← Chapters

ရှင်သန်နိုင်ရန်အသည်းအသန်ထွက်ပြေးခြင်း

Vol. 51 Ch. 716

ရှင်သန်နိုင်ရန်အသည်းအသန်ထွက်ပြေးခြင်း

Vol. 51 Ch. 716

"သခင်....ကျွန်တော်တို့ ဘာလုပ်ကြမလဲ။"

တုန်းကော် စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်သည်။ တပိုင်သည် ခွေးပေါက်လေးအရွယ်ပြောင်းကာ အန်လင်း၏ခေါင်းပေါ် ရောက်နေလေပြီ။

"မင်းက ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူမလား။ ဘာလို့ငါလို စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်ပဲ ရှိသေးတဲ့ ကျင့်ကြံသူကို လာမေးနေရတာလဲ။"

အန်လင်း ဘုဆတ်ဆတ် ပြောလိုက်သည်။

တုန်းကော်: "....."

အန်လင်း သက်ပြင်းချလိုက်သည်။

"သူတို့မမှီလာခင် စုကျိုးအင်မော်တယ်ဂိုဏ်း ဒါမှမဟုတ် သစ်တောစိမ်းအင်ပါယာမိသားစုနဲ့ တွေ့ပါစေလို့ပဲ မျှော်လင့်ရတော့မယ်။ မဟုတ်ရင် ငါတို့တော့ သွားပြီပဲ။"

ခရက်.....

လေဟာနယ် ဝဲဂယက်တစ်ခု ၎င်းတို့ရှေ့တွင် ပေါ်ထွက်လာသည်။

အန်လင်းနှင့် တုန်းကော်တို့မှာ အခြားအရပ်မျက်နှာသို့ ထွက်​ပြေးလိုက်ကြသည်။

ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများသည် တည်နေရာ သတ်မှတ်ပြီးမှသာ လေဟာနယ် ခုန်ကူးနိုင်ကြသောကြောင့် ၎င်းတို့ဝဲဂယက် ဖွင့်နေချိန်မှာပင် အန်လင်းတို့မှာ အခြားတစ်နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် အလွန်ဝေးသော အကွာအဝေး မဟုတ်ပါက ပျံသန်း၍ လိုက်ခြင်းကသာ ပိုမိုကောင်းမွန်ပေသည်။

ရွှမ်းယွီခုံး ဝဲဂယက်မှ ထွက်လာသောအခါ အန်လင်းတို့အား အနက်ရောင် အစက်အပြောက်လေးအဖြစ်သာ မြင်ရတော့သည်။

ရွှမ်းယွီခုံး အေးစက်စွာ နှာခေါင်းရှုံ့ရင်း အဖြူရောင် အလင်းတန်းအဖြစ် ပြောင်းလဲကာ ပျံဝဲလိုက်သည်။

အန်လင်းတို့သည် အရပ်မျက်နှာများပြောင်းကာ ထွက်ပြေးနေရပြီး ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ လေးဦးမှာ ကြောင်မှကြွက်ကို လိုက်သလို လိုက်နေကြသည်။ အချိန်ကြာလာသည်နှင့်အမျှ အန်လင်းတို့လည်း ဝေးဝေးမပြေးနိုင်ပဲ ပိုင်ဖန်းဇယ်တို့နှင့် အကွာအဝေးမှာ ပိုမိုနီးစပ်လာသည်။

"ကျွန်တော်တို့ ဒီလိုဆက်သွားလို့ မဖြစ်ဘူး သခင်.... ကျွန်တော်တို့ မလွတ်နိုင်လောက်ဘူး။"

တုန်းကော်သည် နီးကပ်လာသော အကွာအဝေးကြောင့် စိတ်မသက်မသာ​ဖြစ်ကာ သေရမည့် အချိန်အား ရေတွက်နေရသလို ခံစားလာရသည်။

အန်လင်းသည် မည်သည့်စကားမှ မဆိုပဲ တောင်တန်းကိုသာပတ်ကာ ပျံဝဲနေသည်။

တောင်တန်းထဲမှ ရင်းနှီးနေသော အရှိန်အဝါအား တစ်ချက်မျှ အာရုံခံမိလိုက်ပါသော်လည်း မသဲကွဲပေ။

