများကို မြင်လိုက်ရပြီ ဖြစ်သည်။ ထိုသည်မှာ မျောလွင့်နတ်ဘုရားဂိုဏ်းမှ ချောမောခန့်ညားသော ပိုင်ဖန်းဇယ်၊ အင်မော်တယ်မြူနှင်းနေမင်းဂိုဏ်းမှ အေးစက်ခက်ထန်သော ရွှမ်းယွီခုံးနှင့် နန်းဆောင်နီဂိုဏ်းမှ နဖူးထက်တွင် အနီရောင် အစက်တစ်ခုရှိသော ကောင်းကင်နတ်မိမယ် ဖေးရင်တို့ ဖြစ်သည်။
၎င်းတို့သုံးဦးအား ကြည့်ရသည်မှာ ပြင်းထန်လွန်းသော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေကြပုံပင်။
အန်လင်းသည် အာရုံခံမိသော အရှိန်အဝါအား မတွေ့ရသောကြောင့် မျက်မှောင်ကျုံ့လိုက်မိသည်။
စစ်မြေပြင်တွင် အဖြူရောင် အကာအရံတစ်ခု ရှိနေပြီး စွမ်းအင်လှိုင်းဂယက်များအား အလွန်ဝေးသော နေရာသို့ ပျံ့နှံ့မသွားစေရန် ကာကွယ်ပေးထားသည်။
အလယ်ဗဟိုတွင် ကြီးမားလှသော သစ်ပင်နက်ကြီးတစ်ပင် ရှိသည်။ ထိုသစ်ပင်တွင် တွဲလဲခိုနေသော သစ်သီးများသည် နှင်းပွင့်များကဲ့သို့ ဆွတ်ဆွတ်ဖြူသော အံ့ဖွယ်အလင်းများ ဖြာထွက်နေကာ အဆင့်မြင့် အင်မော်တယ်သစ်သီးများဖြစ်ကြောင်း ထင်ရှားနေသည်။
အရှိန်အဝါ ကြီးမားသော အစိမ်းရောင် စပါးအုံး တစ်ကောင်မှာလည်း သစ်ပင်နောက်တွင်ပုန်းကာ မလှမ်းမကမ်းရှိ တိုက်ပွဲအခြေအနေအား စောင့်ကြည့်နေပုံရသည်။
ထိုစပါးအုံးသည် သစ်ပင်နက်ကြီး၏ အစောင့်အရှောက်သားရဲ ဖြစ်ပေလိမ့်မည်။
အန်လင်း ထိုင်ပင်မထိုင်ရသေးခင်မှာပင် ထိုသုံးဦးမှာ အန်လင်းအား သတိထားမိသွားပြီးနောက် တိုက်ပွဲအားရပ်ကာ မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် ကြည့်ရှုလာကြသည်။
ပတ်ဝန်းကျင်မှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေလေသည်။
"အာ..."
"အနှောင့်အယှက် ပေးမိတာ တောင်းပန်ပါတယ်။ ဆက်တိုက်ကြနော်။"
အန်လင်း စိတ်ကသိကအောက်ဖြစ်စွာ ပြောလိုက်သည်။
ထိုသုံးဦးမှာ အန်လင်းအား ဂရုမစိုက်ပဲ ကျောထက်မှ ဇာမဏီဥကိုကြည့်ကာ အသက်ရှူသံများ မြန်လာကြသည်။
အန်လင်း တံထွေးမြိုချကာ တပိုင်အား ခပ်တင်းတင်း ခွထားမိသည်။
သောက်ကျိုးနည်း.... ပြေးရတော့မယ်ဟ....
"သူ့ကိုထွက်မသွားစေနဲ့။"
ပိုင်ဖန်းဇယ်သည် ကြီးမားလှသော ငှက်ဖြူကြီးအသွင်ပြောင်းကာ အန်လင်းထံ ပျံဝဲလာသည်။
"ယီးလား.... ဒီဇာမဏီဥက ငါ့ဟာပဲ။"
ရွှမ်းယွီခုံး လက်သင်္ကေတများ ပြောင်းလဲကာ မြူနှင်းနယ်ပယ်အား ထွက်ပေါ်စေလျက် ပိုင်ဖန်းဇယ်၏ ပျံသန်းမှုကို တားဆီးလိုက်သည်။
ကောင်းကင်နတ်မိမယ် ဖေးရင် ညှို့ငင်အားပြင်းစွာ တခစ်ခစ်ရယ်ရင်း ပန်းပွင့်ပျံများအား သူမအတွက် လမ်းဖွင့်စေလိုက်သည်။ သူမသည် မြူနှင်းနယ်ပယ်အတွင်း အေးအေးဆေးဆေးပင် ပျံဝဲလာလေသည်။
အဆင့်မြင့် အင်မော်တယ်သစ်သီးများသည် ဇာမဏီဥနှင့် တန်ကြေးမယှဉ်နိုင်ပေ။
၎င်းတို့သုံးဦးလုံး၏ ပစ်မှတ်မှာ အန်လင်း ဖြစ်သွားလေပြီ။
တုန်းကော်သည် သေးထွက်ကျမတတ် ကြောက်ရွံ့နေမိသည်။ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ သုံးဦးသည် အမဲလိုက်ပွဲတော်ကြီးလုပ်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။
အန်လင်းရဲ့ အစေခံ ဖြစ်လာတာနဲ့ ဘာလို့များ ကံတန်းဆိုးရတာလဲ....
"တုန်းကော်...သူတို့ကိုတားထားလိုက်။"
အန်လင်း အော်ဟစ်လိုက်သည်။
တုန်းကော် မျက်ရည်များ ဝဲတက်လာသည်။
"သခင်.... ကျွန်တော် မလုပ်ရဲဘူး။"
သူသည် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်သာ ရှိသေးသောကြောင့် ဝါရင့် ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူ သုံးဦးအား ထိန်းထားနိုင်မည် မဟုတ်ပေ။
အသက်စွန့်ကာ တိုက်ခိုက်လျှင်ပင် ထိုသို့မလုပ်နိုင်လောက်ပေ။
"အဲ့ဒါဆို မင်းကိုဘယ်မှာသွားသုံးရမှာလဲ။"
အန်လင်း စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
တုန်းကော် မဆိုင်းမတွပင် တပိုင်အား ဖက်ထားလိုက်သည်။
"ကျွန်တော် တပိုင်လေးကို ကာကွယ်ပေးမယ်လေ။"
အန်လင်း : "....."
တပိုင်: "....."
အန်လင်းမှာ တုန်းကော်အား အတော်အထင်သေးသွားသည်။
သို့သော် ၎င်းထံမှ ဘာမှမမျှော်လင့်ထားသဖြင့် မည်သည့်စကားမှ ပြောမနေတော့ပေ။
ပုံမှန်အခြေအနေမျိုးတွင် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတစ်ဦးသာ ထွက်ပြေးဆုတ်ခွာရန် ဆုံးဖြတ်ခဲ့ပါက ကျင့်ကြံရေးအဆင့် ပိုမိုမြင့်မားသော ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူသည်ပင် လိုက်လံဖမ်းစီးရန် မလွယ်ကူပေ။
မည်သို့ပင်ဆိုစေကာမူ တုန်းကော်သည် သုံးစားရသူ မဟုတ်သောကြောင့် အန်လင်းတို့နှင့် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ သုံးဦး၏ ကွာခြားချက်မှာ ကြီးမားသွားလေပြီ။
အလွန်ဆွဲဆောင်မှုရှိသော စကားသံတစ်ခု ထွက်ပေါ်လာသည်။
"ဂိုဏ်းချုပ်အန်လင်း အရမ်းအမြန်မပြေးပါနဲ့....ကျွန်မကို စောင့်ပါဦး။"
အန်လင်း လှည့်ကြည့်လိုက်သောအခါ ပန်းပွင့်များနှင့်အတူ ပျံဝဲလာနေသော ကောင်းကင်နတ်မိမယ် ဖေးရင်ကို တွေ့လိုက်ရသည်။
အန်လင်း ပေါ့ပါးစွာ ရယ်မောလိုက်သည်။
"ကျွန်တော့်ကို မှီအောင်လိုက်လေ။ အဲ့ဒါဆို ခွင့်ပြုပေးမယ်.... ဟဲဟဲဟဲ။"
ကောင်းကင်နတ်မိမယ် ဖေးရင် ရှက်သွေးဖြာသွားရသည်။
"အဲ့ဒါဆိုလည်း ငြိမ်ငြိမ်လေး စောင့်နေလေ....ကျွန်မ မှီတော့မှာပါ။"
သူမသည် လျှို့ဝှက်နည်းလမ်းဖြင့် အရှိန်မြှင့်တော့မည့် အချိန်မှာပင် နှင်းလုံးတစ်လုံး ရုတ်တရက် ရောက်ရှိလာသည်။
ပြင်းထန်လှသော အန္တရာယ် အငွေ့အသက်ကြောင့် သူမသည် ခုခံကာကွယ်ရေး စွမ်းရည်များအားလုံး ထုတ်ဖော်ကာ ပန်းပွင့်လွှာ အကာအရံတစ်ခု ဖြစ်စေလိုက်သည်။
ဝုန်း....