သူ့အနေဖြင့် အလောင်းအစား လုပ်ရုံသာ ရှိတော့သည်။

အမှန်တကယ်သာ သူမ ဖြစ်နေပါက သူ့အားကူညီပေးနိုင်လိမ့်မည်။

"အိုး....သူတို့က တောင်တန်းဆီ ပျံနေတာလား။ ကိုယ့်ကိုယ်ကို ချောင်ပိတ်မိအောင် လုပ်နေတာပဲ။"

သွမ့်ဟွမ်းဇီ ရယ်မောလိုက်သည်။

အခြားသူများမှာလည်း ပြုံးလိုက်ကြပြီးနောက် ပျံသန်းနေသော အရှိန်အား မြှင့်တင်လိုက်ကြသည်။

"သခင် ဘာလို့တောင်တန်းဆီ ပျံနေတာလဲ။ သူတို့ကို ရှောင်ဖို့ပိုခက်သွားလိမ့်မယ်။"

တုန်းကော် စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။

"ပါးစပ်ပိတ်ပြီးသာလိုက်ခဲ့။"

အန်လင်း ဟိန်းဟောက်လိုက်သည်။

ဝှစ်.... ဝှစ်... ဝှစ်....

ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများသည် အန်လင်းတို့နှင့် နီးကပ်လာပြီဖြစ်ပြီး သွမ့်ဟွမ်းဇီမှာ ဆက်တိုက်ဆိုသလို တိုက်ခိုက်နေပါသော်လည်း အန်လင်းမှာ အလွယ်တကူပင် ရှောင်ရှားနိုင်ခဲ့သည်။

"ဒီမှာပဲ။"

အန်လင်းသည် ဂူပေါက်ဝတစ်ခုကို တွေ့လိုက်ရပြီး ရင်းနှီးနေသော အရှိန်အဝါကိုလည်း ပိုမိုအာရုံခံမိလာသည်။

သူသည် တွေဝေခြင်းမရှိ ဂူထဲဝင်သွားသောကြောင့် တုန်းကော်သည်လည်း အံကြိတ်ကာ နောက်မှလိုက်လာရသည်။

တုန်းကော်ထံတွင် အခြားသော ရွေးချယ်စရာ မရှိပေ။

ဂူနက်ကြီးအတွင်း အပူချိန်မှာ လွန်စွာမြင့်မားပေသည်။အန်လင်းသည် မီတာအနည်းငယ်သာ ဝင်ရောက်ရသေးပါသော်လည်း ပတ်ဝန်းကျင် အပူချိန်မှာ တစ်ရာဒီဂရီ ဆဲလ်စီးရပ်စ်မျှ ရှိနေပြီ ဖြစ်သည်။

"အစ်ကိုကြီးအန် ဒီနေရာက ထူးဆန်းလိုက်တာ.... ဝုတ်။"

တပိုင် ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်သည်။

၎င်းတို့ ရှေ့ဆက်တိုးလာပြီးနောက် အစိမ်းရောင် အလင်းများ စတင်တွေ့ရှိလာရသည်။ ထိုအလင်းများသည် ကျောက်တုံးကျောက်ဆောင်များမှ ဖြာထွက်နေခြင်းဖြစ်ကာ မူမမှန်သော ကျောက်တုံးတည်ဆောက်ပုံများကိုလည်း တွေ့နိုင်သည်။

"ဘာလို့ ဒီထဲဝင်လာတာလဲ။ အခု ပိတ်မိနေပြီ။"

တုန်းကော် ဒေါသထွက်စွာ ပြောလိုက်သည်။

"သောက်ပေါက်ကိုပိတ်ပြီး အရှိန်အဝါပါဖုံးထား။ မဟုတ်ရင် သူတို့ရဲ့ အံ့ဖွယ်အာရုံကြောင့် သိသွားလိမ့်မယ်။"