အေးခဲခြင်းအစွမ်းများ ပါဝင်နေသော နှင်းလုံးသည် တောက်ပသော အလင်းများနှင့်အတူ ပေါက်ကွဲကာ ငါးကီလိုမီတာပတ်လည်ကို လွှမ်းမိုးသွားသည်။
ထိုသည်မှာ အန်လင်း၏ နောက်ဆုံးသော မြူနှင်းဖောက်ခွဲခြင်းအလုံးပင်။
ကြောက်မက်ဖွယ် ပေါက်ကွဲမှုသည် ကောင်းကင်နတ်မိမယ် ဖေးရင်၊ ပိုင်ဖန်းဇယ်နှင့် ရွှမ်းယွီခုံးတို့အား လွှမ်းခြုံကာ ကောင်းကင်နှင့်မြေပြင်မှာလည်း အပြာရောင် စွမ်းအင်ပင်လယ်အဖြစ် ပြောင်းလဲသွားရသည်။
၎င်းတို့သုံးဦးမှာ ရုတ်ချည်းဆန်လှသော အဖြစ်အပျက်ကြောင့် ထိတ်လန့်သွားရသည်။ ထိုတိုက်ခိုက်မှုသည် ၎င်းတို့အား မထိခိုက်စေနိုင်လျှင်ပင် လှုပ်ရှားမှုများ နှေးကွေးသွားစေပေသည်။
အကျိုးသက်ရောက်မှုမှာလည်း သိသာထင်ရှားသည်ဟု ဆိုနိုင်သည်။
ကောင်းကင်နတ်မိမယ် ဖေးရင်သည် အသေးစား ဒဏ်ရာများ ရရှိသွားသလို ပိုင်ဖန်းဇယ်နှင့် ရွှမ်းယွီခုံးတို့ဆိုလျှင် လွင့်ပါထွက်သွားရသည်။
အန်လင်းသည် ထိုအခွင့်အရေးအား အမိအရယူကာ အသည်းအသန် ထွက်ပြေးတော့သည်။
"ဟားဟား.... ခင်ဗျားတို့ ကျုပ်ကိုမှီဖို့ နှစ်တစ်သောင်းလောက် ကြိုးစားလိုက်ဦး။"
အန်လင်း အနောက်သို့ လှည့်ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။
"ဒီကမ္ဘာမှာ ကျုပ်ကို အမိဖမ်းနိုင်တာ ရှောင်လန်တစ်ယောက်ပဲ ရှိတယ်။"
ထိုစကားကြောင့် တုန်းကော် အံ့သြသွားရသည်။
"ရှောင်လန်က ဘယ်သူလဲ။ တော်တော်စွမ်းမယ့်ပုံပဲ။"
"ရှောင်လန်က အစ်ကိုကြီးအန်ရဲ့ အနာဂတ် တာအိုလက်တွဲဖော်လေ...ဝုတ်။"
တပိုင် ရှင်းပြလိုက်သည်။
တုန်းကော်: "...."