အန်လင်း စကားဆိုလိုက်သည်။

၎င်းတို့အားလုံး အရှိန်အဝါများ ဖုံးကွယ်ထားလိုက်ကြသည်။ ဂူကြီးသည် နက်မှောင်နေသောကြောင့် မြင်နိုင်စွမ်းမှာ အတော်နည်းပါးသည်။ အရှိန်အဝါများ ကွယ်ဝှက်ထားသမျှ ရန်သူများသည်လည်း အလွယ်တကူ ရှာတွေ့နိုင်မည် မဟုတ်ပေ။ ပိုင်ဖန်းဇယ်တို့သည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများ ဖြစ်နေစေကာမူ အမှောင်ထုထဲတွင် အရှိန်အဝါ ဖုံးကွယ်ထားသော ရန်သူအား ရှာတွေ့ရန် ခက်ခဲနေမည်ပင်။

မကြာမီပင် အန်လင်းတို့သည် လမ်းခွဲများရှိသော နေရာသို့ ရောက်လာကြသည်။

"ဒီမှာ လမ်းခွဲတွေ များလွန်းတယ်။ ဘယ်ကိုသွားကြမလဲ။"

တုန်းကော် စိတ်မသက်မသာဖြစ်စွာ မေးလိုက်သည်။

အန်လင်းသည် ရင်းနှီးနေသော အရှိန်အဝါအား အာရုံခံကာ သေးငယ်သော ဂူဝတစ်ခုကို ရွေးချယ်လိုက်သည်။

"ဒီဟာပဲ။"

သွမ့်ဟွမ်းဇီသည်လည်း မကြာမီပင် ထိုနေရာသို့ ရောက်ရှိလာကာ ဟာသမျက်နှာသည် ဂူဝနှင့် တိုက်မိကာ ပျောက်ကွယ်သွားသည်။

"သေမင်းတမာန် နတ်ဘုရားရဲ့အပြုံး.... အရှင် ဒီဂူဝကို အပြစ်ပေးသင့်တယ်။ အန်လင်းကိုသတ်ပြီး သူ့ရဲ့ဝိဉာဉ်နဲ့ အရှင့်ကို ယစ်ပူဇော်ပေးပါ့မယ်။"

သွမ့်ဟွမ်းဇီ ဆုံးဖြတ်လိုက်သည်။

ပိုင်ဖန်းဇယ်၊ ကောင်းကင်နတ်မိမယ် ဖေးရင်နှင့် ရွှမ်းယွီခုံးတို့လည်း​ ရောက်ရှိလာလေပြီ။

"အိုး.. စိတ်ဝင်သားစရာပဲ။ သူက တူတူပုန်းတမ်း ကစားချင်နေတာ ထင်တယ်။ ဟင်းဟင်း.... မိလို့ကတော့။"

ကောင်းကင်နတ်မိမယ် ဖေးရင် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။

သူမ၏ မျက်ဝန်းများသည် အမှောင်ထုကို ဖောက်မြင်နေရသည့်အလား နီရဲလာသည်။

"နည်းနည်းပါးပါး ခက်သွားရုံလေးပါ။"

ပိုင်ဖန်းဇယ်မှာ လေအလျင်ဖြင့် ဂူဝထဲ ဝင်ရောက်သွားသည်။

ရွှမ်းယွီခုံးသည်လည်း အဖြူရောင် အလင်းတန်းအဖြစ် ပြောင်းလဲကာ ဂူပေါက်ထဲ ပျံဝဲသွားသည်။

လမ်းခွဲများရှိသောနေရာ ရောက်ရှိလာပြီးနောက် ၎င်းတို့အားလုံး အနည်းငယ် တွေဝေသွားသည်။

သွမ့်ဟွမ်းဇီသည် ဝိဉာဉ်များစွာ ထွက်ပေါ်စေကာ ဂူဝတစ်ခုလျှင် ဝိဉာဉ်သုံးခုမျှ ပို့လွှတ်လိုက်သည်။

ပိုင်ဖန်းဇယ်သည် ရတနာတစ်ခုအား ထုတ်သုံးလိုက်ပြီးနောက် ဂူဝတစ်ခုထဲ ဝင်ရောက်သွားသည်။

ရွှမ်းယွီခုံးမှာမူ အပူချိန်များအား ခံစားနိုင်စွမ်း မြင့်သောကြောင့် အနည်းငယ် တွက်ချက်ကာ သေးငယ်သော ဂူတစ်ခုထဲ ပျံဝဲသွားလိုက်သည်။