အန်လင်း ပြောချင်တဲ့ သဘောက နှလုံးသား အမိဖမ်းတာပေါ့လေ....
ဝုန်း.....
ရွှေရောင်စွမ်းအင်တိမ်တိုက်တစ်ခုမှာ ရုတ်ချည်းဆိုသလို အန်လင်းထံ ပျံဝဲလာသည်။
ထိုတိမ်တိုက်သည် ထူးခြားသော အသွင်သဏ္ဍာန် ရှိသောကြောင့် ၎င်းတို့သုံးဦးလုံး ကူကယ်ရာမဲ့စွာ ငေးကြည့်နေမိသည်။
ထိုသည်မှာ ချစ်စဖွယ် မျက်နှာလုံးလုံးနှင့် နွေးထွေးမှု ပေးနိုင်သော ပါးနီနီလေးများရှိကာ ဝံ့ကြွားစွာပြုံးလျက် ပျော်ရွှင်နေသော မျက်ဝန်းများနှင့်အတူ တင့်တယ်လှပသော မျက်ခုံးများကို ပိုင်ဆိုင်ထားသည့် မျက်နှာတစ်ခုပင်။
"ဘာလားဟ...."
ကောင်းကင်ထက်ရှိ ဟာသမျက်နှာတစ်ခု ကျဆင်းလာသောကြောင့် အန်လင်း သရဲတွေ့သလို ထိတ်လန့်သွားရသည်။
"ခဏ.....မျက်နှာပေါ်ကိုကြည့်လိုက်....အဲ့ဒါ အသက်နှုတ်ဂိုဏ်းက သွမ့်ဟွမ်းဇီပဲ။"
အန်လင်း အာရုံစူးစိုက်လိုက်သောအခါ ဟာသမျက်နှာထက်တွင် ရှိနေသော သွမ့်ဟွမ်းဇီကို တွေ့လိုက်ရသည်။
သွမ့်ဟွမ်းဇီသည် ရင်ကိုကော့ထားကာ မောက်မာသော အမူအရာဖြင့် ၎င်းတို့အား ငုံ့ကြည့်နေသည်။
အန်လင်းမှာ ရင်ဘတ်ဆင်နင်းခံရသလို ခံစားရကာ မျက်စိမျက်နှာ ပျက်သွားသည်။
ဒီလူက ဘာဖြစ်နေတာလဲ .... ဟာသမျက်နှာပေါ် ရှိနေရုံနဲ့ ဖင်တောင်နေတာလား.....
"အိုး.... ဒါက ဂိုဏ်းချုပ်အန်လင်းမလား။ ဟားဟားဟား.... ထင်ထားတဲ့အတိုင်း သေမင်းတမာန် နတ်ဘုရားအပြုံးကို ရပြီးတာနဲ့ ကံတရားက တက်လာတော့တာပဲ။ အဲ့ဇာမဏီဥက ကျုပ်ရှေ့ရောက်လာမှတော့ အားနာမနေတော့ဘူး။"
သွမ့်ဟွမ်းဇီမှာ အန်လင်းတို့ထံ ပျံဝဲလာသည်။
အန်လင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။
"သေမင်းတမာန် နတ်ဘုရားရဲ့ အပြုံး..... ကြည့်ရတာ ဒီလူက ဟာသမျက်နှာတွေနဲ့ ပက်သတ်ပြီး နားလည်မှု လွဲနေသလိုပဲ။"
သို့သော် ထိုအကြောင်း တွေးနေရမည့် အချိန်မဟုတ်သောကြောင့် အခြားအရပ်မျက်နှာသို့ အလျင်အမြန် လှည့်ပြေးတော့သည်။
အန်လင်း ချွေးပျံနေလေပြီ။
သွမ့်ဟွမ်းဇီအပြင် အခြားသော ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ သုံးဦးမှာလည်း သူ၏နောက်သို့ လိုက်နေကြသည်။
စစ်ကူများကိုသာ ရှာမတွေ့ပါက ဘဝပျက်သည်ထက်ပင် အကြောင်းဆိုးရပေတော့မည်။