ကောင်းကင်နတ်မိမယ် ဖေးရင်သည် ဂူတစ်ခုချင်းအား မျက်ဝန်းဖြင့် စစ်ဆေးနေသည်။

ထို့နောက် မကြာမီပင် ဂူဝတစ်ခုထဲ ဝင်သွားတော့သည်။

အန်လင်းနှင့် တုန်းကော်သည် အစိမ်းရောင် အလင်းတန်းများနှင့်အတူ ဆက်လက်ရှေ့တိုးလာသည်။ အပူချိန်မှာ လွန်စွာမြင့်မားသောကြောင့် ဒယ်အိုးကြီး တစ်လုံးထဲ ရောက်ရှိနေသလိုပင်။

"အစ်ကိုကြီးအန် ဒီမှာစစ်ကူရှိတာ သေချာရဲ့လား... ဝုတ်။"

တပိုင် စိုးရိမ်စပြုလာသည်။

"စိတ်မပူပါနဲ့။ သူမရဲ့ တည်ရှိမှုကို ငါအာရုံခံလို့ ရနေတယ်။ မမှားနိုင်ဘူး။"

အန်လင်း တပိုင်အား ပြုံးကာနှစ်သိမ့်လိုက်သည်။

တုန်းကော်သည်လည်း ထိုစကား ကြားရမှသာ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။ သို့သော် တစ်ချိန်တည်းမှာပင် စိတ်ကသိကအောက်လည်း ဖြစ်မိသည်။

သခင်က ငါ့ထက်ပိုပြီး ခွေးအပေါ် နူးညံ့နေပါလား.... ငါ့အဆင့်က ခွေးထက်နိမ့်တာလား....

"ရွှီ..."

အစိမ်းရောင် စပါးအုံးမှာ ရုတ်ချည်းဆိုသလို ခွေးပေါက်လေး တပိုင်ထံ ချည်းကပ်လာသည်။

ဝှစ်....

တောက်ပသော ဓားပုံရိပ်မှာ စပါးအုံးအား နှစ်ပိုင်းဖြတ်ပစ်လိုက်လေသည်။

တုန်းကော် ဓားကိုသိမ်းကာ အန်လင်းအား ဂုဏ်ယူစွာ ကြည့်ရှုလိုက်သည်။

သို့သော် အန်လင်းသည် အမူအရာ ကင်းမဲ့နေရုံသာမက မျက်ဝန်းများတွင် အထင်သေးသော အရိပ်အယောင်များပင် ရှိနေသေးသည်။

ထိုသည်သာမက တပိုင်သည်လည်း သက်ပြင်းချကာ နဖူးအား လက်ဖြင့်ရိုက်လိုက်သည်။

"ဘာဖြစ်လို့လဲ။"

တုန်းကော် ကြောင်အမ်းအမ်း ဖြစ်သွားသည်။

"ဒီလိုမျိုး အစွမ်းထုတ်မှတော့ ရန်သူတွေက အာရုံခံမိသွားမှာပေါ့... ဝုတ်။"

တပိုင် ရှင်းပြလိုက်သည်။

တုန်းကော်: "....."

ဟုတ်သားပဲ.... ငါဘာလို့ မတွေးမိတာလဲ....

"ခွေးတောင်မင်းထက်သိတယ်။ မင်းကတကယ် ကယ်မရတော့ဘူးပဲ။"

အန်လင်း စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။

တုန်းကော်မှာ မကျေမနပ် ဖြစ်သွားပါသော်လည်း တုံ့ပြန်နိုင်ခြင်း မရှိပေ။

မကြာမီတွင် ဂူမှာအနည်းငယ် ကျယ်စပြုလာသည်။

ထိုဂူခန်းကြီးထဲတွင် အစိမ်းရောင်မီးတောက်များ တောက်ပနေလေသည်။

အခန်းအဆုံးတွင် ပိတ်ထားသော သတ္ထုတံခါးပေါက်နှင့်အတူ ငွေရောင်ပုံရိပ်တစ်ခု ရှိနေသည်။

All Chapters